Category: News

  • ကရင်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စမ်းသပ်မဲပေးခိုင်းမှုတွေ လုပ်ဆောင်နေ

    ကရင်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စမ်းသပ်မဲပေးခိုင်းမှုတွေ လုပ်ဆောင်နေ

    ကရင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဦးဆောင်ပြီး ဒေသခံပြည်သူတွေကို ဖိတ်ခေါ်ကာ ရွေးကောက်ပွဲအတွက် လက်တွေ့စမ်းသပ်မဲပေးတာနဲ့ အသိပညာပေးတာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သ တင်းရင်းမြစ်တွေက ပြောပါတယ်။

    အခုရက်ပိုင်းအတွင်း ဘားအံမြို့ပေါ်က အမှတ် ၂ ၊ အမှတ် ၄၊ အမှတ် ၁ စတဲ့ ရပ်ကွက်တွေမှာ စစ်ကော်မရှင်ရဲ့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး အီလက်ထရောနစ် မဲပေးစက်အကြောင်းတွေ၊ လက်တွေ့စမ်းသပ်မဲပေးတာတွေ စတဲ့အကြောင်းအရာတွေကို ရပ်ကွက်နေပြည်သူတွေကို ဖိတ်ခေါ်ကာ ရှင်းပြတာတွေ လုပ်ဆောင်ခဲ့တာပါ။

    ဒါ့အပြင် လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးဝန်းကျင်ကျေးရွာတွေ၊ ပိုင်ကျုံမြို့၊ ရွှေဂွန်း၊ ထီလုံ၊ တာပေါင်၊ ဒေါ်လန်း စတဲ့ ဒေသတွေမှာလည်း စစ်ကော်မရှင်လက်အောက်ခံ အဖွဲ့ဝင်တွေခွဲပြီး ကွင်းဆင်းကာ ရွေးကောက်ပွဲအတွက် အသိပညာပေးဟောပြောတာ၊ လက်တွေ့စမ်းသပ်မဲပေးတာတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

    မဲပေးစက် အလုပ်လုပ်ပုံအဆင့်ဆင့်နဲ့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ သိသင့်သိထိုက်တဲ့ အချက်အ လက်တွေကို စစ်ကော်မရှင်လက်အောက်ခံ အဖွဲ့တွေက အသိပညာပေးဟောပြောခဲ့ပြီး ရွေး ကောက်ပွဲမှာ အသုံးပြုမယ့် မဲပေးစက်ကို မဲဆန္ဒရှင်ပြည်သူတွေက လက်တွေ့အသုံးပြုစမ်းသပ်ခဲ့ကြတယ်လို့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ထားပါတယ်။

    စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လာမယ့်နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၂၈ ရက်နေ့မှာ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၇ ခုက မြို့နယ် ၁၀၂ မြို့နယ်တို့မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို စတင်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

    ရွေးကောက်ပွဲ အပိုင်း ၁ အဖြစ် ကျင်းပပြုလုပ်သွားမယ့် မြို့နယ် ၁၀၂ မြို့နယ်ထဲမှာ ကရင်ပြည်နယ်ထဲက ဘားအံမြို့၊ မြဝတီမြို့၊ သံတောင်ကြီးမြို့ စုစုပေါင်း ၃ မြို့ ပါဝင်ပြီး လက်ရှိအခြေအနေအရ အဆိုပါမြို့ပေါ်တွေမှာ စစ်ရေးတိုက်ပွဲတွေ ဖြစ်ပွားတာ မရှိသေးပေမယ့် ဘားအံကလွဲပြီး ကျန်မြို့နှစ်မြို့ရဲ့ မြို့ပြင်ဒေသဘက်တွေမှာတော့ တိုက်ပွဲတွေ ဆက်လက်ရှိနေတာပါ။

    စစ်ကော်မရှင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုပြီး ကျင်းပပြုလုပ်သွားမယ့်အပေါ် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်က လူငယ်တစ်ဦးကတော့ စစ်အုပ်စုက ကျင်းပသွားမယ့် ရွေး ကောက်ပွဲဟာ ဒေသနေပြည်သူအများစုကတော့ မဲသွားထည့်ကြမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    ဒါ့အပြင် စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပပြုလုပ်မယ့် မြို့တွေထဲမှာ ကရင်ပြည် နယ်က သံတောင်ကြီးမြို့အပြင် စစ်တပ်ရဲ့ မြို့တစ်မြို့ဖြစ်တဲ့ ဘုရင့်နောင်တပ်မြို့လည်း ပါဝင်ပါတယ်။

    လက်ရှိမှာတော့ ကရင်ပြည်နယ် ဘားအံမြို့နယ်ထဲမှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေဟာ ကျေးရွာတချို့ကို သွားရောက်ပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းတဲ့သဘောမျိုးနဲ့ ရပ်မိရပ်ဖတွေကို သွားရောက်တွေ့ဆုံတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

    ဓာတ်ပုံ-MOI

  • မိုးကုတ်မြို့ကို ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချပြန်

    မိုးကုတ်မြို့ကို ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချပြန်

    မန္တလေးတိုင်းတွင် TNLA က ထိန်းချုပ်ထားသော မိုးကုတ်မြို့ကို ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်တပ်က လေ ယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန် မိုးကုတ်မြို့အရှေ့ပိုင်း စည်ပင်သာယာရပ်ကွက်ရှိ ဂေါ်ရခါး ဘုရားကျောင်း ဟု ခေါ်ဆိုသော ဆင်တောင်ကျောင်းအနီးသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    “ပြည်သူ ၁ ဦး ဒဏ်ရာရပါတယ်။ နေအိမ် ၄ လုံး ထိမှန်ပျက်စီးတယ်။ မိုးကုတ်မှာ က တော်တော်များများ စစ်ရှောင်သွားကြပြီ။ ကျန်တဲ့သူတွေကလည်း နေ့ရော ညပါ လေကြောင်းအန္တရာယ် သတိထားနေရတယ်” ဟု မိုးကုတ်မြို့မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

    မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်သဖြင့် ပြည်သူ ထိခိုက်သေဆုံးမှုများ အလွန်များပြားလျက်ရှိသည်။

    ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မိုးကုတ်မြို့ ကျပ်ပြင်ဈေး သီလရှင်ကျောင်းအနီးကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၅၉ မိနစ်အချိန်နှင့် နံနက် ၉ နာရီ ၃ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေ ယာဉ် များ က မိုးကုတ်မြို့နယ် အရှေ့ပိုင်းသို့ ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ဆိုင်ကယ်စီး ခရီးသွား ပြည်သူ ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး​သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ကလေးငယ် ၁ ဦး ပါဝင်ကြောင်း သိရှိရသည်။

    ဩဂုတ်လ ၁၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် မိုးကုတ်မြိုအရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၅ ဦး စုစုပေါင်း ၂၁ ဦးသေဆုံးခဲ့ရသည်။

    ဩဂုတ်လ ၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် မိုးကုတ်မြို့ အရှေ့ပိုင်း ကျောက်နဂါးကျေးရွာ သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၁ စီးဖြင့် ဗုံးကျဲချခဲ့ရာ ကျောက်နဂါး ကျေးရွာ ဘုန်းကြီးကျောင်းသို့ ထိမှန်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၅ ဦး သေဆုံးခဲ့သည်။

    ဩဂုတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန် မိုးကုတ်မြို့သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ဗုံးကျဲချခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်။

    ထို့အတူ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ် တပ်က မိုးကုတ်မြို့ပေါ်ကို လေယာဉ်ဖြင့် ဗုံး ၇ လုံးကျဲချခဲ့ကြောင်း၊ ယင်းနောက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ဒုတိယအကြိမ်အဖြစ် လည်းကောင်း စစ်လေယာဉ်ဖြင့် ဗုံးကျဲချသွားသည်။

    အလားတူ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၉ မိနစ်အချိန်တွင်လည်း မိုးကုတ်မြို့နယ်၊ အရှေ့ရွာ၊ ဘီးတောင်၊ RQ ဟိုတယ်အနီးဝန်းကျင်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးထပ်မံ ကျဲချခဲ့ပြီး ယနေ့ နံနက်ပိုင်း ၃ ကြိမ်မြောက် လေ ယာဉ် ဖြင့် ဗုံးကျဲချခဲ့သည်။

    ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာဖြင့် ရွှေလိပ်ပြာ ဟိုတယ်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။

    ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်း ပန်းမထိပ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ လုံးလည်း ထိခိုက် ပျက်စီးခဲ့သည်။

    ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီ ၁၈ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦး လေတပ်မှ တက်လာသော စစ်လေယာဉ်က မိုးကုတ်မြို့အရှေ့ပိုင်း၊ တောင်ကချင်ရပ်ကွက်၊ ပန်းမ ထိပ်ဘက်ခြမ်းရှိ ကုလားခြံထဲသို့ ပေါင် ၃၀၀ ဗုံး ၁ လုံးကျဲချသွားကြောင်း၊ အဆိုပါ ဗုံးမှာ လူနေရပ်ကွက်ရှိ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦး ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကလေးငယ် များအပါအဝင် ပြည်သူ ၈ ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်။

    ထို့ပြင် ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်အချိန်ကလည်း စစ်ကောင်စီက မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်းဘာလျှိုစာသင် ကျောင်းအနီးသို့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံးကျဲချသွားကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

    ဇွန်လ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၃ မိနစ်အချိန် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ အရှေ့ပိုင်း၊ အုန်းကိုင်းဘုန်းကြီးကျောင်းအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် အုန်းကိုင်းကွက်သစ်မှ နေအိမ်များ၊ ကားများ ပျက်စီးပြီး အုန်းကိုင်း ဘုန်းကြီးကျောင်းမှာမူ မျက်နှာကျက်ပြိုကျခြင်း၊ ဆွမ်းစားဆောင်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

    မေလ ၁၃ ရက်နေ့ ည ၁၁ နာရီ ၄၉ မိနစ်အချိန် TNLA သိမ်းပိုက်ထားသော မန္တလေးတိုင်း၊ မိုးကုတ်မြို့ နယ် ရွှေလိပ်ပြာအနီးတဝိုက်သို့ လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့သည်။

  • စကမ ရွေးကောက်ပွဲနှင့် တရုတ်သဘောထား

    စကမ ရွေးကောက်ပွဲနှင့် တရုတ်သဘောထား

    စစ်ကောင်စီကို စကစဟု အတိုကောက်ခေါ်ရာ ယခု စစ်ကော်မရှင်ဖြစ်သွားသောကြောင့် အတိုကောက်ခေါ်လျှင် စကမ ဖြစ်မည်။ ထို့ကြောင့် အောက်တွင် စစ်ကော်မရှင်ကို အတိုကောက် စကမဟု သုံးစွဲခေါ်ဝေါ်မည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် ယူနန်ပြည်နယ်၊ အန်နင်းမြို့၌ ၁၀ ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသည့် စကမ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့၏။

