Category: News

  • မိုးကုတ်မြို့ကို စစ်ကောင်စီတပ် ဝင်လာချိန်၌ ပြဿနာမဖြစ်ရန် TNLA က တပ်ဖြန့်

    မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီ ဝင်လာချိန်မှာ တိုက်ပွဲမဖြစ်အောင် TNLA က PDF အထိုင်နေရာတွေအထိ တပ်ဖြန့်ပြီး အခြေအနေကို ထိန်းဖို့ ပြင်ဆင်နေတယ်လို့ မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက ပြောပါတယ်။

    မိုးကုတ်မြို့ကို ပြန်လက်လွှတ်မယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အောက်တိုဘာ ၂၉ ရက်မှာ ကြေညာထားတာပါ။

    မိုးကုတ်မြို့ကနေ တပ်တွေဆုတ်ခွာဖို့ TNLA က အချိန်တလယူထားပြီး နိုဝင်ဘာလကုန်မှာ ထွက်သွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

    TNLA ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မန္တလေး ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေက ညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမဲ့ လက်ရှိအချိန်အထိ အဆင်မပြေသေးဘူးလို့ သိရပါတယ်။

    မိုးကုတ်မြို့ထဲကို စစ်ကောင်စီဝင်လာချိန်မှာ ဘယ်လိုတုံ့ပြန်မယ် ဆိုတာနဲ့ ပတ်သက်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က ဆွေးနွေးမှုတွေ ရှိနေဆဲဖြစ်ပြီး ဆုံးဖြတ်ချက်တခု မထွက်လာသေးဘူးလို့ ဆိုပါတယ်။

    ၂၀၂၄ ဇန်နဝါရီလက ကွတ်ခိုင်မြို့ ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-မြတ်ပန်း)

    မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက “TNLA ဘက်ကတော့ သူတို့တပ်တွေ ဖြန့်ထားတယ်၊ ကျနော်တို့ရှိတဲ့ အထိုင်တွေကို သူတို့ဖြန့်ထားတယ်။ အချင်းချင်း အဲဒီလို ပြန်ထိန်းတဲ့ အဓိပ္ပာယ်မျိုးလို့ ခန့်မှန်းလို့ရတယ်ပေါ့။ တချို့ လက်နက်ကြီးတွေ ဘာတွေဆိုရင် ကျနော်တို့ တပ်အထိုင်တွေဘက်ကို လှည့်ထားတာမျိုးတွေ ဘာတွေ တွေ့ရတယ်။ မိုးကုတ်မြို့ရဲ့ အရှေ့ဘက်ခြမ်း ပြင်ဦးလွင်ထွက်တဲ့လမ်း အဲဒီဘက် လမ်းကြောတကြောလုံးကိုတော့ TNLA က တာဝန်ယူထားတယ်။ အနောက်ဘက်ခြမ်းနဲ့ ကျနော်တို့ မိုးမိတ်အစပ်အထိပေါ့။ ဒီဘက်ကနေ ဖော့တောလမ်းဆုံနားကနေ မိုးမိတ်အစပ်အထိတော့ ကျနော်တို့ ဒီဘက်က အင်အားစုတွေက တာဝန်ယူထားတယ်ပေါ့။ နောက်တချက်က ကျနော်တို့ အဲဒီဘက် အရှေ့ခြမ်းဘက်ကို ဘယ်တပ်ရင်းတပ်ဖွဲ့ကိုမှ မလာခိုင်းဘူးပေါ့နော်။ TNLA က အစကတည်းက သူ့အစီအစဉ်နဲ့သူ လုပ်မယ်ပေါ့နော်၊ ဘယ်လိုညှိညှိ ရမယ့်အနေအထားတော့ မတွေ့ရဘူး။ ပြီးတော့ ဒီဘက်ကလည်း မဟာမိတ်ဆက်ဆံရေး ပျက်လို့မဖြစ်ဘူးဆိုတဲ့မူ ကိုင်ထားရတာပေါ့။ TNLA ကတော့ အဲဒီလို သိပ်စဉ်းစားပုံမရဘူး။ သူတို့ကတော့ တရုတ်ဖိအားက ဘယ်လိုရှိနေလဲမသိဘူး၊ နောက် တရုတ်က သူတို့ကို ဘယ်လိုအခြေအနေမျိုးအထိ လုပ်ပိုင်ခွင့်ပေးထားလဲ မသိရဘူးပေါ့နော်။ ကျနော်တို့ မဟာမိတ်တွေကို သေသေချာချာ ပြန်တိုက်ဖို့ အချိန်တခုယူဖို့ လိုအပ်တယ် စသဖြင့် ဘာမှ အဲဒီလို အသိပေးတာ ပြောတာဆိုတာ မရှိဘူးလေ” လို့ ပြောပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေမှာ ရှမ်း-မန်းနယ်စပ်မြို့တွေကို မြောက်ပိုင်းမဟာမိတ်တွေနဲ့ ဒေသတွင်း PDF တွေ ပူးပေါင်းသိမ်းယူခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ စတင်ဖော်ဆောင်ချိန်မှာ မဟာမိတ်တွေအကြား တပ်နေရာချထားရေး၊ အုပ်ချုပ်ရေးနဲ့ သယံဇာတ စီမံခန့်ခွဲရေးဆိုင်ရာ တရာဝင် နိုင်ငံရေးသဘောတူညီချက်တွေ မရှိခဲ့တာကြောင့် လက်ရှိပြဿနာတွေနဲ့ ကြုံတွေ့နေရတာလို့ မန္တလေးဒေသတွင်း နိုင်ငံရေးသမားတွေက မှတ်ချက်ပြုပါတယ်။

