Category: News

  • AA ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ကျောက်ဖြူမင်းပြင်၌ စစ်သား ဆယ်ချီ သေဆုံး

    AA ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ကျောက်ဖြူမင်းပြင်၌ စစ်သား ဆယ်ချီ သေဆုံး

    ရေနက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းတောင်စခန်းကို သိမ်းပိုက်လိုက်သည့် စစ်တပ်သည် မင်းပြင်ရွာသို့ ဆက်လက်ဝင်လာရာ အာရက္ခတပ်တော်(AA)ထောင်ထားခဲ့သည့် မိုင်းနှင့် လက်နက်ကြီးကျည်တို့ကြောင့် ထိခိုက် သေဆုံးသူ ဆယ်ချီရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောကြသည်။

    နိုဝင်ဘာ ၁၄ ရက်က မင်းပြင်ရွာစခန်းဆီ လေကြောင်းပစ်ကူများနှင့် ထိုးစစ်ဆင်လာသည့် စစ်တပ်ကို AA က မိုင်းများ ထောင်ထားပြီးနောက် တပ်ဆုတ်ပေးခဲ့ရာ စစ်ကော်မရှင်တပ်သားများ စခန်းသို့ ရောက်လာချိန် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးမှုများခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

    “တကယ်လည်း ဆုတ်ပေးလိုက်တယ်၊ ဆုတ်သွားပြီဆိုပြီးတော့ အေးဆေးဝင်လာကြတာ၊ သူတို့ ဓါတ်ပုံတွေ ဘာတွေ ရိုက်ဖို့လုပ်ကြနေတဲ့အချိန်မှ ကိုယ့်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ချတာ၊ မိုင်းနဲ့သေတာလည်း မနည်းဘူး၊ သုံးဆယ်လောက်သေတယ်၊ ဒဏ်ရာရတာကတော့ အဲဒါထက်တောင် ပိုများမယ်” ဟု AA နှင့် နီးစပ်သည့် ဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။

    လက်ရှိတွင်လည်း မင်းပြင်ကျေးရွာအနီးဝန်းကျင်တွင် စစ်ကော်မရှင်တပ်နှင့် AA တို့ မြေပြင်တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။

    “လေယာဉ်လည်း လာတယ်၊ တော်တော်အထိနာသွားတော့ လေယာဉ်နဲ့ရော ဒရုန်းနဲ့ပါ ချတယ်၊ မရှိဘူးဆိုတောင် သေတာနဲ့ ဒဏ်ရာရတာ တရာနီးပါးရှိမယ် အားလုံး၊ ဒီနေ့လည်း လေယာဉ်တခေါက်ရောက်သေးတယ်”ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

    အဆိုပါတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ AA က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ မင်းပြင်ကျေးရွာသည် စစ် ကော်မရှင်တပ်က သိမ်းပိုက်ထားသည့် သိုင်းချောင်းတောင်စခန်းနှင့် သုံးမိုင်နီးပါးအကွာ ကျောက်ဖြူ-ရမ်းဗြဲကားလမ်းမ၊ ပင်လယ်ကမ်းခြေတွင် တည်ရှိပြီး ထိုရွာ၌ ရေဒါစခန်းတခုလည်း ရှိသည်။

    စစ်ကော်မရှင်တပ်သည် ယခင် AA က ထိန်းချုပ်ထားခဲ့သည့် သိုင်းချောင်းတောင်စခန်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်က သိမ်းပိုက်ခဲ့ပြီး ထိုကျေးရွာအနီးဝန်းကျင်တွင်လည်း တိုက်ပွဲများရှိနေကြောင်း မြေပြင်၌ ရှိနေသည့် သတင်းရင်းမြစ်များက ပြောကြသည်။

