Category: News

  • မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

    မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးကာ၊ ၁၇ ဦး အပြင်းထန် ထိခိုက်ဒဏ်ရာရရှိ Yae Nagar မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မုံရွာခရိုင် ကွပ်ကဲရေးအဖွဲ့၏ စီစဥ်မှုဖြင့် မုံရွာမြို့နယ်၊ ကျောက္ကာရွာ၊ ရွှေဂူနီဘုရားအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

    “ကျောက္ကာမြောက်ရွာမှာ ကျွန်တော်တို့ တိုက်တာပေါ့။ ရွေဂူနီ ဘုရားနားလေးမှာ တိုက်ပွဲ ဖြစ်တာ စစ်ခွေး အင်အား ကတော့ ၆၀ ဝန်းကျင်လောက် ရှိမယ်။ အသေအပျောက်စာရင်းကတော့ ၁၅ ကောင်သေတယ်။ ၁၇ ကောင် ဒဏ်ရာ အပြင်ထန်းရတယ်။ ည ၇ နာရီခွလောက်မှာ တိုက်ပွဲပြီးတာပါ” ဟု Yae Nagar မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ကွပ်ကဲရေးအဖွဲ့၏ စီစဥ်မှုဖြင့် မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ကျောက္ကာရွာ၊ ရွှေဂူနီဘုရားအနီးတွင် PDF တပ်ရင်းများနှင့် ပူးပေါင်းပြီး မုံရွာမြို့နယ်ပကဖ၊ မုံရွာ တိုက်နယ် (၂) ပကဖ၊ မုံရွာ တိုက်နယ် (၃) ပကဖ၊ အရာတော်မြို့နယ် တိုက်နယ် (၁၁) ပကဖ၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့များဖြစ်ကြသော Danger Force နှင့် ရေနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YNG စစ်ကြောင်း)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

    အလားတူ ဩဂုတ်လ ၈ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် မုံရွာမြို့ ကျောက္ကာလမ်းပိုင်းရှိ ရွှေဂူနီဘုရား ၊ ဘောလုံးကွင်းနှင့် ရွှေဂူဖြူဘုရား အနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးကာ ၁ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

  • ဝက်လက် လေကြောင်းတိုက်ခိုက်မှု ၄ ဦး ထက်မနည်းသေဆုံး

    ဝက်လက် လေကြောင်းတိုက်ခိုက်မှု ၄ ဦး ထက်မနည်းသေဆုံး

    ဝက်လက်နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း သက်လတ်ပိုင်းအရွယ် အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ခြောက်ဦး ရှိသည်။

    စစ်ကိုင်းတိုင်းအတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့် စစ်တပ်က ဝက်လက်မြို့နယ်၊ ရုံးပင်ကုန်းရွာကို ယမန်နေ့ (ဩဂုတ်လ၊ ၂၇ ရက်နေ့) က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ လေး ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

    ဝက်လက်မြို့အရှေ့ဘက် ဝက်လက်-ရှိန်းမကားလမ်းပေါ်ရှိ ရုံးပင်ကုန်းရွာကို ညနေ ၅ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် တိုက်လေယာဉ်ဖြင့် လေးကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။

    အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၄၀ ကျော်အရွယ် အမျိုးသား သုံး ဦးနှင့် အသက် ၅၀ ကျော်အရွယ် ဒေါ်စန်း သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းများကို ဖော်ပြနေသည့် Wetlet Information Network နှင့် တော်လှန်ရေးအင်အားစုများထံက သိရသည်။

    ရုံးပင်ကုန်းရွာကို ဗုံးကြဲမှုကြောင့် ရွာလယ်လမ်းအရှေ့ဘက်၊ ဘုန်းကြီးကျောင်းဆောင်တစ်ခု ပျက်စီးသွားပြီး လမ်း၏အနောက်ဘက်၊ နေအိမ်များပေါ်သို့ လက်နက်ကြီး အစအနများ ကျသဖြင့် လူထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဝက်လက်မြို့နယ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “အခုက ရွာကိုသေချာပစ်တာဗျ။ ကျောင်းဘက်ရော လမ်းပေါ်တွေရော ကျတယ်။ အများစုက အစမှန်တာ ဆိုတော့ ဒဏ်ရာရစာရင်းက အသေးအမွှားတွေလည်း ရှိနိုင်သေးတယ်”ဟု အထက်ပါဒေသခံက ဆိုသည်။

