Category: News

  • ချောက်မြို့ကနေ ရန်ကုန်သွားတဲ့ လမ်းမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ တပ်သား စန်းဝင်းနိုင် (ရုပ်သံ)

    ချောက်မြို့ကနေ ရန်ကုန်သွားတဲ့ လမ်းမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ တပ်သား စန်းဝင်းနိုင် (ရုပ်သံ)

    စစ်ကော်မရှင်တပ်ရဲ့ တပ်သား စန်းဝင်းနိုင်ဟာ ချောက်မြို့ကနေ ရန်ကုန်သို့ သွားရောက်စဉ် ချောက်ဂိတ်မှာ အဓမ္မတပ်သားစုဆောင်းခြင်းခံခဲ့ရသူဖြစ်ပါတယ်။

    ပေါ်တာဆွဲခံရပြီးနောက် ရှမ်းပြည်နယ်မှာ စစ်သင်တန်း ၃ လ တက်ရောက်ခဲ့ပြီး ကယားပြည်နယ် လွိုင်ကော်ကနေတစ်ဆင့် ဒီမော့ဆိုမြို့သို့ ပို့ဆောင်ခံရစဉ် တော်လှန်ရေးတပ်တွေဘက်ကို လက်နက်နဲ့အတူ အလင်းဝင်ခဲ့သူဖြစ်ပါတယ်။

    ”စစ်တပ်ထဲမှာ ဗိုလ်ချုပ်ကြီးတွေကအစ တော်တော်လေးကို စိတ်ဓာတ်အောက်တန်းကျတယ်။ အဲဒါတော့ ကိုယ်တွေ့ပါ”လို့ စန်းဝင်းနိုင်က ဆိုပါတယ်။

    စစ်သင်တန်းတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း ဘယ်လိုအကြောင်းမျိုးမျိုးနဲ့ဖြစ်ဖြစ် စစ်ကော်မရှင်လက်အောက်ခံမှာ မနေကြဘဲ ပြည်သူဘက်ကို ဘက်ပြောင်းခိုလှုံ့ကြဖို့ သူက တိုက်တွန်းထားပါတယ်။

    Video-KNDF

  • ဂူဂျွန်ဖြိုး၊ လီမင်ဟို၊ ပီးမက်တို့နဲ့ တူတယ်လို့ ဇွတ်ကြော်ငြာနေပေမယ့် ဖြူဖြူထွေးအမေနဲသာ တူနေရတဲ့ သူရိန်မင်းခန့်

    ဂူဂျွန်ဖြိုး၊ လီမင်ဟို၊ ပီးမက်တို့နဲ့ တူတယ်လို့ ဇွတ်ကြော်ငြာနေပေမယ့် ဖြူဖြူထွေးအမေနဲသာ တူနေရတဲ့ သူရိန်မင်းခန့်

    သူရိန်မင်းခန့်ကတော့ ရွှေကြိုတွေထဲမှာဆိုရင် အပေါက်ဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်နေတာပါ။

    ဇာတ်ကားတွေရိုက်ကာ ပေါက်တာမျိုးမဟုတ်ပဲ အင်တာဗျူးတွေဖြေရင်း တစ်ဟုန်ထိုးပေါက်ကာ အောင်မြင်နေတာပါ။

    သူရိန်မင်းခန့်က အင်တာဗျူးတွေမှာ ငိုလိုက်ရယ်လိုက်နဲ့ နာမည်ကြီးလာခဲ့သူဆိုလည်း မမှားပါဘူး။

    ဒါ့အပြင် လတ်တလောမှာဆိုလည်း သူ့ကိုယ်သူ နိုင်ငံခြားက အနုပညာရှင်တွေနဲ့ချွတ်စွပ်တူတဲ့သူကြီးဆိုပြီး ထုတ်ပြောနေခဲ့တာပါ။

    ကလုန်းအဖြစ် ရပ်တည်တဲ့နေရာမှာ လူအများက တစ်ယောက်သာ ဆင်တူပေမယ့် သူရိန်မင်းခန့်ကတော့ တစ်ယောက်မက ဆင်တူတဲ့ရုပ်ရည်ကို ပိုင်ဆိုင်နေတာပါ။

    ရွှေကြိုအနေနဲ့ လူသိများလာတုန်းကတော့ သူရိန်မင်းခန့်က သူ့ကိုယ်သူ ဂူဂျွန်ဖြိုးစစ်စစ်လို့ ဆိုထားတာပါ။

