KIA၊ PDF အပါအဝင်ပူးပေါင်းတပ်နဲ့ စစ်တပ်မိုးမိတ်မှာတိုက်ပွဲဖြစ်
စစ်တပ်ပြန်ဝင်လာတဲ့ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေရဲ့ မြို့ပြင်နေရာတွေမှာ ယမန်နေ့ညမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။
မန္တလေးတိုင်းမိုးကုတ်မြို့ကို TNLA အကာအကွယ်နဲ့ မနေ့ညနေပိုင်းမှာ ဝင်လာတဲ့ စစ်တပ်ဟာ ဒီကနေ့မှာ တော်လှန်ရေးတပ်တွေတပ်စွဲထားတဲ့မြို့အပြင်နေရာတွေကို ပါတိုးလာလို့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ် ၄ ဦးကပြောပါတယ်။

” ညနေ ၅နာရီလောက်က စဖြစ်တာ။အခုညအထိဖြစ်နေတယ်။မိုးမိတ်ဖက် သွားတဲ့ဘက်မှာ ချနေတာလို့ ကြားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
တိုက်ပွဲတွေဟာမြို့အပြင် အနောက်ဘက်ပိုင်းမှာဖြစ်နေပြီး နိုဝင်ဘာ ၃၀ ည ၈နာရီခွဲအထိ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။စစ်တပ်က မိုးကုတ်မြို့ကို နိုဝင်ဘာလ ၂၉ရက်ညနေမှာ စစ်တပ်က စစ်ကားတွေနဲ့ ဝင်လာတာပါ။ ပြည်သူ့စစ်သင်တန်းဆင်း စစ်သားသစ်တွေ အများဆုံးပါပြီး အင်အား ၁၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။
ဒီကနေ့မနက်အထိ မြို့ထဲမှာ အင်အားအများအပြား တွေ့ရပြီး TNLA ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွဲလျက်တွေ့တာလို့ ဒေသခံတွေကပြောပါတယ်။
“မြို့ထဲတင်မဟုတ်ဘဲ PDF တွေဆုတ်ထားတဲ့နေရာအထိဝင်လာတာလို့ ပြောတယ်။ တိုက်ပွဲက ဖြစ်မှာ သိတယ်။ထင်တဲ့အတိုင်းဖြစ်ပြီ” လို့ ဒေသခံက ပြောပါတယ်။

မိုးကုတ်တိုက်ပွဲနဲ့ပတ်သက်ပြီး ဒေသတွင်း PDF တပ်ဖွဲ့အချို့ဆီကို ဆက်သွယ်မေးမြန်းရာ စစ်ရေးသတင်းတွေ လတ်တလော ပြောလို့မရဘူးလို့ အသိပေးပါတယ်။အစည်းအဝေး ဆုံးဖြတ်ချက်အရ မီဒီယာဖြေကြားမှုတွေ တားမြစ်ထားလို့ တိုက်ပွဲသတင်းနဲ့ တိုက်ပွဲအကြောင်းတွေတော့ လောလောဆယ်ဘာမှပြောပြလို့မရဘဲ အချိန်တန်ရင်သတင်းထုတ်ပြန်မယ်လို့ PDF တပ်ဖွဲ့တခုတာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းတွေဟာ မိုးမိတ်မြို့ဘက်ကိုလည်း ဦးတည်နေတယ်လို့ မိုးမိတ်ဒေသခံတော်
လှန်ရေးသတင်းရင်းမြစ်တွေက ဒီကနေညနေပိုင်းမှာပြောပါတယ်။
●မိုးမိတ်မှာလည်းတိုက်ပွဲဖြစ်

အလားတူရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ လည်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်နဲ့ စစ်တပ်ယနေ့ ညပိုင်းမှာ တိုက်ပွဲပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“အခုသိရသလောက်တော့ ဒီညနေပိုင်း ၆နာရီ ၅၀ ဝန်းကျင်မှာ မိုးမိတ်ကနေ TNLAတပ်ဖွဲ့တွေ ထွက်ခွာသွားပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်တွေ ၈နာရီလောက်မှာ မိုးမိတ်မြို့ထဲကိုဝင်လာတဲ့အချိန်မှာ မြို့အပြင်အနီးတ၀ိုက်မှာ ရှိနေတဲ့ KIAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြန်လည်စတင်နေပြီလို့ ကြားသိရတယ်။..။အခု ကြားသိရတာက မိုးမိတ်မြို့ပြင်မှာ KIA တပ်ရင်း(၃၄)နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်တာ ၈နာရီ ၁၅ ဝန်းကျင်က စတာ။ မိုးကုတ်အနောက်ဘက်ခြမ်းမှာတော့ PDFနဲ့ နီးစပ်တဲ့ မိတ်ဆွေတဦးက တိုက်ပွဲဖြစ်နေပြီလို့ပြောတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်စစ်တပ်တိုက် လေယာဉ်တချို့ မိုးကုတ်နဲ့ မိုးမိတ်ဘက်ကို ဦးတည်ပြီး ပျံသန်းနေတယ်လို့လည်း လေကြောင်းသတိပေးချက်တွေ ရှိနေပါတယ်။
မိုးမိတ်မြို့နယ်ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ဖို့ ကြိုးစားလာတာကို KIA တောင်ပိုင်းတိုင်းစစ်
ဌာနချုပ် တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း(၃၄)နဲ့ PDF တပ်တွေ ပူးပေါင်းခုခံသွားလိမ့်မယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ ရှမ်းမြောက်မှာ KIAနဲ့ စကစ တိုက်ပွဲပြန်စပြီဆိုတော့ KIA ထိန်းချုပ်ထားတဲ့ နမ့်ဖက်ကာနဲ့ မဘိမ်းမြို့ကို စကစ ဘက်က လေကြောင်းဖိအားပေး တိုက်ခိုက်လာနိုင်တာမို့ အားလုံးသတိပြု နေထိုင်ကြဖို့လည်း တိုက်တွန်းလိုပါတယ်” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

အခုလို တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်တာကိုTNLAဘက်ကတော့ စစ်တပ်တွေနဲ့ အဝေးဆုံးကို ရှောင်သင့်တယ်လို့လည်း သူကအကြံပြုပါတယ်။
“စစ်ကောင်စီနဲ့ TNLA တပ်ဖွဲ့တွေ ရှိနေရင်တော့ မလိုလားအပ်တဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်ပါတယ်။TNLA ဘက်က အကြောင်းကြောင်းကြောင့်ပေါ့ တရုတ်ရဲ့ ဖိအားကြောင့်ပဲ ဖြစ်ဖြစ် မိုးကုတ်မိုးမိတ်ကို မထိန်းချုပ်နိုင်ရင် စစ်ကောင်စီနဲ့ အဝေးဆုံးနေရာမှာ ရှောင်သွားတာ အကောင်းဆုံးပါ။ စစ်ကောင်စီနဲ့အတူရှိနေရင် KIA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ခုခံတိုက်ခိုက်သွားလိမ့်မယ်လို့ ရှုမြင်ပါတယ်။” ဟု သတင်းရင်းမြစ်က ပြောပါတယ်။

ရှမ်းမြောက် ကျောက်မဲမြို့နယ်မှာလည်း နိုဝင်ဘာ ၂၉ရက်က စစ်ကောင်စီတပ်နဲ့ ရှမ်းတပ် SSPP တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါသေးတယ်။
“ရှမ်းမြောက်ကို အင်အားဖြည့်လာနေတဲ့စစ်ရာဇဝတ်မှုကို ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို KIA တောင်ပိုင်းတိုင်းနဲ့ ပူးပေါင်းပြီး မဟာမိတ်တွေ ပြိုင်တူ ထိုးစစ်ဆင်သင့်ပြီ။ ဒီအချိန်ပြိုင်တူမတိုက်ရင် စစ်ကောင်စီက ရှမ်းမြောက်ပြည်ထောင်စုလမ်းမကြီးကို အလုံးစုံ ပြန်ထိန်းချုပ်သွားနိုင်တယ်” လို့လည်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
TNLAက မိုးကုတ်မြို့ကနေဆုတ်ခွာမယ်လို့အောက်တိုဘာလ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပြီးတဲ့နောက် မိုးကုတ်မြို့ကိုကာကွယ်မယ်လို့ဆိုပြီး မန္တလေးတိုင်းအတွင်းက PDFတပ်ရင်းတွေအပြင် အညာတပ်ရင်းတွေကပါ ကြေညာခဲ့ပါတယ်။ အဲဒီနောက်မြို့ပတ်ဝန်းကျင်ကို PDFတွေ ရောက်ရှိ နေပါတယ်။
TNLAက ၎င်းတို့အနေနဲ့ မိုးကုတ်မြို့ကနေဆုတ်ခွာပြီး စစ်တပ်ဝင်လာချိန်မှာတော်လှန်ရေးအဖွဲ့တွေကို သေနတ်မဖောက်ဖို့ ခေါ်ပြောခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပုံစံမျိုးစုံနဲ့ တဖြည်းဖြည်းဝင်ရောက်လာခဲ့ပြီး နိုဝင်ဘာ ၃၀ ညနေမှာတော့စစ်ယာဉ်တန်းနဲ့ဝင်လာခဲ့တာပါ။


Leave a Reply