    ဝက်လက်မြို့နယ်သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင်ရှိပြီး မြစ်တစ်ဖက်ကမ်း မျက်နှာချင်းဆိုင်တွင် မန္တလေးတိုင်း၊ မတ္တရာနှင့် စဉ့်ကူးမြို့တို့နှင့် ထိစပ်နေသည်။

    လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေစဉ်တွင် မြစ်တစ်ဖက်ကမ်း၊ မတ္တရာမြို့နယ်အခြေစိုက်၊ စစ်တပ်က အဝေးပစ် လက်နက်ကြီး (ဟောင်ဝစ်ဇာ)များဖြင့် ဆက်တိုက်ပစ်ခတ်သည့်အတွက် ကူညီကယ်ဆယ်ရေး လုပ်ရန် ကြန့်ကြာခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

    စစ်ကိုင်း၊ ရွှေဘိုမြို့နယ်တို့နှင့် ထိစပ်နေသည့် ဝက်လက်မြို့နယ်တွင် စစ်တပ်က မြို့ပေါ်၊ ရှိန်းမကား၊ စိုင်နိုင်ကွေ့၊ လှတော၊ ရွာသာကြီး၊ ဟန်လင်းစသော ကျေးရွာများတွင် ခြေကုပ်ယူထားပြီး ကျေးလက် ဒေသအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။

    ယခင်လမှစတင်ကာ ဝက်လက်မြို့နယ်အတွင်း စစ်တပ်က မြေပြင်စစ်ရေးလှုပ်ရှားမှုများ သိသိသာသာ ပြုလုပ်လာခဲ့သည့်အပြင် တောင်ဘက်စစ်ကိုင်းမြို့နယ်ဘက်မှတဆင့် စစ်ကြောင်းထိုးနေပြီး စဉ့်ကိုင်မြောက်ရွာတွင် စစ်တပ် အခြေချထားသည်မှာ တစ်လနီးပါး ရှိလာပြီဖြစ်သည်။

    ဝက်လက်မြို့နယ်တွင် စစ်ကော်မရှင်တပ်က မြေပြင်စစ်ကြောင်းထိုးခြင်းသာမက တိုက်ပွဲမရှိသည့် ကျေးရွာများအား ဇူလိုင်လကတည်းကပင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ခဲ့သည်။ ယင်းအတွက်ကြောင့် အရပ်သား တစ်ဒါဇင်ထက်မနည်း သေဆုံးခဲ့ရသည်။

    ဝက်လက်မြို့နယ်အရှေ့ခြမ်းကျေးရွာများကို မတ္တရာအခြေစိုက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုများ လုပ်လေ့ရှိပြီး ၊ မြို့နယ်အနောက်ခြမ်းကျေးရွာများကို အရာတော်မြို့နယ် အခြေစိုက် အမှတ်(၁၀) လေ့ကျင့်ရေးတပ်မှ လက်နက်ကြီးပစ်ခတ်မှုများ လုပ်လေ့ရှိကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများထံ ကသိရသည်။

    “ဝက်လက်မှာလေကြောင်းက နေ့တိုင်းနီးပါး ရက်ဆက်ကြဲနေတယ်။ အရှေ့ ခြမ်း ကြဲလိုက်။ အနောက်ခြမ်းကြဲလိုက်နဲ့ ဒီလထဲကို ငါး ခေါက်ကျော်နေပြီ။ ဟောင်ဝစ်ဇာနဲ့လည်း ရက်ခြား လှမ်း ထုနေတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    ယနှစ်ကုန် ရွေးကောက်ပွဲကျင်းပရန် စိုင်းပြင်းနေသည့် စစ်တပ်က ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ စစ်ကိုင်းတိုင်းမှ ဝက်လက်မြို့နယ်အပါအဝင် မြို့နယ် ကိုး ခုပါဝင်သည်။

