ဗန်းမောက်မြို့ကို စစ်ကော်မရှင် စစ်ကြောင်းထိုး၊ မြို့အနီးကိုရောက်လာ

စစ်ကော်မရှင်က လက်လွှတ်ခဲ့ရသည့် ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းအသုံးပြုကာ စစ်ကြောင်းထိုး ဝင်ရောက်လာနေကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့မှစပြီး ဗန်းမောက်မြို့ကို စစ်ကော်မရှင်နှင့် ရှမ်းနီပြည်သူ့စစ်များပူးပေါင်းပြီး စစ်ကြောင်းထိုးလာရာ အောက်တိုဘာ ၅ ရက်နေ့က လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက်၍ အကာအကွယ်ယူ ရှေ့တိုးလာနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“စစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းများ မြို့နဲ့ လေးမိုင်အကွာထိ ရောက်လာပြီလို့သိရပါတယ်။ မြို့ကို ပြန်လည်ထိန်းချုပ်ပြီး ဗန်းမောက်မြို့ ဆေးရုံဘက်ကို အရင်ဝင်ရောက်ဖို့ စီစဉ်ထားတယ်လို့ ကြားပါတယ်။ အခုတော့ ဟုမ္မလင်းဘက်ကနေ ပူးပေါင်းတပ်တွေ စေလွှတ်ထားပါတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်၏ တပ်မ ၃၃၊ ခမရ ၁၆ နှင့် ရှမ်းနီပြည်သူ့ SNA တပ်တို့ပူးပေါင်းပြီး ဗန်းမောက်မြို့ရှိ ခမိုးရွာနှင့် စက်တောရွာအနီးထိ ချဉ်းကပ်လာသည့်အတွက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့က ဗန်းမောက်မြို့ပေါ်ရှိ ရှမ်းနီပြည်သူ့စစ်နှင့် စစ်ကော်မရှင်တပ်တို့ကို မောင်းထုတ်ပြီး ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။

မြို့ပေါ်မှ ကစဉ့်ကလျားထွက်ပြေးသည့် စစ်ကော် မရှင်တပ်သည် မြို့၏အနောက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတွင် အင်အားပြန်စုဖွဲ့ပြီး ဟုမ္မလင်းမှ စစ်ကြောင်းထိုးတက်လာသည့် ခမရ ၁၆ နှင့်ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်လာခြင်းဖြစ်သည်။

တိုက်ပွဲများကြောင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မြို့အနီးရှိ ကျေးရွာအချို့မှ ခေတ္တဆုတ်ခွာပေးထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *