Category: News

  • မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထား

    မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထား

    စစ်တပ်က မြန်မာအီလက်ထရောနစ်မဲပေးစက်များ တိုးမြှင့်ထုတ်လုပ်နေပြီး မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထား

    အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း ၁ အတွ က် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အရှိန်အဟုန်မြှင့် တိုးမြှင့်ထုတ်လုပ်နေပြီး မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    စစ်ကောင်စီက ရွေးကောက်ပွဲတစ်ခုလုံးအတွက် အီလက်ထရောနစ် မဲပေးစက် အရေအတွက် ၅ သောင်း ခွဲ နီးပါး ထုတ်လုပ်လျက်ရှိပြီး အရေအတွက်တိုးမြှင့်ထုတ်လုပ်ရန်လည်း စီစဉ်နေကြောင်း၊ မဲပေးစက်များ၏ နည်းပညာနှင့် လုံခြုံရေးစနစ်များကို စစ်တပ်က အဓိက ထိန်းချုပ် ထုတ်လုပ်နေကြောင်း၊ မဲပေးစက်များကိုလည်း စစ်တပ်က အဓိက ထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

    “မဲရုံတစ်ရုံမှာ မဲပေးစက် ၂ လုံးကနေ ၃ လုံး ထားမယ်။ ပျက်သွားလို့ရှိရင် အမြန်အစားထိုးလို့ရအောင် မဲပေးစက် ၂ လုံးအနည်း ဆုံးထားဖို့ရှိတယ်။ အခုလက်ရှိ ညွှန်ကြားချက်အရ သိရတာက မဲပေးစက် ၅ သောင်း ခွဲနီးပါး ထုတ်လုပ်မယ်။ အရေအတွက်ပြည့်မီသွားရင်လည်း ထပ်တိုးထုတ်မယ်။ မဲပေးစက်တွေကို တပ်က ထုတ်ပေးတယ်။ ရွေးကောက်ပွဲကော်မရှင်က စာရင်းနဲ့ လာထုတ်တယ်၊ လက်ခံထားတယ်။ အီလက်ထရောနစ် မဲပေးစက် တွေ ထုတ်လုပ်ရေးတွေအပြင် စက်ရဲ့ နည်းပညာ၊ လည်ပတ်စနစ်နဲ့ လုံခြုံရေးစနစ်တွေကိုတော့ တပ်ကပဲ လျှို့ဝှက် ထိန်းသိမ်းထားတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်ရန် ကြံရွယ်နေသည့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာ အီလက်ထရောနစ်မဲပေးစက်မှာ မဲပေးထားသည့် မဲရလဒ်များကို ချက်ချင်းဆိုသလို အပြောင်းအလဲလုပ်နိုင်ကြောင်း မဲပေးစက်အသုံးပြုမှု သင်တန်းတက်ရောက်ခဲ့သူများ၏ ပြောဆိုချက်များဖြင့် သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

    အကြမ်းဖက်စစ်ကောင်စီက လက်ရှိ စတင်ဖွင့်လှစ်နေသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များတွင် မဲရုံမှူး၊ထိန်းကျောင်းမည့် နယ်မြေခံ ရပ်/ကျေး ရွေး ကောက်ပွဲတာဝန်ခံတို့က မဲရလဒ်ကို လိုအပ်သလို အပြောင်းအလဲ လုပ်နိုင်ကြောင်း သိရှိရသည်။

    စစ်ကောင်စီက ထုတ်လုပ်နေသော မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) စနစ်တွင် အစိတ် အပိုင်း သုံးခုဖြင့် ဖွဲ့ စည်းတည် ဆောက်ထားပြီး ဆန္ဒပြုစက် (Ballot Unit-BU)၊ ထိန်းချုပ်စက် (Control Unit -CU) နှင့် မဲပေးချက်ဖော်ပြသည့်စက် (Verification Unit -VU) တို့ဖြစ်ပြီး မဲပေးရာတွင် မဲဆန္ဒ ရှင်က မဲလက်မှတ်အသုံးပြုရန်မလိုဘဲ ဆန္ဒပြုစက်တွင် မိမိနှစ်သက်ရာ လွှတ်တော်ကိုယ်စား လှယ်ကို ခလုတ်ကိုနှိပ်ကာ မဲပေးနိုင်မည်ဖြစ်ကြောင်း၊ မဲပေးထားချက် မှန်/မမှန်ကို မဲပေးချက်ဖော်ပြသည့် စက်မှထွက်ပေါ်လာသည့် မဲစက္ကူဖြတ်ပိုင်းတွင် ချက်ချင်းကြည့်ရှုနိုင်မည်ဟု စစ်ကောင်စီက ဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက NLD ပါတီ အပြတ်အသတ်အနိုင်ရရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ကာ ၎င်းကိုယ်တိုင်စီစဉ်သည့် ရွေး ကောက်ပွဲကို ယခုနှစ်ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ကျင်းပရန် စီစဉ်လျက်ရှိသည်။

  • ထူးကြီးမြို့၌ မဲပေးစက်စမ်းသပ်ပွဲမလာသူများကို ဒဏ်ငွေရိုက်၊ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် ဖိအားပေး

    ထူးကြီးမြို့၌ မဲပေးစက်စမ်းသပ်ပွဲမလာသူများကို ဒဏ်ငွေရိုက်၊ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် ဖိအားပေး

    ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့မှာ အီလတ်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်မဲပေးပွဲကို မလာတဲ့ အရပ်သားတွေကို ဒဏ်ငွေရိုက်နေသလို ကြံ့ခိုင်ရေးပါတီကို မဲထည့်ဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ထူးကြီးခန်းမမှာ သြဂုတ် ၂၄ ရက် ၉ နာရီက စတင်ပြုလုပ်တဲ့ အီလတ်ထရောနစ် မဲပေးစက်လက်တွေ့စမ်းသပ် မဲပေးတာကို လာရောက်ကြည့်ရှုဖို့ ပျက်ကွက်တဲ့ အရပ်သားတွေကို အုပ်ချုပ်ရေးမှူးက တယောက် ကျပ် ၁၅,၀၀၀ ဒဏ်ငွေရိုက်နေတာလို့ ဆိုပါတယ်။

    ဒေသခံ တယောက်က “အုပ်ချုပ်ရေးမှူးက ဖိအားပေးခေါ်တာ မလာတဲ့သူတွေ ဒဏ်ငွေဆိုပြီး တောင်းယူတာ။ ဘယ်အလုပ်လုပ် ဖိအား ပေးလုပ်တာ။ အုပ်ချုပ်ရေးမှူးတွေကို လုပ်ခွင့်ပေးထားတော့ ပြောစရာကိုမရှိတော့တာ။ အုပ်ချုပ်ရေးမှူးတွေထဲမှာ ရာဇာထွန်းက အဆိုးဆုံး” လို့ ပြောပါတယ်။

    အဲ့ဒီ မဲပေးစက် လက်တွေ့ စမ်းသပ်မဲပေးပွဲမှာ အုပ်ချုပ်ရေးမှူးတွေက မဲပေးစက်အလုပ်လုပ်ပုံကို ရှင်းပြကာ စမ်းသပ်မဲပေးခိုင်းတာအပြင် ကြံ့ခိုင်ရေးပါတီတခု တည်းကိုသာ မဲထည့်ဖို့နဲ့ မဖြစ်မနေမဲသွားပေးဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

    အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “တအိမ် တယောက်ခေါ်တာ၊ မလာတဲ့အိမ်တွေကို ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးက စာရင်းယူပြီး တခါးတည်းဒဏ်ငွေရိုက်တာ။ ကြောက်တော့ ပေးကြတာပေါ့။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အကြောက်တရားနဲ့ အုပ်ချုပ်ပြီး ကြံ့ခိုင်ရေးပါတီအတွက် မဲခိုးမယ်ဖို့လုပ်နေတာ” လို့ ပြောပါတယ်။

    အဲ့ဒီ လက်တွေ့စမ်းသပ် မဲပေးပွဲကို မလာတဲ့ အရပ်သား အယောက် ၁၀၀ ထက်မနည်း ဒဏ်ရိုက်ခံရကာ ငွေကျပ် ၁၅,၀၀၀ ပေးရပြီး ဒဏ်ငွေတွေကို ရပ်အကျိုးရွာအကျိုး သုံးသွားမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက ပြောဆိုတယ်လို့ ဆိုပါတယ်။

    လက်တွေ့စမ်းသပ်မဲပေးခိုင်းခြင်းကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ကာ မဲရုံတရုံမှာ မဲပေးစက် ၃ ခုထားပြီး စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နဲ့ ရဲတွေက လုံခြုံရေးယူပေးခဲ့တာလို့ သိရပါတယ်။

  • ဆိုင်ကယ်ဦးထုပ် မဆောင်းတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုပစ်ခတ်လို့ ရေစကြိုဒေသခံ တစ်ဦးသေဆုံး

    ဆိုင်ကယ်ဦးထုပ် မဆောင်းတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုပစ်ခတ်လို့ ရေစကြိုဒေသခံ တစ်ဦးသေဆုံး

    မကွေးတိုင်း၊ ရေစကြိုမြို့နယ် အမှတ် (၇)ရပ်ကွက်မှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုက ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့ အကြောင်းပြချက်နဲ့ စီးနင်းသူတွေကို ပစ်ခတ်ရာမှာ အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပစ်ခတ်မှုကြောင့် အမှတ် -၇ ရပ်ကွက်က နှစ်ထောင်ပြည့်ရပ်၊ တိလောက ဘကကျောင်းအနီးမှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် ကိုဇော်ဝင်း ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ရေစကြိုမြို့ခံတစ်ဦးက ဆိုပါတယ်။

    “စကစက ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ဆိုပြီး ဆိုင်ကယ်ပေါ်က လူတွေကို လိုက်ပစ်တာ။ ဆဲဆိုပြီးတော့။ စကစက မူးနေတော့ မြင်မြင်သမျှ ပစ်ရာမှာ သူ့အိမ်မှာ ရှိနေတဲ့ ကိုဇော်ဝင်းကို ထိမှန်တာပါ။ လည်ပင်းနဲ့ ဗိုက်ကို နှစ်ချက်ထိပြီး ညနေပိုင်းမှာ ဆုံးသွားပါတယ်”

    ကိုဇော်ဝင်းရဲ့ ရုပ်အလောင်းကိုတော့ ဩဂုတ်လ ၂၇ ရက် ဒီနေ့နေ့လယ်ပိုင်းမှာပဲ ရေစကြိုသုသာန်မှာ သဂြိုဟ်သွားမှာ ဖြစ်သလို ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က မိသားစုဝင်တွေကို ဆက်သွယ်အကြောင်းကြားလာတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

    ရေစကြိုမှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုက လူစည်ကားတဲ့ နေရာတွေနဲ့ စျေးတို့မှာ မကြာခဏ ဝင်ရောက်မွှေနှောက် နေသလို အကြောင်းမဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကလည်း ရေစကြိုမြို့ပေါ်က ကပ်ကျော်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုက အမှတ်၈ရပ်ကွက်အတွင်းကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးထိမှန်သေဆုံးခဲ့ပါတယ်။

    အာဏာသိမ်းလေးနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ငါးထောင်ကျော် (၅၃၀၄ ဦး) ရှိခဲ့ပြီး ဒဏ်ရာရသူ လေးထောင်နီးပါး (၃၇၈၈ ဦး) ရှိခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ (Data for Myanmar) က မတ်လ ၁၂ နေ့က ထုတ်ပြန်ထားပါတယ်။

    Photo- Yesagyo Township Info Committee

  • အရာရှိ ၄၀၀ ကျော် သင်တန်း တက်ရောက်နေချိန် ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    အရာရှိ ၄၀၀ ကျော် သင်တန်း တက်ရောက်နေချိန် ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    သံတောင်ကြီးမြို့နယ်ရှိ စစ်တပ်၏ တိုက်ခိုက်ရေး သင်တန်းကျောင်းတွင် အရာရှိ ၄၀၀ ကျော် သင်တန်း တက်ရောက်နေချိန် ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)တွင် အရာရှိ ၄၀၀ ကျော် သင်တန်း တက်ရောက်နေချိန် ၁၀၇ မမ ရှော့တိုက်ဒုံး ၉ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁ဝ နာရီ ၄၃ မိနစ်ခန့် သံတောင်ကြီးမြို့နယ်ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၉ လုံး ဖြင့် BWM mission 44 အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၉ လုံးလုံး အောင်မြင်စွာ ပစ်ခတ်နိုင်ကြောင်း သိရသည်။

    ယင်း သင်တန်းကျောင်းတွင် ဩဂုတ်လ ၂၅ ရက်နေ့၌ ပြန်လည်စတင်သော သင်တန်းတွင် စစ်အရာရှိ ၄၀ဝ ကျော် သင်တန်းတက်ရောက်သည်ကို အတွင်းသတင်းအရ အတိအကျ ရထားသည့်အတွက် သင်တန်းချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထို့ပြင် ဘုရင့်နောင် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းသည် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ စစ်အုပ်စု၏ အဓိကဒေါက်တိုင်များဖြစ်သော တပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူး သင်တန်းများကို အဓိကပေးသည့် တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

    ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ ထိခိုက်မှုများပြားပြီး ပျက်စီးမှု အခြေအနေ အသေးစိတ်ကို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

    “ဒီနေ့ မစ်ရှင်က စစ်ရှုံးကောင်စီရဲ့ ဩဇာခံ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ခွေးသန္ဓေ စစ်အရာရှိတွေကို ပြည်သူ့ကိုယ်စား တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ စစ်ခွေးတွေ ဘယ်မှာနေနေ မလုံခြုံစေရဘူးလို့ပဲ ပြောချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) နှင့် KNLA တပ်မဟာ ၂ တပ်ရင်း ၅ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

  • တယ်လီနော (Telenor) ကြောင့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် တော်လှန်ရေးသမားများ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလား …

    တယ်လီနော (Telenor) ကြောင့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် တော်လှန်ရေးသမားများ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလား …

    တယ်လီနော (Telenor) ကြောင့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် တော်လှန်ရေးသမားများ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလား …

    …… အဲဒီအချိန်မှာ သူမပြန်ဖြေလိုက်တာက “Fu*k off, Telenor” ဆိုတာပါပဲ ……

    ၂၀၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အကျဥ်းချခံထားရာမှ ပြန်လည်လွတ်မြောက်ခဲ့ပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြုပြင်ပြောင်းလဲရေးခေါင်းစဥ်နဲ့အတူ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်လာပြီးမကြာမီမှာပဲ နိုင်ငံတကာမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်လာတဲ့ မြန်မာနိုင်ငံကို နော်ဝေဆက်သွယ်ရေးကုမ္ပဏီကြီး တယ်လီနော (Telenor) ဝင်ရောက်လာခဲ့ပါတယ်။

    ဆက်သွယ်ရေးကဏ္ဍမှာ ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရတဲ့ မြန်မာပြည်သူတွေအဖို့တော့ ဒီမိုကရေစီ အိုင်ကွန်နိုင်ငံတစ်ခုဖြစ်တဲ့ နော်ဝေနိုင်ငံက တယ်လီနောကုမ္ပဏီ နိုင်ငံတွင်းဝင်ရောက်လာမှုကို ဘုရားပေးတဲ့ ဆုလဒ်တစ်ခုသဖွယ် ကြိုဆိုခဲ့ကြပြီး၊ တယ်လီနော ဟာလည်း အချိန်တမုဟုတ်ချင်း မြန်မာနိုင်ငံမှာ သုံးစွဲသူ ၂၃ သန်းကျော်နဲ့ လူသုံးအများဆုံး ဆက်သွယ်ရေးကုမ္ပဏီကြီး ဖြစ်လာခဲ့သလို ကုမ္ပဏီအနေနဲ့ မြန်မာစျေးကွက်ကနေ ဘီလျံနဲ့ချီတဲ့‌ ဒေါ်လာတွေကို နှစ်အနည်းငယ်အတွင်း ရှာဖွေနိုင်ခဲ့ပါတယ်.။

