Category: News

  • NDF အပါအဝင် ပါတီ ၄ ခုကို ဖျက်သိမ်းကြောင်း စစ်ကော်မရှင်ကြေညာ

    NDF အပါအဝင် ပါတီ ၄ ခုကို ဖျက်သိမ်းကြောင်း စစ်ကော်မရှင်ကြေညာ

    စစ်တပ်ကဦးဆောင်ပြီး လာမည့်ဒီဇင်ဘာတွင် ကျင်းပမည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် နိုင်ငံရေးပါတီ ၄ ခုကို ဖျက်သိမ်းလိုက်သည်ဟု စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က ယနေ့ကြေညာလိုက်သည်။

    ဖျက်သိမ်းခံရသည့်ပါတီများထဲတွင် NDF ဟုလူသိများသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ DNP ဟုအတိုကောက်အမည်ရှိသည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ(မွန်) နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အာစုပါတီတို့ဖြစ်ကြသည်။

    အဆိုပါ ပါတီများကို သတ်မှတ်လူဦးရေနှင့်ရုံးခန်း ပြည့်မီခြင်းမရှိဆိုသည့် ပြစ်ချက်ဖြင့် မှတ်ပုံတင်ပယ်ဖျက်ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြခဲ့သည်။

    NDF ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီဝင်မှ ခွဲထွက်ခဲ့သူများ ဦးဆောင်ထူထောင်ခဲ့သည့် ပါတီဖြစ်သည်။

    ထိုပါတီသည် တကျော့ပြန်အာဏာသိမ်းသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်ဦးဆောင်မည့် ရွေးကောက်ပွဲကို ထောက်ခံထားသည်။

    စစ်တပ်ရွေးကောက်ပွဲတွင်ပါဝင်ရန် လူသိများသည့် NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်း အပါအဝင် NLD ပါတီဝင်တချို့လည်း NDF သို့ဘက်ပြောင်းခိုလှုံခဲ့ပြီး စစ်တပ်၏ရွေးကောက်ပွဲတွင် ပါဝင်ရန်ပြင်ဆင်ခဲ့သည်။

    သို့သော်ရွေးကောက်ပွဲမလုပ်မီ ပါတီဖျက်သိမ်းခံခဲ့ရသည်။

  • ပုံပွားလုံခြုံရေးအတုနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက တရုတ်ပြန် စစ်ခေါင်းဆောင်ကို ကြိုဆို

    ပုံပွားလုံခြုံရေးအတုနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက တရုတ်ပြန် စစ်ခေါင်းဆောင်ကို ကြိုဆို

    တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုအရ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အခမ်းအနားကို တက်ရောက်ပြီး စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းက နေပြည်တော်ကို ပြန်လာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်အုပ်စုလက်အောက်ခံတွေက ကြိုဆိုရာမှာ လုံခြုံရေးနည်းပါးပြီး ကြိုဆိုသူနည်းပါးတာကြောင့် ကာကွယ်ရေးဦးစီးချုပ်ရုံးက Photoshop နဲ့ပါ လုံခြုံရေးတွေ တိုးမြှင့်ထည့်ထားပေးခဲ့ရတာကို စိစစ်တွေ့ရှိရပါတယ်။

    စစ်အုပ်စုရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး Website စာမျက်နှာမှာ “တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့ပြီး နှစ်နိုင်ငံနှင့် နိုင်ငံတကာမှ ခေါင်းဆောင်များအား တွေ့ဆုံ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေး” ခေါင်းစဉ်ပါ သတင်းအတွင်း သတင်းဓာတ်ပုံတွေ ဖော်ပြရာမှာ လုံခြုံရေးရယူထားတဲ့ စစ်သားတစ်ဦးကို Photoshop နဲ့ ပွားယူကာ နှစ်နေရာခွဲပြီး ထည့်သွင်းထားတာကို တွေ့ရှိရပါတယ်။

