Category: News

  • စစ်တပ်ပတ်လည်ရှိနေသည့် မင်္ဂလာဒုံမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်း ဟန်မပျက်ဆက်ရှိနေ

    စစ်တပ်ပတ်လည်ရှိနေသည့် မင်္ဂလာဒုံမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်း ဟန်မပျက်ဆက်ရှိနေ

    စစ်တပ်တွေ ဝိုင်းရံထားတဲ့ မင်္ဂလာဒုံမြို့နယ်ထဲမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်း အထိုင်ချလုပ်ကိုင်နေတာနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာတွေရှိပေမဲ့ ဟန်မပျက်ဆက်ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    အဲဒီကျားဖြန့် ငွေလိမ်လုပ်ငန်းမှာ စစ်တပ်ပတ်လည်ရှိနေတဲ့ ခရေပင်လမ်းခွဲနဲ့ တညင်းကုန်းလမ်းဆုံကြားမှာ အထိုင်ချပြီး လုပ်ငန်းလုပ်ကိုင်နေတာလို့ ကိုယ်တိုင်ငွေလိမ်ခံရပြီး အဲဒီနေရာရောက်ခဲ့ဖူးသူတွေက ထုတ်ဖော်ပြောဆိုထားကြပါတယ်။

    မြို့ခံတွေ ငွေလိမ်လည်ခံလာရတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးနောက်မှာ ကျားဖြန့်ရုံးရှိတဲ့ နေရာဆီ လူအဝင်၊ အထွက် တင်းကျပ်ထားပြီး လုပ်ငန်းဆက်ရှိနေသေးတဲ့ လှုပ်ရှားမှုတွေ ဆက်တွေ့ရတယ်လို့ ကိုယ်တိုင်ငွေလိမ်ခံရသူရဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။

    “ငွေလိမ်ဖို့ အရင်ဆုံး ချိတ်ဆက်ပေးတဲ့ တယောက်လည်း ရပ်ကွက်ထဲမှာ ရှိနေတုန်းပဲ။ သူတို့ သွား လာလှုပ်ရှားတာတွေလည်း မြင်နေရတာဆိုတော့ လုပ်ငန်းဆက်ရှိနေသေးတယ်လို့ ပြောလို့ရတယ်။”

    အဲဒီကျားဖြန့်လုပ်ငန်းအနီးဝန်းကျင်မှာ ၆၄၆ တပ်၊ တညင်းကုန်း စစ်သားစုဆောင်းရေးတပ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်တပ်လိုင်းခန်း၊ မင်္ဂလာဒုံမြို့မရဲစခန်းတို့ ရှိနေတဲ့အတွက် စစ်တပ်ရဲ့ အကာအကွယ်ယူပြီး လုပ်ငန်းလည်ပတ်နေတဲ့ သဘော ဖြစ်နိုင်တယ်လို့ မြို့ခံပြည်သူတွေက ဆိုပါတယ်။

    ငွေလိမ်ခြိမ်းခြောက်တောင်းခံရသူအတွက် သွားရောက်ညှိနိူင်းပေးခဲ့တဲ့ မင်္ဂလာဒုံမြို့ခံတယောက်က “လုံးဝကို အညှိမခံတာ။ ကြိုက်တဲ့နေရာတိုင်၊ သူတို့က ထောက်ကြံ့အထိ အကုန်ပြီးတယ်။ သတ်လိုက်လို့လည်း ပြဿနာမရှိဘူးဆိုပြီး ပြောတာ” လို့ ပြောပါတယ်။

    အဲဒီငွေလိမ်အဖွဲ့က လိမ်လည်ခံရသူနဲ့ မိသားစုဝင်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး သူတို့အနားမှာ ရှိနေတယ်ဆိုတာသိအောင် ရိုက်ထားတဲ့ ဓာတ်ပုံပို့တာ၊ ဖုန်းဆက်ပြောတာမျိုးတွေနဲ့ ခြိမ်းခြောက်တဲ့အတွက် တိုင်ကြားတာတွေ မလုပ်ရဲသလို စိတ်မလုံခြုံတော့လို့ အိမ်ကိုပစ်ထားပြီး ထွက်ပြေးတိမ်းရှောင်သွားရတဲ့သူတွေလည်း ရှိနေတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။

