Category: News

  • ဝက်လက်မြို့နယ်တွင် ကျေးရွာ ပအဖ တာဝန်ခံ ၁ ဦး ပစ်သတ်ခံရ

    ဝက်လက်မြို့နယ်တွင် ကျေးရွာ ပအဖ တာဝန်ခံ ၁ ဦး ပစ်သတ်ခံရ

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စက်တင်ဘာ ၁၂ ရက်နေ့ မနက် ၁၁ နာရီ၀န်းကျင်က ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံတယောက် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    အမည်ဖော်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ကက “ပစ်ခတ်ခံရသူက ကျီးကန်မြောက်ရွာ ပအဖ တာဝန်ခံ ဦးမင်းသန့် ဖြစ်ပါတယ်။ အသက် ၅၀ လောက်ရှိပါပြီ။ ကျီးကန်နဲ့ လှတောရွာကြားမှာ အပစ်ခံလိုက်ရတာပါ” လို့ ​​ပြောပါတယ်။

    ပစ်ခတ်ခံရတာကြောင့် ညာဘက်နားနောက်မှာ ကျည်ဆန်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

    ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတယောက်က “သူက စူပါကတ်ဆိုင်ကယ်နဲ့ ကျီးကန်ကနေ လှတောဘက်ကို အအေးဘူး​တွေ သွားဝယ်ပြီးပြန်လာတော့ ဆိုင်ကယ်နဲ့လူ ၂ ယောက်က နောက်ကလိုက်ပြီးပစ်သွားတာ။ ၉ မမ ကျည်ခွံ​ ၁ ခွံ တွေ့ခဲ့ရတယ်။ ကျည်က ညာဘက်နားနော​က် ၁ လက်မလောက်ကနေ ထုတ်ချင်းပေါက်သွားခဲ့တာ။ ကျနော်တို့ သိရသလောက်တော့ သူ့မှာ ရန်ငြိုးရန်စရှိတယ်လို့ မကြားမိဘူး။ သူ့အလောင်းကိုတော့ သင်္ဂြိုဟ်ပြီးပြီလို့ သိရတယ်။ ပြစ်မှုကျူးလွန်သွားကြသူတွေရဲ့ ပုံစံတွေကို ဝက်လက်ရဲဌာနဆီပို့ပြီး တရားခံ ဖမ်းဆီးရမိနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

    သေဆုံးသွားသူ ဦးမင်းသန့် မှာ ဇနီးသည်နဲ့ သားတယောက်တို့ကျန်ရစ်ခဲ့ပြီး သားဖြစ်သူဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ဖြစ်ကာ စစ်တပ်နဲ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတခုအတွင်း ဗုံးသီးထိမှန်ခဲ့လို့ ညာဘက်​ခြေထောက် ဖြတ်တောက်ထားရသလို ညာဘက်မျက်လုံး တဖက်လည်း ကွယ်ထားသူဖြစ်လို့ ကျန်ရစ်သူမိသားစုအတွက် ရေရှည်ရပ်တည်နိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့ ညကလည်း ဝက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးအဖွဲ့မှူး ဦးမျိုးအောင် နဲ့ အမျိုးသမီးတယောက်တို့ ပစ်သတ်ခံခဲ့ရပြီး အခုချိန်အထိ တရားခံဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဝက်လက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

  • ကြံခိုင်ရေးပါတီ အမတ်ဟောင်းရဲ့ ရွှေဆိုင်ကို ကလေးဆော့တဲ့ သေနတ်နဲ့ ဓားပြတိုက်

    ကြံခိုင်ရေးပါတီ အမတ်ဟောင်းရဲ့ ရွှေဆိုင်ကို ကလေးဆော့တဲ့ သေနတ်နဲ့ ဓားပြတိုက်

    ကြံခိုင်ရေးပါတီ အမတ်ဟောင်းရဲ့ ရွှေဆိုင်ကို ကလေးဆော့တဲ့ သေနတ်နဲ့ ဓားပြတိုက်ခံရ

    ရှမ်းပြည် တောင်ပိုင်း၊ ပင်းတယမြို့က ကြံ့ခိုင်ရေးပါတီ ( USDP) အမတ်ဟောင်း ရဲ့ ရွှေဆိုင်ကို မနေ့က ကော်သေနတ် နဲ့ ဓားပြတိုက်ခံရတယ်လို့ သိရပြီး သေနတ်သမား ချော်လဲလို့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

