စစ်ကောင်စီကို စကစဟု အတိုကောက်ခေါ်ရာ ယခု စစ်ကော်မရှင်ဖြစ်သွားသောကြောင့် အတိုကောက်ခေါ်လျှင် စကမ ဖြစ်မည်။ ထို့ကြောင့် အောက်တွင် စစ်ကော်မရှင်ကို အတိုကောက် စကမဟု သုံးစွဲခေါ်ဝေါ်မည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် ယူနန်ပြည်နယ်၊ အန်နင်းမြို့၌ ၁၀ ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသည့် စကမ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့၏။

ထိုသို့တွေ့ဆုံရာတွင် မစ္စတာ ဝမ်ယိက မြန်မာနိုင်ငံအနေဖြင့် ပြန်လည်သင့်မြတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်မိပါကြောင်း၊ တံခါးဖွင့်၍ အားလုံးပါဝင်သော စိတ်သဘောထားရှိပြီး ပြည်သူများ၏ စိတ်ဓာတ်ကိုစည်းရုံးရန် အလေးထားသင့်ကြောင်း၊ ရွေးကောက်ပွဲမှတဆင့် ရည်မှန်းချက် ၃ ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်သင့်ကြောင်းပြောသည်။

ပထမတချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပြီး အပစ်အခတ်ရပ်စဲကာ ပြည်သူများ၏ဆန္ဒအတိုင်း နိုင်ငံတော်ကို အုပ်ချုပ်ရန်၊ ဒုတိယတချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပြီး အကျယ်ပြန့်ဆုံးသော စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန်၊ တတိယချက်မှာ လူမှုရေးသဟဇာတဖြစ်မှုဖြစ်ပြီး ငလျင်ဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ရွက်ကာ ပြည်သူများ၏ လူမှုဘဝအဆင့်အတန်းကို မြှင့်တင်ရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်ဟူ၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့က မြန်မာဘာသာဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

မစ္စတာ ဝမ်ယိ ဦးစားပေးပြောကြားသည်မှာ ရွေးကောက်ပွဲ မဟုတ်ပေ။ ရွေးကောက်ပွဲပြီးလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေး ပြုလုပ်ရန် အချက်သုံးချက်ဖြင့် ထောက်ပြပြောဆိုခဲ့ခြင်းဖြစ်၏။ သို့သော်လည်း စကမက ရွေးကောက်ပွဲအား တရုတ်တို့က ထောက်ခံသည်ဟု လိုရာဆွဲ ပုံဖော်ခဲ့ရာ ရွေးကောက်ပွဲအား တရုတ်တို့ထောက်ခံသည်ဆိုသည်နှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပမှ ဝေဖန်မှုများ ပေါ်ထွက်လာခဲ့၏။

သို့ဖြစ်ရာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်သည်ဟု ထပ်မံ ရှင်းလင်းဖော်ပြခဲ့ပြီး ရွေးကောက်ပွဲအား ထောက်ခံခြင်းလည်း မရှိ၊ ကန့်ကွက်ခြင်း မရှိဟူသည့် တရုတ်သဘောထားကို ထပ်မံဖော်ပြခဲ့၏။

တရုတ်ပြောရေးဆိုခွင့်ရှိသူက ထပ်မံရှင်းလင်းသည်မှာ “မြန်မာနိုင်ငံရှိ ပါတီများနှင့် အစုအဖွဲ့များအားလုံးသည် တိုင်းပြည်နှင့်လူမျိုး၏ ရေရှည်အကျိုးစီးပွားကို အလေးထားရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်အတွင်းမှ တွေ့ဆုံဆွေးနွေးရေးနှင့် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းရန်၊ နိုင်ငံတွင်း လူမှုရေးတည်ငြိမ်မှု အမြန်ဆုံး ပြန်လည်ထူထောင်ရန်နှင့် နိုင်ငံရေးအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန် လိုအပ်ကြောင်း” ဖြင့် တရုတ်က သဘောထားကို ရှင်းလင်းဖော်ပြကြောင်း တွေ့ရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှ မြန်မာအ‌ရေးနှင့်ပတ်သက်၍ တရုတ်တို့ပြောလိုသည့် အဓိကသတင်းစကားမှာ “မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲသည် မြန်မာပြည်၏ ပြည်တွင်းရေးဖြစ်သည်။ တွေ့ဆုံဆွေးနွေးရေး၊ ရင်ကြားစေ့ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် မြန်မာနိုင်ငံ နိုင်ငံရေးတည်ငြိမ်ရေးတို့ကို တရုတ်နိုင်ငံက တောင်းဆိုလိုက်ခြင်း ဖြစ်သည်” ဟု ဆိုရပါမည်။

