Category: News

  • ရေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ် အထိနာနေ

    မွန်ပြည်နယ် ရေးမြို့နယ်မှာ တစ်ကျော့ပြန် ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က အထိနာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

    စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၁၀ ရက်နေ့ကစလို့ ရေးမြို့နယ်ရဲ့ စံပြ၊ အောင်သပြေ၊ ကနင်ကမော့နဲ့ ဘေးလမိုင်းကျေးရွာအနီး ပတ်ဝန်းကျင်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

    အောက်တိုဘာ ၁၂ ရက်နေ့က မနက်ပိုင်းက အောင်သပြေနဲ့ဘေးလမိုင်းကျေးရွာအနီးမှာ စစ်ကော် မရှင်တပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် အထိနာသွားတာပါ။

    အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်းနဲ့ တိုက်ခိုက်မှုပြီးနောက် စစ်ကောင်မရှင်တပ်ဟာ မော့ကနင်ကျေးရွာဘက်ကို ပြန်ဆုတ်သွားမယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။

    စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲမတိုင်မီ ရေး – ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး အနည်းဆုံး အင်အား ၅၀၀ လောက် ရှိနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။

    မွန်ပြည်နယ် ရေးမြို့နယ်ဟာ စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၁ မှာ ပါဝင်တဲ့ မြို့နယ်တစ်ခု ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ အများဆုံး အခြေစိုက်တဲ့ ဒေသလည်း ဖြစ်ပါတယ်။

  • လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ဖယ်ခုံတို့တွင် တိုက်ပွဲများပြင်းထန်နေ

    လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ဖယ်ခုံတို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရရှိ

    ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    အောက်တိုဘာလ ၆ ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဝမ်းမလန်းကျေးရွာအပေါ်ဘက် တောင်ကုန်းတစ်ခုတွင် ကာကင်းချထားသော အကြမ်းဖက် စစ်တပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ၁ နာရီနီးပါး ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း သိရသည်။

    ယင်းနေ့တွင် လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း၊ လွိုင်လင်လေးမြို့ နယ် ကရင်နီ-ရှမ်းတောင် နယ်စပ်ရှိ ကျေးရွာများဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PNO အဖွဲ့ကို ကရင်နီတော်လှန်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရှိရသည်။

    အလားတူ အောက်တိုဘာလ ၇ ရက်နေ့တွင် လွိုင်လင်လေးမြို့နယ် ၊ လင်ဖုံကြီးရွာအနီးကို စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်တပ်ကို ကရင်နီတော်လှန်ရေး တပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုများပြားခြင်းကြောင့် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

    ထို့ပြင် အောက်တိုဘာလ ၉ ရက်နေ့တွင် လင်ဖုန်ကြီးကျေးရွာဘက်ရှိ အကြမ်းဖက် စစ်တပ်၏ အင်အား ၆၀ ကျော်ပါ စစ်ကြောင်းက ထပ်မံ ထိုးစစ်ဆင်လာ၍ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ ရက်ကြာဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးကျော်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ထံမှ လက်နက် ၄ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း လွိုင်ကော်မြို့ပြင်ဘက်ရှိ လယ်ထွဲ ၊ ပဒါးညေးကျေးရွာ များဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က လူအင်အားဖြည့်တင်း၍ စစ်ရေးလှုပ်ရှားလျက်ရှိကြောင်း၊ ကရင်နီပြည်နယ်အတွင်း လွိုင်ကော်မြို့နယ်အရှေ့ခြမ်း ၊ဒီးမော့ဆိုမြို့နယ် ၊ ဖရူဆိုမြို့နယ် ၊ ဘောလခဲ မြို့ နယ် နှင့် ကရင်နီ-ရှမ်းတောင် နယ်စပ် ဖယ်ခုံမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီမှ စစ်မျက် နှာ ၅ ခုဖွင့်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

    “စစ်မျက်နှာအားလုံးပေါင်းရင် စစ်သား ၂၀ ဝန်းကျင်သေဆုံးမှုရှိနိုင်ပါတယ်။ စခတွေဘက်တော့ စစ်မျက်နှာ ၅ ခုလုံးမှာ အင်အားတွေ ထပ်တိုးနေပါတယ်။ အဲဒါ ကြောင့် စစ်ရေးအရှိန်မြင့်လာဖို့ရှိပါတယ်။ အခုလောလောဆယ်တော့ ခုခံ စစ်ကိုပဲ အရင်ဆင်နွှဲနေရတာပါ။ မိဘပြည်သူတွေအနေနဲ့ လုံခြုံရေး သတိရှိကြဖို့ တိုက်တွန်းလိုပါတယ်။” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

    ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်နှင့် တနန်းဥကွိုင်ကျေးရွာမှတစ်ဆင့် ခေါက်ပလော့ကျေးရွာ ဘက် သို့ စစ်ကောင်စီတပ်များမှ အပြင်းအထန်တိုက်ခိုက်ထိုးဖောက်ကာ တပ်စွဲနိုင်ရေးလုပ်ဆောင်နေ၍ ကရင်နီတော်လှန်ရေးတပ်များက ခုခံကာကွယ်လျက်ရှိရာ နေ့စဉ်နီးပါးထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း၊ အကြမ်းဖက် စစ်တပ်က ၎င်းတို့ တပ်စွဲရန် ကြိုးစားနေသော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြေပြင်ထိုးစစ်အပြင် လက်နက်ကြီး၊ ဒရုန်းများဖြင့်လည်း နေ့စဉ် တိုက်ခိုက်လျက်ရှိကြောင်း၊ ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတစ်လျှောက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထား လျက်ရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိရာ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေ ကြောင်း သိရှိရသည်။

    ဖရူဆိုမြို့နယ်၊ ဒေါညေးခူရွာနှင့် ဒေါကူးခူရွာအကြားရှိ လူနေအဆောက်အဦးများကို ပစ်ကွင်းရှင်းစေရန် အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမီးရှို့ခဲ့သည့်အပြင် ဘောလခဲဘက်သို့ မျက်နှာမူ၍ စစ်ကြောင်းထိုးနိုင်ရန် ဖရူဆို-ဘောလခဲကြားရှိ မာခရောရှေ့ကျေးရွာအနီးတွင်လည်း စစ်တပ်က စစ်ရေး လှုပ်ရှားလျှက်ရှိကြောင်း၊ ကရင်နီ- ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် တပ်ဖြန့်ထားသော အကြမ်းဖက် စစ်တပ်နှင့် PNO ပူးပေါင်းတပ်ငလည်း မြောက်စလုံးကျေးရွာသို့ ဝင်ရောက်ကာ လူနေ အိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ လက်နက်ကြီး ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းများကို လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်သည် ကရင်နီပြည်နယ်အတွင်းနှင့် ကရင်နီ-ရှမ်းတောင် နယ်စပ် တစ်လျှောက်တွင် အင်အား အလုံးအရင်းဖြင့် စစ်မျက်နှာများဖွင့်ကာ အပြင်းအထန် တိုက်ခိုက်လျှက်ရှိသောကြောင့် တိုက်ပွဲဖြစ်ပွားသော နေရာဒေသများသို့ သွားလာနေရသော ပြည်သူများနှင့် ကရင်နီပြည်နယ်တဝှမ်းရှိ ပြည်သူများအနေဖြင့် စစ်ရေးအသိ သတိ၊ လုံခြုံရေးသတိ ရှိကြပါရန် KNDF ဗဟိုက အသိပေး ပြောဆိုထားသည်။

  • စဉ့်ကူးမြို့နယ် လေကြောင်းတိုက်မှု ပြည်သူ ၁ ဦးဒဏ်ရာရ

    စဉ့်ကူးမြို့နယ် လေကြောင်းတိုက်မှု ပြည်သူ ၁ ဦးဒဏ်ရာရ

    မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ထုံးကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အောက်တိုဘာ ၁၂ရက် မနေ့က မနက်၉နာရီ ကျော်မှာ ထုံးကြီးရဲစခန်းအနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

    “ရဲစခန်းကိုပဲ ကြဲလားမသိဘူး။ရဲစခန်းနဲ့ ဘုန်းကြီး ကျောင်းနားကို ကျပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အမျိုးသားတယောက်ကတော့ အစမှန်ဒဏ်ရာ ရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

    ထုံးကြီးကျေးရွာကို စစ်ကောင်စီက မကြာခဏ လေကြောင်း တိုက်ခိုက်လေ့ရှိပြီး ယခင်ကလည်း ရဲစခန်းအနီးကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

    စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်စိုးမိုးထားတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ် နေတာပါ။

    အောက်တိုဘာ ၁၁ရက်ကလည်း မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    (စဉ့်ကူးမြို့နယ်က ထုံးကြီးကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

  • ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရသည့် လူမှုကွန်ရက်တွင် လူသိများသည့် သမီးဆိုး(ခေါ်) ဒေါ်သက်ကိုကိုအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပုဒ်မ ၆၆(ဃ)ဖြင့် စစ်ဆေးနေ

    ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရသည့် လူမှုကွန်ရက်တွင် လူသိများသည့် သမီးဆိုး(ခေါ်) ဒေါ်သက်ကိုကိုအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပုဒ်မ ၆၆(ဃ)ဖြင့် စစ်ဆေးနေ

    ရန်ကုန်​​လေဆိပ်တွင် ဖမ်းဆီးခံရသည့် လူမှုကွန်ရက်တွင် လူသိများသည့် သမီးဆိုး​(ခေါ်)​​ဒေါ်သက်ကိုကိုအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပုဒ်မ ၆၆(ဃ)ဖြင့် စစ်​ဆေး​နေကြောင်း သိရသည်။

    သမီးဆိုး​(ခေါ်)​​ဒေါ်သက်ကိုကိုသည် မြန်မာပြည်ဖွားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ကာ ၎င်းသည် လူမှုကွန်ရက်မှတစ်ဆင့် ​လူသုံးကုန်ပစ္စည်းများ စျေးရောင်းချသူတစ်ဦးဖြစ်သည့်အပြင် အနုပညာရှင်အချို့နှင့် လူပုဂ္ဂိုလ်အချို့အား လူမှုကွန်ရက်မှတစ်ဆင့် ​ဝေဖန်​ပြောဆိုမှုများ ပြုလုပ်​လေ့ရှိခဲ့သည်။

    ထိုကဲ့သို့ ​သမီးဆိုး​(ခေါ်)​ဒေါ်သက်ကိုကို၏ ​ပြောဆိုမှုအချို့​ကြောင့် နစ်နာမှုရှိခဲ့သည်ဆိုကာ ​ဒေါ်​အေသင်ကိုက သမီးဆိုး​ကို မြန်မာနိုင်ငံသို့ ​ရောက်ရှိလာချိန်၌ လူချင်း​တွေ့ဆုံရှင်းလင်းရန် ​​ကနဦးတွင် တောင်းဆိုခဲ့​သော်လည်း သမီးဆိုးက ​တွေ့ဆုံခြင်းမရှိသဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းတွင် ​ဒေါ်အေသင်ကိုက ပုဒ်မ ၆၆(ဃ)ဖြင့် ​တရားလိုပြုလုပ်ပြီး အမှုဖွင့်ခဲ့ခြင်းဖြစ်သည်၊

    ထို့​နောက် သမီးဆိုး​(ခေါ်)​ဒေါ်သက်ကိုကိုသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ထွက်ခွာရန် ​အောက်တိုဘာ ၁၂ရက်က ရန်ကုန်၊ မင်္ဂလာဒုံလေဆိပ်သို့​ရောက်ရှိချိန်တွင် သက်ဆိုင်ရာက သမီးဆိုး​(ခေါ်)​ဒေါ်သက်ကိုကိုအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

    “လောလောဆယ်တော့ ၆၆(ဃ)တစ်ခုထဲနဲ့ပဲ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ပြင်ဦးလွင်မှာ အမှုဖွင့်ထားတာမို့ ပြင်ဦးလွင်မြို့မရဲစခန်းက သွားရောက်ခေါ်ဆောင်ပြီး ဒီ​နေ့(​အောက်တိုဘာ ၁၃ ရက်)မနက် ပြင်ဦးလွင်ကို ​ရောက်​နေပြီ” ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    လက်ရှိတွင်သမီးဆိုး​(ခေါ်)​ဒေါ်သက်ကိုကိုအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပ ၂၁၅/၂၀၂၅၊ ဆက်သွယ်​ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထား​ကြောင်း သိရသည်။

    သမီးဆိုး(ခေါ် )​ဒေါ်သက်ကိုကိုသည် ဖေ့ဘုတ်စ်လူမှုကွန်ယက်စာမျက်နှာမှ Live လွှင့်ပြီး ဒေါ်အေသင်ကို၏မိသားစုအသိုင်းအဝန်းများ၊ လုပ်ငန်းများ၊ အခြားသောကိစ္စရပ်များနှင့်ပတ်သက်၍ ဂုဏ်သိက္ခာကျဆင်းစေရန် မဟုတ်မမှန်စွပ်စွဲပြောဆိုထားသဖြင့် အရေးယူပေးပါရန် ​ဒေါ်အေသင်ကိုက တိုင်ကြားခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

