Category: News

  • ပန်းတနော်တွင် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရမှုဖြင့် ဖမ်းခံရသူ ၇ ဦး စစ်မှုထမ်းရန် ပို့ခံရ

    ပန်းတနော်တွင် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရမှုဖြင့် ဖမ်းခံရသူ ၇ ဦး စစ်မှုထမ်းရန် ပို့ခံရ

    ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ မြေနုကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖမ်းခံခဲ့ရတဲ့ လူငယ် ၇ ယောက် စစ်မှုထမ်းဖို့ အပို့ခံခဲ့ရတယ်လို့ အဖမ်းခံခဲ့ရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    မနုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန့်ဇင် သေနတ်နဲ့အပစ်ခံရပြီး ဆေးရုံတင်ခဲ့ရတာနဲ့ ပတ်သက်လို့ ဖမ်းခံခဲ့ရတဲ့ လူငယ် ၇ ယောက်ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဖွင့်ခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် ၁၅ အတွက် သင်တန်းကျောင်းကို ပို့ခဲ့တာလို့ ဆိုပါတယ်။

    အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူ တယောက်က “သြဂုတ် ၁၅ ရက်နေ့ကမှ အုပ်ချုပ်ရေးမှူးက အကြောင်းကြားလို့ မိသားစုတွေက သိရတာ။ တကယ် ပြစ်မှုကျူးလွန်တယ် ဆိုရင်တောင် အခုလို မလုပ်သင့်ပါဘူး။ မိသားစုနဲ့ အဆက်အသွယ်အဖြတ်ခံရပြီး အခုလို စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်းကို အခေါ်ခံရတာ။ ထောင်ဒဏ်တွေ ချမယ်ထင်ခဲ့တာ” လို့ ပြောပါတယ်။

    စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သန့်ဇင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း အင်းချောင်းက အပြန်ပိုက်တန်းကွေ့နားမှာ သေနတ်နဲ့ပစ်ခံရတာဖြစ်ပြီး နားထင်ကို ကျည်ထိမှန်ခဲ့လို့ ဆေးရုံမှာ ကုသခဲ့ရပါတယ်။

    ပစ်ခတ်ခံရပြီးနောက် တပတ်တွင်း လူငယ် ၉ ယောက် အဖမ်းခံရပြီး ၂ ယောက်ကတော့ ပြန်လွတ်လာပေမဲ့ ၇ ယောက်ကို ဆက်ဖမ်းထားခဲ့တာပါ။

    ပန်းတနော်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်သင်တန်းကျောင်း အပို့ခံရတယ်လို့ ကြားမိပါတယ်။ အားလုံးက တရားဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ပဲ ထင်တာ။ အဖမ်းခံရတဲ့သူတွေနဲ့ မိသားစုတချို့ပဲ အဆက်အသွယ်ရတာ။ အဖမ်းခံရတဲ့ သူတွေကိုလည်း တနေရာတည်း ထားတာမဟုတ်ဘူးလေ” လို့ပြောပါတယ်။

    ဘယ်စစ်မှုထမ်းသင်တန်းကျောင်းပို့တယ်ဆိုတာကို မိသားစုတွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ ချိတ်ဆက်စုံစမ်းနေပေမယ့် သြဂုတ် ၁၇ ရက်အထိ စုံစမ်းမရ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

    မြေနုကျွန်းကျေးရွာ အုပ်စုချုပ်ရေးမှူးသန့်ဇင်ဟာ စစ်မှုထမ်းကိစ္စတွေမှာ ငွေညှစ်တာ၊ ဖိအားပေး စစ်မှုထမ်းခိုင်းတာ၊ ဧည့်စာရင်းကိစ္စနဲ့ငွေညှစ်တာ၊ ဆိုင်ကယ်ကိစ္စနဲ့ ငွေညှစ်တာ၊ NLD ပါတီဝင်တွေကို ဖမ်းခိုင်းတာ စတာတွေလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

  • AA က တပ်မဆုတ်တော့ဘဲ အပြင်းအထန်ခုခံတိုက်ခိုက်နေ

    ကျောက်ဖြူရှိ နေရာ ၇ ခုထက်မနည်းတွင် တိုက်ပွဲပြင်းထန်နေပြီး AA က တပ်မဆုတ်တော့ဘဲ အပြင်းအထန်ခုခံတိုက်ခိုက်နေ