    အခြား တယ်လီကွန်ကုမ္ပဏီများထက်စာရင် လူ့အခွင့်အရေးကို အလေးထားဆုံး နိုင်ငံတစ်ခုကလာတဲ့ တယ်လီနော ကို မြန်မာပြည်သူအများစုက ယုံကြည်ကိုးစားစွာနဲ့ အသုံးပြုခဲ့ကြတာပါ။ ဒါပေမဲ့ တယ်လီနော ကတော့ ကုမ္ပဏီရဲ့ အကျိုးအမြတ်တစ်ခုတည်းကိုသာကြည့်ပြီး မြန်မာပြည်သူတွေအပေါ် သစ္စာဖောက်ခဲ့ပါတယ်။

    ဒါကတော့ ၂၀၂၁ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှုဖြစ်ပွားခဲ့အပြီး မကြာမီမှာပဲ တယ်လီနောဟာ စစ်အုပ်စုခိုင်းစေတဲ့အတိုင်း ရာနဲ့ချီတဲ့ သုံးစွဲသူ ပြည်သူတွေရဲ့ ဒေတာအချက်အလက်တွေကို အာဏာသိမ်းစစ်ကောင်စီထံ လွှဲပြောင်းပေးကာ မြန်မာနိုင်ငံကနေ တာဝန်ယူမှု တာဝန်ခံမှု မဲ့စွာနဲ့ ထွက်ခွာသွားခဲ့ခြင်းပါပဲ။

    ဒီလို စစ်တပ်ကို သုံးစွဲသူတွေရဲ့ မက်တာဒေတာ (Meta Data) အချက်အလက်တွေကို ပေးအပ်ခဲ့မှုကြောင့် ထိုစဥ်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသူ အများအပြား ထိခိုက်ခဲ့ရပါတယ်။ အဲဒီထဲမှာ မြန်မာ့နွေဦးတော်လှန်ရေး ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုဂျင်မီ နဲ့ ကိုဖြိုးဇေယျာသော် တို့နှစ်ဦးလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

    သူတို့နှစ်ဦးစလုံးဟာ တယ်လီနော် ဖုန်းကို အသုံးပြုသူများဖြစ်ကြပြီး၊ စစ်တပ်က တောင်းဆိုမှုကြောင့် တယ်လီနောက သူတို့ရဲ့ မက်တာဒေတာ အချက်အလက်တွေကို ပေးအပ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အဖမ်းခံခဲ့ရကာ၊ စစ်ကောင်စီရဲ့ အဓမ္မကြိုးပေးသတ်ဖြတ်ခြင်းကို ခံခဲ့ရတာပါ။ တယ်လီနောကြောင့် ကိုဂျင်မီ ကိုဖြိုးဇေယျာသော် တို့လို ကြိုးပေးကွပ်မျက် မခံခဲ့ရပေမဲ့၊ ဖမ်းဆီးအကျဥ်းချခံခဲ့ရတဲ့ တော်လှန်ရေး ရဲဘော်တွေကလည်း ဒုနဲ့ဒေးပါ။

    တယ်လီနောဟာ စစ်အုပ်စုက တောင်းခံခဲ့တဲ့ မိုဘိုင်းဖုန်းအလုံး ၁,၃၀၀ ရဲ့ ဖုန်း/အင်တာနက် အသုံးပြုမှုဒေတာတွေကို တသွေမတိမ်း လွှဲပြောင်းပေးခဲ့တယ်လို့ နောဝေမီဒီယာကြီး NRK ရဲ့ ထုတ်ဖော်ချက်များအရ သိရပါတယ်။

    စစ်တပ်ဟာ “၄င်းတို့၏ အာဏာသိမ်းမှုကို တော်လှန်ဆန့်ကျင်နေသူများ၏ အချက်လက်များကို တောင်းခံလေ့ရှိသလို၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်နွှယ်နေသူများထဲတွင် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်သည်များ ရှိလေမလားဟု ရှာဖွေစုံစမ်းလိုသည့်အခါမျိုးတွင်လည်း ထိုသူများ၏ ဖုန်းအသုံးပြုမှုအချက်အလက်များကို တောင်းခံလေ့ရှိသည်” ဟု ကုမ္ပဏီရဲ့ ကိုယ်ပိုင်အကဲဖြတ်ချက်ကို NRK ဖော်ထုတ်ရေးသားခဲ့ပါတယ်။

    တယ်လီနောအနေနဲ့ ဒီလိုအကဲဆတ်တဲ့ အချက်အလက်တွေကို (စစ်အုပ်စုထံ) ပေးအပ်လိုက်မယ်ဆိုရင် တော်လှန်ရေးနဲ့ဆက်စပ်နေတဲ့ သုံးစွဲသူ ၅၀၀ နီးပါး အဖမ်းခံရနိုင်သလို၊ ဖမ်းဆီးခံရသူတွေဟာ ထောင် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်ကြောင်းကို ၎င်းတို့ (တယ်လီနော) ရဲ့ အဖွဲ့တွင်း ဆန်းစစ်ချက်တွေမှာ ဖော်ပြခဲ့ပါတယ်။ ဒီလိုသိသိနဲ့ တယ်လီနောဟာ စစ်အုပ်စုက တောင်းဆိုတိုင်း (တစ်ခါတစ်လေမှ ငြင်းဆိုခြင်းမရှိဘဲ) သုံးစွဲမှုဒေတာတွေကို အလွယ်တကူ ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

