ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရသည့် လူမှုကွန်ရက်တွင် လူသိများသည့် သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပုဒ်မ ၆၆(ဃ)ဖြင့် စစ်ဆေးနေကြောင်း သိရသည်။
သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုသည် မြန်မာပြည်ဖွားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ကာ ၎င်းသည် လူမှုကွန်ရက်မှတစ်ဆင့် လူသုံးကုန်ပစ္စည်းများ စျေးရောင်းချသူတစ်ဦးဖြစ်သည့်အပြင် အနုပညာရှင်အချို့နှင့် လူပုဂ္ဂိုလ်အချို့အား လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်ပြောဆိုမှုများ ပြုလုပ်လေ့ရှိခဲ့သည်။
ထိုကဲ့သို့ သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကို၏ ပြောဆိုမှုအချို့ကြောင့် နစ်နာမှုရှိခဲ့သည်ဆိုကာ ဒေါ်အေသင်ကိုက သမီးဆိုးကို မြန်မာနိုင်ငံသို့ ရောက်ရှိလာချိန်၌ လူချင်းတွေ့ဆုံရှင်းလင်းရန် ကနဦးတွင် တောင်းဆိုခဲ့သော်လည်း သမီးဆိုးက တွေ့ဆုံခြင်းမရှိသဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းတွင် ဒေါ်အေသင်ကိုက ပုဒ်မ ၆၆(ဃ)ဖြင့် တရားလိုပြုလုပ်ပြီး အမှုဖွင့်ခဲ့ခြင်းဖြစ်သည်၊
ထို့နောက် သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ထွက်ခွာရန် အောက်တိုဘာ ၁၂ရက်က ရန်ကုန်၊ မင်္ဂလာဒုံလေဆိပ်သို့ရောက်ရှိချိန်တွင် သက်ဆိုင်ရာက သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“လောလောဆယ်တော့ ၆၆(ဃ)တစ်ခုထဲနဲ့ပဲ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ပြင်ဦးလွင်မှာ အမှုဖွင့်ထားတာမို့ ပြင်ဦးလွင်မြို့မရဲစခန်းက သွားရောက်ခေါ်ဆောင်ပြီး ဒီနေ့(အောက်တိုဘာ ၁၃ ရက်)မနက် ပြင်ဦးလွင်ကို ရောက်နေပြီ” ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင်သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပ ၂၁၅/၂၀၂၅၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သမီးဆိုး(ခေါ် )ဒေါ်သက်ကိုကိုသည် ဖေ့ဘုတ်စ်လူမှုကွန်ယက်စာမျက်နှာမှ Live လွှင့်ပြီး ဒေါ်အေသင်ကို၏မိသားစုအသိုင်းအဝန်းများ၊ လုပ်ငန်းများ၊ အခြားသောကိစ္စရပ်များနှင့်ပတ်သက်၍ ဂုဏ်သိက္ခာကျဆင်းစေရန် မဟုတ်မမှန်စွပ်စွဲပြောဆိုထားသဖြင့် အရေးယူပေးပါရန် ဒေါ်အေသင်ကိုက တိုင်ကြားခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။


Leave a Reply