Category: News

  • ကွတ်ခိုင်တွင်စစ်တပ်​လေယာဥ်ဝဲ၍ စာသင်ကျောင်းများအရေးပေါ်ပိတ်၊ ရုံးများတွင် MNDAA အလံသစ်များလွှင့်ထူ

    ကွတ်ခိုင်တွင်စစ်တပ်​လေယာဥ်ဝဲ၍ စာသင်ကျောင်းများအရေးပေါ်ပိတ်၊ ရုံးများတွင် MNDAA အလံသစ်များလွှင့်ထူ

    ကွတ်ခိုင်တွင်စစ်တပ်​လေယာဥ်ဝဲ၍ စာသင်ကျောင်းများအရေးပေါ်ပိတ်၊ ရုံးများတွင် MNDAA အလံသစ်များလွှင့်ထူ

    စစ်ကောင်စီနှင့် TNLA တရုတ်နိုင်ငံ၌ ဆွေးနွေးနေစဉ် ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ကင်းထောက်နေ၍ စာသင်ကျောင်းများ အရေးပေါ်ပိတ်လိုက်ပြီး MNDAA ကလည်း ၎င်းတို့၏ ရုံးများတွင် အလံအသစ်များလွင့်ထူနေကြောင်း သတင်းရရှိသည်။

    “မနက်ကကျောင်းသွားပို့‌တော့ပြန်လွှတ်လိုက်တယ်။ TNLA နဲ့ စစ်တပ်ဆွေးနွေးနေချိန်မှာ လေကြောင်းကနေလာပစ်မှာကို စိုးလို့တဲ့။ တနင်္လာနေ့မှာပြန်ဖွင့်မယ်လို့သိရတယ်။ ဒီနေ့မနက်ကွတ်ခိုင်မှာ ထူးခြားတာက ကိုးကန့်(MNDAA)တွေက အလံအသစ်တွေ လွှင့်နေတယ်။ ကျီးလန့်စာစားနေရတာပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။

    သြဂုတ် ၂၆ ရက်ညနှင့် ယနေ့နံနက်အစောပိုင်းအထိ ကွတ်ခိုင်ကို စစ်ကောင်စီကင်းထောက်လေယာဥ်ဝဲနေခဲ့၍ ဒေသခံများစိုးရိမ်နေကြသည်။

    “ည ၇ နာရီ လောက်ကစပြီး တစ်နာရီခြားတစ်ခါလောက် လေယာဉ်ဝဲတာ။ မနက်သုံးနာရီလောက်အထိဝဲတယ်။ ကျနော်တို့ မအိပ်ဘဲနဲ့ စောင့်ကြည့်နေခဲ့ရတယ်”ဟုကွတ်ခိုင်မြို့ခံတစ်ဦးကပြောသည်။

    ကွတ်ခိုင်မြို့ကို TNLAရော MNDAA ပါ ထိန်းချုပ်ထားပြီး နှစ်ဖက်စလုံးက အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသည်။

    လက်ရှိတွင် တရုတ်အစိုးရ၏ကြားဝင်မှုဖြင့်စစ်ကောင်စီ နှင့် TNLA တရုတ်နိုင်ငံ၌ ဆွေးနွေး​​​နေသည်​။ ​ကျောက်မဲ နှင့် ​နောင်ချို-မိုးကုတ်ကြားတွင်တိုက်ပွဲများပြင်းထန်​နေစဥ် တရုတ်အစိုးရ အစီအစဥ်ဖြင့်​ဆွေး​နွေး​နေကြခြင်းဖြစ်သည်။

    စစ်ကောင်စီက သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်မြို့တို့မှ TNLA ဆုတ်ခွာသွားရန် ဖိအားပေးနေကြောင်း သတင်းအချို့လည်းထွက်ပေါ်နေသည်။

