Category: News

  • မိုးကုတ် နဲ့ မိုးမိတ် မြို့ပြင်မှာတိုက်​ပွဲ​တွေစဖြစ်ပြီးပြင်းထန်​နေ

    မိုးကုတ် နဲ့ မိုးမိတ် မြို့ပြင်မှာတိုက်​ပွဲ​တွေစဖြစ်ပြီးပြင်းထန်​နေ

    KIA၊ PDF အပါအဝင်ပူးပေါင်းတပ်နဲ့ စစ်တပ်မိုးမိတ်မှာတိုက်ပွဲဖြစ်

    စစ်တပ်ပြန်ဝင်လာတဲ့ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့​တွေရဲ့ မြို့ပြင်​​နေရာ​တွေမှာ ယမန်​နေ့ညမှာ တိုက်ပွဲ​တွေ အပြင်းအထန်ဖြစ်ပွား​နေပါတယ်။

    မန္တ​လေးတိုင်းမိုးကုတ်မြို့ကို TNLA အကာအကွယ်နဲ့ မ​နေ့ည​နေပိုင်းမှာ ဝင်လာတဲ့ စစ်တပ်ဟာ ဒီကနေ့မှာ​ တော်လှန်​ရေးတပ်​တွေတပ်စွဲထားတဲ့မြို့အပြင်နေရာ​တွေကို ပါတိုးလာလို့ PDF ပူးပေါင်းတပ်‌တွေက တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့စစ်​ရေးသတင်းရင်းမြစ် ၄ ဦးက​ပြောပါတယ်။

    ” ည‌နေ ၅နာရီလောက်က စဖြစ်တာ။အခုညအထိဖြစ်နေတယ်။မိုးမိတ်ဖက် သွားတဲ့ဘက်မှာ ချနေတာလို့ ကြားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    တိုက်ပွဲ​တွေဟာမြို့အပြင် အ​နောက်ဘက်ပိုင်းမှာဖြစ်​နေပြီး နိုဝင်ဘာ ၃၀ ည ၈နာရီခွဲအထိ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။စစ်တပ်က မိုးကုတ်မြို့ကို နိုဝင်ဘာလ ၂၉ရက်ည‌နေမှာ စစ်တပ်က စစ်ကားတွေနဲ့ ဝင်လာတာပါ။ ပြည်သူ့စစ်သင်တန်းဆင်း စစ်သားသစ်တွေ အများဆုံးပါပြီး အင်အား ၁၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။

    ဒီကနေ့မနက်အထိ မြို့ထဲမှာ အင်အားအများအပြား တွေ့ရပြီး TNLA ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွဲလျက်တွေ့တာလို့ ဒေသခံတွေကပြောပါတယ်။

    “မြို့ထဲတင်မဟုတ်ဘဲ PDF တွေဆုတ်ထားတဲ့‌နေရာအထိဝင်လာတာလို့ ပြောတယ်။ တိုက်ပွဲက ဖြစ်မှာ သိတယ်။ထင်တဲ့အတိုင်းဖြစ်ပြီ” လို့ ဒေသခံက ​ပြောပါတယ်။

    မိုးကုတ်တိုက်ပွဲနဲ့ပတ်သက်ပြီး ဒေသတွင်း PDF တပ်ဖွဲ့အချို့ဆီကို ဆက်သွယ်မေးမြန်းရာ စစ်ရေးသတင်းတွေ လတ်တလော ပြောလို့မရဘူးလို့ အသိပေးပါတယ်။အစည်းအဝေး ဆုံးဖြတ်ချက်အရ မီဒီယာဖြေကြားမှုတွေ တားမြစ်ထားလို့ တိုက်ပွဲသတင်းနဲ့ တိုက်ပွဲအကြောင်းတွေတော့ လောလောဆယ်ဘာမှပြောပြလို့မရဘဲ အချိန်တန်ရင်သတင်းထုတ်ပြန်မယ်လို့ PDF တပ်ဖွဲ့တခုတာဝန်ရှိသူတဦးက ပြောပါတယ်။

    စစ်တပ်စစ်ကြောင်းတွေဟာ မိုးမိတ်မြို့ဘက်ကိုလည်း ဦးတည်နေတယ်လို့ မိုးမိတ်ဒေသခံတော်
    လှန်ရေးသတင်းရင်းမြစ်တွေက ဒီက​နေည‌နေပိုင်းမှာပြောပါတယ်။