    ကျားဖြန့်ငွေလိမ်လုပ်ငန်းမှာ နိုင်ငံတကာက အမြစ်ပြတ်နှိမ်နင်းဖို့လိုအပ်တဲ့ ပြဿနာတခုအဖြစ် သတ်မှတ်ထားကြပြီး အဲဒီလုပ်ငန်းတွေ ကြီးထွားလာအောင် အကာအကွယ်ပေးသူတွေပါ အရေးယူဖို့ လုပ်လာပါတယ်။

    အဲဒီကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ စစ်တပ်နဲ့ နယ်ခြားစောင့်တပ် ခေါင်းဆောင်ပိုင်းတွေက အသည်းအသန် ငြင်းဆိုထားကြပြီး ဟန်ပြနှိမ်နင်းတဲ့ လုပ်ရပ်တွေ သုံးကာ ဝါဒဖြန့်နေတာတွေ ရှိနေပါတယ်။

  • မင်္ဂလာဒုံတွင် Food Vlogger အငှားယာဉ်မောင်း ၁ ဦး ပစ်သတ်ခံရ

    မင်္ဂလာဒုံတွင် Food Vlogger အငှားယာဉ်မောင်း ၁ ဦး ပစ်သတ်ခံရ

    မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် ခရေပင်လမ်းခွဲ အမှတ် ၃ လမ်းဆုံ မီးပွိုင့်အနီးမှာ နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီခွဲက Food Vlogger အငှားယာဥ်မောင်းတယောက် ပစ်သတ်ခံခဲ့ရတယ်လို့ အငှားယာဥ်မောင်းတွေဆီက သိရပါတယ်။

    Food Vlogger လုပ်ရင်း Taxi အငှားယာဥ်မောင်းသူ ကိုကျော်ဝဏ္ဏကို မနေ့ည ၉ နာရီခွဲလောက်မှာ ကားငှားစီးသူတွေက သေနတ်နဲ့ပစ်သတ်သွားတာလို့ အငှားယာဥ်မောင်းတယောက်က ပြောပါတယ်။

    “နာမည်အရင်းက ဝဏ္ဏဖေပါ။ အားလုံးက သူ့ကို ကျော်ဝဏ္ဏပဲ ခေါ်ကြတာ။ Food Vlogger လည်းလုပ်တယ်။ အင်းစိန် စော်ဘွားကြီးကုန်းမှာနေတာ။ သတင်းကြားကာစက ကားမှောက်တယ်ပဲ ထင်တာ။ ပရဟိတအဖွဲ့တွေရောက်မှ သေနတ်နဲ့ပစ်သတ်ခံရတယ်ဆိုတာ သိတာ။ စိတ်မကောင်းဘူး အငှားယာဥ်မောင်းတောင် ဒီနိုင်ငံမှာ မလုံခြုံဘူး။”

    ကိုကျော်ဝဏ္ဏမောင်းလာတဲ့ အငှားယာဥ် ပရိုဘောက်မှာ မနေ့က ၉ နာရီခွဲက ခရေပင်ခွဲလမ်းဆုံ မီးပွိုင့်ဘက်မှာ ယာဥ်မတော်တဆမှုဖြစ်နေတယ်ဆိုပြီး လမ်းသွားလမ်းလာတွေက ရဲစခန်းနဲ့ ပရဟိတေဖွဲ့တွေကို အကူအညီတောင်းခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

    “လမ်းသွားလမ်းလာကားတွေ အကြောင်းကြားမှသိရတာ။ ကားငှားစီးလာတဲ့သူက ယာဥ်အနောက်ခန်းကနေ သေနတ်နဲ့ပစ်သွားတာ၊ ကားထဲမှာ ကျည်တထောင့်တွေ့တယ်။ လုယက်မှုလား၊ ဘာကြောင့်ပစ်လဲဆိုတော့ စခန်းက စစ်ဆေးနေဆဲပဲ။”

    သေဆုံးသူ ကိုကျော်ဝဏ္ဏမှာ အငှားယာဥ်မောင်းရင်း တဖက်မှာ သူဝါသနာပါရာ Food Vlogger လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