    “အရေးအပေါ်အခြေအနေထုတ်ပြန်ချက်ထဲမှာပါတဲ့မြို့နယ်ဖြစ်လို့ တစ်မြို့နယ်လုံးကိုပစ်မှတ်ထားပြီး တိုက်ခိုက်နေတယ်။ အိမ်ခြေ ၁၀၀-၁၅၀ရှိတဲ့ရွာမှာ ဘယ်မှသွားစရာမှမရှိလို့ ကြောက်လည်း ပုန်းခိုကျင်း တူးပြီးနေကြတယ်။ မိုးရာသီဆိုတော့ ရေတွေတော့ဝပ်တာပေါ့”ဟု အထက်ပါ တာဝန်ရှိသူကပြောသည်။

    ဝက်လက်မြို့အနောက်ဘက်ခြမ်းရှိ ဇီးဖြူကုန်းရွာကိုလည်း ဩဂုတ်လ၊ ၂၆ ရက်နေ့က အင်ဂျင်တပ် လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတစ်ဆောင်နှင့်အနီးရှိ နေအိမ်တစ်လုံးပျက်စီးခဲ့သည်။

    စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း ဧရာဝတီနှင့် ချင်းတွင်းမြစ်တကြောတွင် မြေပြင်စစ်ကြောင်းများ တကျော့ပြန် ထိုးနေသလို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ပြီး နယ်မြေစိုးမိုးရေးလုပ်နေကြောင်း ဘုတလင်မြို့နယ် တပ်ရင်းတစ်ခုမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “ဒီလထဲ လေကြောင်းတိုက်ခိုက်မှုတွေကိုကြည့်ရင် လူစည်ကားရာနေရာဆိုတာနဲ့ ပစ်လာတဲ့သဘောကို တွေ့ရတယ်။ ထိတွေ့တိုက်ပွဲတွေမှာ လေကြောင်းပစ်ကူတာ မဆန်းပေမယ့် အရပ်သားတွေကို ပစ်မှတ်ထား လာခြင်းက စစ်တပ်ဟာ စစ်အသာစီးရရေး ဘာမဆိုလုပ်မယ်ဆိုတဲ့သဘောပဲ”ဟု ၎င်းက ဆိုသည်။

    နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု အားကောင်းလာချိန်၌ စစ်တပ်၏မြေပြင်စစ်ကြောင်း သိသိသာသာ လျော့နည်းသွားသော်လည်း ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက စတင်က၍ မြို့နယ် ၁၅ ခု ထက်မနည်းတွင် အင်အားအများပြားဖြင့် စစ်ကြောင်းထိုးနေသည်။

  • ပုဂံတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရ

    ပုဂံတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရ

    ပုဂံတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီးနောက် မြို့ကို လုံခြုံရေးတင်းကျပ်ထား

    မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်ဖွဲ့နှင့် ပုခက္ကူခရိုင်တပ်ရင်း ၁၇ မှ တော်လှန်ရေးရဲဘော်များသည် ယမန်နေ့ ဩဂုတ် ၂၇ ရက်နေ့က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကာ မြို့ကိုလုံခြုံရေးတင်းကျပ်လိုက်ကြောင်း သိရသည်။

    “ကားလမ်းတွေပါ ပိတ်ထားတယ်။ မြို့ထဲဘယ်သူမှအပြင်မထွက်ရဲကြဘူး။ ကလေးတွေတော့ လွတ်သွားတယ်ကြားတယ်”ဟု ပုဂံမြို့နေအမျိုးသားတစ်ဦးက ပြောသည်။

    ပုဂံမြို့သစ်၊ ဆင်ဖြူတော်ယွန်းထည်ဆိုင်လမ်းကြားတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးခန့်နှင့် တော်လှန် ရေးရဲဘော်တို့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ပစ်ခတ်ကြရာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားခြင်းဖြစ်သည်။

    ယနေ့ ဩဂုတ် ၂၈ ရက်နေ့တွင် ပုဂံမြို့အဝင်အထွက် ဂိတ်များနှင့် သရပါတံခါး၊ အလိုတော်ပြည့်ဘုရား၊ ညောင်ဦးဈေး စသည့်နေရာများတွင် စစ်ကော်မရှင်တပ်က လုံခြုံးရေးတင်းကျပ်စွာ ချထားကြောင်း ဒေသခံများထံမှ သိရသည်။

    စစ်ကော်မရှင်တပ်သည် ယမန်နေ့ ဩဂုတ် ၂၇ ရက်နေ့က ဆင်ဖြူတော်ဆိုင်လမ်းဘေးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦးကို သေနတ်များနှင့်တွေ့ရှိသည့် အတွက် လိုက်လံပစ်ခတ်ခဲ့ရာ နာရီနှင့်ချီကြာသည်အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