    မိုးကုတ်ဒေသခံ ကာကွယ်ရေးအဖွဲ့ ရဲဘော်တယောက်က “တော်လှန်ရေးကာလ ကြာမြင့်လာတာရယ်၊ ပြည်သူတွေရဲ့ အခက်အခဲတွေရယ်ကြောင့် ကာကွယ်ရေးအဖွဲ့ တော်တော်များများက ဘဏ္ဏာရေး-စီးပွားရေးလေးတွေ လုပ်ဆောင်ပြီး တပ်ကို အားဖြည့်နေတဲ့ အပိုင်းတွေမှာတော့ နစ်နာမှုရှိလာမယ်ပေါ့။ မြို့ကိုတောင်မှ တရုတ်ရဲ့ ကြားဝင်မှုနဲ့ ပြန်လည်ပေးဆောင်ထားပြီ ဆိုတော့ တခြားဖိအားတွေ ရှိလာတာနဲ့အမျှ ကျနော်တို့ရဲ့ မဟာမိတ် ERO တွေကလည်း စစ်လက်နက်ခဲယမ်း ကူညီအားဖြည့်တာတွေ နည်းနည်း လျော့ပါးသွားလိမ့်မယ်လို့ မှတ်ယူလို့ရတာပေါ့နော်။ တာဝန်ခွဲအပ်ပေးထားရေးတွေမှာလည်း လိုအပ်သလို စီမံရတာကြောင့် အခက်အခဲတွေတော့ ရှိလာမှာပေါ့ဗျာ” လို့ ပြောပါတယ်။

    မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို ၂၀၂၄ ဇူလိုင်လအတွင်းမှာ TNLA နဲ့ မဟာမိတ်တွေက သိမ်းယူခဲ့တာဖြစ်ပြီး တနှစ်ကျော်အကြာမှာ တရုတ်အစိုးရရဲ့ ကြားဝင်ဖိအားပေးမှုကြောင့် ပြန်လည်လက်လွှတ်ရမယ့် အခြေအနေ ဖြစ်လာခဲ့တာပါ။

    သုတချမ်းသာ

  • ကန်ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ ပဲလောကလိမ်လည်မှုကြီး

    ကန်ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ ပဲလောကလိမ်လည်မှုကြီး

    ကန်ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ ပဲလောကလိမ်လည်မှုကြီး ဖြေရှင်းပေးရေး ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်ကို ကန်တော့ကြေး သိန်း ၂၅၀၀ ၊ အဆိုတော်ယုန်လေးနှင့်လူမိုက်ဝင်းထွဋ်ဝင်းကို သိန်း ၁၀၀၀ ၊ ကြည့်မြင်တိုင်ငါးစျေးမှ လူမိုက်ကျော်ကျော်ကို သိန်း ၈၀၀ ပေးခဲ့ရသော်လည်း ဖြေရှင်းပေးခဲ့ခြင်းမရှိ

