Category: News

  • မုံရွာ-မန္တလေးလမ်းက စစ်ဆေးရေးဂိတ်ကို PDF တပ်များ ပစ်ခတ်စခန်းသိမ်း၊ လက်နက်ခဲယမ်းများ ရရှိ

    မုံရွာ-မန္တလေးလမ်းက စစ်ဆေးရေးဂိတ်ကို PDF တပ်များ ပစ်ခတ်စခန်းသိမ်း၊ လက်နက်ခဲယမ်းများ ရရှိ

    စစ်ကိုင်းတိုင်း၊ မုံ‌ရွေးရွာအနီး မုံရွာ-မန္တလေးလမ်းမပေါ်က တိုးဂိတ်မှာ အထိုင်ချ စစ်ဆေးရေးစခန်းကို စက်တင်ဘာ ၁၆ ရက် မနက် ၄ နာရီခွဲကျော်လောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စခန်းသိမ်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

    အဆိုပါစခန်းကို မုံရွာခရိုင်တပ်ရင် ၂၄ က ဦးဆောင်ပြီး Chindwin Brother အပါဝင် ဒေသတွင်း တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုရပါတယ်။

    တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ ခေါင်းဆောင်တယောက်က “မုံရွေး-ကြေးမုံ တိုးဂိတ်က စစ်ကောင်စီတွေကို အပြတ်ရှင်းခဲ့တာ။ ကျ‌နော်တို့ UNF စစ်ကြောင်းမှူး ကိုနိုင်မင်းရဲ့ သွေးကြွေးကို ပြန်ဆပ်ခဲ့တာလို့လည်း ပြောလို့ရတယ်။ စခန်းမှာရှိတဲ့ ဘန်ကာတွေရော အကုန်ဖျက်ဆီးနိုင်ခဲ့တာ။ တိုက်ပွဲကြာချိန်က ၁ နာရီခွဲ‌ ကျော်ကြာတယ်။ ကိုယ့်ဘက်က ရဲ‌ဘော် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်။ လက်နက်နဲ့ ကျည်ဆန်တွေပါ သိမ်းနိုင်ခဲ့တယ်။ မနက်ခင်းလင်းပိုင်း‌ရောက်‌တော့ သူတို့ဘက်က လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ စစ်ကူတွေပါလာလို့ ကျနော်တို့စစ်ကြောင်း ပြန်ဆုတ်လာခဲ့တာ” လို့ ပြောပါတယ်။

    အဆိုပါစစ်ကောင်စီစစ်ဆေးရေးဂိတ်မှ သေနတ် ၅ လက်၊ ကျည်ကာဦးထုပ် ၂ လုံး၊ ကျည်ကာအင်္ကျီ တထည်နဲ့ ကာပိုင်နဲ့တခြားအမျိုးအစား ကျည်ဆန်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို ဆိုပါတယ်။

    မုံရွာ-မန္တလေးသွား လိုင်းကားဆရာတယောက်က “မုံရွေးကြေးမုံ တိုးဂိတ်‌ရော၊‌ ဂွေးပင်တောအနီးရော တိုက်ပွဲက ၂ နေရာဖြစ်တာလို့ သိထားရတယ်ဗျ။ မုံရွာ-မန္တလေး အဝင်ကား‌ရော၊ အထွက်ကား‌တွေပါ လမ်းပိတ်နေလို့ မထွက်ကြရသေးဘူး။ တိုက်ပွဲဖြစ်တာက‌ သေချာတယ်ဗျ။ လမ်းမ‌ပေါ်မှာ စစ်ကောင်စီ စစ်ကားတွေ ခြေရှုပ်နေကြတယ်” လို့ ပြောပါတယ်။

    စစ်ကောင်စီတပ်ကတော့ ဩဂုတ်နဲ့ စက်တင်ဘာလတွေမှာ မကွေး၊ စစ်ကိုင်း၊ မန္တ‌လေးတိုင်းတွေက ဗျူဟာကျတဲ့ လမ်းပိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေတာလည်း တွေ့ရပါတယ်။

    အဆိုပါလမ်းပိုင်းတွေ ထိန်းချုပ်လို့ရတဲ့ နေရာတွေကို အထိုင်ချစစ်ဆေးရေးဂိတ်တွေ ပြုလုပ်ပြီး ဆက်ကြေးကောက်ခံတာ၊ ကုန်ပစ္စည်းတွေ တားမြစ်ကန့်သတ်တာနဲ့ သူတို့အလိုရှိရာ ကုန်ပစ္စည်းတွေ ချယူတာတွေပါ ပြုလုပ်ပြီး ခရီးသည်တွေကိုလည်း ဖမ်းဆီးတာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။