    ယခုနှစ်ဆန်းပိုင်းတွင် တရုတ်၌ လုပ်​သော​ဆွေး​နွေးပွဲတွင်လည်း စစ်တပ်က ​နောင်ချို ၊မိုးကုတ် ၊မိုးမိတ် ၊​ကျောက်မဲ ၊သီ​ပေါမြို့တို့မှ TNLA ကဆုတ်​ပေးပြီး စစ်​ကောင်စီကိုပြန်​ပေးရန်​တောင်းဆိုခဲ့​ကြောင်း TNLA ကထုတ်ပြန်ခဲ့သည်။

    စစ်တပ်က ​နောင်ချိုကို သိမ်းပိုက်ပြီး စစ်​ရေးအရဖိအား​ပေး​​သော် TNLA ၏ ရပ်တည်ချက်​ပြောင်းလဲမည်မဟုတ်​ကြောင်း ​သြဂုတ် ၅ ရက်ကပြုလုပ်​သော သတင်းစာရှင်းလင်းပွဲတွင် TNLA ကပြောကြားထားသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၃၀ရက် နံနက်ကလည်း ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ရှိ ရာစုသစ်ဟိုတယ်(၂) အနီးကို စစ်ကောင်စီက ဗုံးကြဲခဲ့ရာအရပ်သား (၇) ဦးသေဆုံး၊ (၁၃) ဦးဒဏ်ရာရခဲ့သည်။

    ဒဏ်ရာရရှိသူများတွင် အသက် ၂၀ အရွယ် တရုတ်နိုင်ငံသားတစ်ဦး ပါဝင်ခဲ့သည်။

    ယင်းလုပ်ရပ်သည်တရုတ်အစိုးရ၏စေ့စပ်ညှိနှိုင်းမှုများဖြင့်ခက်ခဲစွာရရှိထားသည့် အပစ်ရပ်သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေကာရှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲများပြန်ဖြစ်နိုင်ခြေကိုအရှိန်မြင့်လိုက်ခြင်းဖြစ်ကြောင်း MNDAA က ယင်းနေ့တွင် သတိ​ပေးခဲ့သည်။

    MNDAA ဘက်မှ ထိန်းသိမ်းနိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားဆဲဟုအသိပေးထားပြီး လူထုဘေးကင်းလုံခြုံရေးအတွက် လိုအပ်သော အစီအစဥ်များချမှတ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

    ကွတ်ခိုင်မြို့အား ဗုံးကြဲပြီး နောက်ပိုင်းစစ်ကောင်စီကလေကြောင်းမှကင်းထောက်မှုများ မကြာခဏပြုလုပ်နေပြီး သြဂုတ်ညကအများဆုံးပြုလုပ်ခြင်းဟုသိရသည်။

    (ကွတ်ခိုင်မြို့အဝင်ကို​တွေ့ရစဥ်(ပုံ​​ဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-CJ)

  • ကော့ကရိတ်-မြ၀တီ အာရှလမ်းတွင် တိုက်ပွဲ ဆက်ပြင်းထန်နေ

    ကော့ကရိတ်-မြ၀တီ အာရှလမ်းတွင် တိုက်ပွဲ ဆက်ပြင်းထန်နေ

    ကော့ကရိတ်-မြ၀တီ အာရှလမ်းတွင် တိုက်ပွဲ ဆက်ပြင်းထန်နေပြီး စစ်တပ်က မြဝတီမြို့မှ အာရှလမ်းဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေ

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းပိုင်းတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်း ဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား၍ မြဝတီမြို့မှပါ အာရှလမ်းဘက်သို့ စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ဩဂုတ်လ ၂၃ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် အာရှလမ်းပိုင်းရှိ တတန်ကူးရွာအနီး အကြမ်းဖက် စစ်တပ်က လူလှိုင်းဖြင့် ထိုးစစ်ဆင်ကာ လက်နက်ကြီး၊ ဒရုန်းများဖြင့် တစ်နေကုန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆၀ ဦးထက်မနည်း သေဆုံးကာ ၅ ကြိမ် တပ်လန်သွား၍ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

    လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်က ကော့ကရိတ် အာရှလမ်းပိုင်းကို တတန်ကူးနှင့်ကော့နွဲ ရွာတို့မှ စစ်ကြောင်း တစ်ကြောင်း၊ ဒေါနတောင် လမ်းဟာင်း ရန်ကုတ်-ကောင်းမှု့ ရွာဘက်မှ စစ်ကြောင်း တစ်ကြောင်း တို့ဖြင့် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် အကြမ်းဖက် စစ်တပ်က မြဝတီ မြို့တွင်းနှင့် မြို့ပြင် တို့တွင် စစ်အင်အားရာနှင့်ချီ တပ်ဖြန့်ထားကာ အာရှလမ်းပိုင်းကို သင်္ဃန်းညီနောင်ဘက်မှ စစ်ကြောင်းတစ်ကြောင်းထိုးရန် ပြင်ဆင်လာကြောင်း၊ အာရှလမ်းပိုင်း ကော့ကရိတ်နှင့် မြ၀တီဘက်မှ နှစ်ဖက် ညှပ်၍ စစ်ကြောင်းထိုးတိုက်ခိုက်မည့် အခြေအနေရှိကြောင်း သိရသည်။

    မြဝတီမြို့ရှိ ခလရ ၂၇၅ တပ်ရင်းတွင်လည်း ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားပြီး ပြန်လည်ပို့ဆောင်ခံရသော စစ်သားများနှင့် ဘားအံ တပ်မ ၂၂ မှ ထို့ကော်ကိုး PC အဖွဲ့ ၊ BGF အဖွဲ့မှ ခေါ်ဆောင်လာသော စစ်မှုထမ်း တပ်သားသစ်များ ရောက်ရှိနေကြောင်း၊ ထိုင်း-မြန်မာချစ်ကြည်ရေး တံတား အမှတ် ၂ တွင် စစ်အင်အား ၃၀၀ ခန့်ဖြင့် တပ်ဖျောက်ထားကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်တပ်က မြဝတီမြို့ နယ်ခြား ကော်မတီ ရှေ့တန်းရုံး၊ ရဲစခန်း၊ ဟေမန်ဦးသုဿန် ပြည်သူ့စစ်ကုန်း၊ မြေနီကုန်း လမ်းဆုံ ကရင်နှစ်သစ်ကူးကွင်း နေရာများတွင်လည်း တပ်အင်အား၊ လမ်းကင်းပုန်အင်အားများကို တိုးမြှင့်ချထားကြောင်း သိရသည်။

    “စစ်ခွေးတွေက မြဝတီမြို့မှာပါ တပ်အင်အားဖြည့်ထားပြီး အာရှလမ်းပိုင်းကို နှစ်ဘက်ညှပ် ထိုးစစ်ဆင်မယ့် အခြေအနေရှိတယ်။ ရိက္ခာထောက်ပို့တာတွေကို ကရင်နှစ်သစ်ကူးကွင်းမှာ စစ်ခွေး မိသားစုတွေ ချက်ပြုတ်ပြီး ထမင်းထုတ်တွေ လိုက်ပို့နေတယ်။ မြဝတီမြို့ပေါ်မှာ စစ်ခွေးစစ်ကြောင်းတွေ တော်တော်ခြေရှုပ်နေတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ဓာတ်ပုံ- ၂၀၂၂ ခုနှစ်၊ မတ်လ အာရှလမ်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်။ (ပုံအဟောင်း အသုံးပြုထားပါသည်။)

  • အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန် ရေးတပ် တို့  ညီနောင်တပ်ဖွဲ့ များအဖြစ်ပူးပေါင်းဖွဲ့စည်း

    အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန် ရေးတပ် တို့ ညီနောင်တပ်ဖွဲ့ များအဖြစ်ပူးပေါင်းဖွဲ့စည်း

    စစ်အာဏာရှင် ချုပ်ငြိမ်းရေး တိုက်ခိုက်ရန် အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန် ရေးတပ် တို့ ညီနောင်တပ်ဖွဲ့ များအဖြစ်ပူးပေါင်းဖွဲ့စည်း