    ဒါ့အပြင် စစ်ခေါင်းဆောင်ကို ကြိုဆိုသူတွေလို့ သတင်းဓာတ်ပုံအတွင်း ဖော်ပြထားမှုမှာလည်း Layer တွေ ပေါင်းစည်းပြီး ကြိုဆိုသူတွေ များပြားစေဖို့ ထည့်သွင်းထားတာ၊ မော်တော်ယာဉ်တစ်စင်းရဲ့ နောက်ကြည့်မှန်အတွင်း ပါဝင်နေတဲ့ မော်တော်ယာဉ်မောင်းကို ဖျောက်ဖျက်ထားပြီး ပြုပြင်ထားတာ၊ တရုတ်နိုင်ငံက တာဝန်ရှိသူတွေလို့ ယူဆရသူတွေကို Photoshop နဲ့ ထည့်သွင်းထားတာတွေကို စိစစ်တွေ့ရှိရပါတယ်။

    အခုလို သတင်းဓာတ်ပုံတစ်ခုကို Photoshop နဲ့ ပြုပြင်ထားကြောင်း လူမှုကွန်ရက် သုံးစွဲနေသူတွေအကြား ပျံ့နှံ့လာချိန်မှာတော့ ကနဦး ပုံပွားကာ ထည့်သွင်းထားတဲ့ ပြောက်ကျားဝတ်စုံဝတ် စစ်သားတစ်ဦးနေရာမှာ အစိမ်းရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ စစ်သားတစ်ဦးကို ပြောင်းလဲထည့်သွင်း ပြင်ဆင်ထားတာကိုပါ ဆက်လက် စိစစ်တွေ့ရှိရပါတယ်။

    စစ်အုပ်စုက ပြုပြင်ထားတဲ့ သတင်းဓာတ်ပုံကို CJ Platform က METADATA2GO နဲ့ စိစစ်ကြည့်ရာမှာ NIKON D850 ကင်မရာကို အသုံးပြုကာ ISO 1600 ၊ shutter_speed 1/125 ၊ aperture 5.6 ကို အသုံးပြုပြီး စက်တင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီ ၂၇ မိနစ်မှာ ရိုက်ကူးထားကာ စက်တင်ဘာ ၇ ရက်နေ့ ညပိုင်း ည ၁၂ နာရီ ၄၆ မိနစ်မှာ Adobe Photoshop 2022 (Windows) နဲ့ ပြုပြင်ထားတာဖြစ်တာကို တွေ့ရှိရပါတယ်။

    ကာကွယ်ရေးဦးစီးချုပ်ရုံးဟာ စစ်ခေါင်းဆောင် စီးနင်းလာတဲ့ မော်တော်ယာဉ်နံပါတ်ကို ဖျောက်ကွယ်ဖို့အတွက် အဓိထားပြီး သတင်းဓာတ်ပုံကို ပြင်ဆင်မှု လုပ်ဆောင်ခဲ့ပေမယ့် အခြားသော သတင်းဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးရာမှာ သူစီးနင်းလာတဲ့ မော်တော်ယာဉ်နံပါတ်ဟာ 9J/9189 ဖြစ်တာကို တွေ့ရှိရပါတယ်။

    စစ်ခေါင်းဆောင်က တရုတ်ခရီးစဉ်ကအပြန် သူတို့ လက်အောက်ခံ မီဒီယာတွေကို အင်တာဗျူးဖြေကြားရာမှာ “တိုးတက်ဖို့ဆိုရင်လည်း အတတ်ပညာ၊ အသိပညာတွေ တော်တော်လိုပါတယ်။ အတတ်ပညာ၊ အသိပညာရဖို့အတွက်ဆိုရင် ပညာရေးကလည်း အခြေခံတွေ ကောင်းမှရမယ်။ ဒါကြောင့် အခြေခံဖြစ်တဲ့ ပညာရေးကောင်းအောင်လည်း ကြိုးစားဖို့လိုပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။

    စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်အတွင်းမှာ သူ့ရဲ့ အင်္ဂလိပ်စကားပြော အရည်အသွေး ညံ့ဖျင်းမှုဟာလည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေအကြားမှာ ရယ်စရာတစ်ခုအဖြစ် အပြောများခဲ့ပါတယ်။

  • ဖားကန့်မြို့နယ်၊ မော်တောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်သားအများအပြားသေဆုံး

    ဖားကန့်မြို့နယ်၊ မော်တောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်သားအများအပြားသေဆုံး