    မြန်မာ့ပြည်တွင်း ပဲစျေးကွက်တွင် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ တန် ဖိုးရှိ ပဲလောကလိမ်လည်မှုကြီးကို ဖြေရှင်းပေးရေး ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ် ချုပ်အောင်ကျော်ကျော်ကို လာဘ်ငွေ ကန်တော့ကြေး ငွေကျပ်သိန်း ၂၅၀၀ ၊ အဆိုတော်ယုန်လေးနှင့်လူမိုက်ဝင်းထွဋ်ဝင်းကို ငွေကျပ်သိန်း ၁၀၀၀ ၊ ကြည့်မြင်တိုင် ငါးစျေးမှ လူမိုက်ကျော်ကျော်ကို သိန်း ၈၀၀ ပေးခဲ့ရသော်လည်း ဖြေရှင်းပေးခဲ့ခြင်းမရှိသကဲ့သို့ ပြေလည်မှုလည်း မရရှိခဲ့ကြောင်း လိမ်လည်ခံရသော မဟာနဒီထရေးဒင်းကုမ္ပဏီမှ ဒါရိုက်တာ ကိုရဲမင်းလွင်က ပြောဆိုသည်။

    ၂၀၂၃- ၂၀၂၄ ခုနှစ်အတွင်း မဟာနဒီထရေးဒင်းကုမ္ပဏီက ပဲကုန်သည်တစ်ဦးဖြစ်သော ဇော်မင်းသန့်(ခ) ဇော်ဇော်လေးထံတွင် မတ်ပဲ တန်ချိန် ၂ သောင်း ၂ ထောင်တန်ဖိုးရှိ ပဲများကို အမေရိကန်ဒေါ်လာ သန်းချီပေး၍ ဝယ်ယူခဲ့ပြီး လှောင်ထားခဲ့ကြောင်း၊ မြန်မာငွေအားဖြင့် သိန်းကြီးပေါင်း ၁ သိန်းခွဲ တန်ဖိုးရှိကြောင်း၊ ထိုသို့ ဝယ်ယူချိန်က မတ်ပဲစျေးနှုန်းမှာ ၂၆ သိန်းဝန်းကျင်သာရှိခဲ့ကြောင်း၊ ယင်းနောက် မတ်ပဲစျေးမှာ ၄၁ သိန်းခွဲ ဖြစ်သွားချိန်တွင် ပဲနှင့်ငွေများ လုံး၀ ပြန်မပေးဘဲ လိမ်လည်သွားခဲ့ကြောင်း၊ ထို့ကြောင့် ငွေလိမ်ခံရမှုအတွက် ငွေကြေးများ ပြန်လည် ရရှိရေးအတွက် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်မှတစ်ဆင့် ဆက်သွယ်၍ ငွေပြန်လည် ရရှိရေး ကြိုးစားခဲ့သော် လည်း ကန်တော့ကြေး သိန်း ၂၅၀၀ ကုန်သွားခဲ့သော်လည်း ဖြေရှင်းပေးမှုမရှိခဲ့ကြောင်း ကိုရဲမင်းလွင်က ပြောဆိုသည်။

    “ဇော်မင်းသန့် ဇော်ဇော်လေးကို ကျနော့်မှာ မတ်ပဲ ၂ သောင်း ၂ ထောင်ဝယ်ထားတယ်။ မြန်မာငွေ သိန်ကြီးပေါင်း ၁ သိန်းခွဲပေးထားတယ်။ မတ်ပဲစျေး ၄၁ သိန်းခွဲဖြစ်သွားတယ် ။ ကျနော်ဝယ်ထားတာ မတ်ပဲစျေးက ၂၆ သိန်း ။ ၂၀၂၃ – ၂၀၂၄ ခုနှစ် ပေါ့။ ဒေါ်လာ ၇ သန်းကျော် လိမ်သွားတယ်။ ကျနော့်မှာ အကုန်ရှိတယ်။ သက်သေတွေရှိပါတယ်။ အဲဒီမှာ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်ကို ကျနော်အကူအညီတောင်းတယ်။ ဒုဝန်ကြီး ကို ပထမ ဂါ၀ရကြေး သိန်း ၅၀၀၊ ၆၀၀ ပေးပြီး အကူအညီတောင်းတယ်။ ဇော်ဇော်လေးကို ခေါ်တယ်လို့ကြားတယ်။ ဒါပေမယ့် ပမာဏက အရမ်းများတော့ ဗိုလ်ချုပ်အောင်ကျော်ကျော်လည်း ဟိုကောင့်ကို ခေါ်မေးပြီး ဘာမှ အရာမထင်လာဘူး။ ကျနော် ဂါ၀ရကြေးသိန်း ၂၅၀၀ လောက်ကုန်တယ်။ မဖြစ်လာဘူး” ဟု ကိုရဲမင်းလွင်က ရှင်းပြသည်။