    ယခင်က ဓညဝတီရေတပ်စခန်း၊ အမှတ်(၃၂)ရဲတပ်ရင်းနှင့် အခြေစိုက်တပ်ရင်းများတွင်သာ အခြေချနိုင်ခဲ့ပြီး ရှေ့တန်း ကာကင်းစခန်းအနည်းငယ်သာ ရှိခဲ့သည့် စစ်ကော်မရှင်တပ်သည် အင်အား၊ လက်နက်အလုံးအရင်းဖြည့် တင်းကာ ရှေ့တန်းစခန်းများ တိုးချ၊ ထိုးစစ်ဆင်လာခဲ့ရာ ယခုအခါ မင်းပြင်၊ သိုင်းချောင်း၊ ချောင်းဝ၊ ရေနံတောင်၊ ချောင်းဖျား၊ မှင်ခုံတိုင်၊ ပြွားချိန် စသည့် ကျေးရွာများမှ ပြည်သူများမှာ စစ်ဘေးရှောင်နေကြရပြီး ကျောက်ဖြူမြို့ နယ်အတွင်း စစ်ဘေးရှောင်များစွာ တိုးလာကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများက ပြောသည်။

    “လေယာဉ်တွေ ကြောက်ရတယ်၊ နေဗီကလည်း နေ့တိုင်းလို ပစ်နေတာ၊ လူတွေ ပြေးကြရတာပေါ့၊ စစ်ရှောင်တွေ အများကြီး တိုးသွားတယ်၊ အရေးကြီးဆုံးက စားနပ်ရိက္ခာလိုပါတယ်” ဟု ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်အ ရေးကူညီပေးနေသူတဦးက ပြောသည်။

    အာရက္ခတပ်တော်(AA)သည် ကျောက်ဖြူမြို့နယ်တောင်ပိုင်း ကျေးရွာအများစုကို ထိန်းချုပ်ထားပြီး ပြီးခဲ့သည့် နှစ်ဆန်း ပိုင်းကတည်းက ကျောက်ဖြူမြို့အနီးပတ်လည် စစ်ကော်မရှင်တပ်၏ ရဲတပ်ရင်း၊ အခြေစိုက်တပ်ရင်းနှင့် ဓညဝတီ ရေတပ်စခန်းတို့ကို ဝိုင်းရံပိတ်ဆို့ကာ ကုန်းလမ်းများ ဖြတ်တောက်ထားနိုင်ခဲ့ရာမှ ယခုအခါ နယ်မြေတချို့ ပြန်လည် လက်လွှတ်ပေးနေရခြင်းဖြစ်သည်။

    ယခင်က ဓညဝတီရေတပ်စခန်းနှင့် အမှတ်(၃၂)ရဲတပ်ရင်းအနီးဝန်းကျင် ကျေးရွာအနည်းငယ်တွင်သာ နေရာယူစခန်း ချထားနိုင်ခဲ့ပြီး AA တပ်ဖွဲ့၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းကို ခံနေခဲ့ရသည့် စစ်ကော်မရှင်တပ်သည် အင်အားရာချီဖြည့်တင်းကာ ကာကင်းစခန်းများ တိုးဆောက်၍ တန်ပြန်ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်သည်။

    သို့သော် AA သည် ကျောက်ဖြူမြို့ပေါ်တပ်ရင်းများနှင့် သုံးမိုင်ဝန်းကျင်အကွာ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ တရုတ်အစိုးရပိုင် Power China သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံ၊ ကုန်းတွင်းသဘာဝဓါတ်ငွေ့လက်ခံသိုလှောင်ပို့ဆောင်ရုံ (OGT) တို့နှင့်ကပ်ရပ် ကမ်းခြေရွာများဖြစ်သည့် မလကျွန်း၊ လိပ်ခမော်ရွာတို့အား ထိန်းချုပ်ထားဆဲဖြစ်ပြီး အမှတ်(၃၂)ရဲတပ်ရင်းကို ခြိမ်းခြောက်ထားနိုင်ဆဲဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