    ဖားကန့်မြို့နယ်၊ မော်တောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်သားအများအပြားသေဆုံးကာ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်ပြီး စက်သေနတ်ကြီး ၂ လက် အပါအဝင် လက်နက်ခဲယမ်းများရရှိ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်တောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား အများအပြားသေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့က ဖားကန့်မြို့နယ်၊ မော်တောင်းကျေးရွာအနီးတွင် အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ကြား လက်နက်ကြီး၊ ဒရုန်း ၊ လက်နက်ငယ် များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး မှုရှိကြောင်း၊ အလားတူ စက်တင်ဘာလ ၇ ရက် ညနေ ၄ နာရီကျော်မှ နံနက် ၂ နာရီအထိ ဖားကန့်မြို့နယ်၊ ညောင်ပင်ကုန်းတဝိုက်၌ လည်း တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

    “စစ်ကောင်စီရဲ့ တပ်မကုန်းကနေ လက်နက်ကြီးနဲ့ထုတယ်။ ဒရုန်း တွေ နဲ့ချ တယ်။ လက်နက်ကြီး တောင်အလုံး ၁၀၀ လောက်ပစ်တယ်၊ မနေ့တုန်းက၊ အသေးတွေ ရော၊ အကြီးတွေ ရော၊ ဒရုန်းတွေ ရော ပစ်တော့ တိုက်ပွဲအတော်ပြင်းထန်တယ်၊ တညနေနဲ့ တညလုံး တိုက်ပွဲ တော်တာ်ပြင်းထန်တယ်။ ပြီးရင် စက်တင်ဘာလ ၇ ရက် မနက်မှာလည်း မော်တောင်း၊ ဆန်းကြွယ် ဘက်ကို စစ်ကောင်စီတပ်မ ကုန်းကနေ စစ်ကောင်စီတွေက စစ်ကြောင်းထိုးလာတော့ တိုက်ပွဲ တောက်လျှောက်ဖြစ်တယ်။ ၆ ရက်နေ့ကနေ ၇ ရက်နေ့အထိ ညောင်ပင်ကုန်းမှာ တိုက်ပွဲတောက် လျှောက်ဖြစ်တယ်။ ၈ ရက်နေ့မှာ မော်တောင်းရွာတဝိုက်မှာ လက်နက်ကြီးတွေ အပြန်အလှန် ပစ်ကြတယ်။ စခတွေဘက်ကတော့ ထိတာ၊ သေတာတွေရှိတယ်။ဒီမနက်လည်း မော်တောင်းမှာ စခ ၂ ဦးသေတယ်လို့ သိရတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    ထို့ပြင် ယနေ့တွင်လည်း ဖားကန့်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ဖားကန်မြို့နယ်အတွင်းသို့ လေ ကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

    အလားတူ ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ ဗန်းမော်တိုက်ပွဲမှာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က KIA အများစု ထိန်းချုပ်ထားသော သံချပ်ကာတပ်ရင်း ၇၀၀၆ သို့ ချည်းကပ်လာသည့်အတွက် KIA ပူးပေါင်းတပ်များက ဝိုင်းပတ် ချေမှုန်းခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း၊ တိုက်ပွဲအတွင်း စစ်သားအလောင်းများအပြင် စက်သေနတ်ကြီး ၂ လက် ၊ ကျည်ဆန်များ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

    “ဗန်းမော်တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။ နေ့တိုင်းလေယာဉ်နဲ့ ဗုံးကျဲတယ်။ မနေ့က သံချပ်ကာတပ်ရင်းမှာ ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်က အထိနာတယ်။ ပွိုင့်-၅ နဲ့ကျည်ကဒ်တွေ၊ MAသေနတ်၊ ၇၉မမ လောင်ချာနဲ့တွေရတယ်။ စက်သေနတ်ကြီး ၂ လက်ကတော့ 0.5 သေနတ် ၁ လက် နဲ့ 14.5 သေနတ် ၁ လက် ဖြစ်ပါတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် စက်တင်ဘာလအထိ ၁၀ လနီးပါးကြာမြင့်သည်အထိ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

  • အင်တာနက်သုံးစွဲသူ  ၃၃  သန်းကျော်၏  တည်နေရာ အချိန်နှင့်တပြေးညီ ခြေရာခံနိုင်ရန် တရုတ်နည်းပညာကုမ္ပဏီ ကူညီ

    အင်တာနက်သုံးစွဲသူ ၃၃ သန်းကျော်၏ တည်နေရာ အချိန်နှင့်တပြေးညီ ခြေရာခံနိုင်ရန် တရုတ်နည်းပညာကုမ္ပဏီ ကူညီ