    ယင်းနောက် ကြည့်မြင်တိုင်ငါးစျေးမှ လူမိုက် ကျော်ကျော်နှင့် ချိတ်ဆက်၍ ဇော် ဇော်လေး(ခ) ဇော်မင်းသန့်ထံသို့ ခဏတာ အကြွေးကိစ္စ တွေ့ဆုံခွင့်ရရှိရေး ဆောင်ရွက်ပေးရန် အကူအညီတောင်းခဲ့ကြောင်း၊ လူမိုက်ကျော်ကျော်ကလည်း လုပ်ဆောင်ပေးမည်ဟုဆိုကာ ငွေကျပ် သိန်း ၈၀၀ ရယူသွားခဲ့ကြောင်း၊ စစ်တပ်နှင့်ပါ လုပ်ဆောင်မည်ဟု သိန်း ၈၀၀ ယူဆောင်ခဲ့သော်လည်း ဘာမှ ဖြစ်မလာခဲ့ကြောင်း သိရှိရသည်။

    လူမိုက်ကျော်ကျော်၏ မိသားစုဝင်တစ်ဦးကမူ ကိုရဲမင်းလွင်ထံမှ ရယူခဲ့သော သိန်း ၈၀၀ ကို ပြန်လည် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိတွင် မည်သည့်အကြွေးမှ မရှိတော့ကြောင်း ပြောဆိုသည်။

    “အဓိကအချက်က အလုပ်လုပ်ခိုင်းတယ်။ မလုပ်ပေးဖြစ်ဘူး။ သူပေးထားတဲ့ပိုက်ဆံပြန်ပေးတယ်။ သူ့ဆီကငွေယူထားခြင်းမရှိဘူး။ တကယ်လည်းဟုတ်မနေတော့လေ” ဟု လူမိုက်ကျော်ကျော်၏ မိသားစုဝင်တစ်ဦးက ပြောဆိုသည် ။

    ကိုရဲမင်းလွင်ကမူ လူမိုက်ကျော်ကျော်ထံသို့ ပေးအပ်ခဲ့သော ငွေကျပ် သိန်း ၈၀၀ ကို သမီးဖြစ်သူထံမှ ပြန်လည် လက်ခံရရှိခဲ့ကြောင်း အတည်ပြုသည်။

    ထို့နောက် အဆိုတော် ယုန်လေးကို ချိတ်ဆက်၍ သာကေတ လူမိုက် ဝင်းထွဋ်ဝင်းကို ချိတ်ဆက်ကာ ငွေကျပ် သိန်း ၁၀၀၀ ဖြင့် ဇော်မင်းသန့်(ခ) ဇော်ဇော်လေးကို တွေ့ခွင့်ရရေး ဆောင်ရွက်ပေးရန် လုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင်လည်း မည်သည့် ရလဒ်မှ မဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

    “သာကေတ ဝင်းထွဋ်ဝင်းက ပျူစောထီးဆိုပြီး နာမည်ကြီးနေတာ။ ကျနော်အလိမ်ခံထားရလို့ ကူညီပေးပါဆိုတော့ ဝင်းထွဋ်ဝင်းက သိန်း ၁၀၀၀ တောင်းတယ်။ သိန်း ၁၀၀၀ တောင်းတာက ကိုယုန်လေးက ချိတ်ပေးတာ။ စစ်တပ်ကို အကူအညီတောင်းမှပဲရမယ်။ စစ်တိုင်းမှူးကို သိန်း ၄၀၀၊ ၅၀၀ လောက် ဂါ ရမယ်ဆိုပြီး ပြောတယ်။ စစ်တိုင်းမှူးခေါ်ပြီးရင် ကျနော့်ကို လိမ်သွားတဲ့ ဇော်ဇော်လေးကို ခေါ်မယ် စစ်မယ်ဆိုပြီး ပြောတယ်။ တကယ်တမ်းကျတော့ လူ မိုက် ဝင်းထွဋ်ဝင်းက ကျနော့်ကို သိန်း ၅၀၀ ပြန်ပေးတယ်။ ကျန်တဲ့ သိန်း ၅၀၀ ကိုလည်း မတောင်းဖို့ ကျနော့်မိသားစုဝင်တွေကို ခြိမ်းခြောက်တယ်။ ကျန်တဲ့သိန်း ၅၀၀က ကိုယုန်လေးကို ပေးလိုက်ရတဲ့အတွက် မပေးနိုင်တော့ဘူးဆိုပြီး လျှော်သွားတယ်” ဟု ကိုရဲမင်းလွင်က ရှင်းပြသည်။