    စက်တင်ဘာ ၁၃ ရက်နေ့ မနက် ၁၁ နာရီခန့်က ကိုကျော်ငြိမ်း+မခင်မျိုးသင်း အမည်ရှိ ရွှေဆိုင်ကို ကလေးတွေဆော့တဲ့ ကော်သေနတ်အတုနဲ့ အသက် ၃၀ ဝန်းကျင် လူငယ်တဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဓားပြတိုက် လုယက်ခဲ့တာလို့ သိရပါတယ်။

    “နေ့ခင်းကြီး သေနတ်ပြပြီး ဆိုင်ထဲကလူတွေက ထိုင်ခိုင်းပြီးတော့ သူက ရွှေလက်စွတ်နဲ့ ဆွဲကြိုးကောင်တာထဲက ရွှေထည်တွေထည့်ပြီး အထွက်မှာ အောက်ကခင်းထားကကြွေပြားကြောင့် ချော်လဲသွားတာ။ အဲ့ဒါမှာ ဆိုင်ကလူတွေက ဝိုင်းဖမ်းကြတာ ” လို့ ဖြစ်စဉ်သိသူတဦးက ပြောပါတယ်။

    ပင်းတယမြို့ စျေးတန်းရပ်ကွက်၊ ကမ္ဘာ့ရတနာဘဏ်အနီးက ကိုကျော်ငြိမ်း+မခင်မျိုးသင်း ရွှေဆိုင်ဟာ ယခင်ကြံခိုင်ရေးပါတီ အမတ်ဟောင်းဖြစ်သူ ကိုကျော်ငြိမ်းရဲ့ ရွှေဆိုင်ဖြစ်ပြီး ကိုကျော်ငြိမ်းဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှာ စစ်ကော်မရှင်ရဲ့ သတင်းပေးဖြစ်တာကြောင့် ဒေသတွင်း တော်လှန်ရေးတပ်တွေရဲ့ ပစ်ခက်ရှင်းလင်းခံခဲ့ရပြီး ရွှေဆိုင်ကို ဇနီးဖြစ်သူက ကြီးမှုးကာ ဖွင့်လှစ်ထားခဲ့တာလို့ သိရပါတယ်။

    “သူအမျိုးသား သေပြီး သူက ဦးစီးပြီး ဖွင့်ထားတာ။ လုတဲ့သူက ရွှေယူပြီး ထွက်အပြေးမှာ ချော်လဲလို့ မိတာ။ ခုရဲက စစ်နေတယ်။ ဆိုင်အနားက လူတွေ ကောင်းလို့မိတာပါ” လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

    လုယက်သူဟာ ကလောမြို့၊ ရပ်ကွက် ၆ မှာ နေထိုင်ပြီး အသက် ၃၀ ခန့်အရွယ် အမျိုးသားဖြစ်တယ်လို့ သိရပြီး လက်ရှိမှာတော့ ပင်းတယ မြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

    ကိုကျော်ငြိမ်း+မခင်မျိုးသင်း ရွှေဆိုင်ရဲ့ ဆိုင်ရှင်ဖြစ်သူ ဦးကျော်ငြိမ်းဟာ USDP ပါတီရဲ့ ဒုဥက္ကဌ ဖြစ်တယ်လို့ သိရပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ယှဉ်ပြိုင်ခဲ့ပေမယ့် ၂ ကြိမ်လုံး ရှုံးနိမ့်ခဲ့တဲ့အပြင် သူဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီ သတင်းပေး ပြုလုပ်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှာ ပစ်သတ်ခံခဲ့ရပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

  • မန္တလေးမှာ မိုးရွာလို့ ရေကြီးရေလျှံဖြစ်နေ

    မန္တလေးမှာ မိုးရွာလို့ ရေကြီးရေလျှံဖြစ်နေ

    မန္တလေးမှာ မိုးရွာလို့ ရေကြီးရေလျှံဖြစ်နေ၊ အောင်တော်မူဘုရားဝင်း ရေလျှံနေလို့ ဘုရားဖူးခွင့် ယာယီပိတ်

