Category: News

  • စစ်ကိုင်းနဲ့ မန္တလေးအပါအဝင် စစ်ရှုံးနေတဲ့ နိုင်ငံတဝန်းက မဲဆန္ဒနယ် ၁၂၁ နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း စစ်အုပ်စုကြေညာ

    စစ်ကိုင်းနဲ့ မန္တလေးအပါအဝင် စစ်ရှုံးနေတဲ့ နိုင်ငံတဝန်းက မဲဆန္ဒနယ် ၁၂၁ နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း စစ်အုပ်စုကြေညာ

    စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက စစ်အုပ်စု လက်လွှတ်ဆုံးရှုံးထားရတဲ့ မြို့နယ်တွေအပါဝင် တိုင်းရင်းသား လက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ နိုင်ငံတဝန်းက မဲဆန္ဒနယ် ၁၂၁ ခုမှာ ရွေးကောက်ပွဲမကျင်းပနိုင်တော့ကြောင်း စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

    လာမဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပတော့မဲ့ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော်စတဲ့ လွှတ်တော်တွေအားလုံးအတွက် မဲဆန္ဒနယ်မြေ စုစုပေါင်း ၇၁၂ နယ်မှာသာ ရွေးကောက်ပွဲ ပြုလုပ်သွားမှာဖြစ်ပေမဲ့ စစ်အုပ်စု စစ်ရှုံးနေတဲ့ မြို့နယ်တွေနဲ့ နယ်မြေစိုးမိုးမှု မရှိသေးတဲ့ နိုင်ငံတဝန်းက မဲဆန္ဒနယ် ၁၂၁ နယ်မြေမှာ ရွေးကောက်ပွဲကျင်းပဖို့မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

    စစ်အုပ်စု ရွေးကောက်ပွဲမပြုလုပ်တော့မဲ့ မဲဆန္ဒနယ်တွေဟာ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၅၆ ခု၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၉ ခုနဲ့ တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် ၅၆ ခု တို့မှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိတာကြောင့် မကျင်းပဖြစ်တော့ကြောင့် ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

    လက်ရှိမှာ စစ်ကိုင်းတိုင်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်နဲ့ ပင်လည်ဘူးမြို့နယ်အပါဝင် စစ်အုပ်စုမြို့ပေါ်မှာသာရှိပြီး နယ်မြေမစိုးမိုးနိုင်တော့တဲ့ ထီးချိုင့်၊ မြောင်၊ ပုလဲ၊ ယင်းမာပင်၊ ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦးနဲ့ ဝက်လက်မြို့နယ် စတဲ့ မြို့နယ်ပေါင်း ၁၀ မြို့နယ်က မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ မလုပ်နိုင်သလို မန္တလေးတိုင်းမှာလည်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မိုးကုတ်၊ စဉ့်ကူးမြို့နယ်နဲ့ မြင်းခြံခရိုင်ထဲက နွားထိုးကြီးမြို့နယ်မှာ ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်းကို စစ်အုပ်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဝန်ခံထားပါတယ်။

    အလားတူ တော်လှန်ရေးတပ်တွေအားကောင်းပြီး နယ်မြေစိုးမိုးထားနိုင်တဲ့ မကွေတိုင်းမှာလည်း ဆော၊ ထီးလင်း၊ ပေါက်၊ မြိုင်နဲ့ ရေစကြိုမြို့နယ်တွေက မဲဆန္ဒနယ်မြေတွေမှာပါ ရွေးကောက်ပွဲမကျင်းပနိုင်တာ တွေ့ရပါတယ်။

    ရွေးကောက်ပွဲ မကျင်းပဖြစ်တော့မဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေအနေနဲ့ ကချင်ပြည်နယ်မှာ ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ရှမ်းပြည်နယ်မှာ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်း၊ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နမ့်ဆန်၊ မန်တုံ၊ ကုန်းကြမ်း၊ လောက်ကိုင်၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မဘိမ်း၊ မိုးမိတ်၊ မိုင်းလား၊ ကွမ်လုံ၊ သိန္နီ၊ ကရင်နီ(ကယား)ပြည်နယ်မှာ ဖားဆောင်း၊ မယ်စဲ့၊ ရှာတော၊ ချင်းပြည်နယ်မှာ ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ စစ်ကိုင်းတိုင်းမှာ ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူး၊ မြောင်၊ ပုလဲ၊ ယင်းမာပင်၊ ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦး၊ ဝက်လက်၊ မကွေးတိုင်းမှာ ဆော၊ ထီးလင်း၊ ပေါက်၊ မြိုင်၊ ရေစကြို၊ မန္တလေးတိုင်းမှာ စဉ့်ကူး၊ နွားထိုးကြီး၊ မိုးကုတ်၊ ရခိုင်ပြည်နယ်မှာ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး စတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။

