Category: News

  • မန္တလေးမှာ ပေါက်ကွဲမှု ဖြစ်ပြီး မိသားစု သုံးဦးထိခိုက်ဒဏ်ရာရ

    မန္တလေးမှာ ပေါက်ကွဲမှု ဖြစ်ပြီး မိသားစု သုံးဦးထိခိုက်ဒဏ်ရာရ

    မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်မှာမနေ့( အောက်တိုဘာ ၁၁ ရက်) နေ့ခင်းပိုင်း ၃ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပြီး မိသားစုဝင် သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ မြို့ခံဆီကသိရပါတယ်။

    ပေါက်ကွဲမှုကတော့ပြည်ကြီးတံခွန်၊(စ)ရပ်ကွက်၊၁၂၃လမ်းနဲ့ ၁၂၄ လမ်း ကြား၊ ၅၄( ဘီ )လမ်းမှာ ဖြစ်ပွားခဲ့တာပါ။

    ဖြစ်စဉ်ကတော့ ပန်းရံ အလုပ် လုပ်တဲ့အမျိုးသားက ရှမ်းပြည်မြောက်ပိုင်း နောင်ချို ဆေးရုံ မှာ ဆေးရုံ ပြင်ဆင်ရေး လုပ်ကိုင်ရင်း စွန့်ပစ် သံတိုသံစအထုပ်ကိုမန္တလေးကိုယူဆောင်ခဲ့ရာ အိမ်မှာ နေထိုင်တဲ့ အခြား အမျိုးသား က အထုပ်ကို ဖွင့်ကြည့်ပြီး တရုတ် လုပ် ကြိုးဆွဲလက်ပစ်ဗုံးလို့ ယူဆရတဲ့ အရာကို ကိုင်တွယ်ရာကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့သိရပါတယ်။

    “အသံကတော်တော်လေးကျယ်တယ်၊ ရဲတွေ၊ ပျူတွေရောက်လာတော့တာပဲ၊ဒဏ်ရာရတဲ့သူတွေကို လူမှုရေးအသင်းကားနဲ့ ခေါ်သွားတယ်”လို့ ရပ်ကွက် နေပြည်သူတစ်ဦးကပြောပါတယ်။

    ပေါက်ကွဲမှုကြောင့် အထုပ်ဖွင့်ကြည့်တဲ့အမျိုးသား၊ နေအိမ်မှာရှိနေတဲ့ သူရဲ့ ဇနီးနဲ့ ၁၃ နှစ်အရွယ် သမီးဖြစ်သူ တို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    ဒဏ်ရာရသူ သုံးဦး ကို မန္တလေးဆေးရုံကြီးဆီ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

    မန္တလေးကိုပစ်မှတ်ထားဝါဒဖြန့်တဲ့စစ်တပ်ဝါဒဖြန့်ချန်န​ယ်မှာတော့ သံတို သံစအထုပ်ကိုဖွင့်ကြည့်တဲ့အမျိုးသားဟာ သံလုံးမှာ ကြိုးတပ်ထားတဲ့ အရာကို တရုတ်လက်ပစ်ဗုံးမှန်းမသိဘဲ ကြိုးကိုဆွဲကြည့်ရာမှာ မီးခိုးတွေထွက်လာလို့ ရေချိုးခန်းဘက်ဆီလွှင့်ပစ်ခဲ့မှာတော့ ရေချိုးနေတဲ့ ဇနီးနဲ့ သမီးတို့ ဗုံးစ မှန်ခဲ့တာလို့ ဖြန့်ဝေထားပါတယ်။

    ဓာတ်ပုံ – ဝီကီ

  • ထိုင်းက နေရပ်ပြန်ပို့သည့် မြန်မာလုပ်သားများကို စစ်တပ်က အဓမ္မစစ်သား စုဆောင်း

    ထိုင်းက နေရပ်ပြန်ပို့သည့် မြန်မာလုပ်သားများကို စစ်တပ်က အဓမ္မစစ်သား စုဆောင်း

    ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရပြီးနောက် အချုပ်ထောင်ကနေ ပြန်လွတ်လာတဲ့ မြန်မာလုပ်သားတွေကို နေရပ်ပြန်ပို့တဲ့အခါ စစ်တပ်က အဓမ္မ စစ်သား စုဆောင်းနေပါတယ်။