  • ဖယ်ခုံ-ပင်လောင်းနယ်စပ်တိုက်ပွဲများတွင် PNO ဗိုလ်မှူး ၂ ဦး အပါအဝင် ၃၀ ကျော် သေဆုံး

    ဖယ်ခုံ-ပင်လောင်းနယ်စပ်တိုက်ပွဲများတွင် PNO ဗိုလ်မှူး ၂ ဦး အပါအဝင် ၃၀ ကျော် သေဆုံး

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအတွင်း PNO ပြည်သူ့စစ်ဘက်က ဗိုလ်မှူး ၂ ယောက်အပါအဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    နိုဝင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၂၃ ရက်နေ့အတွင်း ဖြစ်ခဲ့တဲ့တဲ့တိုက်ပွဲတွေမှာ သေဆုံးခဲ့ကြတာဖြစ်ပြီး PNO ရဲ့ ဗိုလ်မှူးခွန်စိုးအောင်နဲ့ ဗိုလ်မှူးခွန်ဖေတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    သတင်းရင်းမြစ်တယောက်က “ဗိုလ်မှူး ခွန်စိုးအောင်က ၁ ရက်နေ့မှာ ဘောရန်ရွာကို ရွာမီးရှို့နေတုန်း စနိုက်ပါနဲ့အပစ်ခံရတယ်။ ဗိုလ်မှူး ခွန်ဖေကတော့ ၁၅ ရက်နေ့ ဖြစ်ပွားတဲ့တိုက်ပွဲမှာ‌ သေသွားတာ။ ဗိုလ်မှူးနှစ်ဦးဟာ ပအိုဝ်းဒေသမှာ ငွေညှစ်တာတွေ၊ နာမည်ဆိုးနဲ့ ကျော်ကြားနေသူတွေဖြစ်တယ်” လို့ပြောပါတယ်။

    သေဆုံးသွားတဲ့ PNO ဗိုလ်မှူးတွေဟာ လူငယ်တွေကို စစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းတာ၊ ကိုယ်တိုင်ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်တာ၊ ပြည်သူလူထုကျေးရွာတွေကို မီးရှို့တာတွေမှာ ဦးဆောင်ပါဝင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

    တိုက်ပွဲတွေအတွင်း PNO ပြည်သူ့စစ်ဘက်က ဗိုလ်မှူး ၂ ယောက်အပြင် တပ်သား ၃၀ ကျော်လည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

    စစ်တပ်နဲ့ PNO ပြည်သူ့စစ်တို့ဟာ ဖယ်ခုံအနောက်ဘက်ခြမ်းကို ဝင်ရောက်နိုင်ဖို့အတွက် ပင်လောင်းကနေ စစ်အင်အား ၅၀၀ ‌ကျော် ဖြည့်တင်းထားပြီး စစ်ကြောင်းတွေခွဲ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

    အခုလည်း တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး ဒေသတွင်း ကျေးရွာ ၈ ရွာမှ လူဦးရေ ၅,၀၀၀ ကျော်ဟာ ဘေးကင်းရာကို စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

  • စစ်ခေါင်းဆောင် မအူပင်မြို့ရောက်လာချိန် မီးလောင်

    စစ်ခေါင်းဆောင် မအူပင်မြို့ရောက်လာချိန် မီးလောင်

    ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ နိုဝင်ဘာ ၂၃ ရက်ဒီကနေ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်နေတဲ့အချိန်မှာ မီးလောင်မှုဖြစ်လို့ ရုတ်ရုတ်သဲသဲတွေ ဖြစ်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မအူပင်မြို့ခံ တယောက်က “မင်းအောင်လှိုင် လာဖို့ရှိတယ်ကြားတာတော့ကြာပြီ၊ နိုဝင်ဘာ ၁၉ ရက်ကတည်းကကြားတာ။ နိုဝင်ဘာ ၂၃ ရက် ဒီကနေ့မနက်မှ ရောက်လာတာ။ ခလရ ၂၇ တပ်မှာ အသင့်လုပ်ထားတဲ့ ဟတ်စကီးကွင်းမှာဆင်းပြီး အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ မွေးမြူရေးနဲ့ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းဖွင့်ပွဲ သွားတာ။ သူ လာမှပဲ မွေးမြူရေးနဲ့ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းအနားမှာရှိတဲ့ အောင်ဆုပန် ၁ ရပ်ကွက်မှာ မီးလောင်မှု ဖြစ်ပွားနေလို့ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်”လို့ ပြောပါတယ်။

    စစ်ခေါင်းဆောင် ရောက်နေတာကြောင့် မအူပင်မြို့ပေါ်လမ်းတွေမှာ လမ်းထိပ်တထိပ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို လက်နက် အပြည့်အစုံနဲ့ လမ်းထိပ်တွေမှာ ကင်းချထားတာ တွေ့ရပါတယ်။

    မအူပင်မြို့ ကမ်းနားလမ်း၊ တရုတ်ဘုံကျောင်းနဲ့ အထက်အမြင့် အဆောက်အအုံတွေပေါ်မှာပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စနိုက်ပါ သေနတ်တွေနဲ့ လုံခြုံရေးယူပေးထားကြပါတယ်။

    မအူပင်မြို့ခံနောက်တယောက်က “မအူပင် ဖွတ်တက်ရုံမကဘဲ မင်းအောင်လှိုင် လာမှ သူ လာတဲ့ရပ်ကွက် မီးပါထလောင်နေပြီ။ မီးကလည်း များတယ်၊ ခုထိ မီးမငြိမ်းသေးဘူး။ ရပ်ကွက်တခုလုံး မီးခိုးတွေ ဖုံးနေတယ်။ လမ်းတွေပေါ်မှာလည်း စစ်အုပ်စုကလွဲလို့ ဘယ်သူ တဦး တယောက်မှ မတွေ့ရဘူး” လို့ ပြောပါတယ်။

    မအူပင်မြို့မှာရှိတဲ့ ကွန်ပျူတာ တက္ကသိုလ်ကျောင်းအဟောင်းကို မင်းအောင်လှိုင် အမိန့်နဲ့ မွေးမြူရေးနဲ့ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းအဖြစ် အရေးပေါ် အမြန်ဆောက်လုပ်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်မှာ ဆောက်လုပ်ပြီးစီးခဲ့ကာ စစ်ခေါင်းဆောင်ကိုယ်တိုင် ကျောင်းဖွင့်ပွဲကို လာရောက်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

  • တက္ကသိုလ်ကျောင်းသားတွေ မဲမပေးရင် ကျောင်းအပ်လက်မခံဘူးလို့ စစ်ကောင်စီ ခြိမ်းခြောက်​နေ

    တက္ကသိုလ်ကျောင်းသားတွေ မဲမပေးရင် ကျောင်းအပ်လက်မခံဘူးလို့ စစ်ကောင်စီ ခြိမ်းခြောက်​နေ

    စစ်ကောင်စီ ရွေးကောက်ပွဲကို တက္ကသိုလ်တက်မယ့် ကျောင်းသားကျောင်းသူတွေ မဲမပေးပါက ကျောင်းအပ်လက်မခံဘူးလို့ ကျောင်းသား၊ကျောင်းသူတွေက ပြောပါတယ်။

    ရွေးကောက်ပွဲကျင်းပတဲ့ရက်မှာ အသက်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိတဲ့ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေဟာ သက်ဆိုင်ရာမြို့နယ်ပြင်ပမှာရှိတဲ့တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ တတ်ရောက်နေချိန်ဖြစ်တယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

    ဒါကြောင့် မဲစာရင်းမှာပါပြီး တက္ကသိုလ်တက်ရောက်ရမယ့်ကျောင်းသားကျောင်းသူတွေအနေနဲ့ မိမိတို့ မဲစာရင်းပါရှိရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မဲပေးဖို့ တိုက်တွန်းထားပါတယ်။

    ဒါပေမဲ့ မဲမပေးတဲ့ ကျောင်းသား၊ကျောင်းသူတွေကို တက္ကသိုလ်တက်ရောက်ဖို့ ကျောင်းအပ်လက်မခံဘူးလို့ စစ်ကောင်စီခန့် ဆရာ၊ဆရာမတွေက ပြောဆိုခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။

    “မဲမပေးရင် ကျောင်းအပ်လက်မခံဖို့ အထက်ကညွှန်ကြားထားတယ်ဆိုပြီးပြောတယ်။ ဒါကသက်သက်ခြိမ်းခြောက်တာပါ။ ကိုယ်ကြိုက်ရင်ပေးမယ် မကြိုက်ရင်မပေးဘူးပေါ့” လို့ တက္ကသိုလ် တတိယနှစ် ဥပဒေကျောင်းသားတစ်ဦးက ပြောပါတယ်။

    ဒါ့အပြင် ကြိုတင်ဆန္ဒမဲပေးပြီးကြောင်းသက်သေခံလက်မှတ်ပါမှသာ ကျောင်းအပ်လက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

    အလားတူ မန္တ​လေးမြို့မှာလည်း စစ်တပ်ရွေးကောက်ပွဲအတွက် တက္ကသိုလ် ကျောင်းသူ၊ကျောင်းသားတွေ ကြိုတင်မဲပေးကြဖို့ မန္တလေးမြို့က ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးပိုင်းကဖိအားပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ရပ်ကွက်တွေမှာ ကြိုတင်မဲပေးကြဖို့ ကားနဲ့လိုက်လံသတိပေးကြေညာတာမျိုး၊ အောက်ခြေအဆင့် အုပ်ချုပ်ရေးပိုင်းဖြစ်တဲ့ ဆယ်အိမ်မှုး ၊ရာအိမ်မှုး တွေကနေတဆင့် ပြောဆိုတာတွေ ပြုလုပ်နေတာပါ။

    “ ကားနဲ့ ညနေဆိုရင်လိုက်အော်ပြီ၊ ကျောင်းသားရှိတဲ့အိမ်ဆိုရင် အိမ်ထိရောက်လာပြီး ကြိုတင်မဲပေးဖို့လာပြောသွားတာ”လို့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

    မဲစာရင်းပါရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေကို နိုဝင်ဘာ ၁၇ ရက်ကနေ ၂၁ ရက်အထိသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ နိုင်ငံသားစိစစ်ရေးကတ်၊ ကျောင်းသားကတ် ဒါမှမဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကို ပြသပြီး ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားပါတယ်။

    အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်ကစပြီး အပိုင်းသုံးပိုင်းခွဲပြီး ပြုလုပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဒါအပြင် ဧရာဝတီတိုင်းကမြို့နယ်​တွေမှာလည်း အာဏာသိမ်းစစ်အုပ်စုက အသက် ၁၈ ပြည့်ပြီးမှတ်ပုံတင်မရှိ၊ မဲစာရင်းမှာ နာမည် နဲ့ နံပါတ်မပါရင် စာမေးပွဲ ဖြေခွင့်မရှိဘူးလို့ဖိအား​ပေး​နေတယ်လို့ ​ကျောင်းသားနဲ့ မိဘ အချို့က​ပြောပါတယ်။

    ဒါ​ကြောင့် မှတ်ပုံတင်မရှိ​သေးတဲ့​ကျောင်းသားတွဟာ မဲစာရင်းမှာ အမည်ပါဖို့ အသဲအသန်လိုက်လုပ်နေကြရတယ်လို့သူတို့က​ပြောပါတယ်။မဲစာရင်းမှာ အမည်မပါရင် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်မိတ္တူ တွေကို စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေထံပေးပို့ပြီးလုပ်ရတယ်လို့သိရပါတယ်။

    “ဧရာဝတီတိုင်းတစ်တိုင်းလုံးက ကျောင်းသားတွေ အခုလို မဖြစ်မနေမဲပေးဖို့ အကြပ်ကိုင်ခံရတယ်လို့ထင်ပါတယ်”လို့​ကျောင်းသားတဦးက​ပြောပါတယ်။

    (အာဏာသိမ်းစစ်တပ်က တက္ကသိုလ်၊​ ကောလိပ်​တွေက ​ကျောင်းသား​တွေကြိုတင်မဲ​​ပေး​နေပုံဟုဆိုကာဝါဒဖြန့်​နေ​သော ဓါတ်ပုံအချို့။ ဓါတ်ပုံ-စစ်​ကောင်စီ )