    ထိုသို့တွေ့ဆုံရာတွင် မစ္စတာ ဝမ်ယိက မြန်မာနိုင်ငံအနေဖြင့် ပြန်လည်သင့်မြတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်မိပါကြောင်း၊ တံခါးဖွင့်၍ အားလုံးပါဝင်သော စိတ်သဘောထားရှိပြီး ပြည်သူများ၏ စိတ်ဓာတ်ကိုစည်းရုံးရန် အလေးထားသင့်ကြောင်း၊ ရွေးကောက်ပွဲမှတဆင့် ရည်မှန်းချက် ၃ ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်သင့်ကြောင်းပြောသည်။

    ပထမတချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပြီး အပစ်အခတ်ရပ်စဲကာ ပြည်သူများ၏ဆန္ဒအတိုင်း နိုင်ငံတော်ကို အုပ်ချုပ်ရန်၊ ဒုတိယတချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပြီး အကျယ်ပြန့်ဆုံးသော စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန်၊ တတိယချက်မှာ လူမှုရေးသဟဇာတဖြစ်မှုဖြစ်ပြီး ငလျင်ဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ရွက်ကာ ပြည်သူများ၏ လူမှုဘဝအဆင့်အတန်းကို မြှင့်တင်ရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်ဟူ၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့က မြန်မာဘာသာဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

    မစ္စတာ ဝမ်ယိ ဦးစားပေးပြောကြားသည်မှာ ရွေးကောက်ပွဲ မဟုတ်ပေ။ ရွေးကောက်ပွဲပြီးလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေး ပြုလုပ်ရန် အချက်သုံးချက်ဖြင့် ထောက်ပြပြောဆိုခဲ့ခြင်းဖြစ်၏။ သို့သော်လည်း စကမက ရွေးကောက်ပွဲအား တရုတ်တို့က ထောက်ခံသည်ဟု လိုရာဆွဲ ပုံဖော်ခဲ့ရာ ရွေးကောက်ပွဲအား တရုတ်တို့ထောက်ခံသည်ဆိုသည်နှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပမှ ဝေဖန်မှုများ ပေါ်ထွက်လာခဲ့၏။

    သို့ဖြစ်ရာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်သည်ဟု ထပ်မံ ရှင်းလင်းဖော်ပြခဲ့ပြီး ရွေးကောက်ပွဲအား ထောက်ခံခြင်းလည်း မရှိ၊ ကန့်ကွက်ခြင်း မရှိဟူသည့် တရုတ်သဘောထားကို ထပ်မံဖော်ပြခဲ့၏။

    တရုတ်ပြောရေးဆိုခွင့်ရှိသူက ထပ်မံရှင်းလင်းသည်မှာ “မြန်မာနိုင်ငံရှိ ပါတီများနှင့် အစုအဖွဲ့များအားလုံးသည် တိုင်းပြည်နှင့်လူမျိုး၏ ရေရှည်အကျိုးစီးပွားကို အလေးထားရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်အတွင်းမှ တွေ့ဆုံဆွေးနွေးရေးနှင့် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းရန်၊ နိုင်ငံတွင်း လူမှုရေးတည်ငြိမ်မှု အမြန်ဆုံး ပြန်လည်ထူထောင်ရန်နှင့် နိုင်ငံရေးအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန် လိုအပ်ကြောင်း” ဖြင့် တရုတ်က သဘောထားကို ရှင်းလင်းဖော်ပြကြောင်း တွေ့ရသည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှ မြန်မာအ‌ရေးနှင့်ပတ်သက်၍ တရုတ်တို့ပြောလိုသည့် အဓိကသတင်းစကားမှာ “မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲသည် မြန်မာပြည်၏ ပြည်တွင်းရေးဖြစ်သည်။ တွေ့ဆုံဆွေးနွေးရေး၊ ရင်ကြားစေ့ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် မြန်မာနိုင်ငံ နိုင်ငံရေးတည်ငြိမ်ရေးတို့ကို တရုတ်နိုင်ငံက တောင်းဆိုလိုက်ခြင်း ဖြစ်သည်” ဟု ဆိုရပါမည်။

    စကမ ရွေးကောက်ပွဲ

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လဆန်း၌ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ/လုံ) သက်တမ်းဆက်မတိုးတော့ဘဲ စစ်ကောင်စီ (စကစ) မှ စစ်ကော်မရှင် (စကမ) အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းကာ ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာသည်။ စကမ၏ ရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၁၅ ရက်နေ့တွင် တပြည်လုံးရှိ မဲဆန္ဒနယ်သတ် မှတ်ချက်များကို ထုတ်ပြန်ကြေညာသည်။

    ၂၀၀၈ အခြေခံဥပဒေကို ဆုပ်ကိုင်ထားသည့် စကမ ရွေးကောက်ပွဲကော်မရှင်သည် ၂၀၀၈ က သတ်မှတ်ထားသည့်အတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလည်နေရာ ၃၃၀၊ အမျိုးသားလွှတ်တော်နေရာ ၁၁၀ နေရာကို မြန်မာပြည်အား ပုံမှန်အခြေအနေအတိုင်း သဘောထား၍ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ကဲ့သို့ပင် ကြေညာသည်ကို တွေ့ရသည်။

    နွေဦးတော်လှန်ရေးနောက်ပိုင်း စစ်ရေးအခြေအနေကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်သွားနိုင်ခဲ့သည့် နယ်မြေများကိုပါ ထည့်သွင်းကြေညာသည်မှာ ပုံမှန်ရုံးလုပ်ငန်းစဉ်အတိုင်းသာဖြစ်၏။ မြို့နယ် ၂၇၀ ကျော်တွင်သာ ရွေးကောက်ပွဲလုပ်နိုင်မည်ဟု ရွေးကောက်ပွဲကော်မရှင်က ‌မှတ်ချက်ပြုထားပြီးဖြစ်သည်။ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲကာလက ဝ ကိုယ်ပိုင်အုပ်ချုပ်ချုပ်ရေးတိုင်းမှ လေးမြို့နယ်နှင့် ရှမ်းအရှေ့မှ မိုင်းလားမြို့နယ်ကို ရွေးကောက်နယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့ပေ။

    ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ဝ ဒေသ လေးမြို့နယ်နှင့် မိုင်းလားမြို့နယ်သာမက ရခိုင်ပြည်နယ်မှ မြို့နယ်များတွင်ပါ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပါ။

    ယခု ၂၀၂၅ ခုနှစ်တွင် ရွေးကောက်နယ်မြေ သတ်မှတ်ခြင်းဆိုသည်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပြဋ္ဌာန်းချက်ပါအတိုင်း ရွေးကောက်ပွဲနယ်မြေ သတ်မှတ်ချက်ကို ကြေညာခြင်းဖြစ်ပြီး အချို့ မှားယွင်းစွာထင် မှတ်နေသကဲ့သို့ ရွေးကောက်ပွဲ မဖြစ်မနေ လုပ်မည်နယ်မြေကို ကြေညာခြင်း မဟုတ်ပေ။

    ထို့ပြင် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများကဲ့သို့ပင် မလုပ်နိုင်သည့်နယ်မြေများကို ချန်ထားခဲ့မည်ဖြစ်ပြီး ကျန်သည့်လုပ်နိုင်သည့် နယ်မြေများတွင်သာ လုပ်သွားမည်ဖြစ်၏။ သို့သော် မလုပ်နိုင်မည့် မြို့နယ်များကို ကြေညာခြင်း၊ ရွေးကောက်ပွဲမလုပ်ဟု ကြေညာခြင်းမျိုး ပြုလုပ်မည်မဟုတ်ဘဲ လုပ်နိုင်သည့်အချိန်တွင် လုပ်မည်ဟူသည့် သဘောထားနှင့် ရွေးကောက်ပွဲကော်မရှင်က ရပ်တည်လေ့ရှိ၏။

    စကမက ရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း နှစ်ကြိမ်ပြုလုပ်ပြီး ဇန်နဝါရီလအတွင်း နှစ်ကြိမ် စုစုပေါင်း လေးကြိမ်ပြုလုပ်မည်ဟု ဆိုခဲ့သော်လည်း ယခု ရွေးကောက်ပွဲကော်မရှင်၏ ဩဂုတ်လ ၂၀ ရက်နေ့ ကြေညာချက်အရ ပထမအသုတ် ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်တွင် ပထမ အသုတ် ကျင်းပမည်ဟု ကြေညာခဲ့သည်။ နောက်ထပ် နှစ်ကြိမ်မှ သုံးကြိမ်အထိ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ထပ်မံကျင်းပဖွယ်ရှိသည်။

    ရွေးကောက်ပွဲ လုပ်သည့်အခြေအနေ

    ၂၀၂၅ ခုနှစ် စကမ ရွေးကောက်ပွဲကာလတွင် ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများ၌ အများစုအနိုင်ရခဲ့ကြသည့် ပြည်မမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်မှ ရခိုင်အမျိုးသားပါတီ (ANP) တို့ ပါဝင်ကြခြင်းမရှိပေ။

    NLD ပါတီ၏ အဓိကခေါင်းဆောင်များ ဖမ်းဆီးခံထားရသကဲ့သို့ ဖမ်းဆီးမခံရသူများမှာလည်း တိမ်းရှောင်နေခြင်း၊ လက်နက်ကိုင် တိုက်ခိုက်နေကြခြင်းတို့ကြောင့် ပါတီပြန်လည်မှတ်ပုံတင်နိုင်ခြင်း မရှိပေ။ ရခိုင် ANP ပါတီအား စကမ ရွေးကောက်ပွဲကော်မရှင်က ပြန်လည်မှတ်ပုံတင်ခွင့် မပြုခဲ့ပေ။ SNLD က နိုင်ငံရေးအခြေအနေကြောင့် ပြန်လည်မှတ်ပုံတင်ခြင်း မရှိသော်လည်း မှတ်ပုံတင်ပါကလည်း တင်ခွင့်ပြုမည်မှာ မသေချာပေ။

    ၂၀၂၅ နှစ်ကုန် ရွေးကောက်ပွဲပြုလုပ်မည့်ကာလတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း (AAPP) ၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးနှင့်ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ ၂၉,၅၈၀ ဦး၊ ထောင်တွင်း၌ ဖမ်းဆီးခံနေရဆဲ အကျဉ်းသား ၂၂,၃၃၄ ဦး၊ အမိန့်ချမှတ်ပြီးသူ ၁၁,၀၀၈ ဦး၊ သေဒဏ်ချမှတ်ခံထားရသူ ၁၇၃ ဦးရှိသည်ဟု သိရ၏။

    ထို့ပြင် စစ်တပ်အာဏာသိမ်းပြီး အရပ်သား သေဆုံးသူ ၇,၁၂၀ ဦးရှိပြီး အတည်ပြုရန် လိုအပ်နေဆဲဖြစ်သည့် သေဆုံးသူ ၃,၈၀၀ ခန့်ရှိသည်။ ရွေးကောက်ပွဲလုပ်မည့်ဟု ကြေညာသည့် ဩဂုတ်လအတွင်း လေယာဉ်များဖြင့် မြို့များကို ဗုံးကြဲမှုကြောင့် အရပ်သားသေဆုံးမှု များစွာမြင့်တက်နေသည်ကို တွေ့ရသည်။

    အရေးပေါ်အခြေအနေ ရုပ်သိမ်း၍ ၆၃ မြို့နယ်သာ စစ်အုပ်ချုပ်ရေးကြေညာပြီး ရွေးကောက်ပွဲပြုလုပ်မည် ဆိုသော်လည်း တနိုင်ငံလုံးတွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးသည့် ဥပဒေထဲမှ ပုဒ်မ ၅၊ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များကို ရပ်ဆိုင်းထားသည်ဟု စကမက ထုတ်ပြန်ထား၏။

    ရပ်ဆိုင်းလိုက်သည့် ပုဒ်မ ၅ အချက်များကြောင့် လူတယောက်၏ နေအိမ်၊ ပရဝဏ်များထဲသို့ သက်သေမပါဘဲ စစ်သားများ ဝင်ရောက်ရှာဖွေနိုင်မည်ဖြစ်၏။ ပုဒ်မ ၇ ရပ်ဆိုင်းသည့်အတွက် လူတယောက်အား တရားရုံး၏ ခွင့်ပြုချက်မလိုဘဲ ရက်အကန့်အသတ်မရှိ ချုပ်နှောင်ခွင့်ရှိမည်ဖြစ်၏။

    ပုဒ်မ ၈ ရပ်ဆိုင်းသည့်အတွက် တရားဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်းမပါဘဲ၊ နိုင်ငံတော် သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံသားတယောက်၏ အိမ်၊ အခန်း၊ အဆောက်အဦ၊ ပရဝဏ်များထဲကို ရှာဖွေ၊ ဖမ်းဆီး၊ သိမ်းဆည်းနိုင်မည်ဖြစ်သည်။ ကာ/လုံ သက်တမ်းမတိုးဘဲ ရွေးကောက်ပွဲပြုလုပ်မည်ဆိုသော်လည်း စစ်အုပ်ချုပ်ရေးကာလအတိုင်း ဆက်လက် အုပ်ချုပ်သွားမည်သာ ဖြစ်သည်။

    ထို့ပြင် ရွေးကောက်ပွဲကို နှောက်ယှက်ဖျက်ဆီးသူအား သေဒဏ်အထိပေးမည်ဟု ခြိမ်းခြောက် ပြဋ္ဌာန်းထားသည်ကိုလည်း တွေ့ရ၏။

    သို့ဖြစ်ရာ ‌၂၀၂၅ ခုနှစ် စကမ ရွေးကောက်ပွဲသည် အဓိက ပြည်သူကိုယ်စားပြုသည့် နိုင်ငံရေးပါတီကြီးများ မပါသည့်အချိန်၊ နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ ကျော် အဖမ်းဆီးခံထားရသည့်အချိန်၊ အရပ်သားသေဆုံးမှု ၇,၀၀၀ ကျော်ရှိသည့်အချိန်၊ စစ်အုပ်ချုပ်ရေးကဲ့သို့ တင်းကျပ်သည့် ဥပဒေများ ချမှတ်ထားသည့်အချိန်တွင် ပြုလုပ်သည့်ရွေးကောက်ပွဲဖြစ်၏။ တပြည်လုံးတွင် စစ်ပွဲများဖြစ်၍ တည်ငြိမ်မှု မရှိသည့်အချိန်တွင် အပိုင်းလိုက်ခွဲ၍ လုပ်ရသည့် ရွေးကောက်ပွဲလည်းဖြစ်၏။

    ထို့ကြောင့်လည်း ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးအတွက် အဖြေမဟုတ်ဟု ဆိုကြခြင်းဖြစ်သည်။

    ရွေးကောက်ပွဲပြီး အလားအလာ

    သို့သော် အထက်တွင် ဖော်ပြသကဲ့သို့ ရွေးကောက်ပွဲသည် အဖြေမဟုတ်ဟု ယူဆကြသော်လည်း တရုတ်အပါအဝင် အချို့သူများက ရွေးကောက်ပွဲပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျှော်လင့်ကြသည်ဟု ဆိုကြ၏။

    မစ္စတာ ဝမ်ယိ၏ပြောကြားချက်၊ မော်နင်၏ ရှင်းလင်းချက်တို့ကို တိုတိုနှင့်လိုရင်း ဖော်ပြရလျှင် ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်အစိုးရ လုပ်သကဲ့သို့ လုပ်ရန်ဟူ၍ဖြစ်သည်။ တရုတ်တို့က နယ်စပ်ရှိ တိုင်းရင်းသားတပ်ဖွဲ့များအား ဖိအားပေါင်းစုံပေးနေခြင်းက ဤလမ်းကြောင်းသို့ ရောက်ရန်ဟု ဆိုချင်ပုံရ၏။

    တရုတ်နှင့် အချို့သူတို့ မျှော်လင့်သကဲ့သို့ ဖြစ်နိုင်ပါမည်လော။ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်တပ်အာဏာသိမ်းကတည်းက ယနေ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် ပြင်ဆင်သည့်ကာလအထိ ဆွေးနွေးပွဲတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ပြစ်တင်တိုက်ခိုက်ဆဲဖြစ်သည်ကို တွေ့မြင်ရသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုသည့်သဘောထားကို လုံးဝ မတွေ့ရပေ။

    ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က တရုတ်နိုင်ငံ၊ ဒေရှုမြို့တွင် USDP ဥဋ္ဌက ဦးခင်ရီနှင့် ကိုယ်စားလှယ်များ ဒေရှုမြို့ စည်ပင်သာယာ ကော်မတီ လုပ်ငန်းခွင်ကို လေ့လာနေစဉ် / USDP

    တရုတ်နှင့် အချို့သူတို့ မျှော်လင့်သကဲ့သို့ ဖြစ်နိုင်ပါမည်လော။ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်တပ်အာဏာသိမ်းကတည်းက ယနေ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် ပြင်ဆင်သည့်ကာလအထိ ဆွေးနွေးပွဲတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ပြစ်တင်တိုက်ခိုက်ဆဲဖြစ်သည်ကို တွေ့မြင်ရသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုသည့်သဘောထားကို လုံးဝ မတွေ့ရပေ။

    ရွေးကောက်ပွဲတွင် မုချအနိုင်ရမည်ဟု ယူဆထားသည့် စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးရေပါတီ (USDP) ၏ ဥက္ကဋ္ဌ ဦးခင်ရီကလည်း NLD သည် နိုင်ငံရေးအရ နိဂုံးချုပ်သွားပြီ၊ USDP ခေတ် ရောက်ပြီဟု ဆိုနေ၏။

    ထို့အတူ USDP ခေါင်းဆောင်တဦးဖြစ်သူ ဘူးလက် လှဆွေကလည်း USDP သည် စစ်တပ်ပူးပေါင်းကာ အာရက္ခတပ်တော် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကို အပြတ်အသတ် တိုက်ခိုက်နှိမ်နင်းမည်ဟု ကြုံးဝါးနေသည်ကို တွေ့ရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့ သူ၏ လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ပြောဆိုသော ဗီဒီယိုဖိုင်တွင် ဘူးလက်လှဆွေက လာမည့် ရွေးကောက်ပွဲတွင် တွက်ချက်မှုများအရ NLD မပါဝင်တော့၍ USDP ကသာ အနိုင်ရရန် သေချာနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရသစ်ဖွဲ့စည်းပြီးပါက အင်အားကောင်းလာသော စစ်တပ်နှင့်ပူးပေါင်း၍ AA နှင့် MNDAA ကို အပြတ်အသတ် နှိမ်နင်းမည်ဖြစ်ကြောင်း၊ ယင်းသို့ နှိမ်နင်းရန်မှာ USDP အစိုးရသစ်က လုပ်ဆောင်ရမည့် တာဝန်တရပ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်ကို တွေ့ရသည်။

    သို့ဖြစ်ရာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖြစ်စေ၊ USDP ခေါင်းဆောင်များဖြစ်စေ အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြင်အယူအဆ မရှိကြ‌သည်ကို ရှင်းလင်းစွာတွေ့မြင်နိုင်၏။

    ၂၀၂၅၊ ၂၀၂၆ ရွေးကောက်ပွဲသည် မြန်မာပြည်နိုင်ငံရေးအတွက် အဖြေမဟုတ်သည်ကို တရုတ်အပါအဝင် အားလုံး အသိအမှတ်ပြု လက်ခံပြီးဖြစ်၏။ ရွေးကောက်ပွဲအပြီးတွင် တွေ့ရမည့် စစ်တပ်နှင့် USDP ၏ သဘောထားမှာ တရုတ်တို့ တိုက်တွန်းနေသကဲ့သို့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းသွားမည့် အလားအလာမရှိပေ။ အပြုတ်တိုက်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့များ လက်နက်ချရေးကိုသာ ရှေးရှုပြီး စစ်တပ်ရွေးကောက်ပွဲဖြင့် တက်လာသည့် စစ်တပ်အမည်ပြောင်း အစိုးရအား နိုင်ငံတကာတွင် ဝင်ဆံ့ရေးကိုသာ ဦးတည်လုပ်ဆောင်မည်ကို တွေ့ရသည်။

    စစ်တပ်အား ရွေးကောက်ပွဲလုပ်ပြီး နိုင်ငံရေးထွက်ပေါက်ယူရန် အကြံပြုချက်သည် တရုတ်၏ အကြံပြုချက်ဟု ဆိုကြ၏။ ထို့ပြင် မြန်မာပြည်ပြဿနာကို ၂၀၀၈ အခြေခံဥပဒေ ဘောင်အတွင်းမှရှင်းရန် တရုတ်တို့ ညွှန်းလေ့ရှိသည်။ ဤသည်မှာ မြန်မာနိုင်ငံရေးတွင် စစ်တပ်ဗဟိုပြုသည့် တရုတ်တို့၏ စဉ်းစားမှုကို ဖော်ပြခြင်းဖြစ်၏။

    လက်တွေ့တွင် စစ်တပ်၏ ၂၀၂၅၊ ၂၀၂၆ ရွေးကောက်ပွဲအပြီး လားရာမှာ တရုတ်တို့ မျှော်လင့်သလို မြန်မာပြည်တွင် အမျိုးသားပြန်လည်သင့်မြတ်မှု တည်ဆောက်ရေးဆိုသည်ထက် စစ်တပ်နှင့် စစ်တပ်ပါတီ USDP တို့ အာဏာချုပ်ကိုင်ရေး၊ တော်လှန်ရေးအင်အားစုများ ချေမှုန်းရေးကိုသာ ရှေးရှုမည်ဖြစ်သည်။ သို့သော် စစ်တပ်နှင့် USDP တို့ လုပ်နိုင်စွမ်းသည် တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

    သို့ဖြစ်ရာ ရွေးကောက်ပွဲအပြီး မြန်မာပြည်တွင် စစ်ပွဲများ၊ မတည်ငြိမ်မှုများ၊ ဆက်လက် မြင့်တက်မည့်အလားအလာက ပိုများသည်ဟု သုံးသပ်ရပေသည်။

    ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ မစ္စတာ ဝမ်ယိ ခရီးစဉ်မှစ၍ တရုတ်တို့ မြန်မာစစ်တပ်အား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စသည့်ဘက်စုံမှ ကူညီခဲ့သည်မှာ တနှစ်ပြည့်ခဲ့ပြီဖြစ်၏။ ‌ထို့ပြင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ခြိမ်းခြောက်အကျပ်ကိုင်ပြီး ညီညွတ်မှုဖြိုခွဲခြင်း၊ စစ်ရှိန်လျှော့ချခြင်း၊ ထောက်ပို့ဖြတ်တောက်ခြင်းတို့ ပြုလုပ်လာသည်မှာလည်း တနှစ်ကျော်ရှိခဲ့ပြီဖြစ်၏။

    ထိုသို့ ကူညီခဲ့ခြင်း၊ ဆောင်ရွက်ခဲ့ခြင်းအား တရုတ်တို့က မြန်မာပြည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုသည်ဟုလည်းကောင်း၊ မြန်မာပြည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ရည်စူးသည်ဟုလည်းကောင်း အကြိမ်ကြိမ်ဆိုခဲ့သည်ကို တွေ့ရသည်။

    တရုတ်အကူအညီရခဲ့သည့် တနှစ်ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့ပေါင်း ၉၀ ကျော်၏ အစွန်းထွက်ပင် စစ်တပ်က ပြန်မသိမ်းနိုင်သေးပေ။ ရွေးကောက်ပွဲပြီး အပြုတ်တိုက်ရေး ဦးတည်နေသည့် မင်းအောင်လှိုင်နှင့် USDP သည် မြန်မာပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခြင်း ရှိမည်မဟုတ်ပေ။

    အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားမရှိသည့် မင်းအောင်လှိုင်နှင့် USDP များကြောင့် စစ်ပွဲများ၊ မတည်ငြိမ်မှုများ ပိုမိုမြင့်လာမည်သာဖြစ်၏။ ထိုသို့သောကာလများတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုသည်ဆိုသည့်၊ မြန်မာစစ်တပ်အား ဘက်စုံမှ ကူညီနေသည့် တရုတ်တို့ မည်သို့ ဆက်လက်ပြောဆို ရပ်တည်မည်ဆိုသည်မှာ သေချာစွာ စောင့်ကြည့်ရမည့်အချက် ဖြစ်သည်။

    တရုတ်တို့သဘောထားသည် မြန်မာပြည်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဦးတည်ချက်လော၊ မြန်မာပြည်တွင် စစ်အာဏာရှင်များ သက်ဆိုးရှည်ရေးအတွက်လော ဆိုသည်ကို ပို၍ ရှင်းလင်းလာစေမည်ဖြစ်သည်။

    သက်ထားမောင်

  • တိုင်ဖွန်းကာဂျီကီ တစ်နာရီ ၁၆၆ ကီလိုမီတာနှုန်းဖြင့် ဗီယက်နမ်ကို ဝင်ရောက်တော့မည်

    တိုင်ဖွန်းကာဂျီကီ တစ်နာရီ ၁၆၆ ကီလိုမီတာနှုန်းဖြင့် ဗီယက်နမ်ကို ဝင်ရောက်တော့မည်

    ၂၀၂၅ ခုနှစ်အတွင် အင်အားအပြင်းထန်ဆုံးသော တိုက်ဖွန်းကာဂျီကီသည် တစ်နာရီ ၁၆၆ ကီလိုမီတာနှုန်းဖြင့် ဗီယက်နမ်အလယ်ပိုင်း ကမ်းရိုးတန်းမှ ကုန်တွင်းသို့ ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်း ဝင်ရောက်လာမည်ဖြစ်ခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၌ လေဆိပ်များ၊ စာသင်ကျောင်းများပိတ်ထားပြီး မုန်တိုင်းလွတ်ရာသို့ အများအပြား ရှောင်တိမ်းနေကြကြောင်း သိရသည်။

    ဩဂုတ် ၂၄ ရက်ကတည်းက ဗီယက်နမ်အစိုးရက ကာဂျီကီတိုင်ဖွန်းမုန်တိုင်းသည် အလွန်လျှင်မြန်စွာ ရွေ့လျားတိုက်ခတ်နေသဖြင့် အလွန်အန္တရာယ်ကြီးကာ မိုးသည်ထန်လွန်းခြင်းနှင့် မြေပြိုမှုများဖြစ်ပွားနိုင်ကြောင်း၊ တောင်တရုတ်ပင်လယ်မှ ကမ်းရိုးတမ်းဒေသများသို့ ဝင်ရောက်လာမည်ဖြစ်သောကြောင့် ဘေးလွတ်ရာ ရှောင်ကြရန်လည်း အစိုးရက သတိပေးချက် ကြိုတင်ထုတ်ပြန်ခဲ့သည်။

    ဩဂုတ် ၂၅ ရက် တွင် လူပေါင်း ၅၈၆၀၀၀ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။

    မနှစ်က ယာဂီတိုင်ဖွန်းမုန်တိုင်း တိုက်ခတ်စဉ် ဗီယက်နမ်၌ လူပေါင်း ၃၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး ပျက်စီး ဆုံးရှုံးမှု ဒေါ်လာ ၃ . ၃ ဘီလီယံ ရှိခဲ့သည်။

    ယင်းမုန်တိုင်းသည် ကုန်မြေပေါ်သို့ အားကောင်းစွာ ဆက်လက်တိုက်ခတ်မည်ဖြစ်ရာ လာအို၊ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် ရှမ်းပြည်အရှေ့ပိုင်း သို့လည်း ဝင်ရောက်လာမည်ဖြစ်သောကြောင့် ဩဂုတ် ၂၅ ရက်မှ ၂၈ ရက်အထိ သက်ရောက်နိုင်သဖြင့် ခရိုင် ၂၈ ခုတွင် ထိုင်းအစိုးရကလည်း အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ထားကာ မိုးအလွန်သည်းထန်ပြီး ရေကြီး မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်သတိပေးထားသည်။

    ယင်းခရိုင်များမှာ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်၊ ဖယာအို၊ နန်၊ ဖာရဲ၊ လမ်ပန်း၊ လမ်ဖန်း၊ အက်တာရာဒစ်၊ ဆူခိုထိုင်း၊ ဖစ်စနူလော့၊ ပတ်ချာဘန်း၊ တက်ခ်၊ ချိုင်ယာဖန်း၊ လွိုင်၊ နောင်း၊ ခိုင်၊ နောင်ဘွားလမ်ဖူ၊ ယူဒုံးဌာနီ၊ ကန်ချနာဘူရီ၊ နာခွန်းနာယော့၊ ပရာချင်ဘူရီ၊ ရာယောင်း၊ ချန်သာဘူရီ၊ ထရတ်၊ ချမ်ဖွန်း၊ ရနောင်း၊ ဖန်းငနှင့် ဖူးခက် ခရိုင်များဖြစ်သည်။

    ကိုကလင်း

    Ref: straitstimes & Khaosod

  • ဗန်းမော်တိုက်ပွဲ ဆက်ပြင်းထန်၊စစ်ကောင်စီ လေကြောင်းမှအပြင်းအထန် တိုက်ခိုက်

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့်ဗန်းမော်မြို့၌ယနေ့(ဩဂုတ်၂၅ရက်)တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ(၂၁) အနီးဝန်းကျင်တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

    ဩဂုတ်လဆန်းတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းတင် စစ်သင်္ဘောများ ဗန်းမော်မြို့သို့ ဆိုက်ကပ်ခဲ့ပြီး လေကြောင်း၊ ဒရုန်းပစ်ကူဖြင့် စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့၍ တိုက်ပွဲများဆက်တိုက်ရှိနေသည့်အခြေအနေဖြစ်ပြီး ယနေ့တွင် စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု ၁၂ကြိမ်ထိပြုလုပ်ဟု ဆိုသည်။

    ” စကခ(၂၁) ဝန်းကျင် တိုက်ပွဲ တော်တော်ပြင်းထန်တယ်။ စခဘက်က ထိခိုက်ကျဆုံးမှု အတော်များပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    စစ်ကောင်စီသည် ယနေ့မနက် ၆နာရီမှစ၍ ဗန်းမော်မြို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    “စခ လက်နက်တွေအများကြီး သိမ်းဆည်းရရှိထားပါတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ကချင်နှင့် ရှမ်းမြောက်အရေး လေ့လာသူတဦးကလည်း ဗန်းမော်တိုက်ပွဲတွင်ရှမ်းမြောက်အခြေစိုက်KIAတောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက် ခံ တပ်မဟာ(၄)၊ တပ်မဟာ(၆)နှင့် တပ်မဟာ(၁၀)တို့မှ အထူးတပ်ဖွဲ့များ စစ်ကူစေလွှတ်ထားသည်ဟု သိရကြောင်း ပြောသည်။

    ယနေ့ ဗန်းမော်မြို့တွင် KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်မှု ပြန်စ၍ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း ရေးသားမှု အချို့နှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ မေးမြန်းရာ မမှန်ကန်ဟု ဖြေကြားသည်။

    ဗန်းမော်တိုက်ပွဲ အခြေအနေနှင့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုအခြေအနေများကို မေးမြန်းထားဆဲဖြစ်သည်။ KIA အနေဖြင့် စစ်ရေး အခြေအနေများနှင့်ပတ်သက်၍ မလိုအပ်ဘဲ ထုတ်ပြန် ပြောဆိုခြင်းမပြုပေ။

    ကချင်စစ်ရေးသတင်းရင်းမြစ်ကမူ “ဒီအတောအတွင်းတော့ သူတို့ စခတွေဘက်က ထိုးလိုက် ကျနော်တို့ဘက်က ပြန်ထိုးလိုက် အဲဒီလိုဖြစ်နေတာ”ဟု ဗန်းမော်တိုက်ပွဲအခြေအနေကို ပြောသည်။

    ကချင်နှင့် ရှမ်းမြောက်အရေးလေ့လာသူတဦးကလည်း စစ်ကောင်စီက နည်းပညာအထောက်အကူရယူ ထိုးစစ်ဆင်မှုကြောင့် ဗန်းမော်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ပြောသည်။

    ထိုပြင် တရုတ်နိုင်ငံ၏ စစ်ရေးအောင်ပွဲဆိုင်ရာ အခမ်းအနားတရပ်ကြောင့် ယနေ့ ဩဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၃ ရက်အထိ နယ်စပ်တကြောမှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို နယ်မြေတည်ငြိမ်းရေးအတွက် တရုတ်ဘက်က ဖိအားပေးမှုရှိသည်ဟုလည်း လေ့လာသူက ပြောသည်။

    “အဖွဲ့တိုင်း ဒီကြားမှာ စစ်ရေးလှုပ်ရှားမှု မလုပ်ဖို့ ပြောထားတယ် ဒါပေမဲ့ စကစကတော့ KIAနဲ့ TNLA ကို လေကြောင်း တိုက်ခိုက်နေဆဲပါပဲ” ဟု ကချင်နှင့် ရှမ်းမြောက်အရေးလေ့လာသူက ပြောပြီး တရုတ်သည် “အိမ်နီးချင်းဆိုး”ဟု မှတ်ချက်ပြုသည်။

    (KIA/KPDF ပူးပေါင်းမှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ − Sirinda)