    ထိုစဥ်က Telenor ရဲ့ CEO ဖြစ်ခဲ့သူ Jon Omund Revhaug ကတော့ “ကိုဖြိုးဇေယျာသော် အဖမ်းခံခဲ့ရမှုက တယ်လီနော နဲ့ တိုက်ရိုက်ဆက်နွယ်မှုတော့ မရှိပါဘူး။ ဒါပေမယ့် ဒါဟာ ပိုကြီးမားတဲ့ ပဟေဠိရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပါတယ်” လို့ နော်ဝေမီဒီယာ NRK ရဲ့ အင်တာဗျူးမှာ ဝိနည်းလွတ် ဖြေကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းက ဒီဖြစ်ရပ်ထဲမှာ နော်ဝေးကုမ္ပဏီရဲ့ ကဏ္ဍအကြောင်းကို ဘယ်သူမှ သေချာမသိရှိကြပါဘူးလို့လည်း NRK မှာ ဆိုထားပါတယ်။

    ဒါပေမဲ့ ကိုဂျင်မီအဖမ်းခံရတာဟာ တယ်လီနောက ကိုဂျင်မီရဲ့ တည်နေရာပါ တယ်လီဖုန်းသုံးစွဲမှု မက်တာဒေတာအချက်အလက်တွေကို စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့မှုနဲ့ ဆက်စပ်နေကြောင်း နော်ဝေ-မြန်မာ ကော်မတီ ဒါရိုက်တာဟောင်း အော်ဒွန်းအာဂါ (Audun Aagre) က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စွပ်စွဲပြောဆိုထားပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုကို ဆန့်ကျင်တော်လှန်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ကို စစ်တပ်က ရှာမတွေ့ ခဲ့ပေမဲ့၊ ကိုဂျင်မီနဲ့ ပတ်သက်တဲ့ မက်တာဒေတာ အချက်အလက်တွေကို တယ်လီနောက စစ်ကောင်စီထံ ပေးအပ်ခဲ့ပြီးမကြာမီမှာ ကိုဂျင်မီ ဖမ်းဆီးခံခဲ့ရတာကြောင့် အော်ဒွန်းအာဂါက တယ်လီနောကို အခုလို အတိအကျ စွပ်စွဲပြောဆိုလိုက်တာ ဖြစ်ပါတယ်။

    “ကိုဂျင်မီနဲ့ ပတ်သက်တဲ့ မက်တာဒေတာအချက်အလက်တွေကို (စစ်ကောင်စီထံ) လွှဲပြောင်းပေးလိုက်ပြီး သိပ်မကြာခင်မှာပဲ သူအဖမ်းခံခဲ့ရတယ်။ ဇူလိုင် ၂၃ ရက်၊ ၂၀၂၂ ခုနှစ်မှာ သူကြိုးပေးကွပ်မျက်ခံခဲ့ရတယ်” လို့ အော်ဒွန်းအာဂါက နော်ဝေအခြေစိုက် Panorama News မှာ ပြောဆိုခဲ့တာပါ။

    တယ်လီနောဟာ ကိုဂျင်မီတို့လို စစ်အုပ်စုကို ဆန့်ကျင်နေတဲ့ နိုင်ငံရေးသမားများအတွက် အိပ်မက်ဆိုးဖြစ်စေပြီး၊ အော်ဒွန်းအာဂါကတော့ တယ်လီနောအနေနဲ့ ကိုဂျင်မီ အပါအဝင် အဖမ်းခံရသူ၊ အသတ်ခံရသူများရဲ့ ဒေတာများကို လွှဲပြောင်းပေးခဲ့မှု သက်သေတွေကို နောဝေမီဒီယာကြီး NRK က ထုတ်လွှင့်နေတဲ့ ပေါ့ကပ်စ် အစီအစဥ်မှာ ရှင်းပြမယ်လို့ ဆိုခဲ့ပါတယ်။

    အလားတူ ပြည်သူချစ်တဲ့ … ကိုဂျင်မီ နဲ့အတူ စစ်အုပ်စုရဲ့ အဓမ္မ ကွပ်မျက်တာကို ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ ကိုဖြိုးဇေယျာသော် ဟာလည်း တယ်လီနောက ပေးခဲ့တဲ့ မက်တာ‌ဒေတာတွေကြောင့်ပဲ အဖမ်းခံခဲ့ရတာဖြစ်တယ်လို့ နော်ဝေမီဒီယာကြီး NRK က ပြီးခဲ့တဲ့ရက်က ထုတ်ဖော်ရေးသားခဲ့ပါတယ်။