    ဂူဂျွန်ဖြိုးလို ဆံပင်ကေကို ထားထားတာမို့ ဂူဂျွန်ဖြိုးလို့ ပြောတဲ့အတွက် အားလုံးကလည်း ဟားတိုက်ချင်စရာဖြစ်ခဲ့ပါတယ်။

    ဂူဂျွန်ဖြိုးနဲ့တူပြီးတဲ့အချိန်မှာ ပျင်းလာတဲ့အတွက် ခုဆိုရင် သူရိန်မင်းခန့်က သူကိုယ်သူ ပီးမက်နဲ့တူလာတယ်လို့ လုပ်လာခဲ့ပြန်တာပါ။

    ပီးမက်က နာမည်ကြီး ထိုင်းမင်းသားတစ်ယောက်ဖြစ်တာ အားလုံးလည်းအသိပါပဲ။

    နာမည်ကြီး ထိုင်းမင်းသား ပီးမက်နဲ့ ထပ်တူလာခဲ့တဲ့အတွက် ပရိတ်သတ်တွေကတော့ သူရိန်မင်းခန့်ကို ဆွမ်းကြီးဝိုင်းလောင်းနေကြပါပြီ။

    သူရိန်မင်းခန့်က ခုချိန်မှာ ပီးမက်နဲ့ ချွတ်စွပ်တူတာမဟုတ်ပဲ ဆံပင်အရှည်ထားပြီးမှသာ တူမှာဖြစ်ပါတယ်။

    ခုချိန်မှာတော့ သူရိန်မင်းခန့်က ပီးမက်နဲ့တူအောင် ဆံပင်အရှည်စထားနေပါပြီ။

    အရင်ကတည်းကလည်း ပီးမက်က ဆံပင်အရှည်နဲ့သာ ထားတာပါ။

    ဆံပင်အရှည်နဲ့ဆိုရင် ပီးမက်နဲ့လည်း တူသလို သူ့ကိုယ်သူ အရမ်းချောတယ်လို့ကို ခံစားရတာပါ။

    ဒါပေမယ့်လည်း ရွှေကြိုပြိုင်တဲ့အချိန်မှာ ဆံပင်အတိုကို ရုတ်တရက် ညှပ်လိုက်ရတာပါ။

    ဒါကြောင့်မို့ ယုံကြည်ချက်တွေတောင် အနည်းငယ်လွင့်ပြယ်သွားခဲ့ရပါသေးတယ်။

    ဆံပင်အတိုနဲ့ နေနေရပေမယ့် အရှည်ထားချင်တဲ့စိတ်တွေကသာ ပြည့်နက်နေတာပါ။

    ခုရွှေကြိုလည်း ပြိုင်ပြီးသွားပြီဖြစ်တဲ့အတွက် ဆံပင်အရှည်ထားဖို့ ဆုံးဖြတ်လိုက်တာပါ။

    သူရိန်မင်းခန့်က ဆံပင်အရှည်ကို တင်နားလောက်အထိ ထားမှာပါ။

    တင်နားအထိ ရှည်နေတဲ့ ဆံပင်ကို ခါးနားလောက်ကျန်အောင် ကောက်ပစ်မှာပါ။

    သူ့ကိုယ်သူ မိန်းမသားဆန်မှသာ လှမယ်လို့ ယုံကြည်တဲ့အတွက် ခုလို လှအောင် ကြံရွယ်နေတာပါ။

    သူရိန်မင်းခန့်က ယောက်ျားပီသရင် မလှဘူးဆိုတဲ့စိတ်တွေလည်း ဝင်နေတာပါ။

    ယောကျားလို နေထိုင်တာက မိန်းကလေးလို နေထိုင်တာလောက် မလှဘူးဆိုပြီး ခံယူထားတာပါ။

    ဒါကြောင့်မို့လည်း ဆံပင်အရှည်ထားကာ မိန်းကလေးလို ချောတဲ့အလှမျိုးကို ချပြတော့မှာဖြစ်ပါတယ်။