    စစ်ကော်မရှင်တပ်သည် ယခုလပိုင်းအတွင်းမှာပင် ကျောက်ဖြူမြို့နယ်အတွင်းသို့ စစ်အင်အား တထောင်ဝန်းကျင်ထိ ဖြည့်တင်းခဲ့ပြီး တင့်ကားများပါ ထပ်ရောက်နေကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

    “စစ်ကူက စစ်တွေဘက်က လာတာများတယ်၊ နေဗီနဲ့ တင်တယ်၊ ပစ(ပြည်သူ့စစ်)တွေ များတယ်၊ ဒီလထဲမှာလည်း နေဗီ နှစ်စီးနဲ့ အင်အားဖြည့်သေးတယ်”ဟု AA နှင့် နီးစပ်သည့် နောက်ထပ်ကျောက်ဖြူဒေသခံတဦးက ပြောသည်။

    အခြေစိုက်တပ်ရင်း သုံးခု၊ ရဲတပ်ရင်းတခု၊ ရေတပ်ဌာနချုပ်အပါအဝင် ရေတပ်စခန်း သုံးခုရှိသော ကျောက်ဖြူမြို့ နယ်တွင် စစ်ကောင်စီတပ်က အင်အားထောင်ချီ ဖြည့်တင်းထားပြီး တရုတ်ကလည်း ဒရုန်းနှင့် နည်းပညာအကူအညီများ ထောက်ပံ့ပေးနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

    စစ်ကောင်စီတပ်သည် ကျောက်ဖြူမြို့ပေါ်သို့ လေကြောင်းမှလာသူများမှအပ ကျေးရွာမှ ပြည်သူများကို ဝင်ထွက်ခွင့် လုံးဝပိတ်ထားပြီး ကုန်စည်၊ ဆေးဝါးတင်သွင်းခွင့်လည်း မပြုသဖြင့် မြို့ပေါ်နေပြည်သူများနှင့် ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲများစွာနှင့် ကြုံနေကြရကြောင်း ပြောသည်။

  • ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တိုက်ပွဲများအတွင်း စစ်အုပ်စုက အထိနာကာ စစ်သား ၁၇ ဦးနှင့်အတူ လက်နက်များလည်းဆုံးရှုံးခဲ့ရ

    ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တိုက်ပွဲများအတွင်း စစ်အုပ်စုက အထိနာကာ စစ်သား ၁၇ ဦးနှင့်အတူ လက်နက်များလည်းဆုံးရှုံးခဲ့ရ

    မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် နိုဝင်ဘာလပထမပတ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်အုပ်စု စစ်တပ်ကအထိနာပြီး အနည်းဆုံးစစ်သား၁၇ဦးသေဆုံးကာ လက်နက်အများအပြားလည်း ဆုံးရှုံးမှုရှိခဲ့သည်ဟုသတင်းရရှိသည်။

    ၎င်းတိုက်ပွဲများသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃ ရက်နှင့် နိုဝင်ဘာ ၅ ရက်များတွင်ဖြစ်ပွားခဲ့သည်ဟုပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    နိုဝင်ဘာလ ၃ ရက်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲသည် ပေါက်မြို့နယ်တောင်ပိုင်း ကျောက်ကာကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    အဆိုပါတိုက်ပွဲသည် ပေါက်နယ်ထဲ ဝင်ရောက်လာသော မိတ္ထီလာအခြေစိုက်တပ်မ (၉၉) လက်အောက်ခံအမှတ် (၁၄)၊ အမှတ် (၁၉)နှင့် ခမရ (၁၀၉) တပ်ရင်းသုံးရင်းပူးပေါင်းအင်အား၁၅၀ခန့်ပါရှိသည့် စစ်ကြောင်းနှင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်းစစ်သား (၁၀) ဦးသေဆုံးကာအလောင်းများအားတိုက်ပွဲဖြစ်ပွားရာနေရာတွင်ပစ်ထားခဲ့သည်ဟုဆိုသည်။