    ပစ်ခတ်မှုဖြစ်စဉ်အပြီးတွင် တော်လှန်ရေးရဲဘော်သုံးဦးလွတ်မြောက်သွားပြီး ပါလာသည့် ဆိုင်ကယ်တစ်စီး ဆုံးရှုံးမှုရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်ဝန်းကျင်မှစ၍ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြို့တော်ပုဂံကို တင့်ကားများပါသုံး၍ အင်အားအလုံး အရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

  • စစ်ကော်မရှင်တပ် အရာရှိများကိုပါ တိုက်ပွဲအနီး ကွင်းပြင်တွင် တာယာကွင်းနှင့်မီးရှို့သင်္ဂြိုဟ်နေရ

    စစ်ကော်မရှင်တပ် အရာရှိများကိုပါ တိုက်ပွဲအနီး ကွင်းပြင်တွင် တာယာကွင်းနှင့်မီးရှို့သင်္ဂြိုဟ်နေရ

    ဧရာဝတီတိုင်း စစ်မျက်နှာပြင်တွင်သေဆုံးသည့် စစ်ကော်မရှင်တပ် အရာရှိများကိုပါ တိုက်ပွဲအနီး ကွင်းပြင်တွင် တာယာကွင်းနှင့်မီးရှို့သင်္ဂြိုဟ်နေရ

    ‎ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) ၊ အမှတ်-၄ စစ်မြေပြင်ဆေး တပ်ရင်း (မဆရ-၄) တွင် ဆေးကုသရန်ပို့ဆောင်ထားသူများမှလွဲ၍ ရှေ့တန်းစစ်မျက်နှာတွင် သေဆုံးသူ များကို တပ်စွဲထားရာနေရာတွင်ပင် မီးရှို့သင်္ဂြိုဟ်နေရကြောင်း သိရသည်။

    ‎လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒဏ်ရာရ စစ်ကော်မရှင် တပ်သားများကို ပုသိမ်မြို့ရှိ မဆရ-၄ သို့ ပို့ဆောင်ဆေးကုသပေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

    ဧရာဝတီစစ်မြေပြင်မှ ဒဏ်ရာရရှိလာသည့် စစ်ဗိုလ်တစ်ဦးသည် ‎ယမန်နေ့ ဩဂုတ် ၂၇ရက်နေ့က ဆေးကုသနေစဉ်သေဆုံးသွားသည့်အတွက် ရွှေမြင်တင် မီးသဂြိုဟ်စက်တွင် လာရောက် သင်္ဂြိုဟ်သွား ကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။

    ‎”အိမ်စီးကား၊ မီနီဘတ်စ်၊ စစ်ကားရယ်ပြီးတော့ နာရေးကား‌တွေနဲ့လာပြီး ရွှေမြင်တင်မှာ မကြာခဏ သင်္ဂြိုဟ်နေတာ တွေ့ရပါတယ်” ဟု ပုသိမ်ဒေသခံတစ်ဦးက ပြောသည်။

    ‎အနောက်တောင်တိုင်း စစ်ဌာနချုပ် မဆရ-၄ တွင် စစ်ကော်မရှင်တပ်အရာရှိ လူနာများကိုသာ အလေးထားကုသပေးနေပြီး တိုက်ပွဲအတွင်းသေဆုံးသည့် အရာရှိအဆင့်များ၏ အလောင်းကိုပင် ပြန်လည်သယ်ယူခြင်းမပြုတော့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ‎သေဆုံး စစ်အရာရှိအလောင်းများကို သယ်ဆောင်ခွင့်ရသော်လည်း တိုက်ပွဲအနီး နေရာလွတ်တွင်ပင် တာယာကွင်းများဖြင့် မီးရှို့ သင်္ဂြိုဟ်လျက်ရှိကာ ထွက်ပြေးမှုများရှိနေ၍ ပြန်လည်ဖမ်းမိသူများကို တိုက်ပွဲအတွင်း ပြန်လည်ပို့ဆောင်ခံရကြောင်း သိရသည်။