စကမ ရွေးကောက်ပွဲ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လဆန်း၌ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ/လုံ) သက်တမ်းဆက်မတိုးတော့ဘဲ စစ်ကောင်စီ (စကစ) မှ စစ်ကော်မရှင် (စကမ) အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းကာ ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာသည်။ စကမ၏ ရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၁၅ ရက်နေ့တွင် တပြည်လုံးရှိ မဲဆန္ဒနယ်သတ် မှတ်ချက်များကို ထုတ်ပြန်ကြေညာသည်။

၂၀၀၈ အခြေခံဥပဒေကို ဆုပ်ကိုင်ထားသည့် စကမ ရွေးကောက်ပွဲကော်မရှင်သည် ၂၀၀၈ က သတ်မှတ်ထားသည့်အတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလည်နေရာ ၃၃၀၊ အမျိုးသားလွှတ်တော်နေရာ ၁၁၀ နေရာကို မြန်မာပြည်အား ပုံမှန်အခြေအနေအတိုင်း သဘောထား၍ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ကဲ့သို့ပင် ကြေညာသည်ကို တွေ့ရသည်။

နွေဦးတော်လှန်ရေးနောက်ပိုင်း စစ်ရေးအခြေအနေကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်သွားနိုင်ခဲ့သည့် နယ်မြေများကိုပါ ထည့်သွင်းကြေညာသည်မှာ ပုံမှန်ရုံးလုပ်ငန်းစဉ်အတိုင်းသာဖြစ်၏။ မြို့နယ် ၂၇၀ ကျော်တွင်သာ ရွေးကောက်ပွဲလုပ်နိုင်မည်ဟု ရွေးကောက်ပွဲကော်မရှင်က ‌မှတ်ချက်ပြုထားပြီးဖြစ်သည်။ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲကာလက ဝ ကိုယ်ပိုင်အုပ်ချုပ်ချုပ်ရေးတိုင်းမှ လေးမြို့နယ်နှင့် ရှမ်းအရှေ့မှ မိုင်းလားမြို့နယ်ကို ရွေးကောက်နယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့ပေ။

၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ဝ ဒေသ လေးမြို့နယ်နှင့် မိုင်းလားမြို့နယ်သာမက ရခိုင်ပြည်နယ်မှ မြို့နယ်များတွင်ပါ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပါ။

ယခု ၂၀၂၅ ခုနှစ်တွင် ရွေးကောက်နယ်မြေ သတ်မှတ်ခြင်းဆိုသည်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပြဋ္ဌာန်းချက်ပါအတိုင်း ရွေးကောက်ပွဲနယ်မြေ သတ်မှတ်ချက်ကို ကြေညာခြင်းဖြစ်ပြီး အချို့ မှားယွင်းစွာထင် မှတ်နေသကဲ့သို့ ရွေးကောက်ပွဲ မဖြစ်မနေ လုပ်မည်နယ်မြေကို ကြေညာခြင်း မဟုတ်ပေ။

ထို့ပြင် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများကဲ့သို့ပင် မလုပ်နိုင်သည့်နယ်မြေများကို ချန်ထားခဲ့မည်ဖြစ်ပြီး ကျန်သည့်လုပ်နိုင်သည့် နယ်မြေများတွင်သာ လုပ်သွားမည်ဖြစ်၏။ သို့သော် မလုပ်နိုင်မည့် မြို့နယ်များကို ကြေညာခြင်း၊ ရွေးကောက်ပွဲမလုပ်ဟု ကြေညာခြင်းမျိုး ပြုလုပ်မည်မဟုတ်ဘဲ လုပ်နိုင်သည့်အချိန်တွင် လုပ်မည်ဟူသည့် သဘောထားနှင့် ရွေးကောက်ပွဲကော်မရှင်က ရပ်တည်လေ့ရှိ၏။

စကမက ရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း နှစ်ကြိမ်ပြုလုပ်ပြီး ဇန်နဝါရီလအတွင်း နှစ်ကြိမ် စုစုပေါင်း လေးကြိမ်ပြုလုပ်မည်ဟု ဆိုခဲ့သော်လည်း ယခု ရွေးကောက်ပွဲကော်မရှင်၏ ဩဂုတ်လ ၂၀ ရက်နေ့ ကြေညာချက်အရ ပထမအသုတ် ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်တွင် ပထမ အသုတ် ကျင်းပမည်ဟု ကြေညာခဲ့သည်။ နောက်ထပ် နှစ်ကြိမ်မှ သုံးကြိမ်အထိ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ထပ်မံကျင်းပဖွယ်ရှိသည်။

ရွေးကောက်ပွဲ လုပ်သည့်အခြေအနေ

၂၀၂၅ ခုနှစ် စကမ ရွေးကောက်ပွဲကာလတွင် ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများ၌ အများစုအနိုင်ရခဲ့ကြသည့် ပြည်မမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်မှ ရခိုင်အမျိုးသားပါတီ (ANP) တို့ ပါဝင်ကြခြင်းမရှိပေ။

NLD ပါတီ၏ အဓိကခေါင်းဆောင်များ ဖမ်းဆီးခံထားရသကဲ့သို့ ဖမ်းဆီးမခံရသူများမှာလည်း တိမ်းရှောင်နေခြင်း၊ လက်နက်ကိုင် တိုက်ခိုက်နေကြခြင်းတို့ကြောင့် ပါတီပြန်လည်မှတ်ပုံတင်နိုင်ခြင်း မရှိပေ။ ရခိုင် ANP ပါတီအား စကမ ရွေးကောက်ပွဲကော်မရှင်က ပြန်လည်မှတ်ပုံတင်ခွင့် မပြုခဲ့ပေ။ SNLD က နိုင်ငံရေးအခြေအနေကြောင့် ပြန်လည်မှတ်ပုံတင်ခြင်း မရှိသော်လည်း မှတ်ပုံတင်ပါကလည်း တင်ခွင့်ပြုမည်မှာ မသေချာပေ။

၂၀၂၅ နှစ်ကုန် ရွေးကောက်ပွဲပြုလုပ်မည့်ကာလတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း (AAPP) ၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးနှင့်ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ ၂၉,၅၈၀ ဦး၊ ထောင်တွင်း၌ ဖမ်းဆီးခံနေရဆဲ အကျဉ်းသား ၂၂,၃၃၄ ဦး၊ အမိန့်ချမှတ်ပြီးသူ ၁၁,၀၀၈ ဦး၊ သေဒဏ်ချမှတ်ခံထားရသူ ၁၇၃ ဦးရှိသည်ဟု သိရ၏။

ထို့ပြင် စစ်တပ်အာဏာသိမ်းပြီး အရပ်သား သေဆုံးသူ ၇,၁၂၀ ဦးရှိပြီး အတည်ပြုရန် လိုအပ်နေဆဲဖြစ်သည့် သေဆုံးသူ ၃,၈၀၀ ခန့်ရှိသည်။ ရွေးကောက်ပွဲလုပ်မည့်ဟု ကြေညာသည့် ဩဂုတ်လအတွင်း လေယာဉ်များဖြင့် မြို့များကို ဗုံးကြဲမှုကြောင့် အရပ်သားသေဆုံးမှု များစွာမြင့်တက်နေသည်ကို တွေ့ရသည်။

အရေးပေါ်အခြေအနေ ရုပ်သိမ်း၍ ၆၃ မြို့နယ်သာ စစ်အုပ်ချုပ်ရေးကြေညာပြီး ရွေးကောက်ပွဲပြုလုပ်မည် ဆိုသော်လည်း တနိုင်ငံလုံးတွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးသည့် ဥပဒေထဲမှ ပုဒ်မ ၅၊ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များကို ရပ်ဆိုင်းထားသည်ဟု စကမက ထုတ်ပြန်ထား၏။

ရပ်ဆိုင်းလိုက်သည့် ပုဒ်မ ၅ အချက်များကြောင့် လူတယောက်၏ နေအိမ်၊ ပရဝဏ်များထဲသို့ သက်သေမပါဘဲ စစ်သားများ ဝင်ရောက်ရှာဖွေနိုင်မည်ဖြစ်၏။ ပုဒ်မ ၇ ရပ်ဆိုင်းသည့်အတွက် လူတယောက်အား တရားရုံး၏ ခွင့်ပြုချက်မလိုဘဲ ရက်အကန့်အသတ်မရှိ ချုပ်နှောင်ခွင့်ရှိမည်ဖြစ်၏။