    ဆံပင်အတိုနဲ့ဆိုရင် ယုံကြည်မှုလည်းမရှိသလို အတိုနဲ့နေရတာလည်း ရိုးနေပါပြီ။

    အတိုနဲ့ဇာတ်ကားရိုက်ရတာလည်း ရိုးနေပြီဖြစ်တဲ့အတွက် အရှည်ဆက်ထားတော့မှာပါ။

    ဆံပင်အရှည်နဲ့ ပီးမက်နဲ့ တူကာ အနုပညာလောကမှာ ခြေချတော့မှာဖြစ်ပါတယ်။

    မျက်နှာတစ်ခုတည်းမှာ ရုပ်နှစ်ခုထွက်အောင် လုပ်နိုင်တာမို့လည်း သူရိန်မင်းခန့်ရဲ့ မျက်နှာက အားကျစရာကောင်းနေတာပါ။

    ဆံပင်အတိုထားရင် တရုပ်ဖြစ်သွားမှာဖြစ်သလို ဆံပင်အရှည်ထားရင် ထိုင်းမင်းသားနဲ့တူသွားတဲ့အထိကို အရမ်းကို မိမိုက်သွားတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

    သူရိန်မင်းခန့်က သူ့ကိုယ်သူ ဂူဂျွန်ဖြိုးတို့ ပီးမက်တို့နဲ့ တူတယ်လို့ ဘယ်လောက်ပဲ ပြောပြော အားလုံးရဲ့အမြင်မှာတော့ ဖြူဖြူထွေးရဲ့ အမေနဲ့သာ တူတယ်လို့ မြင်နေကြတာပါ။

    ဘယ်လိုကြည့်ကြည့် ဖြူဖြူထွေးရဲ့ အမေနဲ့သာ တူတယ်လို့ ပြောဆိုနေကြတာမို့ သူရိန်မင်းခန့်ကတော့ စိတ်ညစ်ချင်စရာကောင်းနေပါပြီ။

    ဒါပေမယ့်သူကတော့ သူ့ကိုယ်သူ ကိုးရီးယားမင်းသားလေးလို ထိုင်းမင်းသားလေးလို ချောတယ်လို့သာ ခံယူထားတာပါ။

    ပရိတ်သတ်ကြီးရော သူရိန်မင်းခန့်က နိုင်ငံခြားက မင်းသားတွေနဲ့တူတယ်ထင်လား၊ ဖြူဖြူထွေးအမေနဲ့တူတယ်ထင်လား ခွဲခြားပေးခဲ့ပါဦးရှင်။

  • ဗုံးကြဲခံရမှုကြောင့် စာအံသံများ ဆိတ်သုဉ်းသွားခဲ့ရတဲ့ ကျောက်တော်က ကိုယ်ပိုင်ကျောင်း(ရုပ်သံ)

    ဗုံးကြဲခံရမှုကြောင့် စာအံသံများ ဆိတ်သုဉ်းသွားခဲ့ရတဲ့ ကျောက်တော်က ကိုယ်ပိုင်ကျောင်း(ရုပ်သံ)

    အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲခံရမှုကြောင့် စာအံသံများ ဆိတ်သုဉ်းသွားခဲ့ရတဲ့ ကျောက်တော်က ကိုယ်ပိုင်ကျောင်း(ရုပ်သံ)

    ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာက ပညာပန်းခင်းနဲ့ အမြင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွေကို အကြမ်းဖက် မြန်မာလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ သေဆုံးသူ ကျောင်းသူ၊ ကျောင်းသား ၂၂ ယောက်အထိရှိလာပြီလို့ သိရပါတယ်။

    စုံစမ်းချက်အရ ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်၊ နေ့လယ် ၂ နာရီအချိန်စာရင်းအရ သရက်တပင်ကျေးရွာက ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသူ၊ ကျောင်းသား ၁၉ ယောက်နဲ့ အမြင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသူ၊ ကျောင်းသားသုံးယောက်၊ စုစုပေါင်း ၂၂ ယောက်တို့ဖြစ်ကြပါတယ်။

    သေဆုံးသွားတဲ့ ကျောင်းသူကျောင်းသားတွေမှာ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောမြို့နယ်နဲ့ မောင်တောမြို့တို့က ဖြစ်ကြပါတယ်။

    ဗုံးကြဲမှုဖြစ်စဉ်အတွင်း ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် အနီးအနားက နေအိမ်တွေက အရပ်သားတွေ အယောက်၂ဝ ကျော် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူတွေအထဲက ဆက်လက်သေဆုံးနိုင်ဖွယ်ရှိသူတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ကျောင်းသူ/သားများ သေဆုံးမှု စစ်ကောင်မရှင်ကို ပြင်းထန် လက်တုံ့ပြန်မည်ဟု AA သတိပေး

