Category: News

  • တာပြတ်ဂိတ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်

    တာပြတ်ဂိတ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်

    ညောင်လေးပင်တွင် စစ်တပ်၏ တာပြတ်ဂိတ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် မဒေါက်လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ တာပြတ်ဂိတ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Fire Dragon အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၉ မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ် မဒေါက် လမ်းပိုင်းရှိ အင်အား ၄၀ ခန့် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ တာပြတ်ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “ညောင်လေးပ​င် မဒေါက်-ရွှေကျင် ကားလမ်းပိုင်းမှာရှိတဲ့ တာပြတ်စခန်းအနီးမှာ လှုပ်ရှားသွားလာနေတဲ့ စစ်ခွေးတွေကို စနိုက်ပါနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၁ ကောင် နေရာတင် ပွဲချင်းပြီး သေဆုံးတယ်။ စစ်ခွေး အင်အားကတော့ ၄၀ ခန့်ရှိပါတယ်။ ပစ်ခတ်ပြီးတဲ့အချိန်မှာ တာပြတ်စခန်းနဲ့ မနီးမဝေး ရှိတဲ့ ပုဇွန်မြောင်းထိပ် သာသနာ့ဗိမာန်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ခွေးတွေက ၄၀ မမ ဗုံးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေရှိတယ်။ တော်လှန်ရေး ရဲဘော်တွေတော့ ထိခိုက်မှုမရှိဘူး” ဟု Fire Dragon အဖွဲ့ က တာဝန်ရှိသူကပြောဆိုသည်။

  • ထန်းရှောက်ခံရွာက မွတ်ဆလင် ၆၀၀ ကျော်ကို AA က သတ်ဖြတ်ခြင်းမရှိကြောင်း မောင်တောခရိုင် အစ္စလာမ်ဘာသာဝင် အကြီးအကဲများပြော

    ထန်းရှောက်ခံရွာက မွတ်ဆလင် ၆၀၀ ကျော်ကို AA က သတ်ဖြတ်ခြင်းမရှိကြောင်း မောင်တောခရိုင် အစ္စလာမ်ဘာသာဝင် အကြီးအကဲများပြော

    ထန်းရှောက်ခံရွာက မွတ်ဆလင် ၆၀၀ ကျော်ကို AA က သတ်ဖြတ်ခြင်းမရှိကြောင်း မောင်တောခရိုင် အစ္စလာမ်ဘာသာဝင် အကြီးအကဲများပြော

    ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာက မွတ်ဆလင် ၆၀၀ ကျော်ကို အာရက္ခတပ်တော် AA က သတ်ဖြတ်ခဲ့ခြင်းမရှိကြောင်း မောင်တောခရိုင် အစ္စလာမ်ဘာသာဝင် အကြီးအကဲများက ယနေ့ ဩဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။

    ထန်းရှောက်ခံကျေးရွာက မွတ်ဆလင် ၆၀၀ ကျော်ကို AA က ၂၀၂၄ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်ဟု မွတ်ဆလင်အရေး တက်ကြွလှုပ်ရှားသူများက စွပ်စွဲနေကြသည်။

    မောင်တောခရိုင် အစ္စလာမ်ဘာသာဝင် အကြီးအကဲများနှင့် လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်များမှာ ထန်းရှောက်ခံကျေးရွာအနီးက ရုပ်အလောင်းများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများသာဖြစ်ကြောင်း ပြောဆိုထားကြသည်။

    ထန်းရှောက်ခံကျေးရွာတွင် ၂၀၂၄ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့တို့က စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်းနှင့် ယခု ရုပ်အလောင်းများမှာ ယင်းတိုက်ပွဲအတွင်း သေဆုံးသွားသော စစ်ကောင်စီတပ်သားများသာ ဖြစ်သည်ဟု ဆိုသည်။

    ယခုရက်ပိုင်းအတွင်း သတင်းထောက်များ သွားရောက်ကြည့်ရှု သတင်းရယူရာတွင် ကြွင်းကျန်အရိုးစုများမှာ စစ်ကောင်စီ စစ်ဝတ်စုံများဖြင့် တွေ့ရှိရပြီး AA က သတ်ဖြတ်သည်ဆိုသော စွပ်စွဲပြောဆိုချက်မှာ မဟုတ်မမှန် လိမ်လည်လုပ်ကြံဖန်တီးခြင်းသာ ဖြစ်ကြောင်း မောင်တောခရိုင် အစ္စလာမ်ဘာသာဝင် အကြီးအကဲများက ပြောဆိုကြသည်။

