Category: News

  • တပခ ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    တပခ ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ၄ လုံး ထိမှန်ပေါက်ကွဲခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန် BWM အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာ ဆားခဲအဖွဲ့နှင့် KNLA တပ်မဟာ ၂ တပ်ရင်း ၅ တို့က အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို BWM Mission 45 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုအတွင်း ရှော့တိုက်ဒုံး ၄ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ကရင်ပြည်နယ်၊ ကရင်နီပြည်၊ ရှမ်းတောင်ရှိ တောင်လှန်ရေးအင်အားစုများကို နည်းမျိုးစုံဖြင့် နှိမ်နင်းနေသော စစ်တပ်၏ အားထားရသည့် စစ်တိုင်းဌာနချုပ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်တပ်အနေဖြင့် မိမိ၏ စစ်တိုင်းစစ်ဌာနချုပ်ကိုပင် ကာကွယ်နိုင်စွမ်းမရှိသည့် အချက်ကိုလည်း ပေါ်လွင်စေကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

    “တပ်ရင်းတပ်ဖွဲ့ ကြီးတွေ ရင်ဆိုင်တိုက်ပွဲတွေ ဆင်နွဲနေချိန်မှာ ကျနော်တို့ အဖွဲ့တွေကလည်း မရရတဲ့ နည်းနဲ့ စစ်ကောင်စီ အရှိုက် ထိစေမယ့် စစ်ရေး ပစ်မှတ် အကြီးတွေ ကို ဆက်လက်တိုက်ခိုက်သွားမယ် ပဲ ပြောချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက ပြောဆိုသည်။

    ယမန်နေ့ တစ်ရက်တည်းတွင်ပင် BWM နှင့်မဟာမိတ်တပ်ဖွဲ့များက ကရင်ပြည်နယ်၊ သံတောင်ကြီးရှိ စစ်တပ်၏ ဘုရင့်နောင် တိုက်ခိုက်ရေးသင်တန်းကျောင်းကိုလည်း ရှော့တိုက်ဒုံး ၉ လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    စစ်တပ်၏ ဘုရင့်နောင် တိုက်ခိုက်ရေး သင်တန်းကျောင်းတွင် စစ်အရာရှိ ၄၀ဝ ကျော် သင်တန်းတက်ရောက်နေကြောင်း သတင်းရရှိထားသည့်အတွက် သင်တန်းချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထို့ပြင် ဘုရင့်နောင် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းသည် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ စစ်အုပ်စု၏ အဓိကဒေါက်တိုင်များဖြစ်သော တပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူး သင်တန်းများကို အဓိကပေးသည့် တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုထားသည်။

  • မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထား

    မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထား

    စစ်တပ်က မြန်မာအီလက်ထရောနစ်မဲပေးစက်များ တိုးမြှင့်ထုတ်လုပ်နေပြီး မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထား

    အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း ၁ အတွ က် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အရှိန်အဟုန်မြှင့် တိုးမြှင့်ထုတ်လုပ်နေပြီး မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    စစ်ကောင်စီက ရွေးကောက်ပွဲတစ်ခုလုံးအတွက် အီလက်ထရောနစ် မဲပေးစက် အရေအတွက် ၅ သောင်း ခွဲ နီးပါး ထုတ်လုပ်လျက်ရှိပြီး အရေအတွက်တိုးမြှင့်ထုတ်လုပ်ရန်လည်း စီစဉ်နေကြောင်း၊ မဲပေးစက်များ၏ နည်းပညာနှင့် လုံခြုံရေးစနစ်များကို စစ်တပ်က အဓိက ထိန်းချုပ် ထုတ်လုပ်နေကြောင်း၊ မဲပေးစက်များကိုလည်း စစ်တပ်က အဓိက ထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