    ထိုင်းနိုင်ငံ၊ ရနောင်းမြို့က အချုပ်ထောင်မှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရတဲ့ မြန်မာနိုင်ငံသား အယောက် ၉၀ ကို အောက်တိုဘာလ ၉ ရက်က မြန်မာဘက်အခြမ်း ကော့သောင်း လှေဆိပ်ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။

    ပြစ်ဒဏ်ကျခံခဲ့ရတဲ့ မြန်မာအမျိုးသား ၈၁ ယောက်နဲ့ အမျိုးသမီး ၉ ယောက်ကို မြန်မာနိုင်ငံဘက်အခြမ်း ပို့ဆောင်ပြီးနောက် စစ်တပ်က အဓမ္မ စစ်သားစုဆောင်း ခေါ်ဆောင်သွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ အဓမ္မ စစ်သား စုဆောင်းခံရရင် ငွေကြေး တတ်နိုင်သူသာ ပြန်လွှတ်လေ့ရှိပြီး အများစုက စစ်သင်တန်းပေးခံရတယ်လို့ သိရပါတယ်။

    နီးစပ်သူတယောက်က “တချို့တွေကျတော့ ရနောင်းဘက်ကို ပို့တယ်။ သတင်းတွေမှာ ရုပ်ပုံတွေ ကျနော်တို့ ပြန်လေ့လာတော့ ကျနော်တို့နဲ့ အတူတူနေခဲ့တဲ့ မြန်မာပြည်သားတွေ ပါတယ်။ အဲ့လို ပါလာတာရှိတယ်။ ဒါတွေက စစ်အုပ်စု လက်ထဲ ထည့်လိုက်တော့ စစ်အုပ်စုကပဲ အခု လက်ရှိ အနေအထားမှာ ထိုင်းကလည်း တအားဖမ်းနေတယ်ဆိုတော့ ကျနော် ထင်တာ စစ်အုပ်စု ဖိအားပေးပြီးတော့ ဖမ်းပြီးတော့ ပြန်ပြန်ပို့ခိုင်းနေတာလား။ စစ်အုပ်စုလက်ထဲ ပြန်ပြန်အပ်နေတာလားဆိုတာကို သံသယတော့ ဝင်နေတယ်။ ဒီလိုမျိုး ဖမ်းမိသူတွေကို စစ်အုပ်စုလက်ထဲ ပြန်အပ်တယ်ဆိုရင် အန္တရာယ်ရှိတယ်ဆိုတာကို ထိုင်းနိုင်ငံက အာဏာပိုင်တွေကို သိစေချင်တယ်” လို့ ပြောပါတယ်။

    စက်တင်ဘာ ၂၃ ရက်ကလည်း ရနောင်း အချုပ်ထောင်ကနေ လွတ်ရက်စေ့တဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၁၄၅ ယောက်ကို ကော့သောင်းကနေ မြန်မာဘက်အခြမ်း လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။

    ထိုင်းက‌ ဖမ်းဆီးပြစ်ဒဏ်ကျခံပြီး နေရပ်ပြန်ပို့သူတွေထဲ အသက်အရွယ်အလိုက် စစ်မှုထမ်း အကျုံးဝင်တဲ့သူတွေကို စစ်တပ်က စုဆောင်းပြီး၊ တပ်သားသစ် လေ့ကျင့်ရေးကျောင်းတွေကို ပို့ဆောင်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    ကိုရဲမင်း (အေအေစီ အလုပ်သမားအရေး လှုပ်ရှားသူ) က “အထူးသဖြင့် ကော့သောင်း-ရနောင်းကနေ ပြန်ပို့ခံရသူတွေက တန်းပြီး စစ်သားစုဆောင်းရေးတွေ တန်းရောက်သွားကြတယ်။ အဲဒီတော့ အခုလိုအချိန်မှာ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ ဖမ်းဆီးမခံရအောင် တော်တော်လေး သတိထားကြရမှ ဖြစ်တယ်။ အထူးသဖြင့် တော်လှန်ရေး ထောက်ပို့တွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့သူတွေ၊ တော်လှန်ရေးမှာ ပါဝင်လို့ ထွက်ပြေး တိမ်းရှောင်လာသူတွေ တော်တော်လေး သတိထားရမယ်။ ဘယ်လောက်ပဲ တောင်းဆို တောင်းဆို ထိုင်းဘက်က ပြန်ပို့နေတာပေါ့” လို့ ပြောပါတယ်။

    ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်တာ၊ အထောက်အထား အပြည့်အစုံ မရှိဘဲ ကန့်သတ်အလုပ်တွေမှာ လုပ်ကိုင်တာ၊ ထိုင်းမှာ ရာဇဝတ်မှု ကျူးလွန်တာ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရသူတွေကို ပြစ်ဒဏ်ကျခံပြီးနောက် စစ်တပ်လက်ထဲ ထိုင်းဘက်က အာဏာပိုင်တွေက လွှဲပြောင်းပေးတာ ဖြစ်ပါတယ်။

    စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ပြည်တွင်းက လူငယ်တွေကို ပုံစံမျိုးစုံနဲ့ ဖမ်းဆီးတာ၊ ပစ်ခတ် သတ်ဖြတ်တာတွေအပြင် အဓမ္မ စစ်မှုထမ်းစေခိုင်းတာ၊ ပေါ်တာဆွဲတွေကြောင့် လူငယ် အများစုဟာ အထိတ်တလန့်နဲ့ စိုးရိမ်ပူပန်နေကြပါတယ်။

    ✍ဇွဲသစ်

  • တာ့ခ်ခရိုင်နှင့် ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၁၆ ဦး ဖမ်းဆီးရရှိ

    တာ့ခ်ခရိုင်နှင့် ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၁၆ ဦး ဖမ်းဆီးရရှိ

    ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်နှင့် ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၁၆ ဦး ဖမ်းဆီးရရှိ၊ ကလေးငယ်များပါ ပါဝင်

    ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်နှင့် ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၁၆ ဦး ဖမ်းဆီးရရှိပြီး ကလေးငယ်များပါ ပါဝင်ကြောင်း ထိုင်းနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

    အောက်တိုဘာလ ၁၁ ရက်နေ့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့တွင် တရားမဝင် မြန်မာနိုင်ငံသား ၉ ဦးလိုက်ပါလာသော ကားကို စစ်ဆေးရန် ထိုင်းအာဏာပိုင်များက ရပ်တန့်ခိုင်းခဲ့ကြောင်း၊ သို့ရာတွင် ကားမှာ မရပ်တန့်ဘဲ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး မြက်တောထဲသို့ ကားမှာ ရောက်ရှိသွားပြီး ကားပေါ်ပါ တရားမဝင် မြန်မာနိုင်ငံသား ၉ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထို့ပြင် ကားမောင်းသမားနှင့်အခြားထိုင်း ၁ ဦးကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

    ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသား ၉ ဦးတွင် တရားဝင် အထောက်အထားတစ်စုံတစ်ရာ ပါရှိခြင်းမရှိဘဲ တစ်ဦးလျှင် ထိုင်းဘတ် ၄၅၀၀ ပေး၍ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများကို ဖုတ်ဖရမြို့နယ် ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

    အလားတူ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင်လည်း ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ မြန်မာနိုင်ငံသား ၁၀၇ ဦးလိုက်ပါလာသော အလုံပိတ်ကား ၁ စီးကို ထိုင်းအာဏာပိုင်များက တားဆီး စစ်ဆေးခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံသားများအားလုံးကို ဖမ်းဆီး ရရှိခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ရန်အတွက် ဘုရားသုံးဆူမြို့မှ တစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ပြီး မိသားစုလိုက် ဝင်ရောက်လာသူများလည်းရှိကြောင်း၊ ဖမ်းဆီးခံရသူများတွင် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရှိရသည်။

  • စစ်ကော်မရှင်က အလောင်းများဆွဲပြေးရသည်ကို မပေါက်ကြားရန်အတွက် စစ်သုံးကားကြီး နှစ်စီးဖြင့် အလောင်းသယ်ရန်အသင့်ပြင်ထား

    ပန်းတောင်းတိုက်ပွဲအတွင်း စစ်ကော်မရှင်က အလောင်းများဆွဲပြေးရသည်ကို မပေါက်ကြားရန်အတွက် စစ်သုံးကားကြီး နှစ်စီးဖြင့် အလောင်းသယ်ရန်အသင့်ပြင်ထား