    မြန်မာနိုင်ငံတွင်း အင်တာနက် သုံးစွဲသူ ၃၃ ဒသမ ၄ သန်း၏ တည်နေရာများကို အချိန်နှင့် တပြေးညီ ခြေရာခံနိုင်ရန် စစ်အုပ်စုကို တရုတ်နည်းပညာကုမ္ပဏီ Geedge က ကူညီနေကြောင်း Justice For Myanmar ထုတ်ပြန်သည်။

    ယနေ့ (စက်တင်ဘာလ ၉ ရက်) တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တရုတ်အင်တာနက်ပိတ်ပင်ရေး မဟာရံစနစ်ပုံစံကို Geedge က ရောင်းချတပ်ဆင်ပေးထား၍ စစ်အုပ်စုသည် မြန်မာနိုင်ငံတွင်း အင်တာနက်သုံးစွဲသူများ၏ အွန်လိုင်းအသုံးပြုမှုများကို အကန့်အသတ်မဲ့ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

    ယင်းသို့ အကန့်အသတ်မဲ့ အချက်အလက်များ ရရှိစေမှုသည် ဥပမာအားဖြင့် သက်ဆိုင်ရာ တာဝါတိုင်များ (Cell IDS) အလိုက် ချိတ်ဆက်အသုံးပြုမှုများကို အခြေခံ၍ မိုဘိုင်းဖုန်း သုံးစွဲသူများ၏ တည်နေရာများကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်စေမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

    Justice For Myanmar ၏ အစီရင်ခံစာတွင် Geedge ကုမ္ပဏီ၏ ခေတ်မီ ဆန်းပြားသော စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေးနည်းပညာအား ဆက်လက် လည်ပတ်အသုံးပြုနေမှုတွင် တရားမဝင်စစ်အုပ်စုကိုယ်စား အခရာကျသည့် အခန်းကဏ္ဍမှ ပါဝင်နေကြသည့် မြန်မာနိုင်ငံတွင်းရှိ ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ ၁၃ ခုကိုလည်း ဖော်ထုတ်ထားသည်။

    ထိုကုမ္ပဏီများမှာ ATOM ဟုခေါ်သည့် ယခင်က တယ်လီနောမြန်မာ၊ မိုင်တဲလ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နှင့် China Unicom တို့ ဖြစ်ကြသည်။

    “Geedge ကုမ္ပဏီက တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့ မြန်မာစစ်အုပ်စုအတွက် စွမ်းရည်မြှင့်တင်ရာမှာ ကူညီပေးနေပါတယ်။ “တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်”ကို တရားမဝင်စစ်အုပ်စုရဲ့ တင်သွင်းသုံးစွဲနေမှုဟာ မြန်မာနိုင်ငံတွင်း နိုင်ငံတကာရာဇဝတ်မှုတွေမှာ တရုတ်နိုင်ငံရဲ့ အားပေးကူညီနေမှု တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။ ဒါကို အခု အဆုံးသတ်ရမှာဖြစ်ပြီး၊ တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာ ဖြစ်ပါတယ်”ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

    Geedge Networks ကုမ္ပဏီသည် တရားမဝင်မြန်မာစစ်အုပ်စုထံ ဟာ့ဝဲလ်နှင့် ဆော့ဝဲလ်များ ရောင်းချပေးအပ်ခြင်းဖြင့် အရပ်သားပြည်သူများအပေါ် အကြီးအကျယ် သို့မဟုတ် စနစ်တကျ ဦးတည်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ် ကျူးလွန်သည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများ အပါအဝင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများတွင် အားပေး ကူညီရာ ရောက်နိုင်ကြောင်း JFM ကဆိုသည်။

    Justice For Myanmar၏ ယခုအစီရင်ခံစာသည် လျှို့ဝှက်ပေါက်ကြားလာသည့် အချက်အလက်များအပေါ် အခြေခံ၍ ရေးသားကာ ၎င်းအချက်အလက် များသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း Geedge ၏ စီးပွားရေး လုပ်ငန်းများအကြောင်း ဖော်ထုတ်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

