Category: News

  • အမ်း-ပဒါန်းလမ်းကို အင်အား တစ်ထောင်ကျော်နဲ့ ချီတက်လာတဲ့ စစ်အုပ်စုစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

    အမ်း-ပဒါန်းလမ်းကို အင်အား တစ်ထောင်ကျော်နဲ့ ချီတက်လာတဲ့ စစ်အုပ်စုစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

    ရှမ်းမြောက်ကနေ အောင်ပွဲယူလာတဲ့ ပုံစံခွန်အားပေးပြီး အမ်း-ပဒါန်းလမ်းကို အင်အား တစ်ထောင်ကျော်နဲ့ ချီတက်လာတဲ့ စစ်အုပ်စုစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

    မကွေးနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းကြောကို စစ်အုပ်စုက နယ်မြေစိုးမိုးမှုရယူချင်တဲ့အတွက် ရှမ်းမြောက်က အင်အားတွေကို ထုတ်နှုတ်ပြီး စစ်သားအင်အားတစ်ထောင်ကျော်နဲ့ ပဒါန်းဘက်ကနေ ရိုးမပေါ်က နတ်ရေကန်စခန်းအထိ စစ်ကြောင်းချီတက်လာတယ်လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်ရဲ့ ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

    စစ်အုပ်စုဟာ အမ်း-ပဒါန်းလမ်းကြော၊ ပဲခူးနဲ့ရခိုင်ပြည်နယ်စတဲ့ နယ်မြေထိစပ်နေတဲ့ နေရာတွေကို အတင်းအဓမ္မစုဆောင်းထားတဲ့ အင်အား ၁၅၀၀ လောက်နဲ့ အကြီးအကျယ် ထိုးစစ်ဆင်လာတာဖြစ်ပြီး စစ်ရေးအရ အချက်အချာကျတဲ့ နေရာတွေကို ပြန်ယူချင်တဲ့သဘောဖြစ်တယ်လို့ ဆိုပါတယ်။

    အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အခြေစိုက်တဲ့ လားရှိုးမြို့ကို တရုတ်အကူအညီနဲ့ စစ်အုပ်စုက ပြန်လည်ရရှိပြီးနောက် ရှမ်းမြောက်မှာ အောင်ပွဲတွေ ရယူခဲ့တယ်ဆိုတဲ့ ပုံစံမျိုး ခွန်အားပေးကာ အမ်း-ပဒါန်းလမ်းကို အင်အားတစ်ထောင်ကျော်နဲ့ ချီတက်လာတာလို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်က ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

    “ရှမ်းမြောက်က အင်အားတွေ ထုတ်နှုတ်ပြီးတော့ ဗျူဟာနှစ်ခုနဲ့ အင်အားတစ်ထောင်ကျော်လောက် အဲဘက်(အမ်း-ပဒါန်း)ကို အင်အားဖြည့်နေတာရှိပါတယ်။ အဲဒီဟာကို ဒီဘက်မှာ အောင်ပွဲတချို့ယူလာတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဒီဘက်မှာ သူတို့ကို ခွန်အားပေးပြီးတော့ စစ်ကြောင်းပြန်ထိုးတာပေါ့လေ။ နတ်ရေကန်ဘက်ကို။ နတ်ရေကန်ဘက်ကို ထိုးနေတဲ့ စစ်ကြောင်းတွေကလည်း ဒီဘက်မှာ သူတို့ချေမှုန်းခံနေရပါတယ်။ လက်ရှိအနေအထားကနေ ထိတွေ့ တိုက်ပွဲတွေကတော့ နေ့စဉ်နဲ့အမျှ ဖြစ်နေတာရှိပါတယ်”

    အမ်း-ပဒါန်းလမ်းကို စစ်အုပ်စုအနေနဲ့ အင်အားတစ်ထောင်ကျော် အသုံးပြုပြီး ချီတက်လာပေမဲ့ အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းမဟာမိတ်အဖွဲ့တွေရဲ့ ချေမှုန်းခံနေရတယ်လို့ သူကဆိုပါတယ်။

    စက်တင်ဘာလ ၄ ရက်မှာ မကွေးတိုင်း ငဖဲမြို့နယ်ထဲက ပဒါန်းဘက်ကနေ အမ်း-ပဒါန်းလမ်းအတိုင်း ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုအင်အားတစ်ထောက်ကျော်နဲ့ စွန်တက်ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်ကက သေဆုံးထိခိုက်မှုများခဲ့သလို လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ထားခဲ့ပြီး ဆုတ်ခွာသွားတယ်လို့ အာရက္ခတပ်တော်(AA) က ထုတ်ပြန်ထားပါတယ်။