    စစ်ကော်မရှင်ထိုးစစ်ဆင်နေသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ လေသာတောင်တိုက်ပွဲတွင် ထိခိုက် သေဆုံးမှုများပြီး အလောင်းများဆွဲပြေးနေရသည်ကို မပေါက်ကြားရန်အတွက် စစ်သုံးကားများ အသုံးပြုရန် ပြင်ဆင်နေကြကြောင်း သိရသည်။

    စစ်ကော်မရှင်သည် ၎င်းတို့ လက်လွတ်ဆုံးရှုံးလိုက်ရသည့် လေသာတောင်ရှိ စစ်စခန်းကို ပြန်လည်ရရှိရန်အတွက် အောက်တိုဘာ ၆ ရက်နေ့မှစတင်၍ စစ်ကြောင်းထိုးလာရာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး အလောင်းများဆွဲပြေးခဲ့ရသည်။

    “ကားနှစ်စီးခေါ်ထားတာက အင်အားဖြည့်ဖို့မဟုတ်ပါဘူး။ အလောင်းကောက်ဖို့ဖြစ်ပါတယ်။ လူမှု ကူညီရေးအသင်းပိုင်ယာဉ်တွေနဲ့ အလောင်းတွေတင်လို့ သတင်းပေါက်ကြားပါတယ်ဆိုပြီး သူတို့ ကားတွေနဲ့အသင့်ပြင်ထားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    စစ်ကော်မရှင်တပ်သည် သေဆုံးတပ်ဖွဲ့ဝင်အလောင်းလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို သယ်ဆောင်ရန်အတွက် အနီးနားကျေးရွာများမှ လူမှုကူညီရေးကားများကို အရေးပေါ်အသုံးပြုရာတွင် ပြင်ပသို့ သတင်းပေါက်ကြားသည်ဟုဆိုကာ တိုက်ပွဲအတွင်းမှ အလောင်းများ ကောက်ယူရန် စစ်သုံးမော်တော်ယာဉ်နှစ်စီးကို အဆင်သင့်ပြင်ထားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    အဆိုပါအလောင်းသယ်ရန် ကားနှစ်စီးကို ဥသျှစ်ပင်တံတား စစ်ဆေးရေးဂိတ်တွင် အသင့်အနေ အထားဖြင့် ထားရှိထားကြောင်း သိရသည်။

    စစ်ကော်မရှင် စစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့က ဆင်လန်စခန်းမှနေ၍ လေသာတောင်ဖက်သို့ ခြုံခို ထွက်လာရာ AA နှင့် ထိပ်တိုက်တွေ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံးခဲ့သည်။ ကျန်သူများကို Y 12 လေယာဉ်ဖြင့် ဗုံးကြဲပစ်ကူပေးကာ ကယ်ထုတ် ပေးခဲ့ရကြောင်း သိရသည်။

    စစ်ကော်မရှင်က ညောင်ကျိုးစခန်းနှင့် တောင်ကုတ်လမ်းတစ်ကြောကို ပြန်လည်ရရှိရန်အတွက် ထုတ်နုတ် အင်အားအလွန်အကျွံသုံးကာ စစ်ကြောင်းထိုးစေရာ ညောင်ကျိုးနှင့် တောင်ကုတ်ကြားတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ အစုလိုက် အပြုံလိုက် သေဆုံးခဲ့သည်။

    ထိုသို့ သေဆုံးမှုကို ဖုံးဖိထားပြီး အဆိုပါလမ်းကြောင်းမှ ဖြတ်သန်းသွားလာသူများကိုပါ ဖမ်းဆီးမှု များရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

    ပုံစာ-AA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)

  • လေးထောင့်ကန် စစ်မှုထမ်းဟောင်းအိမ်ရာသစ်တွင် အိမ်ခန်း မဲဖောက် ပေးမည်ဖြစ်ပြီး မုဆိုးမအများစု တိုက်ခန်း ရကြမည်

    လေးထောင့်ကန် စစ်မှုထမ်းဟောင်းအိမ်ရာသစ်တွင် အိမ်ခန်း မဲဖောက် ပေးမည်ဖြစ်ပြီး မုဆိုးမအများစု တိုက်ခန်း ရကြမည်