    အကြမ်းဖက်စစ်တပ်က ရန်ကုန်အခြေစိုက် Maha Nadi International Co., Ltd မှ ဒါရိုက်တာ ဦးရဲမင်းလွင် အပါအဝင် မိသားစုဝင်များကို အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ပြန်လည် မသွင်းဟုဆိုကာ ငွေကြေးခဝါချမှု အပါ အဝင် စီးပွားရေးဆိုင်ရာ ပုဒ်မများစွာဖြင့် အမှုဖွင့်ထားပြီး ဦးရဲမင်း လွင်၏ ဖခင် ဦးဟင်နရီခင်မောင် အပါအဝင် မိသားစုဝင်များကို စစ်တပ်က ဖမ်းဆီးထားကြောင်း သိရှိရသည်။

  • နတ်ရေကန်ကို ထိုးစစ်ဆင်နေသော စစ်အုပ်စု စစ်ကြောင်း ၂ ကြောင်း တစ်မိုင်ကျော်လောက်ထိ နောက်ပြန်ဆုတ်သွားခဲ့ရဟုဆို

    နတ်ရေကန်ကို ထိုးစစ်ဆင်နေသော စစ်အုပ်စု စစ်ကြောင်း ၂ ကြောင်း တစ်မိုင်ကျော်လောက်ထိ နောက်ပြန်ဆုတ်သွားခဲ့ရဟုဆို

    (လေထီးဖြင့်ချပေးသောလက်နက်နဲ့ ရိက္ခာအထုပ်တချို့ AA သိမ်းဆည်းရမိ)

    အာရက္ခတပ်တော် (AA)က ဝိုင်းဝန်းပိတ်ဆို့ထားသော အမ်း- ပဒါန်းလမ်းပေါ်က နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကို စစ်ကူ တက်လာသော စစ်ကြောင်း ၂ ကြောင်းသည် ရှေ့ကို တိုးမရောက်သည့်အပြင် ရောက်ရှိနေသည့် နေရာများမှ နောက်ကို ဆုတ်ပေးလိုက်ရသည်ဟု စစ်မြေပြင် သတင်းရင်းမြစ်တစ်ခုက ပြောသည်။

    “ဂုတ်ကြီးဘက်ကို တက်လာတဲ့ အင်အား ၁၅၀ ပါတဲ့စစ်ကြောင်း ဂုတ်ကြီးကို မရောက်တဲ့အပြင် နောက်ကို တစ်မိုင်ကျော်လောက် ပြန်ဆုတ်သွားခဲ့ရတယ်။ စစ်တပ်က လေကြောင်း၊ ဒရုန်းနဲ့ မြေပြင်က လက်နက်ကြီးတွေနဲ့ပါ ပစ်ကူတာ။ တိုက်မနိုင်ဘူးဖြစ်နေတယ်”ဟု ပြောသည်။

    လေကြောင်းပစ်ကူ၊လက်နက်ကြီး​ပစ်ကူများဖြင့် ဂုတ်ကြီးကျေးရွာကို ထိုးဖောက်ဝင်ရောက်ရန် စစ်ဆင်နေသည့် ဂုတ်ကြီးရွာမှနောက်ဘက်ကို ၁ မိုင်ကျော်ခန့် နောက်ဆုတ်သွားခဲ့ပြီး အဆိုပါနေရာတွင်လည်း တိုက်ပွဲများဆက်ဖြစ်နေသည်ဟုပြောသည်။

    အလားတူ နတ်ရေကန်တောင်သို့ ယခုလအတွင်း ပထမအပတ်ကတည်းက လမ်းဟောင်းဖက်ကနေ ပြန်လည်ထိုးစစ်ဆင်လာသောအင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းလည်း ရှေ့မတိုးနိုင်ဘဲ နောက်ဆုတ်သွားခဲ့ရပြီဟုဆိုသည်။