    မန္တလေးမြို့မှာ စက်တင်ဘာ ၁၃ရက် ညပိုင်းက စတင်ကာ ညလုံးပေါက် မိုးရွာသွန်းပြီး ဒီကနေ့ မနက်ပိုင်းအထိ မိုးဆက်လက် ရွာသွန်းတာကြောင့် လမ်းမတွေ ရေကြီးရေလျှံဖြစ်ကာ သွားလာရေး ခက်ခဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မန္တလေးမြို့ လမ်း ၃၀ နဲ့ ၃၅ လမ်းအပါအဝင် မြို့တွင်း အဓိက လမ်းမကြီးတွေ ရေကြီးရေလျှံနေသလို ရွှေတချောင်း၊ ရေနီမြောင်း စတဲ့ ချောင်းမြောင်းတွေလည်း ရေလျှံနေပြီး ချမ်းအေးသာစံမြို့နယ်၊ ၂၉ လမ်းနဲ့ ၆၃ လမ်းထောင့်ရှိ အောင်တော်မူဘုရားဝင်းအတွင်း ရေလျှံနေတာကြောင့် ဘုရားဖူးခွင့် ယာယီပိတ်ထားတယ်လို့ ဘုရားဂေါပကနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

    “ညက တညလုံးရွာတယ်။ ၁၀နာရီ၊ ၁၁လောက်ကတည်းက စရွာတာ။ ဒီနေ့လည်း တမနက်လုံးရွာနေတာ၊ အခုထိလည်း ရွာနေတုန်းပဲ။ ရပ်ကွက်တွေထဲလည်း ရေတွေဝင်တယ်။ တော်ရုံရေမဝင်တဲ့အိမ်တွေပါ ရေဝင်တယ်” လို့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

    မိုးရွာကာ ရေကြီးရေလျှံနေသလို သစ်ပင်တချို့ လမ်းပေါ်လဲကျတယ်လို့ ဆိုပါတယ်။

    စစ်အုပ်စု မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီကနေ့ စက်တင်ဘာ ၁၄ရက်မှာလည်း မန္တလေးမှာ မိုးဆက်လက် ရွာနိုင်ပြီး ရွာဖို့ ရာနှုန်းပြည့်ဖြစ်တယ်လို့ ဆိုပါတယ်။

    မန္တလေးမြို့ အောင်တော်မူဘုရားဝင်းအတွင်း ရေဝင်လို့ ဘုရားဖူး ယာယီပိတ်ထားစဉ်နဲ့ မန္တလေးမြို့တွင်း မိုးရွာရေကြီးမှုကို တွေ့ရစဉ်/photo – SM FB, UML FB

  • ထိုင်းမှာ သစ်သီးခြံထဲ ပုန်းနေတဲ့ မြန်မာနိုင်ငံသား ၇၀ ဦး အဖမ်းခံရ

    ထိုင်းမှာ သစ်သီးခြံထဲ ပုန်းနေတဲ့ မြန်မာနိုင်ငံသား ၇၀ ဦး အဖမ်းခံရ

    ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်ထဲမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၀ ကို သစ်သီးခြံတစ်ခြံထဲမှာ ဖမ်းမိတယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားထားပါတယ်။

    အဲဒီမြို့နယ်ထဲမှာပဲ ရေနစ်သေဆုံးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦးရဲ့ အလောင်းတွေကို အာဏာပိုင်တွေက တွေ့ခဲ့ပြီးတဲ့နောက်တစ်ရက်မှာ အခုဖမ်းဆီးမှု ထပ်ထွက်ပေါ်လာတာပါ။

    အမျိုးသား ၄၈ ဦးနဲ့ အမျိုးသမီး ၂၂ ဦးကို ဒေသခံတွေ စိုက်ပျိုးထားတဲ့ ကျွဲကောသီးခြံတစ်ခုမှာ ပုန်းနေတာကနေ တွေ့ရှိတာဖြစ်ပြီး တရားဝင် အထောက်အထားတွေလည်း မရှိကြဘူးလို့ သတင်းက ဆိုပါတယ်။

    ဒါ့ကြောင့် သူတို့ကို ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲထားတယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေက ဆိုပါတယ်။

    ဆန်ကလာဘူရီမြို့နယ်ထဲမှာပဲ ပြီးခဲ့တဲ့စက်တင်ဘာ ၁၂ ရက်တုန်းကလည်း ရွှေ့ပြောင်းလုပ် သား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့ကြပါတယ်။