    ●မိုးမိတ်မှာလည်းတိုက်ပွဲဖြစ်

    အလားတူရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ လည်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်နဲ့ စစ်တပ်ယနေ့ ညပိုင်းမှာ တိုက်ပွဲပြင်းထန်နေကြောင်း ကချင်စစ်​ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “အခုသိရသလောက်တော့ ဒီညနေပိုင်း ၆နာရီ ၅၀ ဝန်းကျင်မှာ မိုးမိတ်ကနေ TNLAတပ်ဖွဲ့တွေ ထွက်ခွာသွားပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်တွေ ၈နာရီလောက်မှာ မိုးမိတ်မြို့ထဲကိုဝင်လာတဲ့အချိန်မှာ မြို့အပြင်အနီးတ၀ိုက်မှာ ရှိနေတဲ့ KIAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြန်လည်စတင်နေပြီလို့ ကြားသိရတယ်။..။အခု ကြားသိရတာက မိုးမိတ်မြို့ပြင်မှာ KIA တပ်ရင်း(၃၄)နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်တာ ၈နာရီ ၁၅ ဝန်းကျင်က စတာ။ မိုးကုတ်အနောက်ဘက်ခြမ်းမှာတော့ PDFနဲ့ နီးစပ်တဲ့ မိတ်ဆွေတဦးက တိုက်ပွဲဖြစ်နေပြီလို့ပြောတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

    တိုက်ပွဲ​တွေဖြစ်ပွား​နေတာ​ကြောင့်စစ်တပ်တိုက် လေယာဉ်တချို့ မိုးကုတ်နဲ့ မိုးမိတ်ဘက်ကို ဦးတည်ပြီး ပျံသန်းနေတယ်လို့လည်း လေကြောင်းသတိပေးချက်တွေ ရှိ‌နေပါတယ်။

    မိုးမိတ်မြို့နယ်ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ဖို့ ကြိုးစားလာတာကို KIA တောင်ပိုင်းတိုင်းစစ်
    ဌာနချုပ် တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း(၃၄)နဲ့ PDF တပ်တွေ ပူးပေါင်းခုခံသွားလိမ့်မယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “ ရှမ်းမြောက်မှာ KIAနဲ့ စကစ တိုက်ပွဲပြန်စပြီဆိုတော့ KIA ထိန်းချုပ်ထားတဲ့ နမ့်ဖက်ကာနဲ့ မဘိမ်းမြို့ကို စကစ ဘက်က လေကြောင်းဖိအားပေး တိုက်ခိုက်လာနိုင်တာမို့ အားလုံးသတိပြု နေထိုင်ကြဖို့လည်း တိုက်တွန်းလိုပါတယ်” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

    အခုလို တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်တာကိုTNLAဘက်ကတော့ စစ်တပ်တွေနဲ့ အဝေးဆုံးကို ရှောင်သင့်တယ်လို့လည်း သူကအကြံပြုပါတယ်။

    “စစ်ကောင်စီနဲ့ TNLA တပ်ဖွဲ့တွေ ရှိနေရင်တော့ မလိုလားအပ်တဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်ပါတယ်။TNLA ဘက်က အကြောင်းကြောင်းကြောင့်ပေါ့ တရုတ်ရဲ့ ဖိအားကြောင့်ပဲ ဖြစ်ဖြစ် မိုးကုတ်မိုးမိတ်ကို မထိန်းချုပ်နိုင်ရင် စစ်ကောင်စီနဲ့ အဝေးဆုံးနေရာမှာ ရှောင်သွားတာ အကောင်းဆုံးပါ။ စစ်ကောင်စီနဲ့အတူရှိနေရင် KIA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ခုခံတိုက်ခိုက်သွားလိမ့်မယ်လို့ ရှုမြင်ပါတယ်။” ဟု သတင်းရင်းမြစ်က ပြောပါတယ်။

    ရှမ်းမြောက် ကျောက်မဲမြို့နယ်မှာလည်း နိုဝင်ဘာ ၂၉ရက်က စစ်ကောင်စီတပ်နဲ့ ရှမ်းတပ် SSPP တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါ​သေးတယ်။

