စစ်ကောင်စီ ရွေးကောက်ပွဲကို တက္ကသိုလ်တက်မယ့် ကျောင်းသားကျောင်းသူတွေ မဲမပေးပါက ကျောင်းအပ်လက်မခံဘူးလို့ ကျောင်းသား၊ကျောင်းသူတွေက ပြောပါတယ်။
ရွေးကောက်ပွဲကျင်းပတဲ့ရက်မှာ အသက်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိတဲ့ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေဟာ သက်ဆိုင်ရာမြို့နယ်ပြင်ပမှာရှိတဲ့တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ တတ်ရောက်နေချိန်ဖြစ်တယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ဒါကြောင့် မဲစာရင်းမှာပါပြီး တက္ကသိုလ်တက်ရောက်ရမယ့်ကျောင်းသားကျောင်းသူတွေအနေနဲ့ မိမိတို့ မဲစာရင်းပါရှိရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မဲပေးဖို့ တိုက်တွန်းထားပါတယ်။
ဒါပေမဲ့ မဲမပေးတဲ့ ကျောင်းသား၊ကျောင်းသူတွေကို တက္ကသိုလ်တက်ရောက်ဖို့ ကျောင်းအပ်လက်မခံဘူးလို့ စစ်ကောင်စီခန့် ဆရာ၊ဆရာမတွေက ပြောဆိုခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။
“မဲမပေးရင် ကျောင်းအပ်လက်မခံဖို့ အထက်ကညွှန်ကြားထားတယ်ဆိုပြီးပြောတယ်။ ဒါကသက်သက်ခြိမ်းခြောက်တာပါ။ ကိုယ်ကြိုက်ရင်ပေးမယ် မကြိုက်ရင်မပေးဘူးပေါ့” လို့ တက္ကသိုလ် တတိယနှစ် ဥပဒေကျောင်းသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကြိုတင်ဆန္ဒမဲပေးပြီးကြောင်းသက်သေခံလက်မှတ်ပါမှသာ ကျောင်းအပ်လက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ မန္တလေးမြို့မှာလည်း စစ်တပ်ရွေးကောက်ပွဲအတွက် တက္ကသိုလ် ကျောင်းသူ၊ကျောင်းသားတွေ ကြိုတင်မဲပေးကြဖို့ မန္တလေးမြို့က ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးပိုင်းကဖိအားပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရပ်ကွက်တွေမှာ ကြိုတင်မဲပေးကြဖို့ ကားနဲ့လိုက်လံသတိပေးကြေညာတာမျိုး၊ အောက်ခြေအဆင့် အုပ်ချုပ်ရေးပိုင်းဖြစ်တဲ့ ဆယ်အိမ်မှုး ၊ရာအိမ်မှုး တွေကနေတဆင့် ပြောဆိုတာတွေ ပြုလုပ်နေတာပါ။
“ ကားနဲ့ ညနေဆိုရင်လိုက်အော်ပြီ၊ ကျောင်းသားရှိတဲ့အိမ်ဆိုရင် အိမ်ထိရောက်လာပြီး ကြိုတင်မဲပေးဖို့လာပြောသွားတာ”လို့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
မဲစာရင်းပါရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေကို နိုဝင်ဘာ ၁၇ ရက်ကနေ ၂၁ ရက်အထိသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ နိုင်ငံသားစိစစ်ရေးကတ်၊ ကျောင်းသားကတ် ဒါမှမဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကို ပြသပြီး ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်ကစပြီး အပိုင်းသုံးပိုင်းခွဲပြီး ပြုလုပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ဧရာဝတီတိုင်းကမြို့နယ်တွေမှာလည်း အာဏာသိမ်းစစ်အုပ်စုက အသက် ၁၈ ပြည့်ပြီးမှတ်ပုံတင်မရှိ၊ မဲစာရင်းမှာ နာမည် နဲ့ နံပါတ်မပါရင် စာမေးပွဲ ဖြေခွင့်မရှိဘူးလို့ဖိအားပေးနေတယ်လို့ ကျောင်းသားနဲ့ မိဘ အချို့ကပြောပါတယ်။
ဒါကြောင့် မှတ်ပုံတင်မရှိသေးတဲ့ကျောင်းသားတွဟာ မဲစာရင်းမှာ အမည်ပါဖို့ အသဲအသန်လိုက်လုပ်နေကြရတယ်လို့သူတို့ကပြောပါတယ်။မဲစာရင်းမှာ အမည်မပါရင် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်မိတ္တူ တွေကို စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတွေထံပေးပို့ပြီးလုပ်ရတယ်လို့သိရပါတယ်။
“ဧရာဝတီတိုင်းတစ်တိုင်းလုံးက ကျောင်းသားတွေ အခုလို မဖြစ်မနေမဲပေးဖို့ အကြပ်ကိုင်ခံရတယ်လို့ထင်ပါတယ်”လို့ကျောင်းသားတဦးကပြောပါတယ်။
(အာဏာသိမ်းစစ်တပ်က တက္ကသိုလ်၊ ကောလိပ်တွေက ကျောင်းသားတွေကြိုတင်မဲပေးနေပုံဟုဆိုကာဝါဒဖြန့်နေသော ဓါတ်ပုံအချို့။ ဓါတ်ပုံ-စစ်ကောင်စီ )


Leave a Reply