  • စစ်ကောင်စီ ရွေးကောက်ပွဲ မဲလိမ်မဲခိုးမှု ရှိလာလိမ့်မည်ဟု KIA ပြော

    စစ်ကောင်စီ ရွေးကောက်ပွဲ မဲလိမ်မဲခိုးမှု ရှိလာလိမ့်မည်ဟု KIA ပြော

    ကချင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ်တွေမှာ ကျင်းပမယ့် အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ မဲလိမ်မဲခိုးမှုတွေ ရှိလာမှာဖြစ်ပြီး မှန်ကန်တဲ့ရလဒ် ထွက်မှာမဟုတ်ဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    “ဗန်းမော်က ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်နေတာ၊ ဒုတိယမြို့တော်မှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုရင် သူတို့ရဲ့ Data (အချက်အလက်) တွေ figures (ကိန်းဂဏန်း) တွေ တရားဝင်မှာ မဟုတ်ဘူးလို့ စဉ်းစားနေလို့ ဗန်းမော်ကို အခုထိ မျှော်လင့်ချက်ထားရှိတဲ့ မြို့တမြို့ဖြစ်မယ်လို့ ယူဆပါတယ်။ စစ်ရေးအခြေအနေ ဒီလောက်တင်းမာနေတဲ့ကြားက မဲခိုးတာတွေ၊ မမှန်မကန်တဲ့ မဲအရေတွက်တွေက ပေါ်လာမှာ သေချာပါတယ်။ သူတို့က ဒီလောက်ကြီးတဲ့မြို့မှာ မဲပုံးတောင် မထောင်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲလည်း မှန်ကန်မှာမဟုတ်ဆိုတဲ့ သဘောနဲ့ သိက္ခာထိန်းတဲ့ အနေနဲ့ ဗန်းမော်လုပ်မယ်လို့ ရည်မှန်းချက်ထားတာနေမယ်။”

    လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိလို့ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်တပ် (EAOs) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ မြို့နယ် ၅၆ မြို့နယ်မှာ လွှတ်တော်သုံးရပ်အတွက် ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က အုပ်ချုပ်နေတဲ့ ကချင်ပြည်နယ်က ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန် စတဲ့ မြို့နယ် ၄ ခုမှာ ရွေးကောက်ပွဲ မလုပ်ဘူးလို့ ထုတ်ပြန်ထားပေမဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့်မြို့နယ်တွေမှာတော့ ရွေးကောက်ပွဲ ဆက်လုပ်နိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

    တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့်မြို့နယ်တို့မှာပါ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲပုံးထောင်နိုင်ဖို့ မြေပြင်၊ ဝေဟင် ပူးပေါင်းပြီး အပြင်းအထန် တန်ပြန် ထိုးစစ်ဆင်နေတာတွေရှိတယ်လို့ KIA က ပြောပါတယ်။

    ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာပြီးနောက် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ပြတွေနဲ့ ကျေးလက်ဒေသတချို့မှာ အီလက်ထရောနစ် မဲပေးစနစ် (MEVM) အသုံးပြုနည်း ရှင်းပြတဲ့ အစည်းအဝေးကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရန်ကုန်က စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စတဲ့မြို့နယ်တွေမှာတော့ တအိမ်တယောက် မလာမနေရ ရပ်ကွက်ရုံးကို ခေါ်ယူပြီး မဲပေးစနစ်အသစ် အသုံးပြုပုံကို ရှင်းပြတာတွေ လုပ်ဆောင်နေပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်ကလည်း ရွေးကောက်ပွဲကာလအတွက် နယ်မြေ ပိုမိုစိုးမိုး ထိန်းချုပ်လာနိုင်ဖို့အတွက် စစ်မှုထမ်းအင်အားနဲ့ ကချင်၊ ရှမ်းမြောက်၊ ကယား၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးဘက်တွေမှာ မြေပြင်ကနေ စစ်ကြောင်းထိုးတာ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

    အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

  • မြန်မာအပါအဝင် ၆ နိုင်ငံကို အမေရိကန်က ခရီးသွားလာမှု အန္တရာယ်ရှိအမြင့်ဆုံးအဆင့် သတ်မှတ်