    ‎ဧရာဝတီတိုင်းအတွင်း မြောက်စမ်းအမြောက်တပ်ကိုလည်း စစ်ကော်မရှင်က စစ်အင်အားအကူ အညီများ ဆက်တိုက်ပို့နေပြီး အမြောက်တပ်အနီးရှိ ကျေးရွာများကိုလည်း ပြောင်းရွှေ့ခိုင်းထားကြောင်း သိရသည်။

    ‎ပုံစာ-ရှေ့တန်းကျသွားသည့် စစ်ကော်မရှင်တပ်အရာရှိတစ်ဦး၏နာရေးပြင်ဆင်ထားမှု(ပုံဟောင်း)

  • ရန်ကုန်မှာ မြို့ပြပျောက်ကြားတော်လှန်ရေးသမား (၁၀)ဦးထက်မနည်းဖမ်းဆီးခံရ

    ရန်ကုန်မှာ မြို့ပြပျောက်ကြားတော်လှန်ရေးသမား (၁၀)ဦးထက်မနည်းဖမ်းဆီးခံရ

    ရန်ကုန်မြို့မှာ စစ်တပ်က မြို့ပြပျောက်ကြားတော်လှန်ရေးသမား ဆယ်ဦးထက်မနည်းကို ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိထားပါတယ်။

    ယခုလ ဩဂုတ် ၂၀ ရက် ကျော်ထဲက စစ်တပ်က မြို့ပြပျောက်ကြားတော်လှန်ရေးသမားအချို့ကို ဖမ်းဆီးပြီး အချိတ်ဆက်များ ပြုလုပ်ခိုင်းကာ တော်လှန်ရေးသမားတွေကို ထပ်မံဖမ်းဆီးတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    “အဓိကက လုပ်သမျှ ကိစ္စတိုင်းကို CCTV ကနေ နောက်ယောင်ခံ ၊ ခြေရာခံ လိုက်မရအောင် အသေးစိတ် ဒေါင့်စေ့အောင် စီစဉ်ဆောင်ရွက်ကြပါလို့။ အဲ့လို ဆောင်ရွက်နိုင်ဖို့က အချိန် နဲ့ ငွေအများကြီး သုံးရပါမယ်။အဲ့လို သုံးရတဲ့ အချိန်နဲ့ ငွေက ပေးဆပ်လိုက်ရတဲ့ အဖမ်းခံရတဲ့ ရဲဘော် နဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ပါဘူး။နောက်ပြီး အဲ့လို အသေးစိတ် စိတ်ချရအောင် စီစဉ်နိုင်ဖို့အတွက် သုံးရတဲ့ အချိန်တွေ အတွက်ကို စိတ်ရှည်ဖို့ လိုပါမယ်။ စိတ်ရှည်ကြပါလို့ ပြောချင်ပါတယ်ဗျာ”ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ပြပျောက်ကြားတော်လှန်သမားတစ်ဦးက ပြောပါတယ်။

    သံလျင်မြို့နယ်၊ သာကေတမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကင်းမြို့နယ် ၊ မဂ်လာတောင်ညွန်မြို့နယ်တို့မှာ စစ်တပ်က တော်လှန်ရေးသမားတွေအပြင် အရပ်သားတွေကိုပါ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    “အဖမ်းခံရတဲ့ ရဲဘော်တွေအတွက်တော့ ကျနော် အတော်စိတ်မကောင်းဖြစ်ရပါတယ်ဗျ။ ပစ္စည်းအပေးအယူတွေ သတိထားကြဖို့နဲ့ လုံခြုံရေးအထူးသတိထားကြဖို့ သတိပေးပြောကြားလိုပါတယ်။ ကျနော်တို့ ရဲဘော်တွေက အရမ်းတန်ဖိုးကြီးပါတယ်ဗျာ” လို့ မြို့ပြပျောက်ကြား တော်လှန်ရေးသမားတစ်ဦးက ထပ်မံ ပြောပါတယ်။

    စစ်တပ်ဟာ ၄င်းတို့ပြုလုပ်မဲ့ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ စစ်တပ်လက်ပါစေတွေကို လက်နက်တပ်ဆင်ပေးတာတွေ၊ အရပ်သားတွေကို အကြောင်းပြချက်မဲ့ ဖမ်းဆီးတာတွေ၊ ညစဉ် ဧည့်စာရင်းဝင်စစ်တာတွေကို တစိုက်မက်မက် လုပ်ဆောင်နေပါတယ်။

    AAMIJ