    ကျောင်းသူ/သား သေဆုံးမှု ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ၊ ကျူးလွန်ရန် စေခိုင်းသူနှင့် ပါဝင်ပတ်သက်သူများအား ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် AA က သတိပေး ထုတ်ပြန်လိုက်သည်။

    ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ ပညာပန်းခင်းကိုယ်ပိုင် အထက်တန်းကျောင်းကို စက်တင်ဘာ ၁၂ ရက်နေ့ က ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသူ/သား ၁၉ ဦး သေဆုံးခဲ့ကြောင်း အရက္ခတပ်တော် AA က ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် စစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေမှုများကို လက်ပိုက်ကြည့်မနေဘဲ ထိရောက်အားပါသော အရေးယူမှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း AA တိုက်တွန်းထားသည်။

    စစ်ကော်မရှင်၏ လူမဆန်သည့် လုပ်ရပ်၊ စစ်ရာဇဝတ်ကျူးလွန်မှု အချက်အလက်များကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်းများထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း အရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။

    စစ်ကော်မရှင်သည် စစ်ဘက်နှင့် မသက်ဆိုင်သော အပြစ်မဲ့ ပြည်သူလူထုများနေထိုင်ရာ မြို့ရွာများ၊ ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် လူနေထူထပ်သောနေရာများ၊ လူစုလူဝေးဖြစ်နေသော နေရာများအား လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်လာနေသည်။

    မိဘပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို ယခင်ကထက် ပိုမိုသတိထားကြပါရန်၊ နိုးနိုးကြားကြား သတိအပြည့်ဖြင့် နေထိုင်ကြပါရန်ကိုလည်း အာရက္ခတပ်တော် AA က သတိပေး တိုက်တွန်းထားသည်။

    စက်တင်ဘာလ ၁၂ရက်နေ့၊ ညသန်းခေါင် ၁ နာရီကျော်ခန့်တွင် သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်း စာသင်ကျောင်းနှစ်ကျောင်းဖြစ်သော “ပညာပန်းခင်း”နှင့် “အမြင်သစ်” တို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့သည်။

    ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ယင်းဗုံးနှစ်လုံးသည် “ပညာပန်းခင်း”ကိုယ်ပိုင်အထက်တန်း စာသင်ကျောင်းရှေ့တည့်တည့်၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

    ကျောင်းသူ/ ကျောင်းသား ၁၉ ဦးမှာ ရှေ့ဆင့် နောက်ဆင့် သေဆုံးခဲ့ရပြီး နောက်ထပ် ကျောင်းသူ ကျောင်းသားများ အပါအဝင် အပြစ်မဲ့ ပြည်သူ (၂၂) ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း AA ထုတ်ပြန်ချက်က ဆိုသည်။

    ထို့အပြင် စာသင်ကျောင်းဆောင် အပါအဝင် နေအိမ်အဆောက်အအုံ ၇ ဆောင်မှာလည်း အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ရကြောင်း ကျေးရွာသားများမှာ ကြောက်လန့်ထွက်ပြေး သွားကြကြောင်း သိရသည်။

  • လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်သူများ သေဆုံးမှုအတွက် စစ်တပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု AA ကြေညာ

    ကျောက်တော်မှ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းသားကျောင်းသူ ၁၉ ဦးသေဆုံးမှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်သူများ သေဆုံးမှုအတွက် စစ်တပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု AA ကြေညာ

    ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် စာသင်ကျောင်း ၂ ခုကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းသားကျောင်းသူ ၁၉ ဦးသေဆုံးမှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်သူများ သေဆုံးမှုများအတွက် စစ်တပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ကြေညာသည်။