    ကိုဖြိုးဇေယျာသော် ရဲ့ ဇနီးဖြစ်သူ မသဇင်ညွန့်အောင် ကို ခက်ခက်ခဲခဲ ဆက်သွယ်မေးမြန်းပြီး ရေးသားထားတဲ့ NRK ရဲ့ သတင်းဆောင်းပါးမှာ သူမအနေနဲ့ တယ်လီနောကို ဘာပြောချင်တာရှိလဲဆိုတဲ့ NRK ရဲ့ မေးခွန်းအပေါ် သူမပြန်ဖြေခဲ့တဲ့ “Fu*k off, Telenor” ဆိုတာနဲ့ အစချီထားပါတယ်။

    ကိုဂျင်မီ နည်းတူ တယ်လီနောဟာ ကိုဖြိုးဇေယျာသော်ရဲ့ တည်နေရာပြပါ မက်တာဒေတာတွေကို စစ်ကောင်စီလက်ထဲ ပေးအပ်ခဲ့ပါတယ်။ ဒီလို တယ်လီနော က အလွန်ထိခိုက်လွယ်တဲ့ အချက်အလက်များကို ထုတ်ပြန်ပြီး ၁၈ ရက်အကြာမှာ ကိုဖြိုးဇေယျာသော် အဖမ်းခံခဲ့ရတာပါ။

    အဲ့ဒီနေ့က …. လက်နက်ကိုင် စစ်သားအပြည့်တင်ဆောင်လာတဲ့ စစ်ကားတွေဟာ ကိုဇေယျာသော်တို့ ပုန်းအောင်းနေတဲ့ ရတနာနှင်းဆီ ကွန်ဒိုကို ဝင်ရောက်လာပါတယ်။ ၁၀ လွှာမှာ နေထိုင်နေတဲ့ ကိုဇေယျာသော်ရှိရာအခန်းကို စစ်သားတွေဟာ တန်းတန်းမတ်မတ် ရောက်ရှိလာပြီး သူ့ကို အလွယ်တကူပဲ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဒီလို ဖမ်းဆီးခံရပြီး နှစ်လအကြာမှာ သူမရဲ့ ခင်ပွန်းဟာ သေဒဏ်ပေးခြင်းခံခဲ့ရတာဖြစ်တယ်လို့ ဇနီးဖြစ်သူက ဆိုတာပါ။

    NRK သတင်းဌာနရဲ့ မေးမြန်းမှုအတွင်း တယ်လီနော ကို “Fu*k off, Telenor” လို့ နာနာကျည်းကျည်း ပြောဆိုခဲ့တဲ့ မသဇင်ညွန့်အောင်က အဲဒီနေ့ … စစ်သားတွေ လာဖမ်းချိန်မှာ သူ့အမျိုးသားက သူတို့နေထိုင်ရာ အခန်းနံပါတ် (၉၀၇) ကနေချက်ချင်းထွက်ပြီး၊ အောက်ထပ်က အသိဖြစ်သူရဲ့အခန်းမှာ ချက်ချင်းသွားရောက် ပုန်းရှောင်ဖို့ သူမကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ သူတိမ်းရှောင်ခဲ့ပြီး မကြာမီအချိန်တွင်းမှာပဲ အပေါ်ထပ်ကနေပြီး တခါးဖွင့်/ပိတ်သံတွေ၊ အော်ဟစ်သံတွေ၊ အကြမ်းဖက်နေတဲ့အသံတွေကို အတိုင်းသားကြားနေခဲ့ရတယ်လို့ ဆိုပါတယ်။

    အဲဒီအချိန်မှာ မိုးဟာ သဲသဲမဲမဲ ရွာလာပါတယ်။ သူမရဲ့ ငိုရှိုက်သံများနဲ့အတူ ရုတ်တရက် ပြင်းထန်စွာ ရွာသွန်းလာတဲ့ မိုးခြိမ်းသံတွေက စစ်သားတွေကို အာရုံပြန့်လွင့်စေခဲ့ပြီး၊ ရှုပ်ထွေးနေမှုများအတွင်း သူမဟာ အခြားသူ ၂ ဦးနဲ့အတူ အဲဒီနေရာက ကားနဲ့ ခက်ခက်ခဲခဲ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။

    NRK နဲ့ တွေ့ဆုံမှုအတွင်းမှာတော့ မသဇင်ညွန့်အောင်ဟာ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို များစွာပြောဆိုလိုဟန် ရှိမနေပါဘူး။ အထူးသဖြင့် သူမချစ်မြတ်နိုးရသူ အကြောင်း ပြန်ပြောင်းပြောဆိုဖို့ကို မနှစ်သက်ခဲ့ပါဘူး။ ဒါဟာ သူမအတွက် နာကျင်စရာ အပြည့် ဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ သူမ ပြောလိုက်တာက “ ကျွန်မတို့က ကြိုတင်ကာကွယ်မှုအားလုံး ယူထားတယ်။ ဒါပေမယ့် သူတို့က (စစ်သားများ) တန်းတန်းမတ်မတ်ကို ရောက်လာကြတယ်”

    NRK ရဲ့ တွေ့ရှိချက်များအရ ၂၀၂၁ အောက်တိုဘာလကုန်ပိုင်းမှာ စစ်ကောင်စီကနေ ဖုန်း ၆ လုံးရဲ့ ဖုန်းခေါ်ဆိုမှုအချက်အလက်တွေ ပေးဖို့ တယ်လီနောကို ထပ်မံတောင်းခံလာခဲ့ပါတယ်။ ထုံးစံအတိုင်း တယ်လီနောဟာ စစ်ကောင်စီရဲ့ ဒီတခေါက် တောင်းဆိုမှုကိုလည်း ငြင်းပယ်မှု မရှိဘဲ အလွယ်တကူ ထွက်ပြန်ပေးခဲ့ပါတယ်။ ကံဆိုးစွာပဲ အဲ့ဖုန်း ၆ လုံးထဲမှာ ကိုဖြိုးဇေယျာသော်ရဲ့ဖုန်း ပါဝင်နေခဲ့တာပါပဲ။