    “မဲရုံတစ်ရုံမှာ မဲပေးစက် ၂ လုံးကနေ ၃ လုံး ထားမယ်။ ပျက်သွားလို့ရှိရင် အမြန်အစားထိုးလို့ရအောင် မဲပေးစက် ၂ လုံးအနည်း ဆုံးထားဖို့ရှိတယ်။ အခုလက်ရှိ ညွှန်ကြားချက်အရ သိရတာက မဲပေးစက် ၅ သောင်း ခွဲနီးပါး ထုတ်လုပ်မယ်။ အရေအတွက်ပြည့်မီသွားရင်လည်း ထပ်တိုးထုတ်မယ်။ မဲပေးစက်တွေကို တပ်က ထုတ်ပေးတယ်။ ရွေးကောက်ပွဲကော်မရှင်က စာရင်းနဲ့ လာထုတ်တယ်၊ လက်ခံထားတယ်။ အီလက်ထရောနစ် မဲပေးစက် တွေ ထုတ်လုပ်ရေးတွေအပြင် စက်ရဲ့ နည်းပညာ၊ လည်ပတ်စနစ်နဲ့ လုံခြုံရေးစနစ်တွေကိုတော့ တပ်ကပဲ လျှို့ဝှက် ထိန်းသိမ်းထားတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်ရန် ကြံရွယ်နေသည့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာ အီလက်ထရောနစ်မဲပေးစက်မှာ မဲပေးထားသည့် မဲရလဒ်များကို ချက်ချင်းဆိုသလို အပြောင်းအလဲလုပ်နိုင်ကြောင်း မဲပေးစက်အသုံးပြုမှု သင်တန်းတက်ရောက်ခဲ့သူများ၏ ပြောဆိုချက်များဖြင့် သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

    အကြမ်းဖက်စစ်ကောင်စီက လက်ရှိ စတင်ဖွင့်လှစ်နေသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များတွင် မဲရုံမှူး၊ထိန်းကျောင်းမည့် နယ်မြေခံ ရပ်/ကျေး ရွေး ကောက်ပွဲတာဝန်ခံတို့က မဲရလဒ်ကို လိုအပ်သလို အပြောင်းအလဲ လုပ်နိုင်ကြောင်း သိရှိရသည်။

    စစ်ကောင်စီက ထုတ်လုပ်နေသော မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) စနစ်တွင် အစိတ် အပိုင်း သုံးခုဖြင့် ဖွဲ့ စည်းတည် ဆောက်ထားပြီး ဆန္ဒပြုစက် (Ballot Unit-BU)၊ ထိန်းချုပ်စက် (Control Unit -CU) နှင့် မဲပေးချက်ဖော်ပြသည့်စက် (Verification Unit -VU) တို့ဖြစ်ပြီး မဲပေးရာတွင် မဲဆန္ဒ ရှင်က မဲလက်မှတ်အသုံးပြုရန်မလိုဘဲ ဆန္ဒပြုစက်တွင် မိမိနှစ်သက်ရာ လွှတ်တော်ကိုယ်စား လှယ်ကို ခလုတ်ကိုနှိပ်ကာ မဲပေးနိုင်မည်ဖြစ်ကြောင်း၊ မဲပေးထားချက် မှန်/မမှန်ကို မဲပေးချက်ဖော်ပြသည့် စက်မှထွက်ပေါ်လာသည့် မဲစက္ကူဖြတ်ပိုင်းတွင် ချက်ချင်းကြည့်ရှုနိုင်မည်ဟု စစ်ကောင်စီက ဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက NLD ပါတီ အပြတ်အသတ်အနိုင်ရရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ကာ ၎င်းကိုယ်တိုင်စီစဉ်သည့် ရွေး ကောက်ပွဲကို ယခုနှစ်ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ကျင်းပရန် စီစဉ်လျက်ရှိသည်။

  • ထူးကြီးမြို့၌ မဲပေးစက်စမ်းသပ်ပွဲမလာသူများကို ဒဏ်ငွေရိုက်၊ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် ဖိအားပေး

    ထူးကြီးမြို့၌ မဲပေးစက်စမ်းသပ်ပွဲမလာသူများကို ဒဏ်ငွေရိုက်၊ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် ဖိအားပေး

    ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့မှာ အီလတ်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်မဲပေးပွဲကို မလာတဲ့ အရပ်သားတွေကို ဒဏ်ငွေရိုက်နေသလို ကြံ့ခိုင်ရေးပါတီကို မဲထည့်ဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ထူးကြီးခန်းမမှာ သြဂုတ် ၂၄ ရက် ၉ နာရီက စတင်ပြုလုပ်တဲ့ အီလတ်ထရောနစ် မဲပေးစက်လက်တွေ့စမ်းသပ် မဲပေးတာကို လာရောက်ကြည့်ရှုဖို့ ပျက်ကွက်တဲ့ အရပ်သားတွေကို အုပ်ချုပ်ရေးမှူးက တယောက် ကျပ် ၁၅,၀၀၀ ဒဏ်ငွေရိုက်နေတာလို့ ဆိုပါတယ်။

    ဒေသခံ တယောက်က “အုပ်ချုပ်ရေးမှူးက ဖိအားပေးခေါ်တာ မလာတဲ့သူတွေ ဒဏ်ငွေဆိုပြီး တောင်းယူတာ။ ဘယ်အလုပ်လုပ် ဖိအား ပေးလုပ်တာ။ အုပ်ချုပ်ရေးမှူးတွေကို လုပ်ခွင့်ပေးထားတော့ ပြောစရာကိုမရှိတော့တာ။ အုပ်ချုပ်ရေးမှူးတွေထဲမှာ ရာဇာထွန်းက အဆိုးဆုံး” လို့ ပြောပါတယ်။

    အဲ့ဒီ မဲပေးစက် လက်တွေ့ စမ်းသပ်မဲပေးပွဲမှာ အုပ်ချုပ်ရေးမှူးတွေက မဲပေးစက်အလုပ်လုပ်ပုံကို ရှင်းပြကာ စမ်းသပ်မဲပေးခိုင်းတာအပြင် ကြံ့ခိုင်ရေးပါတီတခု တည်းကိုသာ မဲထည့်ဖို့နဲ့ မဖြစ်မနေမဲသွားပေးဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

    အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “တအိမ် တယောက်ခေါ်တာ၊ မလာတဲ့အိမ်တွေကို ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးက စာရင်းယူပြီး တခါးတည်းဒဏ်ငွေရိုက်တာ။ ကြောက်တော့ ပေးကြတာပေါ့။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အကြောက်တရားနဲ့ အုပ်ချုပ်ပြီး ကြံ့ခိုင်ရေးပါတီအတွက် မဲခိုးမယ်ဖို့လုပ်နေတာ” လို့ ပြောပါတယ်။

    အဲ့ဒီ လက်တွေ့စမ်းသပ် မဲပေးပွဲကို မလာတဲ့ အရပ်သား အယောက် ၁၀၀ ထက်မနည်း ဒဏ်ရိုက်ခံရကာ ငွေကျပ် ၁၅,၀၀၀ ပေးရပြီး ဒဏ်ငွေတွေကို ရပ်အကျိုးရွာအကျိုး သုံးသွားမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက ပြောဆိုတယ်လို့ ဆိုပါတယ်။

    လက်တွေ့စမ်းသပ်မဲပေးခိုင်းခြင်းကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ကာ မဲရုံတရုံမှာ မဲပေးစက် ၃ ခုထားပြီး စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နဲ့ ရဲတွေက လုံခြုံရေးယူပေးခဲ့တာလို့ သိရပါတယ်။

  • ဆိုင်ကယ်ဦးထုပ် မဆောင်းတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုပစ်ခတ်လို့ ရေစကြိုဒေသခံ တစ်ဦးသေဆုံး

    ဆိုင်ကယ်ဦးထုပ် မဆောင်းတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုပစ်ခတ်လို့ ရေစကြိုဒေသခံ တစ်ဦးသေဆုံး

    မကွေးတိုင်း၊ ရေစကြိုမြို့နယ် အမှတ် (၇)ရပ်ကွက်မှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုက ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့ အကြောင်းပြချက်နဲ့ စီးနင်းသူတွေကို ပစ်ခတ်ရာမှာ အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပစ်ခတ်မှုကြောင့် အမှတ် -၇ ရပ်ကွက်က နှစ်ထောင်ပြည့်ရပ်၊ တိလောက ဘကကျောင်းအနီးမှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် ကိုဇော်ဝင်း ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ရေစကြိုမြို့ခံတစ်ဦးက ဆိုပါတယ်။