  • ဗန်းမော်မှာ တင့်ကားတပ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နှစ်ခု လက်လွတ်လိုက်ရတယ်လို့ KIO အတည်ပြု

    ဗန်းမော်မှာ တင့်ကားတပ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နှစ်ခု လက်လွတ်လိုက်ရတယ်လို့ KIO အတည်ပြု

    ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ တင့်ကားတပ် အမှတ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နေရာတွေကို ပြန်လည် လက်လွတ်လိုက်ရတယ်လို့ KIO အတည်ပြုပါတယ်။

    “ဗန်းမော်နဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ တင့်ကားတပ်နဲ့ ခလရ ၂၃၆ ကို စစ်တပ်က ပြန်ရသွားတဲ့ အခြေအနေက မှန်ပါတယ်။ တခြားနေရာတွေမှာက ကျနော်တို့ဘက်က ဆက်ရှိနေပြီးတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေပါသေးတယ်”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

    ဗန်းမော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဗန်းမော်ကို စစ်သင်္ဘောတွေ အစီး ၂၀ ကျော်ဝင်ရောက်သွားတဲ့နောက်ပိုင်း စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ဩဂုတ်လထဲကနေ ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

    ၂၀၂၅ နှစ်ဆန်းပိုင်းအတွင်းကနေ သိမ်းပိုက်ရရှိထားပြီဖြစ်တဲ့ နေရာတစ်ချို့ကို ပြန်လည်လက်လွတ်လာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

    “အဓိကတော့ သူတို့ရဲ့ စစ်သင်္ဘောတွေ ရောက်လာကတည်းက သင်္ဘောမှာ လက်နက်ကြီးတွေ၊ ဒရုန်တွေအများအပြားတင်လာတယ်။ ပြီးရင် စစ်အင်အားတွေလည်း ပြန်တိုးလာတဲ့အတွက် လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေလို့ နေရာတစ်ချို့ကို ပြန်လက်လွတ်လိုက်ရတဲ့အခြေအနေဖြစ်လာတယ်”လို့ပြောပါတယ်။

    လက်ရှိ လက်လွတ်လိုက်ရတဲ့ တင့်ကားတပ် အမှတ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နှစ်နေရာဟာ KIA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စကခ (၂၁) နေရာကို အဓိကထိန်းချုပ်ထားတဲ့ တပ်ရင်းနှစ်ခုလည်းဖြစ်ပါတယ်။

    ဒါကြောင့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေတဲ့ စကခ (၂၁) တပ်နေရာကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ခက်ခဲလာနိုင်တယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်တွေက သုံးသပ်လာကြပါတယ်။

    KIA ဘက်ကနေ အမှတ် (၅၀၁၄)တင့်ကားတပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ ၂၃၆ တပ်ရင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

    ဗန်းမော်မှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ တပ်ဌာနချုပ်များ၊ တပ်စခန်းများနဲ့ ရပ်ကွက်ကျေးရွာတစ်ချို့ကို စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းလည်း စစ်တပ်ထောက်ခံတဲ့ သတင်းမီဒီယာတွေမှာ ပုံနဲ့တကွရေးသားဖော်ပြနေတာကို မြင်တွေ့ရပါတယ်။

    ဗန်းမော်တိုက်ပွဲရဲ့ စစ်ရေးအခြေအနေဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်သင်္ဘောတွေ ဗန်းမော်ကို မရောက်ခင်အထိ စစ်ရှုံးခဲ့တဲ့အပြင် တပ်နေရာအများပိုင်းကိုလည်း KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

    စစ်တပ်ရဲ့ စစ်အင်အားအပါ စစ်လက်နက်၊ စစ်ရိက္ခာတွေ တင်ဆောင်လာတဲ့ စစ်သင်္ဘောတွေ ဩဂုတ်လဆန်းပိုင်း ဗန်းမော်ကို ရောက်ရှိသွားပြီးနောက် စစ်တပ်က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။

    ဒါကြောင့် လက်ရှိမှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတစ်ချို့ကို ပြန်လည် လက်လွတ်လိုက်ရတဲ့ အခြေအနေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

    By – နော်ထွယ့်(ဟူးကောင့်)