    ထို့ကြောင့် Geedge Networks ကုမ္ပဏီနှင့် ၎င်း၏ ခေါင်းဆောင်မှုတာဝန်ရှိသူ များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်၊ နိုင်ငံတကာရာဇဝတ်မှုများတွင် အားပေးကူညီမှုအတွက် Geedge ၏ ကြီးကြပ် ကွပ်ကဲမှုနှင့် ခေါင်းဆောင်မှုတွင် ပါဝင်သူလူပုဂ္ဂိုလ်များအား နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် Justice For Myanmar က တောင်းဆိုထားသည်။

    မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှုနှင့် မိုလ်ဘိုင်းဖုန်းသုံးသူများ၏ တည်နေရာများကို ခြေရာခံနိုင်သည့် နည်းပညာကို တရုတ်ထံမှ စစ်တပ်က ဝယ်ယူအသုံးပြုနေ

    မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှုနှင့် မိုလ်ဘိုင်းဖုန်းသုံးသူများ၏ တည်နေရာများကို ခြေရာခံနိုင်သည့် နည်းပညာကို တရုတထံမှ စစ်တပ်က ဝယ်ယူအသုံးပြုနေကြောင်း Justice For Myanmar(JFM) က သတင်းထုတ်ပြန်သည်။

    အာဏာသိမ်း စစ်ကောင်စီက အင်တာနက်နှင့် မိုလ်ဘိုင်းဖုန်းသုံးစွဲသူများ၏ တည်နေရာများကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်မည့် “တရုတ်အင်တာနက် ပိတ်ပင်ရေးမဟာရံစနစ်” နည်းပညာကို တရုတ်ကုမ္ပဏီ Geedge Networks ထံမှ ဝယ်ယူ အကောင်အထည်ဖော်နေကြောင်း၊ Geedge Networks ကုမ္ပဏီသည် တရုတ်အစိုးရအဖွဲ့နှင့် တိုက်ရိုက်ဆက်နွယ်ထားသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ဒီဂျစ်တယ်အကြမ်းဖက် စစ်ဆင်ရေးကို ကျူးလွန်ရန် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း JFM က ဆိုသည်။

    Geedge Networks ကုမ္ပဏီက တပ်ဆင်ပေးနေသည့် “တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်” ပုံစံမှာ စစ်ကောင်စီအတွက် မြန်မာနိုင်ငံအတွင်း အင်တာနက်သုံးစွဲသူ ၃၃ ဒသမ ၄ သန်း၏ အွန်လိုင်းအသုံးပြုမှုများကို အကန့်အသတ်မဲ့ ရရှိနိုင်မည်ဟု သိရသည်။

    Geedge ၏ စနစ်များသည် အင်တာနက်ကွန်ရက်သုံးစွဲမှုများကို လူတစ်ဦးချင်းအဆင့် ခြေရာခံနိုင်စေပြီး၊ သက်ဆိုင်ရာတာဝါတိုင်များ (Cell IDs) အလိုက် ချိတ်ဆက်အသုံးပြုမှုများကို အခြေခံ၍ မိုဘိုင်းဖုန်းသုံးစွဲသူများ၏ တည်နေရာများကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်စေမည် ဖြစ်သည်ဟု JFM က ဆိုသည်။

    ယင်းစနစ်သည် အရပ်သားပြည်သူများအား ခြေရာခံ၊ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ရန် စစ်အုပ်စုအတွက် မရှိစဖူးသော လုပ်နိုင်စွမ်းများကို ပေးအပ်လျက်ရှိသည်ဟု JFM က ပြောသည်။

    Geedge ကုမ္ပဏီ၏ ခေတ်မီ ဆန်းပြားသော စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေးနည်းပညာအား လည်ပတ်အသုံးပြုရာတွင် စစ်ကောင်စီ ကိုယ်စား မြန်မာ့ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ ၁၃ ခုက လုပ်ဆောင်ရမည်ဖြစ်သည်။

    ယင်းကုမ္ပဏီများမှာ ATOM (ယခင်နာမည် တယ်လီနောမြန်မာ)၊ မိုင်တဲလ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နှင့် China Unicom တို့ ဖြစ်ကြသည်။

    Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Geedge Networks က ရောင်းချ တပ်ဆင်ပေးထားပြီး မြန်မာနိုင်ငံတွင်း အင်တာနက်ဝန်ဆောင်မှုပေးနေသူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာက မြန်မာနိုင်ငံအတွင်း စစ်အုပ်စုကို ဝေဖန်သူ၊ အမှန်တရားအတွက် ထွက်ဆိုသူမှန်သမျှအတွက် ဖြစ်ဖြစ်၊ လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေကို လက်လှမ်းမီကြည့်ရှုနိုင်ဖို့အတွက်ဖြစ်ဖြစ် ဆိုးရွားတဲ့ အန္တရာယ်တွေ ပေးနေတာပါ။ Geedge ကုမ္ပဏီက တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့ မြန်မာစစ်အုပ်စုအတွက် စွမ်းရည်မြှင့်တင်ရာမှာ ကူညီပေးနေပါတယ်” ဟု ပြောသည်။

    အာဏာသိမ်း စစ်ကောင်စီထံ ဟာ့ဝဲလ်နှင့် ဆော့ဝဲလ်များ ရောင်းချပေးအပ်ခြင်းဖြင့် Geedge Networks ကုမ္ပဏီသည် အရပ်သားပြည်သူများအပေါ် အကြီးအကျယ် သို့မဟုတ် စနစ်တကျ ဦးတည်တိုက်ခိုက်မှုများအတွင်း စစ်အုပ်စုအဖွဲ့ဝင်များ ကျူးလွန်သည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများ အပါအဝင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများတွင် အားပေးကူညီရာ ရောက်နိုင်ကြောင်းလည်း JFM က ဆိုသည်။

    ထို့ကြောင့် Geedge Networks ကုမ္ပဏီနှင့် ၎င်း၏ ခေါင်းဆောင်မှု တာဝန်ရှိသူများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်နှင့် Geedge ၏ ကြီးကြပ်ကွပ်ကဲမှုနှင့် ခေါင်းဆောင်မှုတွင် ပါဝင်သူလူပုဂ္ဂိုလ်များအား နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် Justice For Myanmar က တောင်းဆိုထားသည်။

    ယင်းဖော်ထုတ်ချက်များသည် တရုတ်အစိုးရက မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ ဆက်လက် ရောင်းချခြင်း၊ မှားယွင်းသည့်နိုင်ငံရေးတရားဝင်မှုများ ပေးအပ်ခြင်း၊ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအတွက် ပံ့ပိုးကူညီခြင်းတို့ဖြင့် မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများတွင် အားပေးကူညီမှုများကို တိုးမြှင့်လုပ်ဆောင်လာသည့် အချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

    တရုတ်အစိုးရအနေဖြင့် Geedge Networks က ရောင်းချပေးအပ်သည့် ဆော့ဝဲလ်၊ ဟာ့ဝဲလ်နှင့် နည်းပညာအကူအညီများ အပါအဝင် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာနှင့် ဆက်စပ်လေ့ကျင့်သင်တန်းနှင့် အကူအညီများ လွှဲပြောင်းပေးအပ်မှုကို ချက်ချင်း ရပ်တန့်ရန် လိုအပ်ကြောင်းလည်း JFM က ဆိုသည်။

    စစ်အုပ်စုကျင်းပရန်စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲအတွက် အကူအညီများ အပါအဝင် စစ်အုပ်စုနှင့် လက်အောက်ခံအဖွဲ့အစည်းအားလုံးအတွက် နိုင်ငံရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာပံ့ပိုးမှုများအား ချက်ချင်းရပ်တန့်ရန်လည်း လိုအပ်နေသည်။

    အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို မြန်မာနိုင်ငံ၏ အမြင့်ဆုံး အတိုင်ပင်ခံအဖွဲ့အစည်းအဖြစ် လည်းကောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တရားဝင် အစိုးရအဖြစ်လည်းကောင်း၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဖက်ဒရယ်ယူနစ်များကို ပေါ်ထွန်းလာမည့် ဖက်ဒရယ်ပြည်ထောင်စုတွင် အရေးပါသည့် သက်ဆိုင်သူများအဖြစ် အသိအမှတ်ပြု၊ ပံ့ပိုးကူညီရန် Justice For Myanamr က တောင်းဆို ထားသည်။

    Geedge ကုမ္ပဏီရဲ့ လျှို့ဝှက်ပေါက်ကြားလာသည့် အချက်အလက်များမှာ လက်ရှိ ကြီးကြပ် လုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီများအပါအဝင် အင်တာနက်ဝန်ဆောင်မှုပေးသူများ၊ အင်တာနက် ကြားခံပေးသူများ၊ ဖိုက်ဘာကြိုးလိုင်းလုပ်ကိုင်သူများက မြန်မာနိုင်ငံအတွင်း အင်တာနက်ကို စစ်အုပ်စုက လက်နက်သဖွယ်အသုံးပြုနေမှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း အတည်ပြု ထားသည်ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