    “ဒီစစ်တပ် စစ်ကြောင်းက အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်းထိုးတာ။ ပဇီရွာနဲ့မိုင်ဝက်ခန့်သာဝေးတဲ့နေရာကိုရောက်ခဲ့တာ။ အခု သူတို့ရောက်ခဲ့တဲ့နေရာကနေ တပ်လှန်ပြီးနောက်ဆုတ်နေရတယ်”ဟုပြောသည်။

    ၎င်းစစ်ကူလာသည့် စစ်ကြောင်းများ နောက်ဆုတ်သွားခဲ့သော်လည်း တိုက်ပွဲများမှာ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်ဖက်ကလည်းနေ့ရောညပါ လေကြောင်းမှ ဂျက်တိုက်လေယာဉ်များ၊ Y12များဖြင့်အဆက်မပြတ် ဗုံးကြဲနေသည်ဟုသိရသည်။

    “အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းများကို AA နဲ့ မဟာမိတ်တပ်ဖွဲ့တွေက အပြင်းအထန်ပိတ်ဆို့ပြီး ချေမှုန်းတိုက်ခိုက်တယ်။ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသလိုစစ်တပ်က လေယာဉ်တွေနဲ့ပါဗုံးကြဲတော့ တိုက်ပွဲက ပိုပြင်းထန်နေပါတယ်” ဟု ပြောသည်။

    တစ်ခြားတစ်ဘက်တွင်လည်းနတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကုန်းကို AA နဲ့ ပူးပေါင်း မဟာမိတ်တပ်များက ဝိုင်းဝန်းပိတ်ဆို့ထားသဖြင့် လက်နက်နဲ့ ရိက္ခာများပြတ်လပ်နေသဖြင့် လေယာဉ်ပေါ်မှ လေထီးဖြင့် ချပေးရာ တချို့ အထုပ်များကို AA က သိမ်းဆည်းရမိသည်ဟု သိရသည်။

    “မနေ့ကနတ်ရေကန်စခန်းကို Y8 လေယဉ်အမျိုးစားနဲ့ လေကြောင်းကနေ လေထီးတွေနဲ့ လက်နက် ခဲယမ်း၊ စားနက်ရိက္ခာလာချပေးတယ်။ တချို့ကို AA ကသိမ်းဆည်းရမိတယ်။ နေ့လယ်ဖက်အချိန်မှာ စစ်ကောင်စီ လေကြောင်းကနေ ပစ္စည်းလာချပေးတာပါ”ဟုပြောသည်။

    စစ်တပ်ဖက်မှစားနပ်ရိက္ခာအထုပ်ချပေးနေစဉ် AA က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်းထိခိုက်မှုကိုတော့မသိရသေးဟုဆိုသည်။

    ၎င်းပြင် အာရက္ခတပ်တော်မှ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းကို လက်နက်ကြီးများဖြင့်လှမ်းပစ်ခတ်မှုများပြုလုပ်နေသဖြင့်အဆောင်နှင့် အဆောက်အဦတချို့ ပြိုပျက်မှုများရှိနေသည်ဟုလည်း သိရသည်။

    တိုက်ပွဲများနေ့စဉ်ရက်ဆက်ဖြစ်ပွားနေသဖြင့်ဗုံးဒဏ်၊ လက်နက်ကြီးဒဏ်များကို ခံနေရ၍ တိုက်ပွဲဖြစ်ပွားနေရာ အနီးဝန်းကျင်မှ လှိုင်ရွာ၊ပဇီရွာ၊နောင်ရွာ ၊ဂုတ်ကြီးအပါအဝင် ကျေးရွာပေါင်း ၁၀ နီးမှာလည်း ပျက်စီးသွားခဲ့ရပြီဟု ဒေသခံတစ်ဦးကပြောသည်။

    AA ဖက်မှ လက်နက်ကြီး၊ဒရုန်း၊စနိုက်ဘာဖြင့်တိုက်ခိုက်နေမူကြောင့် စခန်းအတွင်းရှိအဆောက်သစ်အချို့နှင့် အဆောက်ဉီးပျက်စီးရုံသာမက တပ်ဖွဲ့ဝင်အချို့လည်း သေဆုံးမူရှိနေသည်ဟု တော်လှန်ရေးနှင့်နီးစပ်သည့် သတင်းရင်းမြစ်များမှ တစ်ဆင့် သိရသည်။