    စစ်တပ်က စစ်ရှုံးမှုနှင့် နယ်မြေဆုံးရှုံးမှုများကို သူရဲဘောကြောင်ပြီး ဂုဏ်သိက္ခာမဲ့စွာ လက်တုံ့ပြန်သောအနေဖြင့် စစ်ဘက်ပစ်မှတ်များထက် အရပ်ဘက်ပစ်မှတ်များကိုသာ အငြိုးကြီးစွားဖြင့် လူမျိုးရေးအမုန်းတရားကို အခြေခံလျက် လေကြောင်းမှ ဗုံးကျဲမှုများ တောက်လျှောက်ပြုလုပ်လာကြောင်း၊ စက်တင်ဘာလ ၁၂ ရက်နေ့ ညသန်းခေါင်ယံအချိန် ၁ နာရီ ၅ မိနစ်အချိန် ကျောက်တော်မြို့၊ သရက်တပင်ကျေးရွာရှီ ပညာပန်းခင်းနှင့် အမြင်သစ် စာသင်ကျောင်းတို့ကို တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းဗုံး ၂ လုံးမှာ ပညာပန်းခင်း ကိုယ်ပိုင် အထက်တန်းစာသင်ကျောင်းရှေ့တည့်တည့်တွင် ကျရောက်ပေါက်ကွဲပြီး ကျောင်းသားကျောင်းသူ ၁၉ ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၂၂ ဦးရှိကြောင်း သိရှိရသည်။

    စစ်တပ်က ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ဇန်နဝါရီလ ၈ ရက်နေ့ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၂၆ ဦးသေဆုံးခဲ့ကြောင်း၊ ဇန်နဝါရီ ၁၈ ရက်နေ့ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းရွာအနီးတ၀ိုက်ကို လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးနှင့်အမျိုးသမီး စုစုပေါင်း ၂၈ ဦးသေဆုံးခဲ့ကြောင်း၊ မေလ ၁၃ ရက်နေ့ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၁၂ ဦးသေဆုံးခဲ့ရကြောင်း၊ မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၈ ဦးသေဆုံးခဲ့ကြောင်း၊ ဩဂုတ်လ ၂၅ ရက်နေ့ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၁၅ ဦးသေဆုံးခဲ့ရကြောင်း သိရှိရသည်။

    နိုင်ငံတကာအဖွဲ့အစည်းများနေဖြင့် စစ်တပ်၏ ယခုကဲ့သို့ နေ့စဉ် ရက်ဆက် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုများကို လက်ပိုက်ကြည့်မနေဘဲ ထိရောက်အားပါသော အရေးယူမှုများ လုပ်ဆောင်ရန် အထူးလိုအပ်ရှိကြောင်း၊ AA အနေဖြင့် စစ်တပ်၏ ယခုကဲ့သို့ လူမဆန်သည့် ယုတ်မာပက်စက်သော လုပ်ရပ်များ၊ စစ်ရာဇဝတ်မှုကျူးလွန်သော အချက်အလက်များကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် AA အနေဖြင့် တရားမျှတမှုကို ချစ်ခင်မြတ်နိုးသော လူပုဂ္ဂိုလ်၊ အဖွဲကအစည်းများနှင့် ပူးပေါင်းကာ တရားမျှတမှု ရရှိသည်အထိ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ပြစ်မှုကျူးလွန်သူ၊ ကျူးလွန်ရန် စေခိုင်းသူများနှင့်ပါဝင်ပတ်သက်သူများကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း AA က ကြေညာသည်။

  • ကျောက်တော်၌ စာသင်ကျောင်း ဗုံးကြဲခံရပြီး သေဆုံးသူ ၂၂ ဦးအထိရှိ၊ ၂၆ ဦး ဒဏ်ရာရ

    ကျောက်တော်၌ စာသင်ကျောင်း ဗုံးကြဲခံရပြီး သေဆုံးသူ ၂၂ ဦးအထိရှိ၊ ၂၆ ဦး ဒဏ်ရာရ

    ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ပညာပျိုးခင်း ကိုယ်ပိုင်အ ထက်တန်းကျောင်း တည့်တည့်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် သေဆုံးသူ ကျောင်းသူ ကျောင်းသား ၂၂ ယောက်အထိရှိပြီး ၂၆ ယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားတယ်လို့ သိရပါတယ်။

    စက်တင်ဘာ ၁၂ ရက် မနက် ၁ နာရီဝန်းကျင်လောက်မှာ စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းရှေ့တည့်တည့်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    အခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပညာပျိုးခင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ Grade-12 နဲ့ Grade-11 ကျောင်းသားတွေနဲ့ ကျောင်းနားမှာနေတဲ့ ကလေး စုစုပေါင်း ၁၇ ယောက် နေရာတင် သေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒဏ်ရာရသူတွေထဲက ၅ ယောက် ထပ်ပြီးသေဆုံးခဲ့တာပါ။