    ထန်းရှောက်ခံကျေးရွာတွင် ၂၀၂၃ ခုနှစ် စစ်ကောင်စီ လဝက ဦးရေစာရင်းအရ လူဦးရေ ၉၃၃ ဦးရှိပြီး လက်ရှိတွင် လူဦးရေ ၇၉၀ ဦးရှိပြီး ကျန်လူဦးရေ ၁၃၈ ဦးမှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ခိုလှုံသွားကြသည်ဟု သိရသည်။

    မွတ်ဆလင် ၆၀၀ ကျော်ကို အာရက္ခတပ်တော် AA က သတ်ဖြတ်လိုက်သည်ဟု စွပ်စွဲပြောဆိုနေခြင်းမှာ လုံးဝယုတ္တိမရှိကြောင်းနှင့် လုပ်ကြံသတင်းသာဖြစ်ကြောင်းလည်း မွတ်ဆလင်အကြီးအကဲများက ပြောသည်။

    ယင်းကဲ့သို့ လုပ်ကြံဖန်တီးသတင်း ဖြန့်ချိခြင်းသည် ဒေသတွင်းအတူနေ ရခိုင်နှင့် မွတ်ဆလင်တို့ကြား သဟဇာတ ဖြစ်ရေး၊ အတူယဉ်တွဲနေထိုင်ရေးကို ထိခိုက်ပျက်ပြားစေရုံမက အမုန်းအာဃာတများ၊ အထင်အမြင်လွဲမှားမှုများနှင့် အချင်းချင်းကြား မယုံကြည်မှုများကိုသာ ဖြစ်ပေါ်စေသည်ဟု ပြောသည်။

    နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးနှစ်မျိုးကြား မသင့်မြတ်အောင် ရန်တိုက်ပေးသည့်လုပ်ရပ်များသာ ဖြစ်ကြောင်းလည်း မောင်တောခရိုင်မွတ်ဆလင်အကြီးအကဲများက ပြောဆိုကြသည်။

    ထန်းရှောက်ခံကျေးရွာတိုက်ပွဲအတွင်း အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သည့် စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် စကခ ၁၅ မှ ဒုစကခမှူး ဗိုလ်မှူးကြီး ကောင်းမြတ်ကလည်း မွတ်ဆလင်ပြည်သူ ၆၀၀ ကျော်ကို အာရက္ခတပ်တော် AA က သတ်ဖြတ်ခြင်းမရှိကြောင်း သတင်းမီဒီယာများအား ပြောဆိုထားသည်။

    စကခ ၁၅ မှ ဒုစကခမှူး ဗိုလ်မှူးကြီး ကောင်းမြတ်မှာ ထန်းရှောက်ခံတိုက်ပွဲအတွင်း အာရက္ခတပ်တော် AA ထံ ဖမ်းဆီးခံလိုက်ရပြီး ၎င်းတို့တပ်စွဲချိန်က အဆိုပါကျေးရွာတွင် မွတ်ဆလင်ရွာသားများ တစ်ဦးတစ်ယောက်မရှိတော့ကြောင်း ပြောသည်။

    ထန်းရှောက်ခံကျေးရွာအနီးတွင် ယခုတွေ့ရှိရသော ကြွင်းကျန်အရိုးစုများမှာ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြောင်းနှင့် ဒေသခံမွတ်ဆလင်ပြည်သူများ မဟုတ်ကြောင်း စစ်သုံ့ပန်း ဗိုလ်မှူးကြီး ကောင်းမြတ်က အခိုင်အမာ အတည်ပြု ပြောကြားထားသည်။

    အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခကလည်း ထန်းရှောက်ခံကျေးရွာက အရိုးစုများမှာ စစ်ကောင်စီတပ်သားများဖြစ်ကြောင်းနှင့် မွတ်ဆလင်ပြည်သူများအား သတ်ဖြတ်ခြင်းမရှိကြောင်း ဩဂုတ်လ ၁၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

  • သထုံနှင့် ကျိုက်ထိုအခြေစိုက်ပါတီများ ပြည်သူ မျက်စိနောက်အောင် မလုပ် ရဲကြ

    သထုံနှင့် ကျိုက်ထိုအခြေစိုက်ပါတီများ ပြည်သူ မျက်စိနောက်အောင် မလုပ် ရဲကြ

    PDF ကိုကြောက်သဖြင့် သထုံနှင့် ကျိုက်ထိုအခြေစိုက်ပါတီများ ပြည်သူ မျက်စိနောက်အောင် မလုပ် ရဲကြသေးဟုဆို

    PDF စိုးမိုးနယ်မြေရှိသော သထုံနှင့် ကျိုက်ထိုမြို့တို့တွင် တရားမဝင်ရွေးကောက်ပွဲဝင်မည့် နိုင်ငံ ရေး ပါတီများသည် ပြည်သူ မျက်စိနောက်အောင် မလုပ်ရဲကြသေးဘဲ ငြိမ်နေကြောင်း သိရသည်။