    နောက်ထပ်ဒဏ်ရာရရှိသူ ၁၀ ဦးခန့် ထမ်းစင်များဖြင့်ထမ်းကာ ပင်တောင် (ပသစ) ရွာသို့တပ်ဖွဲ့စည်းပုံပျက်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    နိုဝင်ဘာလ ၅ ရက်က ဖြစ်ပွားခဲ့သည့် ဒုတိယတိုက်ပွဲမှာ ပေါက်မြို့နယ်တောင်ပိုင်း ယောချောင်းရွာအနီးတွင် တပ်မ (၉၉) လက်အောက်ခံအင်အား ၁၃၀ ခန့်ပါစစ်ကြောင်းနှင့်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်သားအလောင်း ၇ လောင်းနှင့်သေနတ်ငါးလက်အပါအဝင် ရန်သူ့စစ်လက်နက်ပစ္စည်းနှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

    ၎င်းစစ်ကြောင်းသည် ပေါက်မြို့နယ်တောင်ပိုင်း သီးချောက်ရွာမှ အရှေ့အရပ်သို့ ဦးတည်စစ်ကြောင်း ထိုးဝင်ရောက်လာရာ ယောချောင်းတနေရာတွင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ယခုတိုက်ခိုက်ခံရသည့်စစ်အုပ်စုစစ်ကြောင်းသည် ပေါက်နယ်မြို့နယ်ထဲစစ်ကြောင်းထိုးဝင်ရောက်ပြီး လူသတ်၊ လုယက်၊ မီးရှို့မှုများကိုကျူးလွန်နေသည့် မိတ္ထီလာမြို့အခြေစိုက် တပ်မ (၉၉) လက်အောက်ခံ ခမရ ၁၄ (ကျောက်ဆည်)၊ ခမရ (၁၉)၊ ခမရ (၁၀၉)မှ ပူးပေါင်းစစ်ကြောင်းဖြစ်ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ၎င်းစစ်ကြောင်းသည် မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ ၂၂ ကတဆင့် ပေါက်မြို့နယ်တောင်ပိုင်းကို သုံးဖွဲ့ခွဲစစ်ကြောင်းထိုးဝင်ရောက်လာရာမှ ယခုလို တော်လှန်ရေးတပ်ဖွဲ့များ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံရပြီး အထိနာနေသည်ဟု စစ်ရေးသတင်းရင်းမြစ်များအရသိရသည်။

    ၎င်းတိုက်ပွဲများတွင် ပူးပေါင်းပါဝင်သည့် တော်လှန်ရေးအင်အားစုများမှာ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပေါက်-ပကဖ)၊ ပေါက်-ဆိပ်ဖြူတပ်ရင်းတို့ ဖြစ်ကြသည်။

  • ဗုံးတွေကြဲ လက်နက်ကြီးတွေကျတဲ့ကြားမွေးခဲ့တဲ့ ဒုန်းဒုန်းနဲ့ ဒိုင်းဒိုင်းအမွှာညီအကို

    ဗုံးတွေကြဲ လက်နက်ကြီးတွေကျတဲ့ကြားမွေးခဲ့တဲ့ ဒုန်းဒုန်းနဲ့ ဒိုင်းဒိုင်းအမွှာညီအကို

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာကနေ စစ်ရှောင်လာတဲ့ အသက်(၃၃)နှစ်အရွယ် မဇင်မာနွယ်ဆိုသူဟာ ဒီကနေ့ (နိုဝင်ဘာ ၁၅ ရက်)မှာအမွှာသားနှစ်ယောက်မွေးဖွားခဲ့တယ်လို့သတင်းနှင့်ပြန်ကြားရေး- ကနီမြို့နယ်က ဖော်ပြပါတယ်။