    စစ်အာဏာရှင် ချုပ်ငြိမ်းရေး တိုက်ခိုက်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ ၃‌၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်း၍ ညီနောင်တပ်ဖွဲ့ အဖြစ်ဖွဲ့စည်းလိုက်ကြောင်း အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကို က ပြောကြားသည်။

    နည်းဗျူဟာ ၃‌၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် စကခ ၁၉ ဒရုန်းစစ်ဆင်ရေးမှစ၍ မဟာမိတ်အဖြစ် ပူးပေါင်းပြီး အတူလက်တွဲတိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ချိန်မှစတင်ပြီး ၂ နှစ် ကျော်ကာလအတွင်း စစ်ရေးဖော်ဆောင်မှုပေါင်း ၄၀ ခန့်နှင့် ရန်သူစစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲပေါင်း ၆ ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

    “ယခင်၂၀၂၃ကတည်းကမဟာမိတ်ဖွဲ့ထားပါတယ်။ အခုကဒီထက်ပိုပြီး ကျစ်လစ်ခိုင်မာတဲ့ ညီနှောင်မဟာမိတ်အဖြစ် သေအတူရှင်အတူ သူ့အခက်အခဲ ကိုယ့်အခက်အခဲအတူတူရင်ဆိုင်ကျော်ဖြတ်ပြီး အာဏာရှင်ချုပ်ငြိမ်းသည်အထိ လက်တွဲတိုက်ပွဲဝင်ဖို့အတွက်ပါရည်ရွယ်ထားပါတယ်”ဟု အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကို က ပြောဆိုသည်။

    စစ်ရေးဖော်ဆောင်မှုများ အတူတကွ ပြုလုပ်လာခဲ့ရာ ယခုအခါ ရဲဘော်ရဲဘက်များအချင်းချင်းကြားတွင် သွေးစည်းညီညွတ်မှု၊ အနစ်နာခံမှုနှင့် ယုံကြည်မှုများသည် ညီနောင်ပမာ ခိုင်မာပြီးဖြစ်၍ နည်းဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့သည် “ညီနောင်တပ်ဖွဲ့”အဖြစ် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ကျနော်တို့ဒေသဟာ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းအတွင်းစစ်ရေးလှုပ်ရှားနေတာဖြစ်တဲ့အပြင် ဒေသခံ မွန်ပြည်ကာကွယ်ရေးတပ် ထားဝယ်ဒေသခံတပ်တွေနဲ့ပါ ညီနောင်ပေါင်းစည်းပြီးသွားမှသာ တော်လှန်ရေးအောင်မြင်မှာဖြစ်တယ်။ ဒါ့အပြင် ကျန်တဲ့ညီနှောင်ဒေသခံတွေကိုလည်း ဒီထက်ပိုပြီးယုံကြည်မှုတည်ဆောက်ပြီး လက်တွဲဖို့ လိုအပ်ပြီလို့ပြောချင်ပါတယ်ဗျ”ဟု အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကို က ပြောကြားသည်။

  • ဗန်းမော်မှာ တိုက်ပွဲပြန်လည်ပြင်းထန်ပြီး စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံး

    ကချင်ပြည်နယ် ဗန်းမော်မြို့မှာမှာ ဩဂုတ်လ ၂၅ ရက်က စစ်ကောင်စီတပ်နဲ့ ကချင်တပ် KIA ပူးပေါင်းတပ်ဖွဲ့တို့ တနေကုန်နီးပါး တိုက်ပွဲပြန်လည်ပြင်းထန်ပြီး စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံးကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    “လေယာဉ်ကွင်း တခြမ်း ကျန်သေးတာ။ အဲဒီမှာ စစ်ကောင်စီတွေ အရင် ထိုးစစ်ဆင်လာတာကြောင့် ကေအိုင်အေနဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ တန်ပြန်ခုခံတိုက်ခိုက်တာ။ စစ်ကောင်စီတွေ ၅၀ ကျော်လောက် သေတယ်။ ၅၄ ယောက်လို့ ပြောတယ်။ မသေသေးတဲ့ ကောင်တွေလည်း ပါတယ် ပြောတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့အပတ်ကလည်း ကေအိုင်အေနဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ ရှိရာ နေရာတွေဘက်ကို စစ်ကောက်စီဘက်က ၁၅ ဦး ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။