    အလားတူ ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(မဲအများဆုံးရသူ အနိုင်ယူစနစ်) ၉ ခုကတော့ ကရင်နီ(ကယား)ပြည်နယ်မှာ မဲဆန္ဒနယ် အမှတ်(၅) ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၆) မဲစဲ့မြို့နယ်နဲ့ ရှားတောမြို့နယ်၊ ရှမ်းပြည်နယ်မှာ မဲဆန္ဒနယ် အမှတ်(၄) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မဲဆန္ဒနယ် အမှတ်(၅) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းပြည်နယ်မှာ မဲဆန္ဒနယ် အမှတ်(၂) ပလက်ဝခရိုင်တစ်ခုလုံး၊ မဲဆန္ဒနယ် အမှတ်(၄) မတူပီခရိုင် တစ်ခုလုံး၊ မဲဆန္ဒနယ် အမှတ်(၅) မင်းတပ်ခရိုင်တစ်ခုလုံး၊ ရခိုင်ပြည်နယ်မှာ မဲဆန္ဒနယ် အမှတ်(၄) မောင်တောခရိုင် တစ်ခုလုံး၊ မဲဆန္ဒနယ် အမှတ်(၅) မြောက်ဦးခရိုင် တစ်ခုလုံးတို့ ဖြစ်ပါတယ်။

    နောက်ထပ် ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူအနိုင်ယူစနစ်) မဲဆန္ဒနယ်မြေ ၅၆ ခုကတော့ ကချင်ပြည်နယ်မှာ ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ရှမ်းပြည်နယ်မှာ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်း၊ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နမ့်ဆန်၊ မန်တုံ၊ ကုန်းကြမ်း၊ လောက်ကိုင်၊ နမ္မတူ၊ ကွတ်ခိုင်၊ သိန္နီ၊ နမ့်ခမ်း၊ မဘိမ်း၊ မိုးမိတ်၊ မိုင်းလား၊ ကွမ်လုံ၊ ကရင်နီ(ကယား)ပြည်နယ်မှာ ဖားဆောင်း၊ မယ်စဲ့၊ ရှားတော၊ ချင်းပြည်နယ်မှာ ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ စစ်ကိုင်းတိုင်းမှာ ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူး၊ မြောင်၊ ပုလဲ၊ ယင်းမာပင်၊ တန့်ဆည်၊ ဒီပဲယင်း၊ ခင်ဦး၊ ဝက်လက်၊ မကွေးတိုင်းမှာ ဆော၊ ထီးလင်း၊ ပေါက်၊ မြိုင်၊ ရေစကြို၊ မန္တလေးတိုင်းမှာ စဉ့်ကူး၊ မိုးကုတ်၊ နွားထိုးကြီး၊ ရခိုင်ပြည်နယ်မှာ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးစတဲ့ မဲဆန္ဒနယ်တွေဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

    စစ်အုပ်စုက လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂၇၄ နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၇၅ နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော်အနေနဲ့ (မဲအများဆုံးရသူအနိုင်ယူစနစ်) ၂၆၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၄၂ နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်(သို့) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်စတဲ့ မဲဆန္ဒနယ် စုစုပေါင်း ၇၁၂ နယ်မှာတော့ ရွေးကောက်ပွဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။

    NLD အစိုးရကို ရွေးကောက်ပွဲ မသမာမှုနဲ့ စွပ်စွဲကာ အာဏာသိမ်းထားတဲ့ စစ်အုပ်စုဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုတစ်ရပ်လုံး အပါအဝင် တော်လှန်ရေးအင်အားစုနဲ့ အတိုက်အခံ အင်အားစုတွေက ပူးပေါင်းပါဝင်မှာ မဟုတ်ကြောင်း ထုတ်ဖော်ပြောဆို ထားကြပါတယ်။

  • ဒလမြို့ရှိ အထူးကုဆေးခန်းပေါ့ဆမှုကြောင့် ဗိုက်ခွဲကလေးမွေးသည့် အမျိုးသမီးသေဆုံးခဲ့ပြီး ဆေးခန်းပိတ်သိမ်းထား