ပုဒ်မ ၈ ရပ်ဆိုင်းသည့်အတွက် တရားဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်းမပါဘဲ၊ နိုင်ငံတော် သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံသားတယောက်၏ အိမ်၊ အခန်း၊ အဆောက်အဦ၊ ပရဝဏ်များထဲကို ရှာဖွေ၊ ဖမ်းဆီး၊ သိမ်းဆည်းနိုင်မည်ဖြစ်သည်။ ကာ/လုံ သက်တမ်းမတိုးဘဲ ရွေးကောက်ပွဲပြုလုပ်မည်ဆိုသော်လည်း စစ်အုပ်ချုပ်ရေးကာလအတိုင်း ဆက်လက် အုပ်ချုပ်သွားမည်သာ ဖြစ်သည်။

ထို့ပြင် ရွေးကောက်ပွဲကို နှောက်ယှက်ဖျက်ဆီးသူအား သေဒဏ်အထိပေးမည်ဟု ခြိမ်းခြောက် ပြဋ္ဌာန်းထားသည်ကိုလည်း တွေ့ရ၏။

သို့ဖြစ်ရာ ‌၂၀၂၅ ခုနှစ် စကမ ရွေးကောက်ပွဲသည် အဓိက ပြည်သူကိုယ်စားပြုသည့် နိုင်ငံရေးပါတီကြီးများ မပါသည့်အချိန်၊ နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ ကျော် အဖမ်းဆီးခံထားရသည့်အချိန်၊ အရပ်သားသေဆုံးမှု ၇,၀၀၀ ကျော်ရှိသည့်အချိန်၊ စစ်အုပ်ချုပ်ရေးကဲ့သို့ တင်းကျပ်သည့် ဥပဒေများ ချမှတ်ထားသည့်အချိန်တွင် ပြုလုပ်သည့်ရွေးကောက်ပွဲဖြစ်၏။ တပြည်လုံးတွင် စစ်ပွဲများဖြစ်၍ တည်ငြိမ်မှု မရှိသည့်အချိန်တွင် အပိုင်းလိုက်ခွဲ၍ လုပ်ရသည့် ရွေးကောက်ပွဲလည်းဖြစ်၏။

ထို့ကြောင့်လည်း ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးအတွက် အဖြေမဟုတ်ဟု ဆိုကြခြင်းဖြစ်သည်။

ရွေးကောက်ပွဲပြီး အလားအလာ

သို့သော် အထက်တွင် ဖော်ပြသကဲ့သို့ ရွေးကောက်ပွဲသည် အဖြေမဟုတ်ဟု ယူဆကြသော်လည်း တရုတ်အပါအဝင် အချို့သူများက ရွေးကောက်ပွဲပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျှော်လင့်ကြသည်ဟု ဆိုကြ၏။

မစ္စတာ ဝမ်ယိ၏ပြောကြားချက်၊ မော်နင်၏ ရှင်းလင်းချက်တို့ကို တိုတိုနှင့်လိုရင်း ဖော်ပြရလျှင် ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်အစိုးရ လုပ်သကဲ့သို့ လုပ်ရန်ဟူ၍ဖြစ်သည်။ တရုတ်တို့က နယ်စပ်ရှိ တိုင်းရင်းသားတပ်ဖွဲ့များအား ဖိအားပေါင်းစုံပေးနေခြင်းက ဤလမ်းကြောင်းသို့ ရောက်ရန်ဟု ဆိုချင်ပုံရ၏။

တရုတ်နှင့် အချို့သူတို့ မျှော်လင့်သကဲ့သို့ ဖြစ်နိုင်ပါမည်လော။ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်တပ်အာဏာသိမ်းကတည်းက ယနေ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် ပြင်ဆင်သည့်ကာလအထိ ဆွေးနွေးပွဲတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ပြစ်တင်တိုက်ခိုက်ဆဲဖြစ်သည်ကို တွေ့မြင်ရသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုသည့်သဘောထားကို လုံးဝ မတွေ့ရပေ။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က တရုတ်နိုင်ငံ၊ ဒေရှုမြို့တွင် USDP ဥဋ္ဌက ဦးခင်ရီနှင့် ကိုယ်စားလှယ်များ ဒေရှုမြို့ စည်ပင်သာယာ ကော်မတီ လုပ်ငန်းခွင်ကို လေ့လာနေစဉ် / USDP