    “ရှမ်းမြောက်ကို အင်အားဖြည့်လာနေတဲ့စစ်ရာဇဝတ်မှုကို ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို KIA တောင်ပိုင်းတိုင်းနဲ့ ပူးပေါင်းပြီး မဟာမိတ်တွေ ပြိုင်တူ ထိုးစစ်ဆင်သင့်ပြီ။ ဒီအချိန်ပြိုင်တူမတိုက်ရင် စစ်ကောင်စီက ရှမ်းမြောက်ပြည်ထောင်စုလမ်းမကြီးကို အလုံးစုံ ပြန်ထိန်းချုပ်သွားနိုင်တယ်” လို့လည်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

    TNLAက မိုးကုတ်မြို့ကနေဆုတ်ခွာမယ်လို့အောက်တိုဘာလ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပြီးတဲ့နောက် မိုးကုတ်မြို့ကိုကာကွယ်မယ်လို့ဆိုပြီး မန္တလေးတိုင်းအတွင်းက PDFတပ်ရင်းတွေအပြင် အညာတပ်ရင်းတွေကပါ ​​ကြေညာခဲ့ပါတယ်။ အဲဒီ​နောက်မြို့ပတ်ဝန်းကျင်ကို PDF​တွေ ရောက်ရှိ နေပါတယ်။

    TNLAက ၎င်းတို့အနေနဲ့ မိုးကုတ်မြို့က​နေဆုတ်ခွာပြီး စစ်တပ်ဝင်လာချိန်မှာတော်လှန်ရေးအဖွဲ့တွေကို သေနတ်မဖောက်ဖို့ ခေါ်ပြောခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပုံစံမျိုးစုံနဲ့ တဖြည်းဖြည်းဝင်ရောက်လာခဲ့ပြီး နိုဝင်ဘာ ၃၀ ညနေမှာတော့စစ်ယာဉ်တန်းနဲ့ဝင်လာခဲ့တာပါ။

  • သီတာယုမွန်အဖွဲ့မှ ပျူစောထီးများ လိုက်ပါလာသည့်ကားကို ကြားဖြတ် တိုက်ခိုက်

    သီတာယုမွန်အဖွဲ့မှ ပျူစောထီးများ လိုက်ပါလာသည့်ကားကို ကြားဖြတ် တိုက်ခိုက်

    မြင်းခြံမြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်အဖွဲ့မှ ပျူစောထီးများ လိုက်ပါလာသည့်ကားကို ကြားဖြတ် တိုက်ခိုက်မှု ၅ ဦး သေဆုံးပြီး သေနတ် ၃ လက် နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်အဖွဲ့မှ ပျူစောထီးများ လိုက်ပါလာသည့် ကားကို ကြားဖြတ်တိုက်ခိုက်ရာ ၅ ဦးပွဲချင်းပြီး သေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက ပြောဆိုသည်။

    နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မြင်းခြံမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်မှ ပျူစောထီးများ လိုက်ပါလာသောကားကို Pakokku Special Task Force ပခုက္ကူမြို့နယ် တပ်ရင်း ၁ မှ ရဲဘော် ဒီး နှင့် ရဲဘော် ဓာတ်​ဗူး ဦးဆောင်သည့် အဖွဲ့က ​ညောင်ဦး-မြင်းခြံလမ်းပိုင်း တနေရာအရောက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း ပျူစောထီး ၅ ဦး ပွဲချင်းပြီး သေဆုံးကာ G4 သေနတ် ၁ လက် ၊ ကာဘိုင် ၂ လက်နှင့် ကျည်အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “ပါလာတဲ့ ၅ ယောက်လုံး အကုန်သေတာ။ စစ်ခွေး ၅ ဦးက နေရာတင် ပွဲချင်းပြီး သေဆုံးပါတယ်။ စစ်ကော်မရှင်အနေနဲ့ ​ပြည်သူတွေမကြည်ဖြူဘူးဆိုရင် ဘယ်နေရာမှာပဲနေနေ လုံခြုံမှုမရှိဘူးဆိုတာ ကို အသိပေးချင်ပါတယ် ” ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်မှိုင်းက ပြောဆိုသည်။

