ဆိုင်ကယ်ဦးထုပ် မဆောင်းတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုပစ်ခတ်လို့ ရေစကြိုဒေသခံ တစ်ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အမှတ် (၇)ရပ်ကွက်မှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုက ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့ အကြောင်းပြချက်နဲ့ စီးနင်းသူတွေကို ပစ်ခတ်ရာမှာ အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် အမှတ် -၇ ရပ်ကွက်က နှစ်ထောင်ပြည့်ရပ်၊ တိလောက ဘကကျောင်းအနီးမှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် ကိုဇော်ဝင်း ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ရေစကြိုမြို့ခံတစ်ဦးက ဆိုပါတယ်။

“စကစက ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ဆိုပြီး ဆိုင်ကယ်ပေါ်က လူတွေကို လိုက်ပစ်တာ။ ဆဲဆိုပြီးတော့။ စကစက မူးနေတော့ မြင်မြင်သမျှ ပစ်ရာမှာ သူ့အိမ်မှာ ရှိနေတဲ့ ကိုဇော်ဝင်းကို ထိမှန်တာပါ။ လည်ပင်းနဲ့ ဗိုက်ကို နှစ်ချက်ထိပြီး ညနေပိုင်းမှာ ဆုံးသွားပါတယ်”

ကိုဇော်ဝင်းရဲ့ ရုပ်အလောင်းကိုတော့ ဩဂုတ်လ ၂၇ ရက် ဒီနေ့နေ့လယ်ပိုင်းမှာပဲ ရေစကြိုသုသာန်မှာ သဂြိုဟ်သွားမှာ ဖြစ်သလို ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က မိသားစုဝင်တွေကို ဆက်သွယ်အကြောင်းကြားလာတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုမှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုက လူစည်ကားတဲ့ နေရာတွေနဲ့ စျေးတို့မှာ မကြာခဏ ဝင်ရောက်မွှေနှောက် နေသလို အကြောင်းမဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကလည်း ရေစကြိုမြို့ပေါ်က ကပ်ကျော်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုက အမှတ်၈ရပ်ကွက်အတွင်းကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးထိမှန်သေဆုံးခဲ့ပါတယ်။

အာဏာသိမ်းလေးနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ငါးထောင်ကျော် (၅၃၀၄ ဦး) ရှိခဲ့ပြီး ဒဏ်ရာရသူ လေးထောင်နီးပါး (၃၇၈၈ ဦး) ရှိခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ (Data for Myanmar) က မတ်လ ၁၂ နေ့က ထုတ်ပြန်ထားပါတယ်။

Photo- Yesagyo Township Info Committee


Comments

Leave a Reply

Your email address will not be published. Required fields are marked *