    PDFစိုးမိုးထိန်းချုပ်နယ်မြေ ရာခိုင်နှုန်း ၄၀ ခန့်စီ ရှိသော သထုံနှင့် ကျိုက်ထိုမြို့နယ်တို့သည် ဒီဇင်ဘာ ၂၈ ရက်၊ရွေးကောက်ပွဲအပိုင်း ၁ ပြုလုပ်မည့် မြို့နယ်တို့တွင် ပါဝင်ပြီး ပါတီ ၅ ခုထက်မနည်း မြို့နယ်ရုံး များ ဖွင့်လှစ်ထားသော်လည်း မည်သည့်လှုပ်ရှားမှုမှ မရှိသေးကြောင်း မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ ထံက သိရသည်။

    “PDF တွေကို ကြောက်တာလည်း ပါမှာပေါ့။ပြီးတော့ သထုံမှာဆိုရင် ပါတီ၆ခုရဲ့မြို့နယ်ရုံးတွေရှိပေမဲ့ အရင်ကတည်းက ဖွင့်ထားတဲ့ရုံးတွေ။မြို့နယ်၂ခုစလုံး ပါတီတွေ ဘာမှ မလှုပ်ရှားဘူး။သိုသိုသိပ်သိပ် ရုံး တက်ရုံးဆင်းပဲရှိတယ်”ဟု မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က ပြောသည်။

    သထုံမြို့တွင် ပြည်ခိုင်ဖြိုးပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ပြည်သူ့ပါတီ၊ပြည်သူ့ရှေ့ ဆောင်ပါတီ၊ကရင်ပြည်သူ့ပါတီနှင့် ပအို့ဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ရုံးများရှိပြီး ကျိုက်ထို မြို့တွင်လည်း ပါတီ၅ခုဝန်းကျင်၏ ရုံးများရှိကြောင်း သိရသည်။

    သထုံမြို့ရှိ ပါတီများမှာ ဒေသခံပြည်သူတို့က မကြည်ဖြူမှန်းသိသဖြင့် ပြည်သူနှင့်မျက်နှာချင်းဆိုင်ရန် ဝန်လေးနေကြသည်ဟုထင်ကြောင်း သထုံမြို့၊မင်းလမ်းနေ ပြည်သူတစ်ဦးကဆိုသည်။

    “ဘာမှမဖမ်းဘူးဆိုတာ သေချာတယ်ဆိုရင် သထုံပြည်သူတွေ ထွေးတဲ့ တံတွေးနဲ့တင် ပါတီရုံးထဲ မျောသွားမယ်။ ပြည်သူတွေ မကြည်ဖြူမှန်း သူတို့ကိုယ်သူတို့လည်း သိတယ်”ဟု ၎င်းက ပြောသည်။

    ၂၀၂၀ရွေးကောက်ပွဲတွင် အကြီးအကျယ်ရှုံးနိမ့်ခဲ့သည့် သထုံမြို့နယ်ကိုယ်စားပြု ပြည်သူ့ပါတီအမတ် လောင်းများသာ တရားမဝင် စစ်ကော်မရှင်ရွေးကောက်ပွဲကို ဝင်ပြိုင်ဦးမည်ဟု စောထူးအောင်က ပြောသည်။

    “၂၀၂၀ တုန်းက သထုံမှာ ပြည်သူ့ပါတီက ရတဲ့မဲ ၃၀ တောင်မရှိဘူး။အခုလည်း သူတို့ပဲ ထပ်ပြိုင်မယ် လို့ သိထားတယ်”ဟု ၎င်းက ပြောသည်။

    သထုံမြို့၊မြသပိတ်တောင်၏ အရှေ့ခြမ်းကို တော်လှန်ရေးတပ်များက စိုးမိုးထားပြီး မြသပိတ်တောင် အနောက်ခြမ်းကို စစ်ကော်မရှင်က ထိန်းချုပ်ထားသည်။

    တရားမဝင်ရွေးကောက်ပွဲအပိုင်း ၁ ကို မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ကျိုက်မရော၊ချောင်းဆုံ၊မော်လ မြိုင်နှင့်သထုံမြို့နယ်တို့တွင် ဒီဇင်ဘာ၂၈ ရက်၌ ပြုလုပ်သွားမည်ဖြစ်သည်။

  • ဒဂုံဆိပ်ကမ်းမြို့နယ်ရဲရုံး လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခံရ

    ဒဂုံဆိပ်ကမ်းမြို့နယ်ရဲရုံး လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခံရ

    ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်က ရဲတပ်ဖွဲ့မှူးရုံး ဩဂုတ် ၂၂ ရက်ညက လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီး ရဲ ၂ ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

    ပဲခူးမြစ်လမ်းနဲ့ ကျွန်းရွှေဝါလမ်းထောင့်မှာရှိတဲ့ ရဲရုံးကို မနေ့ည ၈ နာရီမှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ဒဏ်ရာရတဲ့ရဲတွေကို ဆေးရုံပို့လိုက်တယ်လို့ ရပ်ကွက်မှာနေထိုင်သူတွေဆီက သိရပါတယ်။

    Mother Son Yangon Force မြို့ပြပြောက်ကျားတာဝန်ခံ ဘိုနိုင်က “ဒဂုံဆိပ်ကမ်း ပအဖအဖွဲ့နဲ့ ပူးပေါင်းပြီး လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ ပထမ တလုံးက မကွဲဘူး။ နောက်တလုံးမှာကွဲခဲ့ပြီး ရဲ ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်။ ဂိတ်ဝတည့်တည့်မှာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေပါရှိတယ် အနီးအနားမှာလည်း ရဲစခန်းတခုရှိတယ်။ အဓိက လုပ်ဆောင်ခဲ့တာကတော့ စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာတွေ၊ ရွေးကောက်ပွဲကို ပူးပေါင်းကြံစည်နေတာတွေ လုပ်ဆောင်နေလို့ အခုလိုပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ကလုပ်ဆောင်မယ့် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်လုပ်ဆောင်တဲ့သူမှန်သမျှကို ဆက်လက်တိုက်ခိုက်သွားမှာ” လို့ ပြောပါတယ်။

    တိုက်ခိုက်တဲ့အချိန်က ရဲတပ်ဖွဲ့မှူးရုံးမှာ ခရိုင်ရဲတပ်ဖွဲ့မှူးပါရောက်ရှိနေတယ်လို့သိရပြီး ဗုံးက ဂိတ်ဝကိုကျရောက်ပေါက်ကွဲတာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ယောက်ပဲ ထိခိုက်ခဲ့တာလို့ မြို့ပြယူဂျီ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

  • ကျုံပျော်က ခလရ ၃၆ တပ်ရင်းမှူးကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ

    ကျုံပျော်က ခလရ ၃၆ တပ်ရင်းမှူးကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ

    ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက်အမှတ် ၃၆ ခြေလျင်တပ်ရင်းက တပ်ရင်းမှူးကို စစ်ကောင်စီက လာဘ်စားမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    တပ်ရင်းမှူးကို လာဘ်စားမှုအပါအဝင် အမှု ၄ ခုထက်မနည်းနဲ့ သြဂုတ် ၁၉ ရက်က စလို့ စစ်ကောင်စီရဲ့စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က ဖမ်းဆီးစစ်ဆေးနေတာလို့ ဆိုပါတယ်။

    တပ်ရင်းနဲ့ နီးစပ်သူတယောက်က “အထက်အမိန့်နဲ့ ဖမ်းဆီးစစ်ဆေးနေတာဟုတ်ပါတယ်။ စစ်မှုထမ်း အရောင်းအဝယ်ကိစ္စ၊ အစားထိုးငွေတောင်းတဲ့ကိစ္စ၊ တပ်သားတွေ ထွက်ပြေးနေတဲ့ ကိစ္စတွေအပြင် စစ်အသုံးစရိတ် ကိစ္စတွေနဲ့ စစ်နေတာလို့သိရတယ်” လို့ ပြောပါတယ်။

    စရဖက တပ်ရင်းမှူးကို ဖမ်းဆီးစစ်ဆေးနေတဲ့အပြင် မိသားစုဝင်တချို့နဲ့ ဆက်စပ်သူ တပ်အရာရှိအချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    ကျုံပျော်မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “နောက်ထပ်တော့ သတင်းတော့ ထပ်မကြားရသေးဘူး။ စစ်ဆေးခံနေရတာကဟုတ်ပါတယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ တပ်ရင်းမှူးတွေပေါင်းလုပ်တဲ့ လာဘ်ငွေယူပြီး စစ်မှုထမ်း အစားထိုးကိစ္စတွေနဲ့ ပတ်သက်ပြီး အဓိက စစ်ဆေးတာပါတယ်” လို့ ပြောပါတယ်။

    ကျုံပျော်အခြေစိုက် တပ်ရင်းမှူးနဲ့ ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှူးပေါင်းပြီး စစ်မှုထမ်း အပတ် စဉ် ၉ နဲ့ ၈ မှာ အရပ်သားတွေကို ဖမ်းဆီးပြီး တခြားဒေသတွေကို ရောင်းစားခဲ့တယ်သေးတယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။