    ဗန်းမော်က တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်တွေထံ လက်နက်ပစ္စည်းတချို့ သိမ်းဆည်းရမိတာရှိပြီး လေယာဉ်ကွင်းနေရာ ထပ်မံသိမ်းရ၊ မရကိုတော့ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။

    ရှေ့တန်းနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးကလည်း “မနေ့က ဗန်းမော် စကခ ၂၁ အနီးဝန်းကျင်ဘက်မှာလည်း တိုက်ပွဲ တော်တော်ပြင်းထန်တယ်။ တော်တော် အလုပ်တွင်တယ် ပြောတယ်။ စစ်ကောင်စီတွေ တော်တော်သေကြတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ ၁၀ ခေါက်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဗန်းမော်ဘက် တိုက်ပွဲပြင်းထန်နေချိန် တရုတ်ဘက်ကလည်း နယ်စပ်တလျှောက် လေယာဉ်ပျံဝဲနေတာရှိတယ်လို့ ဆိုပါတယ်။

  • တပခ ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    တပခ ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ၄ လုံး ထိမှန်ပေါက်ကွဲခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန် BWM အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာ ဆားခဲအဖွဲ့နှင့် KNLA တပ်မဟာ ၂ တပ်ရင်း ၅ တို့က အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို BWM Mission 45 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုအတွင်း ရှော့တိုက်ဒုံး ၄ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ကရင်ပြည်နယ်၊ ကရင်နီပြည်၊ ရှမ်းတောင်ရှိ တောင်လှန်ရေးအင်အားစုများကို နည်းမျိုးစုံဖြင့် နှိမ်နင်းနေသော စစ်တပ်၏ အားထားရသည့် စစ်တိုင်းဌာနချုပ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်တပ်အနေဖြင့် မိမိ၏ စစ်တိုင်းစစ်ဌာနချုပ်ကိုပင် ကာကွယ်နိုင်စွမ်းမရှိသည့် အချက်ကိုလည်း ပေါ်လွင်စေကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

    “တပ်ရင်းတပ်ဖွဲ့ ကြီးတွေ ရင်ဆိုင်တိုက်ပွဲတွေ ဆင်နွဲနေချိန်မှာ ကျနော်တို့ အဖွဲ့တွေကလည်း မရရတဲ့ နည်းနဲ့ စစ်ကောင်စီ အရှိုက် ထိစေမယ့် စစ်ရေး ပစ်မှတ် အကြီးတွေ ကို ဆက်လက်တိုက်ခိုက်သွားမယ် ပဲ ပြောချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက ပြောဆိုသည်။

    ယမန်နေ့ တစ်ရက်တည်းတွင်ပင် BWM နှင့်မဟာမိတ်တပ်ဖွဲ့များက ကရင်ပြည်နယ်၊ သံတောင်ကြီးရှိ စစ်တပ်၏ ဘုရင့်နောင် တိုက်ခိုက်ရေးသင်တန်းကျောင်းကိုလည်း ရှော့တိုက်ဒုံး ၉ လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    စစ်တပ်၏ ဘုရင့်နောင် တိုက်ခိုက်ရေး သင်တန်းကျောင်းတွင် စစ်အရာရှိ ၄၀ဝ ကျော် သင်တန်းတက်ရောက်နေကြောင်း သတင်းရရှိထားသည့်အတွက် သင်တန်းချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထို့ပြင် ဘုရင့်နောင် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းသည် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ စစ်အုပ်စု၏ အဓိကဒေါက်တိုင်များဖြစ်သော တပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူး သင်တန်းများကို အဓိကပေးသည့် တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုထားသည်။