    “စကစက ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ဆိုပြီး ဆိုင်ကယ်ပေါ်က လူတွေကို လိုက်ပစ်တာ။ ဆဲဆိုပြီးတော့။ စကစက မူးနေတော့ မြင်မြင်သမျှ ပစ်ရာမှာ သူ့အိမ်မှာ ရှိနေတဲ့ ကိုဇော်ဝင်းကို ထိမှန်တာပါ။ လည်ပင်းနဲ့ ဗိုက်ကို နှစ်ချက်ထိပြီး ညနေပိုင်းမှာ ဆုံးသွားပါတယ်”

    ကိုဇော်ဝင်းရဲ့ ရုပ်အလောင်းကိုတော့ ဩဂုတ်လ ၂၇ ရက် ဒီနေ့နေ့လယ်ပိုင်းမှာပဲ ရေစကြိုသုသာန်မှာ သဂြိုဟ်သွားမှာ ဖြစ်သလို ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က မိသားစုဝင်တွေကို ဆက်သွယ်အကြောင်းကြားလာတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

    ရေစကြိုမှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုက လူစည်ကားတဲ့ နေရာတွေနဲ့ စျေးတို့မှာ မကြာခဏ ဝင်ရောက်မွှေနှောက် နေသလို အကြောင်းမဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကလည်း ရေစကြိုမြို့ပေါ်က ကပ်ကျော်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုက အမှတ်၈ရပ်ကွက်အတွင်းကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးထိမှန်သေဆုံးခဲ့ပါတယ်။

    အာဏာသိမ်းလေးနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ငါးထောင်ကျော် (၅၃၀၄ ဦး) ရှိခဲ့ပြီး ဒဏ်ရာရသူ လေးထောင်နီးပါး (၃၇၈၈ ဦး) ရှိခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ (Data for Myanmar) က မတ်လ ၁၂ နေ့က ထုတ်ပြန်ထားပါတယ်။

    Photo- Yesagyo Township Info Committee

  • အရာရှိ ၄၀၀ ကျော် သင်တန်း တက်ရောက်နေချိန် ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    အရာရှိ ၄၀၀ ကျော် သင်တန်း တက်ရောက်နေချိန် ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    သံတောင်ကြီးမြို့နယ်ရှိ စစ်တပ်၏ တိုက်ခိုက်ရေး သင်တန်းကျောင်းတွင် အရာရှိ ၄၀၀ ကျော် သင်တန်း တက်ရောက်နေချိန် ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)တွင် အရာရှိ ၄၀၀ ကျော် သင်တန်း တက်ရောက်နေချိန် ၁၀၇ မမ ရှော့တိုက်ဒုံး ၉ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁ဝ နာရီ ၄၃ မိနစ်ခန့် သံတောင်ကြီးမြို့နယ်ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၉ လုံး ဖြင့် BWM mission 44 အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၉ လုံးလုံး အောင်မြင်စွာ ပစ်ခတ်နိုင်ကြောင်း သိရသည်။

    ယင်း သင်တန်းကျောင်းတွင် ဩဂုတ်လ ၂၅ ရက်နေ့၌ ပြန်လည်စတင်သော သင်တန်းတွင် စစ်အရာရှိ ၄၀ဝ ကျော် သင်တန်းတက်ရောက်သည်ကို အတွင်းသတင်းအရ အတိအကျ ရထားသည့်အတွက် သင်တန်းချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထို့ပြင် ဘုရင့်နောင် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းသည် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ စစ်အုပ်စု၏ အဓိကဒေါက်တိုင်များဖြစ်သော တပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူး သင်တန်းများကို အဓိကပေးသည့် တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

    ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ ထိခိုက်မှုများပြားပြီး ပျက်စီးမှု အခြေအနေ အသေးစိတ်ကို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

    “ဒီနေ့ မစ်ရှင်က စစ်ရှုံးကောင်စီရဲ့ ဩဇာခံ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ခွေးသန္ဓေ စစ်အရာရှိတွေကို ပြည်သူ့ကိုယ်စား တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ စစ်ခွေးတွေ ဘယ်မှာနေနေ မလုံခြုံစေရဘူးလို့ပဲ ပြောချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) နှင့် KNLA တပ်မဟာ ၂ တပ်ရင်း ၅ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။