    ထိခိုက်သေဆုံးသူတွေဟာ ဆယ်ကျော်သက်အရွယ်တွေဖြစ်တယ်လို့ ဒေသခံဆီက သိရပါတယ်။

    ဒဏ်ရာရရှိတဲ့သူ ၂၆ ယောက်ထဲမှာလည်း ဒဏ်ရာ ပြင်းထန်ဆိုးဝါးသူတွေ များပြီး နောက်ဆက်တွဲ အန္တရာယ် စိုးရိမ်နေရတယ်လို့ ဗုံးကြဲခံခဲ့ရတဲ့ သရက်တပင်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

    “ကျောင်းသားတွေအိပ်နေတဲ့ နေရာမှာပဲ ဗုံးကျ‌ရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်။ သေဆုံးမှု မြင့်တက်လာတဲ့ အနေအထားမှာ ရှိပါတယ်။ နောက်ထပ်လည်း စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါသေးတယ်။ ညအချိန်မှာ စစ်ကောင်စီက ဘာမှမဟုတ်တဲ့ ဒီကလေးတွေကို စာသင်နေတဲ့ နေရာတွေကို တိုက်ခိုက်တာက တော်တော်လေးကို ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ အနေအထားလို့ ပြောလို့ရပါတယ်။”

    ဗုံးထိမှန်ခဲ့တဲ့ စာသင်ကျောင်း အပါအဝင် အနီးအနားရှိ နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

    အခုလိုမျိုး စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် သရက်တပင်ရွာသားတွေဟာ စိုးရိမ်ကြောက်လန့်နေကြပြီး ထွက်ပြေးတိမ်းရှောင်နေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက် ည ၁၁ နာရီကလည်း ကျောက်တော်မြို့နယ်၊ လက်ပံကျေးရွာအနီးက တောင်တန်းတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

    အလားတူ ကျောက်တော် အပါအဝင် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေဟာ တနေ့ထက်တနေ့ ပိုများလာနေပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက် ည ၁၁ နာရီခွဲကလည်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ အစုလိုက်အပြုံလိုက် ကလေးငယ်တွေ အပါအဝင် ဒေသခံ ၁၅ ယောက် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    တဖက်မှာလည်း ရခိုင်မှာ စစ်ရှုံးနေတဲ့အတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်နေတာလို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူလည်း ဖြစ်သလို လူမှုရေး တက်ကြွလှုပ်ရှားနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

    “စစ်ကောင်စီရဲ့ သဘောသဘာဝအတိုင်းပဲပေါ့နော်၊ သူ့ရဲ့ နဂိုဗီဇစိတ်က အကြမ်းဖက်သမားစိတ် ရှိပါတယ်။ ဒီကြားထဲမှာ အာဏာကိုလည်း ငမ်းငမ်းတက်လိုချင်နေတယ်၊ သူ့ကို မထောက်ခံသူတွေ သူနဲ့ မပူးပေါင်း မဆောင်ရွက်တဲ့သူတွေ အကုန်လုံးကို ပြည်သူလို့မမြင်ဘူး၊ ရန်သူလို သဘာထားနေတယ်။ ရခိုင်မှာ သူက စစ်ရှုံးနေတယ်။ စစ်ရှုံးနေလို့ ရခိုင်ကို အငြိုးတွေနဲ့ မကျေနပ်တဲ့စိတ်လည်း ရှိတယ်။ အငြိုးတွေရယ်၊ မနာလိုစိတ်ရယ်၊ အကြမ်းဖက်စိတ်ရယ် သုံးခုပေါင်းပြီးတော့ အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတာလို့ ပြောချင်ပါတယ်။”

    အာရက္ခတပ်တော် (AA) ကလည်း နိုင်ငံတဝန်းမှာ စစ်ရှုံးနေတဲ့ စစ်တပ်က စစ်ဘက်နဲ့မသက်ဆိုင်တဲ့ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဈေး၊ ဘာသာရေးအဆောက်အုံ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေထူထပ်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ကာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်နေတယ်လို့ သြဂုတ် ၂၆ ရက်က ထုတ်ပြန်ထားပါတယ်။

    ဆက်စပ်သတင်း

    ကေခိုင်