Category: News

  • စစ်ကိုင်းပျူဘုန်းကြီး ဦးဝေပုလ္လ ခေါင်းဆောင်၍ စစ်မှုထမ်းဖို့ လူငယ်များ ဖမ်းဆီးနေ

    စစ်ကိုင်းပျူဘုန်းကြီး ဦးဝေပုလ္လ ခေါင်းဆောင်၍ စစ်မှုထမ်းဖို့ လူငယ်များ ဖမ်းဆီးနေ

    စစ်ကိုင်းတောင်ရိုး ထွဋ်ခေါင် (ထန်းသစ်ရွာ)ရွာမှ ပြည်သူ့စစ်အမည်ခံ ပျူစောထီးခေါင်းဆောင်အဖြစ် နာမည်ကြီးနေသည့် ဘုန်းကြီး ဦးဝေပုလ္လ ဦးဆောင်၍ စစ်မှုထမ်းအတွက် လူငယ်များအား ပေါ်တာဆွဲနေကြောင်း သိရသည်။

    ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို စစ်ကိုင်းမြို့ပေါ်၌ လုံခြုံရေးယူထားသည့် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်မှ တပ်ဖွဲ့များ နှင့်အတူ ပျူစောထီးဘုန်းကြီး ဦးဝေပုလ္လ၏တပည့် စစ်ကိုင်းအနောက်တာသား စောပြည့်ချမ်းသာ ဦးဆောင်၍ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် ရပ်ကွက်တွင်းဝင်၍ သေနတ်ပစ်ဖောက်မှုများလုပ်သလို အိမ်ထဲထိပါဝင်ပြီး ပေါ်တာဆွဲ၊ ဖမ်းဆီးခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

    “ဒီကောင်တွေက လူတွေကိုဆွဲပြီးတော့ ဝေပုလ္လဆိုတဲ့ ဘုန်းကြီးကျောင်းကို ခေါ်သွားကြပြီး ငွေနဲ့ပြန်ရွေးခိုင်းနေတာ။ လူ တယောက်ကို ပြန်လိုချင်ရင် အနည်းဆုံး သိန်း ၅၀/၆၀ ဆိုတာမျိုး တောင်းနေတာ။ မပေးနိုင်ရင် စစ်တပ်ထဲ ထည့်ပစ်လိုက် တာပဲ။ သူတို့က လူတွေကို ဖမ်းပြီးရောင်းစားနေကြတာမျိုး။ တရားဝင်လိုင်စင်ရ လူကုန်ကူးခွင့်ရနေတာမျိုးပေါ့” ဟု စစ်ကိုင်းမြို့ခံတဦးက ပြောသည်။

    စက်တင်ဘာ နောက်ဆုံးပတ်အတွင်း၌ပင် လူငယ် ၅၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး စစ်တပ်၊ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူ အနည်းငယ်သာ ပြန်လွတ်မြောက်လာကာ အများစုမှာ ပြန်လွတ်လာခြင်းမရှိကြောင်း စစ်ကိုင်းမြို့ပေါ် ရှိ စစ်ရှောင်များနေထိုင်ရာ ရပ်ကွက်များ၊ ဘုန်းကြီးကျောင်းများကို ဧည့်စာရင်းအကြောင်းပြ၍ လူငယ်များအား ပစ်မှတ်ထားဖမ်းဆီးနေကြောင်း၊ မြို့ပေါ်၌ စစ်တပ် ဖွဲ့စည်းပေး ထားသည့် ပျူစောထီးအဖွဲ့ဝင် ထောင်ကျော်ထိရှိနေပြီး ဧည့်စာရင်းစစ်ရာတွင် ပျူစောထီးအဖွဲ့များက ဦးဆောင်နေခြင်းဟု လည်း သိရသည်။

    ဘုန်းကြီး ဦးဝေပုလ္လသည် စစ်ကိုင်းတောင်ရိုးပေါ်မှ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC) တည်ရှိသော ထွဋ်ခေါင် (ထန်းသစ်ရွာ)ကျေးရွာတွင် မြေဝယ်ယူကာ ကိုယ်ပိုင်ကျောင်းဆောက်၍ ကျောင်းထိုင်အဖြစ် သီတင်းသုံးနေသူ ဖြစ်ပြီး လက်ရှိ ပျူစောထီးအထိုင်စခန်းအဖြစ် ဖွင့်လှစ်ထားကာ ကျောင်းပရဝုဏ်ကို လုံခြုံရေးအထပ်ထပ်ချထားကြောင်း မြို့ခံများက ဆိုသည်။

