ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် – ၁၇ သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ MDY-PDF က စက်တင်ဘာ ၁၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သင်တန်းဆင်းပွဲ အခမ်းအနားကိုု အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD၊ စစ်ရုံးချုပ် တာဝန်ရှိသူတွေ၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နိုင်ငံရေးမှူး၊ ဒေသတွင်း မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) (TRI ဗျူဟာ)၊ PDF တပ်ရင်းအမှတ် (၅၁၃) တို့က တာဝန်ရှိသူတွေ၊ မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူတွေ၊ တော်လှန်ရေးနယ်ပယ်အသီးသီးက ရဲဘော်ရဲဘက်တွေနဲ့ ဒေသခံ ရပ်မိရပ်ဖတွေလည်း တက်ရောက်တယ်လို့ ဆိုပါတယ်။
“သင်တန်းကာလအတွင်း အခြေခံ စစ်ပညာဆိုင်ရာ သင်ခန်းစာများ၊ စစ်နည်းဗျူဟာ ရေးဆွဲခြင်းဆိုင်ရာ သင်ခန်းစာများ၊ စစ်သည်တော်ကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာ သင်ခန်းစာများ၊ နိုင်ငံရေး အသိပညာများနှင့် ကိုယ်ကာယ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ သင်ခန်းစာများကို ပြင်းပြင်းထန်ထန် လေ့ကျင့် သင်ကြားပေးခဲ့ပါသည်” လို့ MDY-PDF က ဖော်ပြပါတယ်။
MDY-PDF ဟာ ကနဦးက MOD ရဲ့ ကွပ်ကဲမှု အောက်မှာ ရှိတဲ့ PDF တပ်ရင်း အမှတ် -၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅ ဆိုတဲ့ တပ်ရင်း ငါးရင်းနဲ့ စုဖွဲ့ထားတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။
MDY-PDF ဟာ တအာင်းတပ်မတော် – TNLA နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပါဝင်ခဲ့သလို ၁၀၂၇ ရဲ့ ဟန်ချက်ညီ စစ်ဆင်ရေးဖြစ်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးမှာလည်း NUG ကွပ်ကဲမှုအောက်က PDF တပ်ရင်း တပ်ဖွဲ့တွေ၊ ဗျူဟာတွေကို ဦးဆောင်ကာ တိုက်ပွဲဝင်ခဲ့ပြီး လက်ရှိမှာ မန္တလေးတိုင်း စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာက မြို့၊ရွာတွေနဲ့ စစ်စခန်း အများအပြားကို သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။
သတင်းထုတ်ပြန်ချက်
၂၀၂၅ခုနှစ် ၊ စက်တင်ဘာလ (၁၉)ရက်
၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် – ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။
၂။ သင်တန်းကာလအတွင်း အခြေခံ စစ်ပညာဆိုင်ရာသင်ခန်းစာများ၊ စစ်နည်းဗျူဟာ ရေးဆွဲခြင်းဆိုင်ရာ သင်ခန်းစာများ၊ စစ်သည်တော်ကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာသင်ခန်းစာများ၊ နိုင်ငံရေးအသိပညာများနှင့် ကိုယ်ကာယကြံ့ခိုင်မှုပိုင်းဆိုင်ရာ သင်ခန်းစာများကို ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။
၃။ ယခု အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် – ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်မှ တာဝန်ရှိသူများ၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နိုင်ငံရေးမှူး၊ ဒေသတွင်း မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သော မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) (TRI ဗျူဟာ)၊ PDF တပ်ရင်းအမှတ် (၅၁၃) တို့မှ တာဝန်ရှိသူများ၊ မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူများ၊ တော်လှန်ရေးနယ်ပယ်အသီးသီးမှ ရဲဘော်ရဲဘက်များနှင့် ဒေသခံ ရပ်မိရပ်ဖများလည်း ပါဝင်တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်များအား အားပေး ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြသည်။
၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး တာဝန်များကို ဦးလည်မသုန် ဆထက်ထမ်းပိုး ထမ်းဆောင်လျက်ရှိပါကြောင်း သတင်း ထုတ်ပြန်ကြေညာအပ်ပါသည်။




























ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ


Leave a Reply