    အဲဒီသားနှစ်ယောက်ကို ဗုံးတွေကြဲ၊ လက်နက်ကြီးတွေကျတဲ့အချိန်မှာ မွေးခဲ့တာကြောင့် ဒုန်းဒုန်းနဲ့ ဒိုင်းဒိုင်းလို့ မိခင်က နာမည်ပေးလိုက်တဲ့အကြောင်း ရေးသားထားပါတယ်။

    ယခုနိုဝင်ဘာပထမလဝက်အတွင်းမှာ ဝက်လက်မြို့နယ်အတွင်းက ကျေးရွာ ၇ ရွာထက်မနည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားပြီး အိမ်ထောင်စုထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရလို့ အကူအညီတွေ လိုအပ်နေပါတယ်။

    ဓာတ်ပုံ-သတင်းနှင့် ပြန်ကြားရေး- ကနီမြို့နယ်

  • ရေတာရှည်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို  တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး

    ရေတာရှည်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး

    စစ်တပ်က ကျေးရွာ ၃ ခုထက်မနည်းကို မီးရှို့ဖျက်ဆီး

    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၅၀၄ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

    အောက်တိုဘာလ ၂၅ ရက်နေ့ ကရင်ချောင်းမြစ်ကူးတံတားမှ အင်အား ၁၄၀ ကျော်ပါဝင်သည့် စစ်တပ်လက်အောက်ခံ တပ်များဖြစ်သည့် ဒတရ-၆၀၄၊ ခလရ ၂၆ ၊ ခမရ ၂၉ ၊ ခလရ ၃၉ ၊ စခန ၈၄၈ ၊ ကကနက်တို့ ၏ ပူးပေါင်းစစ်ကြောင်းက စစ်တောင်းမြစ် အရှေ့ဘက်ကမ်းသို့ စစ်ကြောင်းထိုးလာကြောင်း၊ ထို စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရေလွှဲကျေးရွာတောင်ဘက် သစ်သားတံတား​ပေါ် အရောက်တွင် အသင့်စောင့်ဆိုင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါထိတွေ့ တိုက်ပွဲမှာ ၃ နာရီ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း ဂျိုင်ရိုကော်ပတာ၊ ဒရုန်း၊ ​လက်နက်ကြီးများအပြင် လေယာဥ်ပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ထို့ပြင် အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ နေပြည်တော်စစ်တိုင်း လက်အောက်ခံ PDF တပ်ရင်းများနှင့် KNU တပ်မဟာ ၂ တပ်ရင်း ၅ လက်နက်ကြီးအဖွဲ့တို့က ထပ်မံ သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ပွဲအတွင်း နေပြည်တော်စစ်တိုင်းမှ ရဲဘော် ၁ ဦး ကျည်ကာပြား ကျည်ထိမှန် သတိလစ်နေချိန်တွင် တပ်ရင်း ၃၅၀၄ မှရဲဘော်မိုးသီး သွားရောက်ဆွဲထုတ်စဥ် ကျည်ထိမှန်ကာ ရရှိဒဏ်ရာဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း သိရှိရသည်။

    “လက်နက်တွေ သိမ်းဆည်းရမိတာတော့ မရှိပါဘူး။ သူတို့ဘက်က ဒရုန်း လက်နက်ကြီး ဂျိုင်ရိုကော်ပတာ လေယာဥ်နဲ့ အင်အားသုံးတဲ့အတွက် အခက်အခဲဖြစ်ခဲ့ပါတယ်။ အခု စစ်ခွေးစစ်ကြောင်းက ရေတာရှည်မြို့နယ် ကရင်ချောင်းတံတားကနေ အနောက်ဘက်ကမ်းကို ပြန်ဆုတ်သွားပြီ လို့သိရပါတယ်။ ကရင်ချောင်းတံတားမှာတော့ အထိုင်ချတပ်စွဲထားတာရှိနေတုန်းပါ တိုက်ပွဲအတွင်း စစ်ခွေး ၂၀ ကောင်သေပြီး ၅ ကောင် ဒဏ်ရာရတယ်” ဟု ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၅၀၄ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