    ဒီလိုထုတ်ပြန်ပေးခဲ့အပြီး ၁၈ ရက်အကြာမှာတော့ သူတို့အလွန်လုံခြုံစွာ ပုန်းအောင်းနေတယ်ဆိုတဲ့ ကွန်ဒိုရဲ့ အပေါ်ဆုံးထပ် ပန့်ဟောက်စ် အခန်းကို စစ်သားတွေက တွေဝေတုန့်ဆိုင်းခြင်း အလျင်းမရှိဘဲ တန်းတန်းမတ်မတ် ရောက်ရှိလာကာ ကိုဖြိုးဇေယျာသော် ကို ကြက်ငှက်ကလေးလို အလွယ်တကူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

    ၄င်းတို့ကြည့်ရှုခွင့် ရခဲ့တဲ့ ဗီဒီယိုတွေထဲမှာလည်း စစ်သားတွေဟာ ‌သူတို့သွားနေတဲ့ နေရာကို တုန့်ဆိုင်းခြင်း အလျင်းမရှိဘဲ အတိအကျ တရစပ် လျှောက်လှမ်းဝင်ရောက်လာတာကို တွေ့မြင်ခဲ့ရတယ်လို့ NRK ကဆိုပါတယ်။

    မသဇင်ညွန့်အောင်က “ကျွန်မတို့အားလုံးဆီမှာ တယ်လီနော ဖုန်းတွေရှိတယ်။ တယ်လီနော ဖြစ်လို့လည်း အခြားကုမ္ပဏီတွေထက် (ယုံကြည်မှုနဲ့) အလွယ်တကူ ရွေးချယ်သုံးစွဲဖြစ်ခဲ့တာလေ” ဟု ဆက်ပြောခဲ့တယ်။

    NRK ရဲ့တွေ့ရှိချက်အရ မြန်မာနိုင်ငံတွင်း SIM ကဒ်ရောင်းသူ၊ မန်နေဂျာ၊ ကိုယ်ရေးကိုယ်တာသုံး၊ ဆရာဝန်၊ ထုတ်ဝေသူ၊ အရာရှိ၊ ရုပ်/သံ တင်ဆက်သူ၊ အနုပညာရှင် ……. စသဖြင့် ဖြေဆိုသူတိုင်းက တူညီတဲ့အရာကို ပြောခဲ့ကြတယ်။

    အဲ့ဒါက ဘာလို့လဲဆိုတော့ “တယ်လီနော (Telenor) နဲ့ဆိုရင် ကျွန်မတို့ လုံခြုံစိတ်ချရတယ်လို့ ခံစားရလို့ပါ” တဲ့။ ဒါပေမဲ့ တယ်လီနော ကတော့ သူတို့တွေအားလုံးကို စိတ်ပျက် ဒေါသထွက် အားလျော့သွားစေခဲ့ပါတယ်။

    မသဇင်ညွန့်အောင် (နောက်ထပ်စီးကရက်တစ်လိပ် မီးညှိရင်း) ကြည့်လိုက်တဲ့ သူမရဲ့အကြည့်ဟာ (တယ်လီနောအပေါ်) ခွင့်လွှတ်ခြင်း မရှိဘူးဆိုတာ ပေါ်လွင်နေတယ်လို့ NRK ကဆိုပါတယ်။ ဖြစ်ပြီးသားအရာတွေအားလုံးအတွက် စိုးရိမ်မှုက ထိုက်တန်ရဲ့လား ဆိုပေမဲ့ သူမက “တယ်လီနော (Telenor) ဟာ အဆိုးဆုံးလူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ သွေးစွန်းငွေတွေ သူတို့ရခဲ့တယ်။ ဒီဖြစ်ပျက်ခဲ့တဲ့အရာတွေကို ကမ္ဘာက သိစေချင်တယ်။ ကုမ္ပဏီကို နိုင်ငံတကာတရားရုံးမှာ စွဲဆိုအရေးယူစေချင်တယ်” သူမက ဆိုခဲ့တယ်။

    မသဇင်ညွန့်အောင်ရဲ့ ပြောစကားတွေအပေါ် Telenor Myanmar ရဲ့ CEO ဖြစ်ခဲ့သူ ဂျွန် အိုမန် ရက်ဗ်ဟောက်က “သူမပြောတဲ့ စကားများကို ကြားရတာ တကယ့်ကို ဆိုးဝါးကြောက်မက်ဖွယ်ရာအတိပါပဲ။။ ကျွန်တော်အနေနဲ့ မိသားစုဝင်တွေကို စာနာပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ ပြုလုပ်တဲ့ စစ်အုပ်စုကို ရင်ဆိုင်ခဲ့ရတာပါ” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ဟာ စစ်ဥပဒေအောက်မှာ လုပ်ကိုင်ခဲ့ရတာပါ။ ကျွန်တော်တို့ဝန်ထမ်းတွေကို အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ကြုံတွေ့ရအောင် ကျွန်တော်တို့ မလုပ်နိုင်ပါဘူး။ ဒါကတော့ အခြေအနေရဲ့ အဓိကအချက်ပါပဲ။ ဒီအချက်အလက်တွေကို အာဏာပိုင်တွေက ဘာအတွက် သုံးသလဲ ဆိုတဲ့ကိစ္စအတွက်တော့ ကျွန်တော်တို့မှာ တာဝန်မရှိပါဘူး ” လို့ ၄င်းက NRK ကို ဆက်ပြောခဲ့ပါတယ်။