တရုတ်နှင့် အချို့သူတို့ မျှော်လင့်သကဲ့သို့ ဖြစ်နိုင်ပါမည်လော။ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်တပ်အာဏာသိမ်းကတည်းက ယနေ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် ပြင်ဆင်သည့်ကာလအထိ ဆွေးနွေးပွဲတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ပြစ်တင်တိုက်ခိုက်ဆဲဖြစ်သည်ကို တွေ့မြင်ရသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုသည့်သဘောထားကို လုံးဝ မတွေ့ရပေ။

ရွေးကောက်ပွဲတွင် မုချအနိုင်ရမည်ဟု ယူဆထားသည့် စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးရေပါတီ (USDP) ၏ ဥက္ကဋ္ဌ ဦးခင်ရီကလည်း NLD သည် နိုင်ငံရေးအရ နိဂုံးချုပ်သွားပြီ၊ USDP ခေတ် ရောက်ပြီဟု ဆိုနေ၏။

ထို့အတူ USDP ခေါင်းဆောင်တဦးဖြစ်သူ ဘူးလက် လှဆွေကလည်း USDP သည် စစ်တပ်ပူးပေါင်းကာ အာရက္ခတပ်တော် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကို အပြတ်အသတ် တိုက်ခိုက်နှိမ်နင်းမည်ဟု ကြုံးဝါးနေသည်ကို တွေ့ရသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့ သူ၏ လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ပြောဆိုသော ဗီဒီယိုဖိုင်တွင် ဘူးလက်လှဆွေက လာမည့် ရွေးကောက်ပွဲတွင် တွက်ချက်မှုများအရ NLD မပါဝင်တော့၍ USDP ကသာ အနိုင်ရရန် သေချာနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရသစ်ဖွဲ့စည်းပြီးပါက အင်အားကောင်းလာသော စစ်တပ်နှင့်ပူးပေါင်း၍ AA နှင့် MNDAA ကို အပြတ်အသတ် နှိမ်နင်းမည်ဖြစ်ကြောင်း၊ ယင်းသို့ နှိမ်နင်းရန်မှာ USDP အစိုးရသစ်က လုပ်ဆောင်ရမည့် တာဝန်တရပ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖြစ်စေ၊ USDP ခေါင်းဆောင်များဖြစ်စေ အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြင်အယူအဆ မရှိကြ‌သည်ကို ရှင်းလင်းစွာတွေ့မြင်နိုင်၏။

၂၀၂၅၊ ၂၀၂၆ ရွေးကောက်ပွဲသည် မြန်မာပြည်နိုင်ငံရေးအတွက် အဖြေမဟုတ်သည်ကို တရုတ်အပါအဝင် အားလုံး အသိအမှတ်ပြု လက်ခံပြီးဖြစ်၏။ ရွေးကောက်ပွဲအပြီးတွင် တွေ့ရမည့် စစ်တပ်နှင့် USDP ၏ သဘောထားမှာ တရုတ်တို့ တိုက်တွန်းနေသကဲ့သို့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းသွားမည့် အလားအလာမရှိပေ။ အပြုတ်တိုက်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့များ လက်နက်ချရေးကိုသာ ရှေးရှုပြီး စစ်တပ်ရွေးကောက်ပွဲဖြင့် တက်လာသည့် စစ်တပ်အမည်ပြောင်း အစိုးရအား နိုင်ငံတကာတွင် ဝင်ဆံ့ရေးကိုသာ ဦးတည်လုပ်ဆောင်မည်ကို တွေ့ရသည်။

စစ်တပ်အား ရွေးကောက်ပွဲလုပ်ပြီး နိုင်ငံရေးထွက်ပေါက်ယူရန် အကြံပြုချက်သည် တရုတ်၏ အကြံပြုချက်ဟု ဆိုကြ၏။ ထို့ပြင် မြန်မာပြည်ပြဿနာကို ၂၀၀၈ အခြေခံဥပဒေ ဘောင်အတွင်းမှရှင်းရန် တရုတ်တို့ ညွှန်းလေ့ရှိသည်။ ဤသည်မှာ မြန်မာနိုင်ငံရေးတွင် စစ်တပ်ဗဟိုပြုသည့် တရုတ်တို့၏ စဉ်းစားမှုကို ဖော်ပြခြင်းဖြစ်၏။