    ‎ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ နေရာ ခုနစ်ခုထက်မနည်းတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခ တပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    ‎ယနေ့ ဩဂုတ် ၁၇ရက်နေ့တွင် ကျောက်ဖြူရှိ လိပ်ခမော်ရွာသစ်၊ ပြင်ရှည်၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ ပျားတဲ၊ သပြုတောင်၊ ကပ်သပြေ၊ ရှောက်ချောင်း၊ စည်မော်တို့၌ တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎”အင်အားအများကြီးသုံးပြီး စစ်တပ်ကစစ်ကြောင်းထိုးနေတယ်။ တစ်ပတ်လောက်တော့ရှိပြီ။ AA ကနောက်မဆုတ်တော့ဘဲ ပြန်တိုက်နေတာ” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ‎စစ်ကော်မရှင်သည် AA ရှိရာနေရာများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

    ‎ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း စစ်ကော်မရှင်တပ်များသည် လိပ်ခမော်ရွာသစ်နှင့် လိပ်ခမော်ရွာဟောင်းတို့ကို အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးဝင်ရောက်ကာ ရွာကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

    ထို့ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများမှာ AAက နောက်ဆုတ်ပေးခဲ့သည့် ကျေးရွာများဖြစ်ပြီး စစ်ကော်မရှင်က ဝင်ရောက်ချိန်တွင် ဖျက်ဆီးမှုများပါ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အာရက္ခတပ် (AA) သည် ‎ယနေ့ ဩဂုတ် ၁၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြန်လည်ခုခံတိုက်ခိုက်မှုများ ပြုလုပ်လာသည့် အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

    ပုံစာ-AA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်

  • မော်ချီးကို ဗုံးကြဲသဖြင့် ဆေးရုံပျက်စီးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရ

    မော်ချီးကို ဗုံးကြဲသဖြင့် ဆေးရုံပျက်စီးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရ

    ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက် ဒဏ်ရာရပြီး ဆေးရုံနဲ့ ဝန်ထမ်းအိမ်ရာ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    သြဂုတ် ၁၇ ရက် ဒီမနက် ၇ နာရီ မိနစ် ၅၀ မှာ ဗုံးကြဲခဲ့တာဖြစ်ပြီး ‌တိုက်ပွဲမရှိဘဲ လာကြဲတာလို့ ဆိုပါတယ်။

    ဒေသခံအမျိုးသားတယောက်က “ကင်းထောက် ၂ ခေါက်လာတယ်။ ကင်းထောက်လာပြီး နည်းနည်းကြာတော့ ဂျက်ဖိုက်တာ ရောက်လာတာ။ အနိမ့်လေးဆင်းလာတာ အိမ်တွေပါတုန်တယ်။ မနက်အစောကတည်းကပတ်ဝဲနေတာ၊ ၃ ခေါက်မြောက်မှာကြဲတာ” လို့ပြောပါတယ်။

    မော်ချီးဒေသကို စစ်တပ်က ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းကနေ ဗုံး ၈ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၉ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့ မနက် ၉ နာရီကျော်မှာလည်း ဖားဆောင်းမြို့နဲ့ ခဲမဖြူရွာတဝိုက်ကို Y 12 လေယာဉ်နဲ့ ဗုံး အလုံး ၅၀ ကြဲချခဲ့လို့ စာသင်ကြားနေတဲ့ ကလေးငယ် ၃ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။

    စစ်တပ်ဟာ ကရင်နီပြည်နယ်က မော်ချီး၊ ဖားဆောင်းနဲ့ ဒီးမော့ဆိုအနောက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို သြဂုတ်လထဲမှာ ဆက်တိုက်ပြုလုပ်နေပါတယ်။

    ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယနေ့ ဒုတိယအကြိမ် စစ်တပ်က​ လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံး

    ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယနေ့မွန်းလွဲပိုင်း ဒုတိယအကြိမ်အဖြစ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်နေသူ ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ ၁၆ ကုန်းသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိသူလည်း များပြားကြောင်း သိရှိရသည်။

    ” ၁၆ ကုန်းကို ဗုံးကျဲတာက ကလေးလေးတွေ ၅ ယောက်တောင်ပါတယ်လောလောဆယ်သိထားတာကမူကြိုကျောင်း နားကျတာတဲ့။ စုစုပေါင်း သေဆုံးသူကတော့ ၁၇ ဦးရှိပါတယ်။ ပျောက်ဆုံးသူတွေလည်းရှိပါတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ နံနက်ပိုင်းကလည်း ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံပျက်စီးသွားကြောင်း ဒေသခံပြည်သူများက ပြောကြားသည်။

    ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါ လိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးနှင့် လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပြီး ဆေးရုံမှာ လုံးဝပျက်စီးသွားကြောင်း သိရ သည်။

    “လေယာဉ်နဲ့ နှစ်ရက်ဆက်တိုက် ပျံဝဲနေတာ။ အဲလိုဆိုတော့ ပြည်သူတွေက သတိနဲ့ နေနေကြတော့ အထိခိုက်အနည်သွားတာဖြစ်ပါတယ်။ ၂ ရက်ဆက်တိုက် ပျံဝဲပြီး ဒီနေ့မနက် ၈ နာရီခွဲလောက်ကမှ ကျဲသွားတာ၊ ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ ဆေးရုံက တော့ တော်တော် ပျက်စီးသွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။

    ဓာတ်ပုံ- Nge Lay Facebook

  • သာကေတတွင် လူသတ် အလောင်းဖျောက်မှုဖြစ်ပွား

    သာကေတတွင် လူသတ် အလောင်းဖျောက်မှုဖြစ်ပွား

    ရန်ကုန်၊ သာကေတမြို့နယ်၊ အနော်မာရပ်ကွက်က ၁/အနော်မာ သောက်ရေကန်ထဲမှာ လူသတ်ပြီး အလောင်းဖျောက်မှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

    ဩဂုတ် ၁၁ ရက် မနက်အစောပိုင်းက သောက်ရေကန်ထဲမှာ လူလတ်ပိုင်း အမျိုးသမီး အလောင်းတလောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

    အနော်မာရပ်ကွက် တာဝန်ရှိသူတယောက်က “ရေကန်ထဲ ခုန်ချသတ်သေတဲ့ ပုံစံမျိုးကို လုပ်ထားတာ။ တကယ်တမ်း ရင်ခွဲရုံမှာ စစ်ကြည့်တော့ အဆုတ်ထဲမှာ ရေမရှိဘူး။ သတ်ပြီး ကန်ထဲ ပစ်ချသွားတာ။ မသင်္ကာတဲ့သူကိုလည်း ဖမ်းမိထားတယ်” လို့ ပြောပါတယ်။

    အဲဒီအမျိုးသမီးကို လမ်းဘေးမှာ ကားနဲ့ကွမ်းယာရောင်းတဲ့သူက သတ်တယ်လို့ စွပ်စွဲဖမ်းဆီးထားပြီး ဘာကြောင့်သတ်တယ် ဆိုတာကိုတော့ စုံစမ်းမေးမြန်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

    အခုရက်ပိုင်းအတွင်း ရန်ကုန်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်တာ ၃ မှုထက်မနည်း ဖြစ်ပွားခဲ့ပါသေးတယ်။

    အလုပ်ကနေ ထုတ်ပယ်ခံရတဲ့ လူလတ်ပိုင်းယောကျ်ားလေးတယောက် ကြိုးဆွဲချသေဆုံးခဲ့သလို၊ ဆီးကျိတ်ကင်ဆာ ခံစားနေရသူတယောက်လည်း အင်းလျားကန်ထဲ ခုန်ချသတ်သေခဲ့တာပါ။

  • အိုးဘိုထောင်ရဲ့သတင်းကအမှန်

    အိုးဘိုထောင်ရဲ့သတင်းကအမှန်

    မန္တလေးအိုးဘိုထောင်၊ အမျိုးသားဆောင်ကို ဒရုန်းဗုံးကျဲချမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးနှင့် အခြားအကျဉ်းသား ၄ ဦး သေဆုံးပြီး နာမည်စာရင်းများထုတ်ပြန်

    မန္တလေးအိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားဆောင်‌အပေါ်ကို ဒရုန်း ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုတွင် နိုင်ငံရေးအကျဥ်းသား ၁၇ ဦး၊ အခြားအကျဉ်းသား ၄ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရှိသူ အနည်းဆုံး ၁၀ ဦးအထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

    ဩဂုတ်လ ၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန် ဒရုန်း ဗုံး ၂ လုံးကျဲချခံခဲ့ရခြင်း ဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားသည့် အကျဉ်းထောင်ဖြစ်သည့်အတွက် ဒရုန်းဖြင့် ကျဲချခဲ့သောအဖွဲ့၏ အချက်အလက်များစုံစမ်းရရှိရန် အခက်အခဲများရှိနေသောကြောင့် အတည်ပြုနိုင်ရေး ဆက်လက်ကြိုးစားဆောင်ရွက်နေဆဲဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။

    “မနေ့က သတင်းထုတ်ပြန်မှုတွေ ကျနော်တို့ လုပ်တယ်။ စစ်ကောင်စီကတော့ ငြင်းနေကျအတိုင်း ငြင်းတာကိုတော့ ကျနော်တို့က ခေါင်းထဲ မထည့်ပါဘူး။ ဒီနေ့မှာ အချက်အလက်နဲ့တကွ သေဆုံးမှု နာမည်တွေ ၊ အသက်တွေ၊ ပုဒ်မတွေနဲ့ တကွ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ တချို့ကလည်း ဒါကို မဟုတ်ဘူးလို့ မနေ့ကလည်း သတင်းတွေ ဝေဖန်ချက်တွေလည်း ကြားရပါတယ်။ မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒီအရေးဟာ ကိုယ့်ရဲ့ ကိုယ်ကျိုးစွန့်ပြီးမှ အားလုံးဟာ ဘာဝင်ငွေမှ မရှိဘဲနဲ့ တစ်စိုက်မတ်မတ် လုပ်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ကြပါတယ်။ ဒီတော်လှန်ရေးနယ်မြေထဲမှာ ခက်ခက်ခဲခဲရပ်တည်ပြီးမှ ဒီလိုလုပ်နေတာဟာ အကျဉ်းထောင်ထဲမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ လူမသိ သူမသိ သတ်ခံရတဲ့ အခြေအနေတွေ မဖြစ်ပေါ်စေဖို့ ဖြစ်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

    Drop ဗုံး ကျဲချမှုကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများမှာ-

    ၁။ ပုဒ်မ- ၅၀ ည ဖြင့် ဖမ်းဆီးခံထားရသည့် အသက် ၃၆ နှစ်အရွယ် ကိုတင်လင်းထွန်း

    ၂။ ပုဒ်မ -၅၂ က / ၅၁ ဂ ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၆ နှစ်အရွယ် ကိုသန်းနိုင်

    ၃။ ပုဒ်မ- ၅၀၅-က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက် ၃၁ နှစ်အရွယ် ကိုကျော်သီဟ

    ၄။ ပုဒ်မ-၅၂ က /၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက် ၂၄ နှစ်အရွယ် ကိုရှိင်းဇော်

    ၅။ ပုဒ်မ-၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၆ နှစ်အရွယ် ကိုခန့်ဖြိုးအောင်

    ၆။ ပုဒ်မ-၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်၂၉ နှစ်အရွယ် ကိုကျော်ဇင်တိုး

    ၇။ ပုဒ်မ-၅၀၅-က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် ကိုအောင်ကိုဝင်း။

    ၈။ ပုဒ်မ – ၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၀ အရွယ် ကိုဌေးလင်းအောင်

    ၉။ ပုဒ်မ-၅၂ က/၅၁ ဂ /၂၉ တို့ဖြင့်ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၉ နှစ်အရွယ် ကိုဝေယံ

    ၁၀။ ပုဒ်မ- ၅၀၅ က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၁ နှစ်အရွယ် ကိုရဲရင့်

    ၁၁။ ပုဒ်မ-၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၈ နှစ်အရွယ် ကိုသူရနေမင်း

    ၁၂။ ပုဒ်မ-၄၉/၅၂ က တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၂ နှစ်အရွယ် ကိုသက်မျိုး

    ၁၃။ ပုဒ်မ-၅၂ က /၅၂ ဂ တို့ဖြင့်ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၇ နှစ်အရွယ် ကိုဗိုလ်ဝင်း

    ၁၄။ ပုဒ်မ-၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၇ နှစ်အရွယ် ကိုအောင်ကောင်းထက်

    ၁၅။ ပုဒ်မ-၅၂ က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက် ၂၃ နှစ်အရွယ် ကိုဖုန်းထက်

    ၁၆။ ပုဒ်မ-၅၂ က /၅၀ ည တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၈ နှစ်အရွယ် ကိုကျော်မြတ်သူ

    ၁၇။ ပုဒ်မ-၅၀ ည /၅၁ ဂ တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၄ နှစ်အရွယ် ကိုကျော်ကျော်လင်း တို့ ဖြစ်ကြောင်း သိရှိရသည်။

    ဒရုန်း ဗုံးကျဲချမှုကြောင့် အခြားအမှုဖြင့် ဖမ်းဆီးခံထားရသည့် အကျဉ်းသား ၄ ဦးလည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

    အိုးဘိုထောင်ရဲ့သတင်းကအမှန်

    ယုတ်မာချက်ကကမ်းကုန်

    ဗုံးကြဲတာက ပျူတွေကိုစကစက ဒရုန်းသင်တန်းပေးရင်း စမ်းသပ်ခိုင်းပြီး ယုတ်မာတာလို့သိရ။

    နိုင်/ကျဉ်း ၁၇ ဦး အပါဝင် ၂၁ ဦးသေဆုံး