  • ဖားကန့်တိုက်ပွဲ စစ်မှုထမ်းတပ်သားတွေ သေဆုံးမှုများ၊ SNAစနိုက်ဘာသမား KIA ဖမ်းမိ

    ဖားကန့်တိုက်ပွဲ စစ်မှုထမ်းတပ်သားတွေ သေဆုံးမှုများ၊ SNAစနိုက်ဘာသမား KIA ဖမ်းမိ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့ မလန်းကျေးရွာအနီး ကျောက်စိမ်းတောင်ရွာသစ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေ ထိခိုက်သေဆုံးမှုများပြီး စနိုက်ဘာသမားတစ်ဦးအပါအဝင် နှစ်ဦးကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF က ဖမ်းမိထားတယ်လို့ သတင်းရရှိပါတယ်။

    အောက်တိုဘာ၁၀ရက်ကတိုက်ပွဲမှာစစ်ကောင်စီဘက်ကစစ်မှုထမ်းသင်တန်းဆင်း တပ်သား ၇၀ထက်မနည်း သေဆုံးခဲ့တာဖြစ်တယ်လို့ KIAနဲ့ နီးစပ်တဲ့ မြေပြင်သတင်း ရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “အဲ့ဒီနေ့ကစစ်ကောင်စီစစ်ကြောင်းကို လေးဘက်လေးတန်ပိတ်တိုက်တာ။ လေကြောင်းကနေ နှစ်ကြိမ်‌တောင် ဗုံးကြဲတဲ့နေ့လေ။ အခုလည်း စစ်ကောင်စီစစ်ကြောင်းရှိနေသေးသလို အလောင်းတွေလည်းပြန်ကြဲနေတယ်။ လှမ်းမြင်ရတယ်”လို့ အဲဒီသတင်းမြစ်က ပြောပါတယ်။

    နမ့်မဖြစ်ကျေးရွာအုပ်စုထဲမှာပါဝင်တဲ့မလန်းကျေးရွာမှာ အောက်တိုဘာလဆန်းကစတင်ပြီး စစ်ကောင်စီတပ်စစ်ကြောင်းတွေ ဝင်ရောက်လာလို့ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ အောက်တိုဘာ ၁၀ ရက်မှာတော့ တိုက်ပွဲအလွန်ပြင်းထန်ခဲ့ပြီး မနက် ၇ နာရီကျော်ခန့်မှာ တကြိမ်၊ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်မှာတစ်ကြိမ် Y12ရော၊ ဂျက်ဖိုက်တာနဲ့ပါ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာပါ။

    တိုက်ပွဲအတွင်းမှာ စစ်ကောင်စီကိုကူတိုက်ပေးနေတဲ့ SNA ရှမ်းနီတပ်က စနိုက်ဘာသမားတစ်ဦးနဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦးကို စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းမိထားတယ်လို့ သိရပါတယ်။

    “စနိုက်ဘာသမားက SNA တပ်ဖွဲ့ဝင်ဖြစ်တယ်။ မူးယစ်ဆေးတွေပါ သုံးထားတယ်။ သူ့ရှေ့မှာ လူတွေအများကြီးသေထားတော့ သွေးပျက်နေတယ်”လို့ KPDF နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီဟာ ဖားကန့်‌‌ဒေသကို တပ်မ (၃၃) လက်အောက်ခံတပ်တွေ၊ ရှမ်းနီတပ်(SNA)နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင် ပူးပေါင်းတပ်တွေကို စေလွှတ်ပြီး KIA၊KPDF ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတာပါ။

    တိုက်ပွဲတွေပြင်းထန်နေတာဖြစ်လို့ လေကြောင်းနဲ့လက်နက်ကြီးရန်အပြင် မြေပြင် စစ်ကြောင်းရန်ကိုပါသတိပြုကြဖို့ KIA က သတိပေးထားပါတယ်။

    အောက်တိုဘာ၁၀ရက်က ဖားကန့်အပြင် ဝိုင်းမော်မြို့၊ လမြန်ရွာကိုလည်း စစ်ကောင်စီက ဗုံးကြဲခဲ့ပြီး လက်ရှိမှာ နှစ်နေရာစလုံးတိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။