    “သူက သင်္ကန်းဝတ်ထားပေမယ့် မိန်းမနဲ့ဗျ။ အဲဒီမိန်းမက လက်ကောက်တွေ ဝတ်ထားတာမှ တံတောင်ဆစ်လောက်အထိ ရှိတယ်။ အဲဒါကို ထွဋ်ခေါင်တရွာလုံး သိကြတယ်။ ဘုန်းကြီးဝေပုလ္လ၊ သူ့လက်အောက်က ရွှေပုတီးတို့၊ ဘုန်းကြီး ဦးဂန္ဓမာတို့ ဆိုတာ စာတတ်ပေတတ်ထဲမှာမပါ။ ကျနော်တို့သိရသလောက် အကြီးတန်းလောက်ပဲ အောင်ထားတာ။ မြေဝယ်ပြီး ကိုယ့် ကျောင်းကိုယ်ဆောက် ကျောင်းထိုင်နေတာမျိုး” ဟု ဒေသခံတဦးက ပြောသည်။

    ပျူစောထီးဘုန်းကြီး ဦးဝေပုလ္လသည် စစ်တပ်အာဏာမသိမ်းခင်ကတည်းက တရားမဝင်လုပ်ငန်းများဖြစ်သော နှစ်လုံး၊ သုံးလုံး၊ ဘောလုံး စသည့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့သလို သစ်၊ ဓာတုဆေး စသဖြင့် ကန့်သတ် တရားမဝင်ကုန် စည်များ သယ်ဆောင်နိုင်ရေး ငွေကြေးရယူ လုပ်ဆောင်ခဲ့သူလည်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

    ပြီးခဲ့သည့် မတ် ၂၈ ရက် ငလျင်ကြီးလှုပ်ခတ်မှုအတွင်း ရတနာပုံတံတား (စစ်ကိုင်း)တံတား ထိခိုက်မှုများရှိခဲ့သဖြင့် ကုန်တင်ကားကြီးများကို ပေးမဖြတ်ဘဲ ဇက်သင်္ဘောဖြင့် ဧရာဝတီမြစ်ဖြတ်ကူးမှုတွင်လည်း ဘုန်းကြီးဦးဝေပုလ္လ၏ တပည့်ဖြစ်သူ ရွှေပုတီးဘုန်းကြီး ဦးဆောင်၍ ဇက်ဆိပ်၌ ငွေကြေးကောက်ခံနေသလို စစ်တပ်အလိုကျ လိုက်ပါ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

    အလားတူ ပျူစောထီးခေါင်းဆောင်ဖြစ်နေသူ စောပြည့်ချမ်းသာသည်လည်း ရပ်နားလိုက်ရသည့် စစ်ကိုင်းမြို့ အခြေ စိုက် ဇေယျာတိုင်းမ်သတင်းဌာနမှ သတင်းထောက်ဟောင်းတယောက်ဖြစ်ပြီး ၂၀၂၁ ဇွန် ၂၆ ရက်၌ စစ်ကိုင်းခရိုင် ဒုစရိုက်နှိမ် နင်းရေးအဖွဲ့၏ ဖမ်းဆီးခံခဲ့ရပြီးနောက် ဇွန် ၂၈ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

    စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနအား ပိတ်သိမ်းကာ အယ်ဒီတာချုပ် ကိုစောရန် ပိုင် အပါအဝင် သတင်းထောက်များကို အမှုဖွင့်ခဲ့ပြီး ကိုပြည့်ဖြိုးအောင်၊ ကိုဒီမြတ်ငြိမ်း၊ စောပြည့်ချမ်းသာတို့ ဖမ်းဆီးခံရကာ လက်ရှိ ကိုပြည့်ဖြိုးအောင်၊ ကိုဒီမြတ်ငြိမ်းတို့ ထောင်ချခံထားရသော်လည်း စောပြည့်ချမ်းသာတဦးတည်း ပြန်လည်လွတ် မြောက်လာခြင်း ဖြစ်သည်။