    မြန်မာအပါအဝင် ၆ နိုင်ငံကို အမေရိကန်က ခရီးသွားလာမှု အန္တရာယ်ရှိအမြင့်ဆုံးအဆင့် သတ်မှတ်

    မြန်မာအပါအဝင် နိုင်ငံ ၆ နိုင်ငံကို အမေရိကန်နိုင်ငံသားတွေအနေနဲ့ ခရီးသွားလာခြင်း လုံးဝမပြုကြဖို့ အမေရိကန်အစိုးရက စက်တင်ဘာ ၁၀ ရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

    အဆိုပါ နိုင်ငံတွေထဲမှာတော့ မြန်မာနိုင်ငံနဲ့အတူ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ အီရန်နဲ့ ရုရှားနိုင်ငံတွေ ပါဝင်နေပြီး ခုလိုထုတ်ပြန်တာဟာ အမေရိကန်နိုင်ငံသားတွေအနေနဲ့ အဆိုပါနိုင်ငံတွေမှာ မှားယွင်းထိန်းသိမ်းခံရနိုင်ခြေနဲ့ လုံခြုံရေးခြိမ်းခြောက်မှု အန္တရာယ်တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    ခုလတ်တလော ထုတ်ပြန်ချက်မှာတော့ အဆိုပါ နိုင်ငံ ၆ ခုကို အန္တရာယ်ရှိ အမြင့်ဆုံး အဆင့် ၄ သတ်မှတ်ထားသလို ဒါဟာ နိုင်ငံရပ်ခြားက အမေရိကန်နိုင်ငံသားတွေအတွက် ကာကွယ်မှုအားကောင်းစေဖို့ ရည်ရွယ်ကာ သမ္မတ ထရမ့်ပ်ရဲ့ လက်မှတ်ရေးထိုးထားတဲ့ အမိန့်အောက်မှာ ထွက်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။

    အကြောင်းခြင်းရာ လုပ်ငန်းစဉ်တစုံတရာမရှိဘဲ အမေရိကန်နိုင်ငံသားတွေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဖြစ်စဉ်တွေ အရှိန်အဟုန်နဲ့ ပေါ်ပေါက်လာတာတွေအတွက် သတိထားဖို့ တိုက်တွန်းတာလို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ရွေးကောက်ခံ အရပ်သားအစိုးရထံကနေ အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံကို သွားရောက်ရင် ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေထဲမှာတော့ ဒေသန္တရဥပဒေတွေကို နိုင်ထက်စီးနင်းပြုတာ၊ ပြည်တွင်းမငြိမ်သက်မှု အလားအလာတွေ အပါအဝင် လက်နက်ကိုင်ပဋိပက္ခတွေလည်း ထည့်သွင်းဖော်ပြထားခဲ့တာပါ။

    ဒါ့အပြင် အန္တရာယ်ရှိ ခရီးသွားလာမှုထိပ်ဆုံးမှာ ရှိနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာတော့ အမေရိကန် နိုင်ငံသားတွေအနေနဲ့ ပြန်ပေးဆွဲခံရမယ့်အန္တရာယ် ထပ်လောင်းရှိနေတဲ့အကြောင်း သတိပေးထားသလို အကြမ်းဖက်အဖွဲ့ အများအပြား လှုပ်ရှားနေပြီး နိုင်ငံသားတွေအနေနဲ့ ပစ်မှတ်တွေ ဖြစ်လာနိုင်ကြောင်း အမေရိကန်အစိုးရက သတိပေးထားပါတယ်။

  • ဗန်းမောက်မြို့သိမ်းတိုက်ပွဲ တော်လှန်ရေးအဖွဲ့တွေစတင်

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲ တော်လှန်ရေးအဖွဲ့တွေစတင်

    ကာကင်းကုန်းစခန်းကို လက်လွှတ်လိုက်ရလို့ စစ်အုပ်စု ဗုံးကြဲ

    စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင် ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေက စက်တင်ဘာလ ၁၅ ရက် ဒီမနက်ပိုင်းကစလို့ မြို့သိမ်းတိုက်ပွဲ စတင်နေပြီလို့ ဗန်းမောက်မြို့နယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။