  • ကျောင်းထိုင်ဘုန်းကြီး KTV သွားမိလို့ လူဝတ်လဲခံရ

    ကျောင်းထိုင်ဘုန်းကြီး KTV သွားမိလို့ လူဝတ်လဲခံရ

    မကြာသေးမီကပင် ပျော်ဘွယ်မြို့နယ်၊ ပြည်တော်အေးကျောင်းတိုက်၏ ဆရာတော်ကြီး ပျံလွန်တော်မူသွားသည့်အတွက် ထိုကျောင်းတိုက်ကို အရှင်မုနိန္ဒ အား ကျောင်းထိုင်ဘုန်းကြီးအဖြစ် အပ်နှင်းခံရပါသည်။

    လွန်ခဲ့သောရက်သတ္တပတ်ခန့်က ၎င်းကျောင်းထိုင်အဖြစ် အပ်နှံခံရတဲ့ အရှင် မုနိန္ဒ ဟာ ပျော်ဘွယ်မြို့နယ်တွင်ရှိသည့် (KTV) တစ်ခုတွင်၊ ပျော်ပါးကခုန်နေစဉ် သက်ဆိုင်ရာတို့မှ စစ်ဆေး‌တွေရှိရသည့်အတွက်၊ သာသ‌နာတော်သန့်ရှင်းရေးအဖွဲများက ဖမ်းဆီးကာ လူဝတ်လဲလိုက်ပြီး အရေးယူလိုက်ကြောင်း သိရပါသည်။

    ပျော်ဘွယ်မြို့နယ်တွင် သံဃာနာယကဆရာတော်များပင့်ဆောင်ပြိး အရှင်မုနိန္ဒကို လူဝတ်လဲစေလိုက်ပါသည်။ လူဝတ်ကြောင်ဖြစ်ပြီးလို့ ၎င်းကျောင်းတိုက်မှ မသင်ဆိုင်တော့သည့်အတွက်၊ နှင်ထုတ်လိုက်သည်ဟုသိရသည်။

    “ပြည်တော်အေးကျောင်း” တိုက်ပိုင် သင်္ကန်းအများအပြား နှင့် အများပြည်သူများ‌ချွေးနည်းစာဖြင့် လှူဒါန်းထား‌သည့် ကျောင်းတိုက်ပိုင် မော်တော်ကား၊ သံဃိကပိုင် တန်ဖိုးရှိ ပရိဘောဂပစ္စည်းများ၊ ဝတ္ထု‌ငွေများတို့ကို လူဝတ်လဲခံရသူနှင့် ဆွေမျိုးတစ်သိုက်တို့မှ ယူဆောင်သွားခဲ့သည်ဟုသိရသည်။

    ၎င်းကိစ္စရပ်ကို သက်ဆိုင်ရာမှ အမြန်အရေးယူ ဆောင်ပေးရန်လည်း၊ ကျောင်းတိုက်သို့ပြန်လည်ထားပေးရန်၊ ပြန်လည်တောင်းခံပေးပါရန်မေတ္တာရပ်ခံအပ်ကြောင်း သိရသည်။

  • ခင်ဦးတိုက်ပွဲမှာ စစ်တပ်နဲ့ပျူစစ်​​ကြောင်း ပျက်​အောင်အတိုက်ခံရပြန်

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်တပ်နဲ့ သင်္ကန်းဝတ်ဝါသဝ‌ရဲ့ပျူစောထီး​တွေပူး​ပေါင်းထားတဲ့စစ် ကြောင်းဖွဲ့စည်းပုံပျက်တဲ့အထိ တိုက်ခံရပြီး သေဆုံးသူများကာ လက်နက်တွေအများအပြား သိမ်းရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက ခင်ဦးမြို့နယ် မုံလှရွာကနေ ကလုံရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်တွေ ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက် နိုင်ခဲ့တာလို့ ဆိုပါတယ်။

    “ကန့်ဘလူ ကနေထိုးလာတဲ့ စစ်ကြောင်းပဲ။ တော်တော်အသေဆုံးရှိတယ်။ သေနတ် အလက် ၇၀ လောက်ရထားတယ်။ စစ်ကြောင်း ဖွဲ့စည်းပုံပျက်တဲ့အထိ ဖြစ်သွားတယ်ပေါ့ “လို့ ကန့်ဘလူခရိုင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