    ဒလမြို့ရှိ အထူးကုဆေးခန်းပေါ့ဆမှုကြောင့် ဗိုက်ခွဲကလေးမွေးသည့် အမျိုးသမီးသေဆုံးခဲ့ပြီး ဆေးခန်းပိတ်သိမ်းထား

    ရန်ကုန်တိုင်း၊ ဒလမြို့ရှိ စွမ်းထက်အထူးကုဆေးခန်းတွင် ခွဲစိတ်မွေးဖွားခဲ့သည့် တရားလွှတ်တော် ရှေ့နေတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါဆေးခန်းကို ပိတ်သိမ်းထားကြောင်း သိရသည်။

    သေဆုံးသူ တရားလွှတ်တော်ရှေ့နေ မအိအိအေး အသက် (၃၃) နှစ်သည် စက်တင်ဘာလ ၄ ရက်နေ့က စွမ်းထက်အထူးကုဆေးခန်းတွင် ခွဲစိတ်ပြီး ကလေးမွေးဖွားခဲ့သည်။

    ထိုသို့ ကလေးမွေးဖွားပြီးနောက် ဆေးကုသမှုခံယူနေစဉ် ကျန်းမာရေးအခြေအနေ ဆိုးရွားလာသဖြင့် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) သို့ လွှဲပြောင်းခဲ့ရပြီး စက်တင်ဘာလ ၅ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။

    စွမ်းထက်အထူးကုဆေးခန်းသည် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရှိဘဲ လူနာကိုဂရုစိုက်မှု မရှိသည့်အပြင် ပေါ့ဆမှုများရှိခဲ့ကြောင်း ကွယ်လွန်သူ၏ မိသားစုဝင်များထံမှ သိရသည်။

    လူနာအခြေအနေ ဆိုးရွားလာသောအခါ ဒလမြို့ရှိ ဆေးခန်းတွင်မနိုင်နင်း၍ ရန်ကုန်ရှိ ဗဟိုအမျိုးသမီး ဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ပြီး ဆေးရုံတွင် ခွဲစိတ်ခန်းဝင်ခဲ့ရကာ သားအိမ်ခွဲထုတ်ခဲ့ရကြောင်း၊ ထို့နောက် အသက်ဆုံးရှုံးခဲ့ရကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူ ဒေါ်သူဇာအေး က ပြည်တွင်းမီဒီယာများကို ဖြေကြားထားသည်။

    “ကလေးမွေးတဲ့သူသေဆုံးပြီးတော့ဆေးခန်းပိတ်ခံရတယ်လို့ကြားတယ်။ အခုထိတော့ပြန် မဖွင့်သေး ဘူး။ ဆေးခန်းဖုန်းနံပါတ်တွေကို ဆက်ကြည့်တာဆက်လို့မရဘူး။ အကုန်ပိတ်ထားတယ်” ဟု ဒလမြို့တွင်နေထိုင် သူတစ်ဦးက ပြောသည်။

    လက်ရှိတွင်မူ စွမ်းထက်အထူးကုဆေးခန်းကို ပိတ်သိမ်းထားပြီး ပြန်လည်ဖွင့်လှစ်မှုမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

    မြန်မာနိုင်ငံရှိ ဆေးရုံ၊ဆေးခန်းများသည် လူနာနှင့်လူနာရှင်များကို ဆက်ဆံပြောဆိုရာ၌ အချိန်ပေး၍ သေချာရှင်းပြမှုမရှိခြင်း၊ လေးစားမှု၊ စာနာမှုများ အားနည်းပြီး တာဝန်ယူတာဝန်ခံသော ကျန်းမာရေး စောင့်ရှောက်မှုမရှိကြောင်းသိရသည်။

    မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာဥပဒေတွင် ကျန်းမာရေး စောင့်ရှောက်သူ၏ ပေါ့လျော့စွာဆောင်ရွက်မှုကြောင့် နစ်နာမှုများရှိပါက နစ်နာကြေးအတွက် တရားမဥပဒေအရ စွဲဆိုနိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

  • စစ်တပ်၏ ရွေးကောက်ပွဲတွင် အခက်အခဲများကြုံနေရပြီး ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးအတွက် ယှဉ်ပြိုင်ခြင်းဖြစ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန် ဦးကိုကိုကြီး တောင်းဆိုပြန်

    စစ်တပ်၏ ရွေးကောက်ပွဲတွင် အခက်အခဲများကြုံနေရပြီး ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးအတွက် ယှဉ်ပြိုင်ခြင်းဖြစ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန် ဦးကိုကိုကြီး တောင်းဆိုပြန်

    အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲတွင် အခက်အခဲများကြုံနေရပြီး ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးဖြစ်ပေါ်စေရန် ယှဉ်ပြိုင်ခြင်းဖြစ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက စက်တင်ဘာလ ၁၃ ရက်နေ့တွင် စာရေးသားပေးပို့ တောင်းဆိုသည်။

    အကြမ်းမဖက်ဘဲ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးဖြစ်ပေါ်စေရန် ပြသလိုသဖြင့် စစ်တပ်၏ ရွေး ကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံသို့ ဦးကိုကိုကြီးက စာရေးသား ပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

    ပြည်သူ့ပါတီက အကြမ်းမဖက် ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေး ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာစေ ရန် ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းရန် ရက် ကို ရွေးကောက်ပွဲ မတိုင်မီရက် ၉ဝ ဖြစ်သော စက်တင်ဘာလ ၂၇ ရက်သို့ အချိန်တိုးပေးရန်၊ ဝင်ရောက်ယှဉ် ပြိုင်ရမည့် ကိုယ် စားလှယ်လောင်းအရေအတွက်မှာ မဲဆန္ဒနယ်အားလုံး၏ သုံးပုံ တစ်ပုံသို့ လျှော့ချ ပေးရန် ၊ သွားလာရန် ခက်ခဲသော မြို့နယ်များအတွက် Onlineမှ ဆောင်ရွက်ခွင့်ပြုနိုင်ပါရန် စာပေးပို့ထားသည်။

    နိုင်ငံတော်၏အခြေအနေမှာ ၆၃ မြို့နယ်တွင် အရေးပေါ်အခြေအနေ ကြေညာထားရပြီး ၂၆၇ မြို့ နယ်တွင်သာ ရွေးကောက်ပွဲပြုလုပ်နိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောကြား ထားသော်လည်း မြို့နယ် ၃၃၀ ပေါ်တွင် အခြေခံကာ မဲဆန္ဒနယ်မြေ ၈၃၃ ခု သတ်မှတ်ထားကြောင်း၊ နိုင်ငံရေးများ ပါတီမှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီရုံးခန်းများဖွင့်လှစ်ရန် အရေအတွက်ကို မြို့နယ် အားလုံး၏ ထက်ဝက်ကျော်မှ သုံးပုံတစ်ပုံအထိ ဖြေလျော့ပေးခဲ့သော်လည်း ရွေးကောက်ပွဲကို မြို့ နယ် ၃၃၀ အပေါ်တွင် အခြေခံ၍ သတ်မှတ်ထားသော မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်ကျော် ဝင် ရောက်ယှဉ်ပြိုင်ရမည် ဆိုသည်မှာ လက်တွေ့အားဖြင့် ဆောင်ရွက်နိုင်ရန် အခက်အခဲများစွာ ကြုံတွေ့ နေရကြောင်း ဦးကိုကိုကြီးက ဆိုသည်။

  • ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသူ ၅ ဦး ဝေစုမတည့်ဘဲ စကားများ ရန်ဖြစ်ရာမှ ၁ ဦး သေဆုံး

    ပုသိမ်မြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသူ ၅ ဦး ဝေစုမတည့်ဘဲ စကားများ ရန်ဖြစ်ရာမှ ၁ ဦး သေဆုံး

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ရောင်းစားနေသူ ၅ ဦး ဝေစုမတည့်ဘဲ စကားများ ရန်ဖြစ်ရာမှ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပုသိမ်မြို့၊ ကမ်းနားလမ်း သင်္ဘောဆိပ်တွင် မြို့ပေါ်သို့ လာရောက်သည့် ကရင်လေးဆိုသော လူငယ် ၁ ဦးသည် ဆိုင်ကယ် တက္ကစီမောင်းသူ ကတုံး အပါအဝင် လူ ၅ ဦးက ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ရောင်းစားခဲ့ကြောင်း သိရသည်။

    ထိုသို့ ရောင်းစားရာမှ ရရှိသော ငွေကြေးကို ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက် ငဝန်ကျွန်းသာ ၈ လမ်းရှိ မူကြိုကျောင်းရှေ့တွင် ဆိုင်ကယ် တက္ကစီမောင်းသူ ကတုံး အပါအဝင် လူ ၅ ဦးက ဝေစုခွဲနေစဉ် အဝေမတည့်ဘဲ စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ယင်းသို့ စကားများ ရန်ဖြစ်ရာတွင် ကတုံးဆိုသူကို ကျန်လူ ၄ ဦးက ဓားဖြင့် ဝိုင်းထိုးခဲ့သောကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