    “တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်”ကို တရားမဝင်စစ်အုပ်စု၏ တင်သွင်းသုံးစွဲနေမှုသည် မြန်မာနိုင်ငံတွင်း နိုင်ငံတကာရာဇဝတ်မှုများတွင် တရုတ်နိုင်ငံ၏ အားပေးကူညီနေမှု တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီး ယင်းလုပ်ရပ်ကို ယခုချက်ချင်း အဆုံးသတ်ရမှာဖြစ်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိရမည်ဟု မရတနာမောင်က ပြောဆိုထားသည်။

  • ပျူဘုန်းကြီး နှင့် ထိုင်းနှုတ်ခမ်းမွှေး ဘာတွေဆွေးနွေးခဲ့လဲ (ရုပ်သံ)

    ပျူဘုန်းကြီး နှင့် ထိုင်းနှုတ်ခမ်းမွှေး ဘာတွေဆွေးနွေးခဲ့လဲ (ရုပ်သံ)

    ပျူစောထီးလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ပေါက်ကိုယ်တော်က ထိုင်းနိုင်ငံရဲ့ အစွန်းရောက် အမျိုးသားရေး သမားအဖြစ်တဲ့ နှုတ်ခမ်းမွှေး ခေါ် Toon Ratchapakdi ကိုသွားတွေ့ပြီး ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

    နှုတ်ခမ်းမွှေးခေါ် Toon က ရွေ့ပြောင်းမြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံက ဖမ်းပြီးပြန်ပို့တဲ့အခါ ပြန်ဝင်မလာအောင် မြန်မာအစိုးရအနေနဲ့ တင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း ပြောဆိုပါတယ်။

    Toon က ရွေ့ပြောင်းမြန်မာလုပ်သားတွေ၊ အလုပ်သမားတွေ CI (အစိမ်းရောင်စာအုပ်)လုပ်ကြ ဖို့တိုက်တွန်း နေပြီး ဒါက မြန်မာအစိုးရကိုအခွန်လည်းရစေမယ် စိစစ်ခွင့်လည်းရှိမယ်လို့ဆိုပါတယ်။

    အာဏာသိမ်း စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူစောထီး လက်နက်ကိုင်အဖွဲ့တခုရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ သင်္ကန်းဝတ်ပေါက်ကိုယ်တော် ခေါ် ဦးအရိယာဝံသ ဆိုသူဟာ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ Ko Si ဆိုတဲ့ အကောင့်ပိုင်ရှင်နဲ့ Tik Tok မှာ စကားများ ရန်ဖြစ်ပြီးနောက် ထိုင်းနိုင်ငံအထိ ရောက်လာကာ Ko Si ဆိုတဲ့ အကောင့်ပိုင်ရှင်ကို လိုက်လံရှာဖွေဖို့ Toon ဆီကို သွားရောက် အကူအညီတောင်းခဲ့တာပါ။

    Toon ခေါ် နှုတ်ခမ်းမွှေးဟာ ဟာ ထိုင်းနိုင်ငံရောက်လာတဲ့ မြန်မာပြည်သူတွေဟာ မူးယစ်ဆေးဝါးရောင်းသူတွေဖြစ်ကြောင်း၊ ရောဂါသယ်ဆောင်လာသူ၊ ရန်ပွဲတွေ သယ်ဆောင်လာသူ၊ တရားမဝင်ပစ္စည်းရောင်းဝယ်သူတွေ အဖြစ် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အမျိုးမျိုးလှုံ့ဆော်ပြီး အမုန်းတရားရေး ဟောပြောသူ ဖြစ်သလို ထိုင်းရဲအရာရှိတွေ မပါဘဲ မြန်မာရွေ့ပြောင်းတွေရဲ့ ဈေးဆိုင်တွေကို လိုက်လံဖမ်းဆီးသူအဖြစ် ထိုင်းရောက် မြန်မာရွှေ့ပြောင်းတွေကြားမှာ နာမည်ဆိုးနဲ့ ကျော်ကြားသူဖြစ်ပါတယ်။