  • မိုးကုတ်မှာ စစ်အုပ်စုနဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေ

    မိုးကုတ်မှာ စစ်အုပ်စုနဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေ

    မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နိုဝင်ဘာလ ၃၀ ရက် ဒီနေ့ ညနေ ၅ နာရီခွဲကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    တော်လှန်ရေးတပ်တွေ တပ်ဆုတ်ထားတဲ့ မြို့ပြင်အထိ စစ်အုပ်စုတပ်က ဒီနေ့ညနေပိုင်းမှာ ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အမည်မဖော်လိုတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    “ကျန်တော်တို့က သူတို့ရဲ့ (TNLA) တောင်းဆိုချက်အရ မြို့အပြင်မှာ ရှိနေထားပေးတာပါ။ အဲ့ဒီအထိ စစ်ကော်မရှင်တပ်တွေကို TNLA က အနီးကပ်အထိုင်ချပြီး ခေါ်လာရာကနေ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာပါ”

    လတ်တလောမှာ တိုက်ပွဲဆက်ဖြစ်နေသလို စစ်အုပ်စုတပ်ဘက်က ဆက်တိုက်ပစ်ခတ်နေတာကြောင့် တိုက်ပွဲဆက်ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။

    အပစ်ရပ်ပြီးနောက် အင်အားရာနု့ချီတဲ့ စစ်အုပ်စုတပ်တွေကို နိုဝင်ဘာလ ၂၉ ရကါ ညပိုင်းမှာ မိုးကုတ်မြို့ထဲကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ခေါ်သွင်းလာတာ ဖြစ်ပါတယ်။

    လက်ရှိမှာလည်း TNLA က တပ်သားတချို့ မိုးကုတ်မြို့ထဲက ဆက်ဆံရေးရုံးမှာ ဆက်ရှိနေပြီး စစ်အုပ်စုတပ်နဲ့ အုပ်ချုပ်ရေးပိုင်း ကိစ္စတချို့ဆွေးနွေး နေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် နိုဝင်ဘာလ ၂၉ ရက်နေ့ကတော့ မိုးကုတ်မြို့မှာ ကျန်ရှိနေတဲ့ ဒေသခံတွေကို TNLA က အပြင်ထွက်သွားလာခွင့်မပြုထားပေမဲ့ ဒီနေ့မှာတော့ ပုံမှန်အတိုင်း ပြန်ခွင့်ပြုနေတယ်လို့ ဆိုပါတယ်။

    တရုတ်နိုင်ငံရဲ့ အကျပ်ကိုင်ဖိအားပေးမှုကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်က စစ်အုပ်စုနဲ့TNLA တပ်တို့ဟာ ကူမင်းမြို့နယ်မှာ အပစ်ရပ်သဘောတူညီချက်နဲ့ မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကို လက်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

  • ဝက်လက်မြို့နယ်တွင် အတက်ရောဂါ ခံစားနေရသည့် စစ်သား ၁ ဦးကို ပရိတ် ရေ ဖြန်းပေးသည့် အသက် ၆၀ နှစ်အရွယ် ဒေါ်ဆန်းလွင်ကို စစ်တပ်က ပစ်သတ်

    ဝက်လက်မြို့နယ်တွင် အတက်ရောဂါ ခံစားနေရသည့် စစ်သား ၁ ဦးကို ပရိတ် ရေ ဖြန်းပေးသည့် အသက် ၆၀ နှစ်အရွယ် ဒေါ်ဆန်းလွင်ကို စစ်တပ်က ပစ်သတ်

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်သား ၁ ဦးကို ပရိတ်ရေဖြင့် ထွက်ပက်သည့် အသက် ၆၀ အရွယ် ဒေါ်ဆန်းလွင်ကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများ တပ်ဖွဲ့မှ ကိုရာမက ပြောဆိုသည်။

    နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ စစ် သား ၁ ဦး အတက်ရောဂါ ခံစားနေရသည့် အတွက် ကျေးရွာနေပြည်သူ အသက် ၆၀ အရွယ် ဒေါ်ဆန်းလွင်က ပရိတ်ရေဖြင့် ထွက်ပက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

    ထိုသို့ ပရိတ်ရေဖြင့် ထွက်ပက်သည်ကို စစ်ကြောင်းတွင် လိုက်ပါလာသော အရာရှိက စုန်းမကြီး ဟုပြောဆိုပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်သတ်ပြီးနောက် ဒေါ်ဆန်းလွင်၏ ရုပ်အလောင်းကို စစ်သားများက စောင်ဖြင့် သယ်ယူကာ သားနားရွာ နှင့် မောက်ကြိုးရွာ အကြားတွင် ရုပ်အလောင်းကို မြေမြုပ်ဖျောက်ဖျက်ခဲ့ကြောင်း သိရှိရသည်။