    အခြား​တော်လှန်​ရေးတပ်ဖွဲ့ဝင် တဦးကလည်း “ပွဲကနေတာ။ ဝါသဝစစ်ကြောင်း တော်တော် ထိထားတယ်။ သူတို့ထိတော့ စစ်တပ်ကို လေကြောင်းပစ်ကူလှမ်းတောင်းတယ်။ ညနေက ဂျက်ဖိုက်တာနဲ့လာပစ်သွားတယ်။ အထိအခိုက်ကမရှိပါ”လို့ ပြောပါတယ်။

    တော်လှန်ရေးအင်အားစုတွေ နဲ့ စစ်တပ်၊ပျူပူး​ပေါင်းစစ် ကြောင်းတိုက်ပွဲဟာအတော်အကြာဖြစ်ပြီး စစ်ကောင်စီတပ်က အထိနာခဲ့ပြီး သေဆုံး‌သူတွေ ဒဏ်ရာရသူတွေ များတယ်လည်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးပါတယ်။

    “တစ်ကြောင်းလုံးပြုတ်မှာလားလေ ဆုတောင်းနေပါတယ်။ညနေပိုင်းက ဂျက်ဖိုက်တာပစ်ခဲ့တာလေးတော့ရှိတာပေါ့ ကနဦးတော့ စိုးရိမ်စရာ မရှိဘူးကြားပါတယ်”လို့ ခင်ဦးမြို့နယ် သတင်းပြန်ကြားရေးအဖွဲ့ က ၎င်းတို့လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီဝါဒ ဖြန့်သူတွေက ခင်ဦးနယ် ကလုံအနီးတိုက်ပွဲဖြစ်ပွားနေပြီး ကန့်ဘလူတောင်ခြမ်း နဲ့ ခင်ဦးနယ်ရှိ ရန်သူ့တည်နေရာများ၊အင်အားများကို အကုန်ပို့ထားပြီးလို့ ဒီကနေ့ နေ့လယ် ၃ နာရီဝန်းကျင်က တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားထားတာ တွေ့ရပါတယ်။

    “မကြာခင် သက်ဆိုင်ရာကနေထုတ်ပြန်လာပါလိမ့်မယ်”လို့ ကန့်ဘလူ-ခင်ဦး ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

    ဒေသတွင်းတော်လှန်ရေးသတင်းတွေကိုဖော်ပြနေတဲ့ Infinity Group ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာကလည်း ဝါသဝစစ်ကြောင်းက ခင်ဦးမြို့နယ်အထိ အလှူအတန်းရက်‌ရောနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

    နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်းကန့်ဘလူ မြို့နယ် ကာဘိုး ရွာကနေ ယင်းတိုက်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းတွေနဲ့ ပျူစောထီး အင်အား ၁၀၂ ဦးပါစစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရပြီး အရှင် ၁၅ ဦး နဲ့ သေဆုံးသူ ၅၀ ဝန်းကျင် ရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

    အဲဒီတိုက်ပွဲမှာ MA သေနတ်တွေ၊G 3 ၊ဒရုန်းဂန်း နဲ့ ကာဘိုင် တွေအပါအဝင် လက် နက်မျိုးစုံ ၂၀ ခန့် နဲ့ ခဲယမ်း တွေသိမ်းဆည်းရရှိခဲ့ပါတယ်။

    နိုဝင်ဘာလဆန်းကစလို့ ကန့်ဘလူ–ခင်ဦးအစပ်ကို စစ်တပ်နဲ့နယ်​မြေခံပျူ​စောထီးပူး​ပေါင်းပြီး အင်အား၃၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

    စစ်​ကြောင်း​တွေ ဖြန့်တဲ့ ကန့်ဘလူ–ခင်ဦးအစပ်ကရွာ​တွေက စစ်တပ်နဲ့ပျူ​စောထီး​တွေပူး​ပေါင်းပြီး အထိုင်ချတပ်စွဲထားတဲ့ ကာဘိုးရွာ၊​အောင်သာယာရွာ​တွေနဲ့ နှစိ မိုင်က​နေ သုံး မိုင်ဝန်းကျင်ပဲ​​ဝေးတာကြောင့် လမ်းပန်းဆက်သွယ်​​ရေးအရ​ရော နယ်​မြေပြန်စိုးမိုး​ရေးအတွက်ပါ စစ်တပ်က လုပ်နေတာလို့ စစ်ကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်အချို့က သုံးသပ်ထားပါတယ်။