    ထို လူသတ်မှု ကျူးလွန်သူများထဲတွင် ပုသိမ်မြို့ ငဝန်ကျွန်းသာ ၈ လမ်းတွင် နေထိုင်သော ဝတုတ်ဆိုသူလည်း ပါဝင်ပြီး ၎င်း၏ ဦးလေးဖြစ်သူသည် အကြမ်းဖက် စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသော စစ်သား ၁ ဦးဖြစ်ကြောင်း သိရသည်။

    ရန်ပွဲအတွင်း သေဆုံးခဲ့သော ကတုံးဆိုသူသည် မိုက်ရိုင်းဆိုးသွမ်းသူ တစ်ဦးဖြစ်ပြီး ပုသိမ်မြို့ အမှတ် ၁ ကမ်းနားလမ်းတွင် နေထိုင်ကာ ဆိုင်ကယ်တက္ကစီဆွဲနေသူဖြစ်ကြောင်း၊ ထို့ပြင် ကတုံးသည် လိမ်လည်မှု လုယက်မှုများဖြင့် မကြာခဏထောင်ကျဖူးသူဖြစ်ပြီး ကမ်းနားလမ်းတွင် အုပ်စုဖွဲ့၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးကာ အကြမ်းဖက် စစ်တပ်ထံ ရောင်းစားနေသူဖြစ်ကြောင်း သိရှိရသည်။

    “လူငယ် ၁ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံကို ရောင်းစားလို့ ရတဲ့ ငွေကြေးကို ဝေစုခွဲရာကနေ ရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွားတာလို့သိရတယ်။ ကတုံးကတော့ ပွဲချင်းပြီးသေဆုံးတယ်။ ကျန် ၄ ဦးကတော့ ထွက်ပြေး လွတ်မြောက်နေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

  • ရေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ပစ်သတ်ခံရ

    ရေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ပစ်သတ်ခံရ

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ နှီးနူးကျေးရွာနဲ့ ဓမင်းဆိပ်ကျေးရွာတို့က အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ တနေ့တည်းပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    ပစ်သတ်ခံရသူတွေက နှီးနှူးကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးရွှေအနဲ့ ဓမင်းဆိပ်ကျေးရွာနေရာအိမ်မှူး ဦးသောင်းစိန်တို့ ဖြစ်ကြပြီး မနေ့ စက်တင်ဘာ ၁၄ ရက်ညက သူတို့ရဲ့နေအိမ်တွေကို လက်နက်ကိုင်ဆောင်ထားသူတွေက ဝင်ရောက်ပစ်သတ်ခဲ့တာလို့ သိရပါတယ်။

    ဖြစ်စဉ်ကို သိရှိတဲ့သူ ဒေသခံ တယောက်က “အုပ်ကြီးရော၊ ရာအိမ်မှူးရော နှစ်ယောက်လုံး သူတို့အိမ်တွေမှာ ပစ်သတ်ခံရတာ။ အမည်မသိ သေနတ်သမားတွေက ပစ်ခတ် သတ်ဖြတ်သွားတာ။ သေနတ်သံတွေကြားလို့ သွားစုံစမ်းကြည့်တော့ သိရတာ။ တခါတည်းပွဲချင်းပြီး ဆုံးသွားတာ။ ရာအိမ်မှူးက နာမည်ဆိုးနဲ့ ပိုကျော်ကြားတဲ့သူ” လို့ ပြောပါတယ်။

    ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ဟာ နေရာမှာပင် သေဆုံးသွားပြီး ရုပ်အလောင်းတွေကို ရေးမြို့နယ် ဆေးရုံကို သယ်ဆောင်သွားတာတွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူ တယောက်က “ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ အုပ်ကြီးက အရင် ပစ်သတ်ခံရတာပါ။ ပြီးမှ ရာအိမ်မှူးပစ်သတ်ခံရတာ။ အခု ရဲတွေအပြင် တပ်ပါ စစ်ဆေးနေတယ်” လို့ ပြောပါတယ်။

    အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ် နဲ့ ရဲတွေက ညတွင်းချင်း ကျေးရွာအတွင်း ရောက်လာပြီး ပစ်ခတ်သတ်ဖြတ်သွားတဲ့ သေနတ်သမား တွေကို လိုက်လံရှာဖွေနေကြတယ်လို့ သိရပါတယ်။

    အခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွင်းရှည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုးဟာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။