    “အဖွားက ရွာထဲကို စစ်ကြောင်းဝင်လာတော့ မပြေးဘူးလို့ သိရတယ်။ စစ်ခွေးစစ်ကြောင်းက ရွာထဲရောက်တော့ အိမ်တွေကို လိုက်မွှေနေတုန်း စစ်ခွေး ၁ ကောင်က မကောင်းဆိုးဝါး ဝင်ပူးသလို အတက်ရောဂါဖြစ်သလို တွန့်လိမ်ကောက်ကွေးနေတဲ့ အချိန်မှာအဖွားက ပရိတ်ရေဖြင့် ထွက်ပက်ပေးတာ အဖွားရေနဲ့ ပက်လိုက်တဲ့ အချိန်မှာ အဲစစ်ခွေးက ပြန်ငြိမ်သွားတာ အဲတာကို မြင်တော့ စစ်ကြောင်းမှာပါလာတဲ့ အရာရှိက စုန်းမကြီးဆိုပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာ အဲလိုပစ်သတ်ပြီး ရုပ်အလောင်းကို စစ်ခွေးတွေ စောင်နဲ့သယ်ယူသွားပြီး မြေမြုပ်ခဲ့တာ” ဟု ဗန္ဓုလနှင့်အဖွဲ့သားများ တပ်ဖွဲ့မှ ကိုရာမက ပြောဆိုသည်။

    ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းနေ့တွင် ပုဏ္ဏားကျေးရွာကို ဝင်ရောက် မီးရှို့နေစဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၅ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ လက်နက် ၃၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

  • ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ လှည်းတန်းလူကူးတံတားပေါ်မှ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

    ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ လှည်းတန်းလူကူးတံတားပေါ်မှ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

    ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ လှည်းတန်းလူကူးတံတားပေါ်မှ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

    ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာ ၂၉ရက်) ညပိုင်းက ကမာရွတ်မြို့နယ်၊ ပြည်လမ်းပေါ်၊ မာလာမှတ်တိုင်အနီး လှည်းတန်းလူကူးကုန်း တံတားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ဘယ်လိုဖြစ်ပြီး ပြုတ်ကျတာလဲတော့ သေသေချာချာမသိရသေးဘူး။ မိသားစုနဲ့လဲ အဆက်အသွယ်မရသေးဘူး။ ပြုတ်ကျတာက မာလာဆောင်ရှေ့က လူကူးတံတားပေါ်က ပြုတ်ကျတာပါ”ဟု သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    လူကူးကုန်းတံတားပေါ်မှ ပြုတ်ကျသေဆုံးသူမှာ အသက် (၂၅) နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြင်ပထိခိုက်ဒဏ်ရာများ ပြင်းပြင်းထန်ထန်မတွေ့ရှိရသော်လည်း ဆေးရုံကြီးသို့ ပို့ဆောင်ပြီးနောက် ခဏအကြာတွင် သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။

    “ပြင်ပထိခိုက်ဒဏ်ရာတော့ ကြီးကြီးမားမားမတွေ့ရပါဘူး။ ပြုတ်ကျတဲ့အရှိန်ကြောင့် နည်းနည်းတော့ထိခိုက်မိတာရှိတာပေါ့။ ဆေးရုံကြီး ကိုပို့ပြီး ည (၁၁) နာရီမှာပဲ ဆုံးသွားတယ်။ မိသားစုနဲ့ အဆက်အသွယ်ရဖို့လည်း စုံစမ်းနေတုန်းပါ”ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် သေဆုံးသူအမျိုးသမီးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဖြစ်စဉ်အကြောင်းအရာနှင့် ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းလျက်ရှိကြောင်း သိရသည်။

    အလားတူ ပြီးခဲ့သည့် ဧပြီလ ၁ရက်ကလည်း ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းပေါ်ရှိ လှည်းတန်းလူကူးကုန်းတံတားပေါ်မှ အသက် (၂၀) နှစ်ကျော်ဝန်းကျင် အမျိုးသမီးတစ်ဦးဓာတ်ပုံရိုက်စဉ်ဖုန်းပြုတ်ကျသဖြင့် လိုက်ဖမ်းရာမှ လူပါပြုတ်ကျခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားဖူးကြောင်း သိရသည်။