    ဒီအကြောင်းကို ထဲထဲဝင်ဝင်သိသူ တစ်ဦးကတော့ ဂျွန် အိုမန် ရက်ဗ်ဟောက်ရဲ့ စကားတွေအပေါ် ပျက်ရယ်ပြုပါတယ်။ သူရဲ့ ပြောစကားတွေက ဆင်ခြေသက်သက်ပါ၊ သူ့စကားမှာ ဘာတာဝန်ယူ တာဝန်ခံမှုမှ မတွေ့ရဘူး။ သူအမြဲပေးလေ့ရှိတဲ့… ဒီလိုမှ အချက်အလက်တွေ စစ်အုပ်စုကို မပေးရင် ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှု ခံရနိုင်တယ်ဆိုတဲ့ ဆင်ခြေအပေါ်လည်း ဘာ သက်သေစိုးစဥ်းမှ မပြနိုင်ပါဘူး” လို့ ဆိုပါတယ်။

    ဒီလိုဇတ်လမ်းပေါင်းများစွာနဲ့ ထွက်ခွာသွားခဲ့တဲ့ တယ်လီနောကို M-1 Group က ဝယ်ယူခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်တပ်ရဲ့ လူယုံ ခရိုနီသူဌေး သိန်းဝင်းဇော် ပိုင်ဆိုင်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက တယ်လီနောရဲ့ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားပြီး၊ အက်တမ် (ATOM) မြန်မာ လို့ အမည်ပြောင်းကာ ဆက်လက်လုပ်ကိုင်လျှက်ရှိပါတယ်။

    …… လွန်ခဲ့တဲ့ ၃ နှစ်ကျော်က မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့တယ်ဆိုပေမဲ့၊ တယ်လီနော ရှုပ်ခဲ့တဲ့ ဇတ်လမ်းတွေကတော့ မပြီးပြတ်သေးပါဘူး။ တယ်လီနောကြောင့် နာကျင်ခဲ့ရသူတွေအဖို့တော့ ဒီအဖြစ်အပျက်တွေဟာ မနေ့ တနေ့ကလို ထင်ကျန်ရစ်ဆဲပဲ ဖြစ်ပါတယ်။

    လူ့အခွင့်အရေးရာကို လွန်စွာတန်ဖိုးထားပါတယ်ဆိုတဲ့ နိုင်ငံကြီးတစ်ခုက ဆက်သွယ်ရေးကုမ္ပဏီကြီးရဲ့ လုပ်ရပ်က မြန်မာပြည်သူတွေအပေါ် တကယ်ပဲ နာကျင်စေခဲ့ပါတယ် ….

    …. ကိုဂျင်မီ ကိုဖြိုးဇေယျာသော်တို့ ဖမ်းဆီးကွပ်မျက်ခံရတာ အခုဆို ၃ နှစ်ကျော်ခဲ့ပြီဖြစ်သလို၊ လက်ရှိအချိန်မှာလည်း တယ်လီနောကို စစ်အုပ်စုအလိုကျ ခရိုနီသဌေးတွေက ATOM နံမည်နဲ့ ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

    ဒီ ၃ နှစ်ကျော်ကာလအတွင်း စစ်အုပ်စုကို လက်နက်ကိုင် တော်လှန်ဆန့်ကျင်တာတွေ မြင့်တက်လာသလို စစ်အုပ်စုဖက်ကလည်း ဒီ့အပေါ် (လက်နက်အားကိုးနဲ့) ရက်ရက်စက်စက် ပြန်လည်ချေမှုန်းမှုတွေ မြင့်တက်လာပါတယ်။

    မည်သို့ပင် ဓမ္မ အဓမ္မကြား အားပြိုင်သည်ဖြစ်စေ …. တနေ့မှာတော့ စစ်အုပ်စုဟာ သူတို့ရဲ့ ရက်စက်ယုတ်မာမှုတွေအတွက် တာဝန်ခံရမယ့်နေ့ကို ရောက်ရှိလာရမှာပါ။ အလားတူပါပဲ … တယ်လီနောကလည်း သူတို့ရဲ့ တာဝန်မဲ့ လုပ်ရပ်တွေအတွက် တစ်နေ့မှာ တာဝန်ခံရမှာပါ။

    NRK အင်တာဗျူးအဆုံးမှာ မသဇင်ညွန့်အောင် ပြောသွားတဲ့အတိုင်းပါပဲ။ “လောလောဆယ် ကျွန်မတို့ လုပ်နိုင်တာက ဆန့်ကျင် ရုန်းကန် တော်လှန်ရုံပါပဲ….. အခုအချိန်မှာ အရာအားလုံးက အနိုင်ရဖို့အတွက်ပါပဲ”။ …….တနေ့မှာပေါ့ …

    By လမ်းသစ်၊ Ref: Posts from NRK/ PANORAMA