    နိုင်ငံတစ်ဝန်းတိုက်ပွဲများသေဆုံးသွားသော အရာရှိနှင့်စစ်သားများ၏ ကျန်ရစ်သူမိသားစုများကို ရန်ကုန်လေးထောင့်ကန် စစ်မှုထမ်းဟောင်းအိမ်ရာသစ်တွင် အိမ်ခန်း မဲဖောက် ပေးမည်ဖြစ်ပြီး မုဆိုးမအများစု တိုက်ခန်းရကြမည်

    မြန်မာနိုင်ငံတစ်ဝန်းတိုက်ပွဲများသေဆုံးသွားသော အရာရှိနှင့်စစ်သားများ၏ ကျန်ရစ်သူမိသားစုများကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်၊ လေးထောင့်ကန် စစ်မှုထမ်းဟောင်းအိမ်ရာသစ်တွင် မဲဖောက် အခန်းပေးမည်ဖြစ်ပြီး မုဆိုးမအများစု တိုက်ခန်းရကြမည်ဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဟောင်း အိမ်ရာမြို့သစ်အဖြစ် ဒဂုံမြို့သစ်တောင်ပိုင်း လေးထောင့်ကန်တွင် အိမ်ခန်းပေါင်း ၄၀၀၀ ခန့် ပါဝင်သော မြို့သစ်စီမံကိန်းကို တည်ဆောက်လျက်ရှိရာတွင် အဆိုပါ အိမ်ရာသစ်တွင် တိုက်ပွဲအတွင်း ကျဆုံးသော အရာရှိနှင့် စစ်သည်များကို အခန်းများ ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

    “တပ်မတော်အတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့အရာရှိတွေကတော့ မဲနှိုက်စရာမလိုဘဲ အခန်းရဖို့ရှိမယ်လို့ သိရတယ်။ စစ်သည်တွေကတော့ လျှောက်လွှာတင်ထားတာတွေကို မဲနှိုက်ပေးမယ်။ မဲပေါက်ရင် အခန်းရမယ်။ မဲမပေါက်သေးတဲ့ မိသားစုတွေကတော့ ထပ်စောင့်ရမယ်။ ကျန်ရစ်သူဇနီးသည်တွေအများစုကို အခန်းပေးမှာလို့ သိရတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

    အဆိုပါ စစ်မှုထမ်းဟောင်း အိမ်ရာသစ်တွင် အဆောက်အအုံနှင့်အခန်းများ ထပ်မံ တိုးချဲ့မည်ဖြစ်ပြီး လျှပ်စစ်ာတ်အားပေးရန် နေရောင်ခြည်စွမ်းအင်သုံး Solar Plant ကိုပါ တည်ဆောက်သွားမည်ဖြစ်ကြောင်း ၊ စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)အနီး ဘုရင့်နောင်လမ်းနှင့် အမှတ် ၇ လမ်းထောင့်တွင် Shopping Complex ကိုပါ ထည့်သွင်းတည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။

    ထိုသို့ သေဆုံးသူ စစ်သားနှင့်အရာရှိများ၏ ဇနီးနှင့် ကျန်ရစ်သူမိသားစုများကို အခန်းများပေးအပ်ရာတွင် လစဉ် ခေါ်ယူလျက်ရှိသည့် စစ်မှု ထမ်းတပ်သားသစ်များ(ပ/စ)များ သေဆုံး၍ ကျန်ရစ်ခဲ့သော မိသားစုများကိုမူ အခန်းပေးမည်မဟုတ်ကြောင်း၊ စစ်သားအဖြစ် လုပ်သက်အနည်းဆုံး ၁၀ နှစ်အထက်ရှိနေသော သေဆုံးစစ်သားများ၏ ကျန်ရစ်သူမိသားစုများကိုသာ ယင်းအိမ်ရာတွင် နေစရာ အခန်း(ရရှိနိုင်ရန် မဲဖောက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

    စစ်တပ်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာကို တည်ဆောက်ခဲ့ပြီး စစ်တပ်မှ သေဆုံးစစ်သည်များ၏ မိန်းမများကို မဲနှိုက် နေရာချထားပေးခဲ့ကြောင်း၊ အဆိုပါအိမ်ရာကို မုဆိုးမများအိမ်ရာဟု တက္ကစီသမားများနှင့် ဆိုင်ကယ်ကယ်ရီသမားများအကြား သတ်မှတ်ခေါ်ဝေါ်မှုများရှိကြောင်း သိရှိရသည်။