လက်တွေ့တွင် စစ်တပ်၏ ၂၀၂၅၊ ၂၀၂၆ ရွေးကောက်ပွဲအပြီး လားရာမှာ တရုတ်တို့ မျှော်လင့်သလို မြန်မာပြည်တွင် အမျိုးသားပြန်လည်သင့်မြတ်မှု တည်ဆောက်ရေးဆိုသည်ထက် စစ်တပ်နှင့် စစ်တပ်ပါတီ USDP တို့ အာဏာချုပ်ကိုင်ရေး၊ တော်လှန်ရေးအင်အားစုများ ချေမှုန်းရေးကိုသာ ရှေးရှုမည်ဖြစ်သည်။ သို့သော် စစ်တပ်နှင့် USDP တို့ လုပ်နိုင်စွမ်းသည် တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

သို့ဖြစ်ရာ ရွေးကောက်ပွဲအပြီး မြန်မာပြည်တွင် စစ်ပွဲများ၊ မတည်ငြိမ်မှုများ၊ ဆက်လက် မြင့်တက်မည့်အလားအလာက ပိုများသည်ဟု သုံးသပ်ရပေသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ မစ္စတာ ဝမ်ယိ ခရီးစဉ်မှစ၍ တရုတ်တို့ မြန်မာစစ်တပ်အား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စသည့်ဘက်စုံမှ ကူညီခဲ့သည်မှာ တနှစ်ပြည့်ခဲ့ပြီဖြစ်၏။ ‌ထို့ပြင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ခြိမ်းခြောက်အကျပ်ကိုင်ပြီး ညီညွတ်မှုဖြိုခွဲခြင်း၊ စစ်ရှိန်လျှော့ချခြင်း၊ ထောက်ပို့ဖြတ်တောက်ခြင်းတို့ ပြုလုပ်လာသည်မှာလည်း တနှစ်ကျော်ရှိခဲ့ပြီဖြစ်၏။

ထိုသို့ ကူညီခဲ့ခြင်း၊ ဆောင်ရွက်ခဲ့ခြင်းအား တရုတ်တို့က မြန်မာပြည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုသည်ဟုလည်းကောင်း၊ မြန်မာပြည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ရည်စူးသည်ဟုလည်းကောင်း အကြိမ်ကြိမ်ဆိုခဲ့သည်ကို တွေ့ရသည်။

တရုတ်အကူအညီရခဲ့သည့် တနှစ်ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့ပေါင်း ၉၀ ကျော်၏ အစွန်းထွက်ပင် စစ်တပ်က ပြန်မသိမ်းနိုင်သေးပေ။ ရွေးကောက်ပွဲပြီး အပြုတ်တိုက်ရေး ဦးတည်နေသည့် မင်းအောင်လှိုင်နှင့် USDP သည် မြန်မာပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခြင်း ရှိမည်မဟုတ်ပေ။

အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားမရှိသည့် မင်းအောင်လှိုင်နှင့် USDP များကြောင့် စစ်ပွဲများ၊ မတည်ငြိမ်မှုများ ပိုမိုမြင့်လာမည်သာဖြစ်၏။ ထိုသို့သောကာလများတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုသည်ဆိုသည့်၊ မြန်မာစစ်တပ်အား ဘက်စုံမှ ကူညီနေသည့် တရုတ်တို့ မည်သို့ ဆက်လက်ပြောဆို ရပ်တည်မည်ဆိုသည်မှာ သေချာစွာ စောင့်ကြည့်ရမည့်အချက် ဖြစ်သည်။

တရုတ်တို့သဘောထားသည် မြန်မာပြည်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဦးတည်ချက်လော၊ မြန်မာပြည်တွင် စစ်အာဏာရှင်များ သက်ဆိုးရှည်ရေးအတွက်လော ဆိုသည်ကို ပို၍ ရှင်းလင်းလာစေမည်ဖြစ်သည်။

သက်ထားမောင်

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *