Category: News

  • ကန့်ဘလူမှာ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီးနောက် အင်အားရာချီ ဖြည့်တင်း

    ကန့်ဘလူမှာ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီးနောက် အင်အားရာချီ ဖြည့်တင်းကာ နယ်မြေပြန်စိုးမိုးရေးအတွက် စစ်အုပ်စုပြင်ဆင်နေ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ယင်းတိုက်ရွာအနီးမှာ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ အင်အားရာချီ ဖြည့်တင်းပြီးနောက် နယ်မြေတချို့ကို ပြန်စိုးမိုးထားတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ရက်က စစ်အုပ်စုရဲ့ တပ်မ- ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၁၁၁ နဲ့ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းကို ကန့်ဘလူနယ်တောင်ခြမ်း ယင်းတိုက်ရွာတောင်ဘက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုစစ်ကြောင်း ပျက်တဲ့အထိ ပြိုကွဲအထိနာခဲ့ပြီး ဗျူဟာမှူး အပါအဝင်တပ်ဖွဲ့ဝင် ၅၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့ပါတယ်။

    စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ပြီးနောက် နိုဝင်ဘာ ၁၃ ရက်မှာဘဲ တပ်မ – ၃၃ ထဲကို အင်အား ၂၅၀ ခန့် ထပ်မံ ဖြည့်တင်းပြီးနောက် စစ်ကြောင်းပြန်ထွက်ကာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ မြေပြင်မှာရှိတဲ့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

    “တိုက်ပွဲဖြစ်တဲ့နေရာကို စခတွေ နေရာပြန်ယူထားကျပြီး ကျနော်တို့နောက်ဆုတ်ပေးထားရတယ် အင်အား ၂၅၀ ဝန်းကျင်လောက်ရှိမယ် ” လို့ ရေဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦး ပကဖက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

    စစ်အုပ်စုရဲ့ တပ်မ -၃၃ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ခင်ဦးမြို့နယ်အစပ်၊ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် နေသလို လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ ကျောက်တိုင်ရွာနဲ့ ကျီစုရွာထဲအထိ နေရာယူ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ရက်ကလည်း ကန့်ဘလူနဲ့ ခင်ဦးနယ်အစပ်ကို စစ်အုပ်စုရဲ့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာလေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့ပါသေးတယ်။

    ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စု စစ်ကြောင်းကို ဒေသခံ တော်လှန်ရေးတပ်တွေက အောင်မြင်စွာ တိုက်ခိုက် သုတ်သင်နိုင်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကန့်ဘလူမြို့နယ် ပကဖ၊ သတင်းထောက်လှမ်းရေး တာဝန်ခံက ပြောပါတယ်။

    တိုက်ပွဲဖြစ်ပြီးချိန်ကနေ ဒီကနေ့အထိ ကန့်ဘလူနဲ့ ခင်ဦးနယ် ကျေးရွာတွေကို စစ်အုပ်စုက တိုက် လေယာဉ်၊ ဂျိူင်ရိုကော်ပတာ စတာတွေနဲ့ နေ့စဉ်ရက်ဆက် လေကြောင်း ဗုံးကြဲနေတာကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ကန့်ဘလူခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလကနေ စက်တင်ဘာလ ခြောက်လတာအတွင်း တော်လှန် ရေးတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုအကြား ထိတွေ့တိုက်ပွဲပေါင်း (၂၁၈) ကြိမ်အထိ ရှိခဲ့ပြီး စစ်အုပ်စုဘက်က (၃၂) ဦး သေဆုံးကာ (၇၀) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ သုံ့ပန်းအဖြစ် (၉) ဦးကို တော်လှန်ရေးတပ်ဖွဲ့များဘက်က ဖမ်းဆီးနိုင်ခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ကဘက်က ရဲဘော် (၈) ဦး မြင့်မြတ်စွာ ကျဆုံးကာ (၂၀) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ရဲ့ ပြုစုထားတဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။

    ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်နှစ်ခုမှာ ပျူစောထီးနဲ့စစ်အုပ်စု အထိုင်စခန်း ၆၀ ကျော်ရှိကာ ပျူစောထီးအင်အား ၃,၀၀၀ ကျော် ရှိပြီး ရွေးကောက်ပွဲကျင်းပဖို့ ကြေညာပြီးနောက်ပိုင်း စစ်ကြောင်းထိုးတာတွေ ပိုတိုးလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  • မိုးကုတ်နဲ့ မိုးမိတ်မြို့ကို TNLA က စစ်အုပ်စုတပ်တွေ တစ်ပြိုင်နက်ထဲ ခေါ်သွင်းမည်

    မိုးကုတ်နဲ့ မိုးမိတ်မြို့ကို TNLA က စစ်အုပ်စုတပ်တွေ တစ်ပြိုင်နက်ထဲ ခေါ်သွင်းမည်

    မန္တလေးတိုင်း မိုးကုတ်မြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က တစ်ပြိုင်နက်ထဲ ခေါ်သွင်းလာမယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

    လာမဲ့ နိုဝင်ဘာလ ၃၀ ရက်နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့တို့မှာ မိုးမိတ်နဲ့မိုးကုတ်မြို့ကို စစ်အုပ်စုတပ်တွေ ခေါ်သွင်းလာမယ်လို့ နိုဝင်ဘာလ ၁၆ ရက်နေ့က တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

    မိုးကုတ်မြို့ကို စစ်အုပ်စုတပ်တွေ ခေါ်သွင်းလာရာမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ နှောင့်ယှက်ဟန့်တားခွင့်မရှိကြောင်းကို ပြောဆိုခဲ့တယ်လို့ အဲဒီအခြေအနေကိုသိတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    “သူတို့သည် စစ်အုပ်စုကို မဖြစ်မနေ ခေါ်သွင်းလာရမဲ့အနေအထားကို ပြောပြတာပဲရှိတယ်။ သူတို့ရဲ့လုပ်ငန်းစဉ်တွေမှာ နှောင့်ယှက်ဟန့်တားတာတွေ မလုပ်ဖို့ ဒါတွေကိုခေါ်ပြောတာထားတဲ့ ကိစ္စတွေပဲရှိပါတယ်။

    ဒါ့အပြင် အခုရက်ပိုင်းမှာလည်း ပြင်ဦးလွင်နဲ့မိုးကုတ်လမ်းမပေါ်က ရှမ်းလမ်းဆုံမှာ စစ်အုပ်စုနဲ့ TNLA တပ်ဟာ ဆက်ဆံရေးရုံးတွေ အပြန်အလှန် ဖွင့်လှစ်လိုက်တယ်လို့ သူဆိုပါတယ်။

    ဒီဆက်ဆံရေးရုံးတွေကနေ တဆင့် မိုးမိတ်နဲ့မိုးကုတ်မြို့တို့ကို ခေါ်သွင်းလာမှာဖြစ်ပြီး မိုးကုတ်မြို့ပေါ်မှာ နိုဝင်ဘာလ ၂ ရက်က ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံးအထိ ပို့ဆောင်ပေးမယ်လို့ ပြောပါတယ်။

    စစ်အုပ်စုအပစ်ရပ်ပြီးနောက် မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကနေ တပ်တွေဆုတ်ခွာပေးမယ်လို့ TNLA က ထုတ်ပြန်ပြောဆိုထားပေမဲ့လည်း တော်လှန်ရေးအင်အားစုတွေကတော့ မိုးကုတ်ကို ဆက်ကာကွယ်မယ့်အကြောင်း ပြောဆိုထားကြပါတယ်

    မိုးကုတ်ကို စစ်အုပ်စုတပ်တွေ ခေါ်သွင်းလာမယ့်ကိစ္စနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကို TNLA ကညှိုနှိုင်းတိုင်ပင်တာမျိုး ဒီနေ့အထိ မရှိသေးဘူးလို့ ဆိုပါတယ်။

    ဒါကြောင့် TNLA က စစ်အုပ်စုကို မိုးကိုတ်ကို ခေါ်သွင်းလာရာမှာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်မလားဆိုတဲ့ အခြေအနေကိုတော့ အမည်မဖော်လ်ိုတဲ့ မိုးကုတ်သပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးကတော့ ” ကျွန်တော်တို့က လုပ်ရကိုင်ရခက်နေပါတယ်။ တစ်ဖက်ကလည်း မဟာမိတ်ဖြစ်နေတယ်။ တစ်ဖက်မှာကလည်း စစ်အုပ်စုမိစ္ဆာဖြစ်နေတယ်။ ဆိုတော့ တိုက်ပွဲတွေ ဖြစ်လာနိုင်မလားဆိုတဲ့ အခြေအနေကိုတော့ ပြောရခက်နေတယ်။ ကျွန်တော်ထင်ပါတယ် အဲဒီနေ့ရဲ့အခြေအနေပေါ်မှာ အားလုံးမူတည်နေပါတယ်” ဆိုပါတယ်။

    လက်ရှိမှာတော့ မိုးကုတ်မြို့ရဲ့ ရှုပ်ထွေးနေတဲ့ စစ်ရေးအခြေအနေကြောင့် မြို့ခံအများစုဟာ စွန့်ခွာနေကြပြီး သက်ကြီးရွယ်အိုတွေနဲ့ ထွက်ပြေးတိမ်းရှောင်ဖို့ ငွေကြေးမတက်နိုင်သူ စုစုပေါင်း ၂၅ ရာခိုင်နှုန်းလောက်သာ ကျန်ရှိနေတော့တယ်လို့ ပြောပါတယ်။

    စစ်အုပ်စုတပ်ဟာ အခုနှစ်အတွင်းမှာပဲ TNLA နဲ့ MNDAA တို့သိမ်းပိုက်ထားတဲ့ လားရှိုး၊ နောင်ချို၊ ကျောက်မဲနဲ့သီပေါမြို့တို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း TLNLAနဲ့PDFတွေကို အားပေးထောက်ခံခဲ့ကြတဲ့ ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးခဲ့သလို နေအိမ်နဲ့ဘာသာရေးအဆောက်အဦးတွေကို ချိတ်ပိတ်သိမ်းဆည်းခဲ့တာကြောင့် မိုးကုတ်မြို့ခံတွေကြားမှာ စိုးရိမ်မှုတွေရှိနေပါတယ်။

    တစ်ဆက်ထဲမှာပဲ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆိုက်ရာ လားရှိုးမြို့ကို အပစ်ရပ်သဘောတူညီချက်နဲ့ ဝင်ရောက်ပြီးနောက် အခုလအတွင်းမှာပဲ မြို့အနီးမှာ တပ်စွဲနေထိုင်နေတဲ့ MNDAAတပ်စခန်းတွေကို ပြန်ဆုတ်ခိုင်းရာမှာ စစ်ရေးမပြေလည်မှုတွေ ရှိခဲ့ပြီး လားရှိုး-သီပေါကို ဆက်သွယ်ထားတဲ့ သီပေါတံတားကို နှစ်ဖက်စလုံးက ယာယီပိတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

  • ကွတ်ခိုင်မှာ ဆိုင်ကယ်ခိုးတဲ့ TNLA တပ်သား

    ကွတ်ခိုင်မှာ ဆိုင်ကယ်ခိုးတဲ့ TNLA တပ်သား

    ကွတ်ခိုင်မှာ ဆိုင်ကယ်ခိုးတဲ့ TNLA တပ်သားကို ဥပဒေအရ စစ်ခုံရုံးမှာ အရေးယူသွားမယ်လို့ ဆို

    ‎တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ ဆိုင်ကယ်ခိုးတဲ့ TNLA ရဲ့ တပ်သားတစ်ဦးကို ဥပဒေအရ စစ်ခုံရုံးမှာ အရေးယူသွားမယ်လို့ သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။



    ‎ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့ ရပ်ကွက် (၁) ရှိ “အောင်”ဆိုင်ကယ်ပြင်ဆိုင်မှ ဆိုင်ကယ်တစ်စီးကို TNLA တပ်သားတစ်ဦးက ခိုးယူခဲ့တာဖြစ်ပါတယ်။

    ‎ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “သူက TNLA တပ်သား ဟုတ်ပါတယ်။ ကွန်မန်ဒို တပ်ဖွဲ့ထဲကလို့ ပြောတယ်။ သူက နမ့်ဆန်ဘက်ကပါ။ ဆိုင်ကယ်ပိုင်ရှင်က လိုက်ဖမ်းတော့ လွယ်ဆမ်စစ်တောင်ခြေဘက်မှာ သွားမိတာ” လို့ ပြောပါတယ်။



    ‎လက်ရှိမှာတော့ ၎င်းတပ်သားခိုးသွားတဲ့ ဆိုင်ကယ်ကို ဆိုင်ကယ်ပိုင်ရှင်ထံ ပြန်ပေးပြီး အဲဒီတပ်သားကိုတော့ သက်ဆိုင်ရာဌာနက ခေါ်ဆောင်သွားကာ ဥပဒေအရ စစ်ခုံရုံးမှာ အရေးယူသွားဖို့ရှိကြောင်း အထက်ပါအမျိုးသားက ဆိုပါတယ်။

    ‎၎င်းကို ဘယ်လိုအပြစ်ပေး အရေးယူမလဲဆိုတာနဲ့ ပတ်သက်ပြီးသိရဖို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်ထားဆဲပဲ ဖြစ်ပါတယ်။

  • ရွှေကုက္ကိုလ်တွင်  တရုတ်သူဌေးများနှင့်  ကျားဖြန့် ကုမ္ပဏီခေါင်းဆောင်များကို BGF က ညတွင်း ချင်း ကားများဖြင့် သယ်ထုတ်

    ရွှေကုက္ကိုလ်တွင် တရုတ်သူဌေးများနှင့် ကျားဖြန့် ကုမ္ပဏီခေါင်းဆောင်များကို BGF က ညတွင်း ချင်း ကားများဖြင့် သယ်ထုတ်

    ရွှေကုက္ကိုလ်တွင် တရုတ်သူဌေးများနှင့် ကျားဖြန့် ကုမ္ပဏီခေါင်းဆောင်များကို BGF က ညတွင်း ချင်း ကားများဖြင့် သယ်ထုတ်နေပြီး အောက် ခြေအလုပ်လုပ်သူများနှင့် တရုတ်များလည်း အစု လိုက်အပြုံလိုက် ထွက်ပြေး ၀ရုန်းသုန်းကားဖြစ်၊ BGF ခေါင်းဆောင် စောချစ်သူ လူမြင်ကွင်းမှ ပျောက်နေ

    ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်တွင် တရုတ်သူဌေးများနှင့် ကျားဖြန့် ကုမ္ပဏီခေါင်းဆောင်များကို BGF က ညတွင်းချင်း ကားများဖြင့် သယ်ထုတ်နေကြောင်း ရွှေကုက္ကိုလ်အခြေအနေကို စောင့်ကြည့်နေသော ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ယမန်နေ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ BGF မှ နိုင်မောင်ဇော်က ရွှေကုက္ကိုလ်မြို့သစ်တွင် ကျားဖြန့်များကို အပြီးသတ်အပြတ် နှိမ်နင်းတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့ ညတွင်းချင်း ရွှေကုက္ကိုလ်မြို့သစ်မှ တရုတ်များ၊ နိုင်ငံခြားသားများနှင့် ကျားဖြန့် အလုပ်သမားများ ရာထောင်ချီ မြို့မှ ထွက်ခွာရန် ကြိုးစားလာကြကြောင်း၊ ရွှေကုက္ကိုလ်မြို့သစ်အတွင်းတွင် ကားများ ပိတ်ပြီး မြို့တွင်းရှိ လူများအားလုံး နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာနေကြခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ကျားဖြန့် တရုတ်သူဌေးများနှင့် ကျားဖြန့်ကုမ္ပဏီ ခေါင်းဆောင်များကိုမူ BGF များက ကားဖြင့် ညတွင်းချင်း သယ်ထုတ်နေကြောင်း သိရှိရသည်။

    “BGF နိုင်မော်ဇော်က ကျားဖြန့်တွေ နှိမ်နင်းမယ်ဆိုပြီး ထကြေညာတာ ထိုင်းသတင်းဌာနတွေမှာ တက်လာတာရော၊ မြန်မာသတင်းဌာနတွေမှာ တက်လာတာရောကြောင့် ညတွင်းချင်း တရုတ်တွေ၊ နိုင်ငံခြားသားတွေ ရွှေကုက္ကိုလ်ကနေ အထုပ်တွေ ဆွဲပြီး ထွက်ကုန်ကြပြီ။ KK Park လို ဖြစ်မယ်ဆိုပြီး အကုန်ထွက်ပြေးကြတာ။ အလုပ်တွေ ၃ ရက်ပိတ်တယ်ဆိုပြီး အောက်ခြေ ကျားဖြန့် အလုပ်သမားတွေကိုလည်း ကုမ္ပဏီတွေဘက်က ပြောတယ်။ ဒါပေမယ့် ကုမ္ပဏီ In-charge တွေ ၊ Team Leader တွေနဲ့ တရုတ်သူဌေးတွေက BGF ကားတွေနဲ့ အကုန်ထွက်ကုန်ကြပြီ ။ ညတွင်းချင်း ၀ရုန်းသုန်းကားတွေ ဖြစ်နေတာ။ ကားတွေပိတ်၊ လမ်းတွေပိတ်။ အကုန်ထွက်ပြေးကုန်ကြတာ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    BGF နိုင်မောင်ဇော်က ရွှေကုက္ကိုလ်တွင် ကျားဖြန့် လုပ်ကိုင်သူ ၁၀၀၀ နှင့် ၂၀၀၀ အကြားရှိပြီး ကျားဖြန့်များကို လုံး၀ မထားတော့ဘဲ အပြတ် အပြီး နှိမ်နင်းတော့မည်ဖြစ်ကြောင်း၊ ထိုသို့ နှိမ်နင်းရာတွင် စစ်တပ်နှင့်ပူးပေါင်း၍ နှိမ်နင်းမည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် တရုတ်ဖိအားရှိလာ၍ မဟုတ်ဘဲ BGF က ကျားဖြန့် နှိမ်နင်းရန် ဆုံးဖြတ်သည့်အချိန်နှင့်တိုက်ဆိုင်နေခြင်းဖြစ်ကြောင်း ယမန်နေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။

    အကြမ်းဖက်စစ်တပ်ကလည်း ရွှေကုက္ကိုလ်အနီးဝန်းကျင်နှင့်နေရာတချို့တွင် နေရာစတင်ယူနေပြီး မြို့တွင်းနေရာတချို့တွင် စစ်တပ်က ဝင်ရောက်မှုများရှိနေကြောင်း၊ BGF နှင့် စစ်တပ်က ပူးတွဲ ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    သို့ရာတွင် ရွှေကုက္ကိုလ်မြို့သစ်ကို စတင်ထူထောင်ရာတွင် အဓိက ကျသူ BGF ခေါင်းဆောင် စောချစ်သူမှာမူ လူမြင်ကွင်းတွင် ပျောက်ကွယ်နေပြီး ရွှေကုက္ကိုလ်တွင် မတွေ့ရကြောင်း၊ ရွှေကုက္ကိုလ်အရေးကိစ္စကို BGF နိုင်မောင်ဇော်က ဦးစီး လုပ်ဆောင်သည့်သဘောမြင်ရကြောင်း အခြားကရင်စစ်ရေး သတင်းရင်းမြစ်တစ်ခုကလည်း ပြောဆိုသည်။

    ” စောချစ်သူက လူမြင်ကွင်းကို သိပ်မထွက်တော့ဘူး။ သူ့ဆရာ She Zhijiang ကို နိုဝင်ဘာလ ၁၂ ရက်နေ့ တရုတ်ကို လွှဲလိုက်ကတည်းက လူမြင်ကွင်းမှာ မမြင်ရတော့တာ။ အရင်ဆို သူ့ကားတန်းနဲ့ သွားလာနေတာ ရှိသေးတယ်။ အခု ပျောက်နေတယ်။ သူ့ရွာပြန်နေတာလား၊ တမင်လူမြင်ကွင်းမထွက်တာလားတော့ မပြောတတ်ဘူး” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

    ရွှေကုက္ကိုလ် ထူထောင်သူ She Zhijiang ကို ကျားဖြန့်ငွေလိမ်မှု များ အပါအဝင် နိုင်ငံတကာရာဇ ဝတ်မှုများဖြင့် ထိုင်းနိုင်ငံက တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လွှဲပြောင်းလိုက်ပြီး အမေရိကန်ကလည်း ကျားဖြန့် များကို အကာအကွယ်ပေးနေသော DKBA တပ်ဖွဲ့ နှင့်
    ခေါင်းဆောင် ၄ ဦးကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ကာ ကျားဖြန့်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။

    ဓါတ်ပုံ/ဗီဒီယို – ညပိုင်းအချိန်တွင် ပြေးလွှားနေကြသော လုပ်ငန်းရှင်များနှင့် လုပ်သားများ

    ဆက်စပ်သတင်း

    BGF ၏ ကြေညာချက်ကြောင့် ရွှေကုက္ကိုမှ လုပ်ငန်းရှင်များ၊ လုပ်သားများ အစုလိုက်ထွက်ပြေးနေ

  • “စစ်တပ်ကျေးဇူးဆပ်ရန်”ဆိုကာ USDP အတွက် မင်းသား နေအောင် မဲဆွယ်စည်းရုံး

    “စစ်တပ်ကျေးဇူးဆပ်ရန်”ဆိုကာ USDP အတွက် မင်းသား နေအောင် မဲဆွယ်စည်းရုံး

    စစ်တပ် ကျောထောက်နောက်ခံပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်းများ မဲဆွယ်ရေးတွင် ရုပ်ရှင်မင်းသား နေအောင်လည်း လိုက်ပါ၍ ပြည်သူများအား စည်းရုံးခဲ့ကြောင်း သိရသည်။

    နိုဝင်ဘာ ၁၅ ရက်နံနက်တွင် ရန်ကုန်မြို့ ဒလမြို့နယ်၌ ပြုလုပ်ခဲ့သည့် USDP ၏ မဲဆွယ်စည်းရုံးရေးအတွင်း လိုက်ပါ လာသော မင်းသား နေအောင်က “ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားမိရင် ခင်ပွန်းကြီးဆယ်ပါး ဂိုဏ်းသင့်တယ်။ အဲဒီလိုပဲ ကျေးဇူးရှိတဲ့သူကို စော်ကားလို့ ရမလား။ စစ်တပ် ကောင်းတာ မကောင်းတာ ကျနော်မသိ၊ စစ်တပ်ကျေးဇူး ကျနော့်မှာ ရှိတယ်။ စစ်တပ်က ကျွေးတဲ့ပေးတဲ့ ပိုက်ဆံနဲ့ BSc ၊ MSc နှစ်ဘွဲ့ရအောင်လုပ်ခဲ့ရတာ။ ဒီစစ်တပ် ကျေးဇူးအကြောင်း မေ့လို့ရမလား။ ကျေးဇူးဆပ်ဖို့ ကျနော့်မှာ တာဝန်ရှိတယ်။ ပြည်ခိုင်ဖြိုး ဘယ်ကလာသလဲ စစ်တပ်ကပဲ လာတာပဲလေ။ ဒါကြောင့်မို့ ကျနော် လိုက်ခဲ့တယ်” ဟု ပြောသည်။

    မဲပေးပြီးနောက် ရပ်ကွက်အကျိုး ပြန်မကြည့်သော ကိုယ်စားလှယ်များအား လက်သီးနှင့်ထိုးမည်ဟုလည်း ၎င်းက ကြိမ်းမောင်း ပြောဆိုသည်။

    မင်းသား နေအောင်က “ကျနော် အင်မတန် ချစ်ခင်လေးစားရတဲ့ ဆရာမကြီးတယောက်ပြောခဲ့ဖူးတဲ့ စကားလေးကို ကျနော် ပြောမယ်။ မှားမှားမှန်မှန် ငါ့နိုင်ငံ၊ ဆိုးဆိုး မဆိုးဆိုး ငါ့လူမျိုး၊ နောက်ဆုံး ကောင်းကောင်း မကောင်းကောင်း ငါ့ခေါင်းဆောင် ပဲ” ဟုလည်း ပြောဆိုသည်။

    အဆိုပါ တွေ့ဆုံပွဲသို့ USDP ပါတီမှ ရန်ကုန်တိုင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်မြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်သီဟ၊ တိုင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဆွေဆွေဝင်း၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်စင်ကျော်၊ ဒလမြို့နယ် (ပြည်ခိုင်ဖြိုးပါတီ) နာယက၊ ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ပြီး ဦးသန့်စင်ကျော်နှင့် နေအောင်တို့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည်လများက ရန်ကုန်မြို့၌ ပြုလုပ်သည့် USDP ဥက္ကဋ္ဌ ဦးခင်ရီနှင့် တွေ့ဆုံပွဲသို့ မင်းသားနေအောင် အပါအဝင် အနုပညာရှင်တချို့ တက်ရောက်ခဲ့ကြသလို လက်ရှိတွင်လည်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတွက် ပြည်သူများ မဲပေးကြရန် သရုပ်ဆောင်များ၊ အဆိုတော်များကို ဖိအားပေး၍ ကြော်ငြာခိုင်းလျက်ရှိသည်။