    လက်ရှိ စစ်ကိုင်းမြို့အနှံ့တွင် စစ်တပ်နှင့် ပျူစောထီးအဖွဲ့များ အိမ်စီးကားများဖြင့် ကင်းလှည့်နေသလို လမ်းပေါ်သွားလာနေ သည့် ကား၊ ဆိုင်ကယ်များကို တားဆီးစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ရတနာပုံတံတား (စစ်ကိုင်း) ပေါ်၌လည်း ခရီးသွားပြည်သူများအား မှတ်ပုံတင်စစ်ဆေးပြီး အမျိုးသမီးများ အပါအဝင် လူငယ်များ နေ့စဉ် အကြောင်း အမျိုးမျိုးဖြင့် ဖမ်းဆီးခံရမှုများ ရှိနေကြောင်း သိရသည်။

  • ဗန်းမောက်မြို့ကို စစ်ကော်မရှင် စစ်ကြောင်းထိုး၊ မြို့အနီးကိုရောက်လာ

    ဗန်းမောက်မြို့ကို စစ်ကော်မရှင် စစ်ကြောင်းထိုး၊ မြို့အနီးကိုရောက်လာ

    စစ်ကော်မရှင်က လက်လွှတ်ခဲ့ရသည့် ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းအသုံးပြုကာ စစ်ကြောင်းထိုး ဝင်ရောက်လာနေကြောင်း သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့မှစပြီး ဗန်းမောက်မြို့ကို စစ်ကော်မရှင်နှင့် ရှမ်းနီပြည်သူ့စစ်များပူးပေါင်းပြီး စစ်ကြောင်းထိုးလာရာ အောက်တိုဘာ ၅ ရက်နေ့က လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက်၍ အကာအကွယ်ယူ ရှေ့တိုးလာနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    “စစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းများ မြို့နဲ့ လေးမိုင်အကွာထိ ရောက်လာပြီလို့သိရပါတယ်။ မြို့ကို ပြန်လည်ထိန်းချုပ်ပြီး ဗန်းမောက်မြို့ ဆေးရုံဘက်ကို အရင်ဝင်ရောက်ဖို့ စီစဉ်ထားတယ်လို့ ကြားပါတယ်။ အခုတော့ ဟုမ္မလင်းဘက်ကနေ ပူးပေါင်းတပ်တွေ စေလွှတ်ထားပါတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

    စစ်ကော်မရှင်၏ တပ်မ ၃၃၊ ခမရ ၁၆ နှင့် ရှမ်းနီပြည်သူ့ SNA တပ်တို့ပူးပေါင်းပြီး ဗန်းမောက်မြို့ရှိ ခမိုးရွာနှင့် စက်တောရွာအနီးထိ ချဉ်းကပ်လာသည့်အတွက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့က ဗန်းမောက်မြို့ပေါ်ရှိ ရှမ်းနီပြည်သူ့စစ်နှင့် စစ်ကော်မရှင်တပ်တို့ကို မောင်းထုတ်ပြီး ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။

    မြို့ပေါ်မှ ကစဉ့်ကလျားထွက်ပြေးသည့် စစ်ကော် မရှင်တပ်သည် မြို့၏အနောက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတွင် အင်အားပြန်စုဖွဲ့ပြီး ဟုမ္မလင်းမှ စစ်ကြောင်းထိုးတက်လာသည့် ခမရ ၁၆ နှင့်ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်လာခြင်းဖြစ်သည်။

    တိုက်ပွဲများကြောင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မြို့အနီးရှိ ကျေးရွာအချို့မှ ခေတ္တဆုတ်ခွာပေးထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

  • မင်းလှမြို့နယ်တွင် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို PDF တပ်ဖွဲ့က မီးရှို့ရှင်းလင်း

    မင်းလှမြို့နယ်တွင် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို PDF တပ်ဖွဲ့က မီးရှို့ရှင်းလင်း

    မင်းလှမြို့နယ်တွင် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို PDF တပ်ဖွဲ့က မီးရှို့ရှင်းလင်း

    ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အောက်တိုဘာလ ၆ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းကျေးရွာရှိ လူငယ်အားမာန် စာကြည့်တိုက်တွင် အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် မီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “စစ်ခွေး ရွေးကောက်ပွဲအတွက် ဆင်တဲကုန်းအုပ်စုက မဲစာရင်းတွေကို ကျနော်တို့ ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်တယ်။ ပစ်ခတ်မှုဖြစ်ပွားတာတော့ မရှိပါဘူး။ မဲစာရင်းတွေကတော့ အကုန်လောင်သွားပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူက ပြောဆိုသည်။