    အထိနာသွားသော စစ်တပ်စစ်ကြောင်းက ရေတာရှည်မြို့နယ်အတွင်းရှိ ပိနွဲပင်ရွာ၊ ရွေသောင်ရွာသစ်ရွာနှင့် ကဲလင်းဆိပ်ရွာ တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ- စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးတစ်ခု။(ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • မိုင်ရယ်နဲ့ ဟိုယမှာ တိုက်ပွဲဖြစ်ပွားနေ

    မိုင်ရယ်နဲ့ ဟိုယမှာ တိုက်ပွဲဖြစ်ပွားနေ

    မိုင်ရယ်နဲ့ ဟိုယမှာ တိုက်ပွဲဖြစ်ပွားနေပြီး သီပေါတံတားနဲ့ နေရာအချို့ကို စစ်ကော်မရှင်က ဖြတ်သန်းခွင့်ပိတ်

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်ရယ်နဲ့ဟိုယမှာ စစ်ကော်မရှင်တပ်နဲ့ MNDAA တို့ တိုက်ပွဲဖြစ်ပြီး သီပေါတံတားကို ဖြတ်သန်းသွားလာခွင့် စစ်ကော်မရှင်တပ်က ပိတ်လိုက်တယ်လို့ သိရပါတယ်။

    နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ဟိုယမှာ MNDAA နဲ့ စစ်ကော်မရှင်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပြီး စစ်ကော်မရှင်တပ်ဘက်က အင်အားဖြည့်နေတယ်လို့ သိရပါတယ်။

    “ဟိုယမှာ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်တယ်၊ စစ်တပ်ဘက်က အကျအဆုံးတွေရှိတယ်၊ ခလရ(၆၇)က လက်နက်ကြီးတွေနဲ့ လူအင်အားဖြည့်နေတာ ရှိတယ်၊ တိုက်ပွဲတွေ အရင်လို ပြန်ဖြစ်လာမယ် ထင်တယ်၊ လက်နက်ကြီး ပစ်သံကတော့ နေ့တိုင်း ကြားနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်ကော်မရှင်တပ်ဘက်က ပြည်သူ့စစ်မှုထမ်း အပတ်စဥ် ၁ နဲ့ ၂ က တပ်သားတွေကို အနားပေးဖို့လည်း ရှိနေတယ်လို့ သတင်းတွေ ထွက်နေပြီး စစ်ကော်မရှင်တပ်ဘက်က လူကြီးတစ်ဦး ရောက်နေကာ သီပေါတံတားကိုလည်း ပိတ်လိုက်တယ်လို့ သိရပါတယ်။

    “အရင်က ကုန်ကားတွေပဲ ပိတ်တာ၊ ခုက ခရီးသွားကားတွေပါ ပိတ်လိုက်တယ်၊ သူတို့လူကြီး ရောက်နေတယ် ကြားတယ်၊ ရှေ့တန်းရောက်နေတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို အနားပေးဖို့လို့ ကြားတယ်၊ သီပေါတံတား ပိတ်လိုက်တာက ၅ ရက်လိုလည်း ပြောတယ်၊ ခုနေ့ထိ မဖွင့်သေးဘူး၊ အပြီးပိတ်မယ် ထင်တယ်” လို့ ကားသမားတစ်ဦးက ပြောပါတယ်။

    လတ်တလောမှာ လာရှိုးကိုသွားဖို့ လားရှိုး-မူဆယ်လမ်းသာရှိပြီး စစ်ကော်မရှင်က သီပေါတံတားကို ပိတ်လိုက်တာကြောင့် လားရှိုးကို အခြားလမ်းက သွားလို့မရဘဲ ခရီးသွားကားတွေနဲ့ ကုန်ကားတွေ ရာချီပိတ်မိနေကာ ယခင်လို တိုက်ပွဲတွေ ပြင်းထန်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။