    ဗန်းမောက်မြို့မှာ စစ်အုပ်စုအင်အားထပ် စစ်အုပ်စုရဲ့ မဟာမိတ် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) အင်အားအများစုနဲ့ အထိုင်ချထားပြီး မြို့ရဲ့ကာကင်းစခန်းတွေကို လက်လွှတ်လိုက်ရပြီးနောက်မှာ စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားပေမယ့် ထိခိုက်မှုတော့မရှိဘူးလို့ ဆိုပါတယ်။

    “မြို့ပတ်ပတ်လည်မှာဖြစ်တာပေါ့နော်။ ကျနော်တို့ဆီက တော်လှန်ရေးတပ်ဖွဲ့တွေက ဗန်းမောက်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်တာပေါ့နော်။ အဲလိုမျိုးသတ်မှတ်လို့ရတယ်ပေါ့နော်။ လောလောဆယ်အနေအထားကတော့ မြို့သိမ်းတိုက်ပွဲလို့ပြောလို့ရတယ်ပေါ့နော်”လို့ ဗန်းမောက်မြို့နယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    မြို့ပတ်ပတ်လည်က ကာကင်းကုန်းစခန်းတွေကို တော်လှန်ရေးအင်အားစုတွေရဲ့ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခံရပြီးနောက် လက်လွှတ်လိုက်ရချိန်မှာ စစ်အုပ်စုက လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။

    “လေကြောင်းတိုက်တယ်ဆိုတာက ရှေ့ပွိုင့်တွေကို၊ သူတို့ကိုထိုးစစ်ဆင်လာတဲ့ ရှေ့ပွိုင့်တွေကို ကာကင်းကုန်းတွေကို တချို့လက်လွှတ်လိုက်ရတာတွေရှိတယ်။ အဲဒါတွေကို လာပြီးမှကြဲသွားတဲ့သဘောပါ”လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

    ဗန်းမောက်မြို့မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် မြို့ခံလူထု ထောင်နဲ့ချီပိတ်မိနေပြီး စစ်အုပ်စုနဲ့ SNA က မြို့ပြင်ကို မထွက်ခိုင်းတာကြောင့် မြို့ထဲမှာပိတ်မိနေကြတယ်လို့ ဆိုပါတယ်။ ပိတ်မိနေတဲ့ မြို့ခံပြည်သူတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ ဘယ်လိုတွေဖြစ်နေတယ်ဆိုတာ စုံစမ်းလို့တော့မရသေးပါဘူး။

    မြို့နယ်လေးမြို့နယ်နဲ့ ဖွဲ့စည်းထားတဲ့ ကသာခရိုင်ထဲမှာ ဗန်းမောက်မြို့နယ်လည်းပါဝင်ပြီး တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တို့လည်း ပါဝင်ပါတယ်။

    ကချင်ပြည်အစပ်မှာတည်ရှိတဲ့ ဗန်းမောက်မြို့ဟာ မြို့ပေါ်ရပ်ကွက်လေးရပ်ကွက်နဲ့ မြို့နေလူဦးရေ ၈၅၀၀ ကျော်နေထိုင်တဲ့မြို့ဖြစ်ပါတယ်။

  • မိုးကုတ်မြို့ အရှေ့ပိုင်း၊ ချမ်းသာကြီးဘုရားနှင့် လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲ

    မိုးကုတ်မြို့ အရှေ့ပိုင်း၊ ချမ်းသာကြီးဘုရားနှင့် လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲ

    မိုးကုတ်မြို့ အရှေ့ပိုင်း၊ ချမ်းသာကြီးဘုရားနှင့် လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်များပျက်စီး

    မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့ အရှေ့ပိုင်း၊ ချမ်းသာကြီးဘုရားနှင့် လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် နေအိမ်များပျက်စီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၈ မိနစ်အချိန် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့ အရှေ့ပိုင်း၊ ချမ်းသာကြီးဘုရားအနောက်၊ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးသို့ စစ်လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် အမျိုးသမီး ၁ ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၄ လုံးထက်မနည်း ပျက်စီးသွားကြောင်း သိရှိရသည်။

    “ဗုံးကျဲချတာက ပေါင် ၅၀၀ ဗုံးတွေ ဖြစ်ဖို့များတယ်။ ဗုံးပေါက်ကွဲမှုက ပြင်းထန်တယ်။ တစ်မြို့လုံး သိသိသာသာ တုန်သွားတယ်။ မိုးကုတ်မှာလည်း ပြည်သူတော်တော်များများကတော့ စစ်ဘေးရှောင်ကုန်ကြပြီ” ဟု မိုးကုတ်မြို့မှ ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်သဖြင့် ပြည်သူ ထိခိုက်သေဆုံးမှုများ အလွန်များပြားလျက်ရှိသည်။

    ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မိုးကုတ်မြို့ ကျပ်ပြင်ဈေး သီလရှင်ကျောင်းအနီးကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၅၉ မိနစ်အချိန်နှင့် နံနက် ၉ နာရီ ၃ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေ ယာဉ် များ က မိုးကုတ်မြို့နယ် အရှေ့ပိုင်းသို့ ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ဆိုင်ကယ်စီး ခရီးသွား ပြည်သူ ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး​သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ကလေးငယ် ၁ ဦး ပါဝင်ကြောင်း သိရှိရသည်။

    ဩဂုတ်လ ၁၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် မိုးကုတ်မြိုအရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၅ ဦး စုစုပေါင်း ၂၁ ဦးသေဆုံးခဲ့ရသည်။

    ဩဂုတ်လ ၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် မိုးကုတ်မြို့ အရှေ့ပိုင်း ကျောက်နဂါးကျေးရွာ သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၁ စီးဖြင့် ဗုံးကျဲချခဲ့ရာ ကျောက်နဂါး ကျေးရွာ ဘုန်းကြီးကျောင်းသို့ ထိမှန်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၅ ဦး သေဆုံးခဲ့သည်။

    ဩဂုတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန် မိုးကုတ်မြို့သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ဗုံးကျဲချခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်။

    ထို့အတူ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ် တပ်က မိုးကုတ်မြို့ပေါ်ကို လေယာဉ်ဖြင့် ဗုံး ၇ လုံးကျဲချခဲ့ကြောင်း၊ ယင်းနောက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ဒုတိယအကြိမ်အဖြစ် လည်းကောင်း စစ်လေယာဉ်ဖြင့် ဗုံးကျဲချသွားသည်။

    အလားတူ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၉ မိနစ်အချိန်တွင်လည်း မိုးကုတ်မြို့နယ်၊ အရှေ့ရွာ၊ ဘီးတောင်၊ RQ ဟိုတယ်အနီးဝန်းကျင်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးထပ်မံ ကျဲချခဲ့ပြီး ယနေ့ နံနက်ပိုင်း ၃ ကြိမ်မြောက် လေ ယာဉ် ဖြင့် ဗုံးကျဲချခဲ့သည်။

    ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာဖြင့် ရွှေလိပ်ပြာ ဟိုတယ်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။

    ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်း ပန်းမထိပ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ လုံးလည်း ထိခိုက် ပျက်စီးခဲ့သည်။

    ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီ ၁၈ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦး လေတပ်မှ တက်လာသော စစ်လေယာဉ်က မိုးကုတ်မြို့အရှေ့ပိုင်း၊ တောင်ကချင်ရပ်ကွက်၊ ပန်းမ ထိပ်ဘက်ခြမ်းရှိ ကုလားခြံထဲသို့ ပေါင် ၃၀၀ ဗုံး ၁ လုံးကျဲချသွားကြောင်း၊ အဆိုပါ ဗုံးမှာ လူနေရပ်ကွက်ရှိ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦး ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကလေးငယ် များအပါအဝင် ပြည်သူ ၈ ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်။

    ထို့ပြင် ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်အချိန်ကလည်း စစ်ကောင်စီက မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်းဘာလျှိုစာသင် ကျောင်းအနီးသို့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံးကျဲချသွားကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

    ဇွန်လ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၃ မိနစ်အချိန် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ အရှေ့ပိုင်း၊ အုန်းကိုင်းဘုန်းကြီးကျောင်းအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် အုန်းကိုင်းကွက်သစ်မှ နေအိမ်များ၊ ကားများ ပျက်စီးပြီး အုန်းကိုင်း ဘုန်းကြီးကျောင်းမှာမူ မျက်နှာကျက်ပြိုကျခြင်း၊ ဆွမ်းစားဆောင်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

    မေလ ၁၃ ရက်နေ့ ည ၁၁ နာရီ ၄၉ မိနစ်အချိန် TNLA သိမ်းပိုက်ထားသော မန္တလေးတိုင်း၊ မိုးကုတ်မြို့ နယ် ရွှေလိပ်ပြာအနီးတဝိုက်သို့ လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့သည်။