    ထိုသို့ မီးရှို့ရှင်းလင်းမှု ဖြစ်ပွားပြီးနောက် ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ဆင်တဲကုန်းကျေးရွာရှိ လူငယ်အားမာန် စာကြည့်တိုက်ကို အကြမ်းဖက် စစ်သားများ ရောက်ရှိလာပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

    အဆိုပါ ရှင်းလင်းမှုကို ၃၈ဝ၂ တပ်ခွဲ ၂ မြေအောက်ပြောက်ကျား တပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်သားများအနီး သွားလာနေထိုင် ခြင်းများ မပြုလုပ်ကြရန်နှင့် သတိထားသွားလာနေထိုင်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၂ မှ အသိပေး ပြောဆိုထားသည်။

  • ထိုင်း၌ မိုက်လုရာမှ ဦးလေးဖြစ်သူကို တူဖြစ်သူက ရိုက်သတ်

    ထိုင်း၌ မိုက်လုရာမှ ဦးလေးဖြစ်သူကို တူဖြစ်သူက ရိုက်သတ်

    ထိုင်းနိုင်ငံတွင် မူးယစ်သောက်စားရင်း ကာရာအိုကေဆိုသော မိုက်ခရိုဖုန်းအတွက် စကားများရာမှ ဦးလေး သတ်ဖြတ်ခဲ့ကြောင်း အသက် ၄၀ အရွယ် အမျိုးသားတဦးက ဝန်ခံချက်ပေးသည်။

    အကြောင်းကြား ခေါ်ယူ၍ ပတ်ချောင်ခရိုင် ပွန်တာလုံရပ်ကွက်ရှိ အိမ်တအိမ်ဆီ ရဲများ ရောက်ရှိရာ အသက် ၅၉ နှစ်အရွယ် ထျန်းဆိုသူသည် ဦးခေါင်း၌ ဒဏ်ရာကြီးကြီးမားမား ရထားပြီး သွေးအိုင်ထဲ လဲကျသေဆုံးနေသည်ကို တွေ့ ရှိသည်။

    ထို အလောင်း ဘေးတွင် ဒင်ကျိုးနေသော လေသေနတ် တလက်ကိုပါ တွေ့ရှိသည်။

    ရဲများက ဦးလေးဖြစ်သူကို သတ်ဖြတ်ခဲ့ဟု ဖြောင့်ချက်ပေးသော တူဖြစ်သူ အက်သစ်ကို ဖမ်းဆီးခဲ့သည်။

    သူတို့ တူဝရီး နှစ်ဦး အတူတူ သောက်စားခဲ့ကြသည်ဟု အက်သစ်က စုံစမ်းစစ်ဆေးသူများကို ပြောကြောင်း ရဲတပ်ဖွဲ့အရ သိရသည်။ ဦးလေးဖြစ်သူက သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောပြီး သူဆီက မိုက်ကို ဆွဲလုကြောင်း ၎င်းက ထွက်ဆိုသည်။

    သူက တုံ့ပြန်ကာ ဦးလေးကို သေနတ်ဒင်ဖြင့် ဦးခေါင်းကို ထုရိုက်ပြီး နားအောက်ကို ဓားဖြင့် ထိုးခဲ့သည်။

    ရဲက အက်သစ်ကို လူသတ်ဖြတ်မှု စွဲချက်တင်ထားကာ တရားစွဲဆိုရေးအတွက် ဖမ်းဆီးထားသည်။

    Bangkok Post မှ Man slays uncle over karaoke microphone ကို မိုးသဲ ဘာသာပြန်သည်။

  • သီတင်းကျွတ်လပြည့်‌ည မြို့ပေါ်တွေမှာ ပျော်ပွဲရွှင်ပွဲလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဒေသတွေကို အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်

    သီတင်းကျွတ်လပြည့်‌ည မြို့ပေါ်တွေမှာ ပျော်ပွဲရွှင်ပွဲလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဒေသတွေကို အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်

    စစ်အုပ်စုက သီတင်းကျွတ်လပြည့်‌ည မြို့ပေါ်တွေမှာ ပျော်ပွဲရွှင်ပွဲလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဒေသတွေကို အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်

    စစ်အုပ်စုက သီတင်းကျွတ်လပြည့်‌နေ့မှာ မြို့ပေါ်တွေမှာ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတော်တော်များများကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် ပြည်သူ ၄၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

    အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ တစ်ရက်တည်းမှာပဲ မုံရွာမြို့နယ်၊သီပေါနဲ့နမ္မတူ မြို့တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး မုံရွာနဲ့ချောင်းဦးအစပ် ဗုံတိုရွာကို စစ်အုပ်စုပါရာမော်တာနဲ့ကြဲချတာကြောင့် ပြည်သူ‌ ၄၀ ကျော် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူလည်း လေးဆယ်ထက်မနည်း ရှိပါတယ်။

    စစ်အုပ်စုက မုံရွာ‌မြို့ပေါ်၊မန္တလေးနဲ့ရန်ကုန်မြို့တွေမှာ သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်တဲ့နယ်မြေတွေကိုတော့ သီတင်းကျွတ်လပြည့်ညမှာ ဗုံးကြဲခဲ့တာကြောင့် ပြည်သူတွေ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
    စစ်အုပ်စုအနေနဲ့ လေကြောင်းကနေ ဗုံးကြဲပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာက ပြည်သူကို အကြောက်တရားသွင်းနေတာလို့ အညာဒေသ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

    “စစ်ကောင်စီက လူမဆန်တာကတော့ ဒီလိုနေ့မှ မဟုတ်ဘူးပေါ့လေ နေ့စဉ်နဲ့အမျှ လူမဆန်စွာလုပ်နေတာ‌ပါ။ ဒီလိုနေ့ရက်တွေမှ ဆိုးရွားရက်စက်စွာ ဗုံးကြဲသတ်ဖြတ်တာက ဖော်ပြလို့မရအောင် ဆိုးရွားတဲ့ရက်စက်မှုတွေပေါ့ မြို့ပေါ်မှာတော့ လုပ်စေပြီး တော်လှန်ရေးနယ်မြေတွေကိုကျ အကြောက်တရားရိုက်သွင်းတာက နံပါတ်တစ်ပေါ့။ နံပတ်နှစ်က ဒါမျိုးတွေရှိလို့ ဖြစ်ရတာဆိုပြီး ပြည်သူလူထုက တော်လှန်ရေးကို မပါဝင်ရအောင် ပါဝင်ဖို့ ကြောက်သွားအောင် Mindset တွေ ရိုက်သွင်းချင်တာပါ။ ဒါပေမဲ့ အညာဒေသကလူတွေက ဒီထက်ပိုဆုံးရှုံးစရာမရှိတော့ဘူး ဆိုတော့လေ သူတို့ ဘယ်လိုမျိုး Mindset တွေ ရိုက်သွင်းသွင်း အညာဒေသကလူတွေအတွက် ဘာမှ သူတို့အပေါ်မှာ အမုန်းတရားနဲ့နာကျည်းချက်ကလွဲ ဘာမှရှိလာမှာ မဟုတ်တော့ဘူး”

    သီတင်းကျွတ်လပြည့်‌ညမှာ မုံရွာနယ်နဲ့ချောင်းဦးနယ် အစပ်မှာ ပြုလုပ်တဲ့ ဆီးမီးသပိတ်ကို စက်တပ်လေထီးနဲ့ ၁၂၀ မမ ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်တာကြောင့် ပြည်သူ ၄၀ ကျော်ထိသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များပြားတယ်လို့ ဆိုပါတယ်။

    အလားတူ TNLA ထိန်းချုပ်ထားတဲ့ သီပေါနဲ့နမ္မတူမြို့တို့မှာလည်း မနေ့က စစ်အုပ်စုဗုံးကြဲသတ်ဖြတ်လို့ ပြည်သူ လေးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်‌အဆောက်အဦး ၆ လုံးခန့်လည်း ပြိုကျပျက်စီး ခဲ့ပါတယ်။

    အဲဒီလိုပဲ စစ်အုပ်စုက မြိုင်မြို့နယ်တောင်ပိုင်းက တွင်းမ ပျူစောထီးကျေးရွာအနီးက စစ်ရှောင်ပြည်သူတွေကို ဦးတည်ပြီး Y-12 အမျိုးအစားလေယာဉ်နဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ပေမဲ့ ယာခင်းပြင်ကို ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူအထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

    ဂန့်ဂေါမြို့နယ် ဇဟောရွာကိုလည်း စစ်အုပ်စုတပ် ခလရ ၅၀ ကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရပြီး နွား‌တစ်ကောင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    Photo- Monywa Night King

    မုံရွာချောင်းဦးနယ်အစပ်က ဆီမီးသပိတ် ဗုံးကြဲခံရပြီးနောက် ဒဏ်ရာရသူတွေကို မြင်တွေ့ရပုံ။