    စွန်တက်ရွာဟာ ရခိုင်ရရိုးမပေါ်က အကြီးဆုံး စစ်အုပ်စုအထိုင်စခန်းဖြစ်တဲ့ နတ်ရေကန်ရဲ့ အောက်ခြေမှာတည်ရှိတာဖြစ်ပြီး မိုင် ၂၀ ကျော်အကွအဝေးရှိတဲ့ ပဒါန်းနဲ့ နတ်ရေကန်စခန်းလမ်းကြောကို စစ်အုပ်စုနဲ့ စိုးမိုးထိုးချုပ်နိုင်ဖို့နဲ့ လက်လွှတ်ဆုံးရှုံးထားရတဲ့ အမ်း-နပခ အထိ လမ်းကြောကိုပါ ရည်ရွယ်လာတဲ့သဘောဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ကြပါတယ်။

    အမ်း-နပခ ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက သိမ်းပိုက်ရယူခဲ့တာဖြစ်ပြီး အဲဒီကနေတစ်ဆင့် မကွေးတိုင်းထဲက ရိုးမပေါ်ရှိ နတ်ရေကန်စခန်းမရောက်ခင်အထိ စိုးမိုးထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

  • ရေဖြူမြို့နယ်၊ ရာဖူးရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်

    ရေဖြူမြို့နယ်၊ ရာဖူးရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်

    ရေဖြူမြို့နယ်၊ ရာဖူးရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၃ နှစ် အရွယ် မငွေမှုံဦး ပွဲချင်းပြီး သေဆုံး

    သေဆုံးသူ ကလေးငယ်၏ ဖခင်ကို စစ်တပ်က ဖမ်းဆီးထား

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၃ နှစ် အရွယ် မငွေမှုံဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း နည်းဗျူဟာ ၃၃ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက ပြောဆိုသည်။

    စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ရေဖြူမြို့နယ်၊ မရမ်းချောင်းရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရာဖူးရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်စ ဦးခေါင်းကို ထိမှန်ကာ အသက် ၃ နှစ်အရွယ် မငွေမှုံဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၄၀ နှစ်အရွယ် ကိုဝင်းရွှေလည်း ကျည်စထိမှန်ကာ ခြေသလုံးဖောက်ဝင် အရိုးကျိုးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    “ရာဖူးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မရမ်းချောင်းရွာမှာ အထိုင်ချထားတဲ့ စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျေးရွာနေအိမ်ပေါ်ကျတာ ၃ နှစ်အရွယ် မငွေမှုံဦး ဦးခေါင်း ကျည်စ ထိမှန်ပြီး ပွဲသေဆုံးပြီးသေဆုံးတယ်။ တစ်ရွာတည်း နေထိုင်တဲ့ ကိုဝင်းရွှေလည်း ဘယ်ခြေသလုံးဖောက်ဝင် အရိုးကျိုးဒဏ်ရာရရှိခဲ့တယ်” ဟု နည်းဗျူဟာ ၃၃ ၏ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက ပြောဆိုသည်။

    အကြမ်းဖက် စစ်တပ်က သေဆုံးသွားသော မငွေမှုံဦး၏ ဖခင် ကိုသူရအောင်ကို စက်တင်ဘာလ ၇ ရက်နေ့ ညပိုင်းက နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

    ထို့ပြင် စက်တင်ဘာလ ၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကလိန်အောင်ဘက်မှ တက်လာသည့် ကား ၂ စီးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး ကား ၁ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် အမှတ် ၈ ပြည်ထောင်စုလမ်းကို ပြန်လည်စိုးမိုးနိုင်ရန်အတွက် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသည်မှာ ၂ လနီးပါးခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

  • တမူးမြို့နယ်မှာ အမျိုးသမီးတွေကို စကစ စစ်သင်တန်းပေးနေ

    တမူးမြို့နယ်မှာ အမျိုးသမီးတွေကို စကစ စစ်သင်တန်းပေးနေ

    စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မင်းသာ ကျေးရွာမှာ စစ်ကောင်စီတပ်က အမျိုးသမီးများကို စစ်သင်တန်းပေးနေတယ်လို့ဒေသခံများထံက သိရပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၁ရက်နေ့ကစပြီး မင်းသာပျူစောထီးများရဲ့ အမျိုးသမီးများနဲ့ ကျေးရွာဒေသခံအမျိုးသမီးများကို စစ်ကောင်စီက သင်တန်းပေးနေတာဖြစ်ပါတယ်။

    “သင်တန်းစတာက ၁ ရက်နေကစတာ။ ပျူစောထီး မိန်းမတွေကော အခြားအမျိုးသမီးတွေကောပါတယ်။ ကျေးရွာလုံခြုံရေးလို့ပြောတာပဲဗျ။ ၆ ရက်နေ့က ပစ်ကွင်းဆင်းတယ်။ အင်အားက များတယ်ဗျ” လို့ နီးစပ်သူတစ်ဦးက ကိုပြောပါတယ်။

    အခုလို မင်းသာကျေးရွာအခြေစိုက် စစ်ကောင်စီတပ်က သင်တန်းပေးတဲ့နေရာမှာ ပျူစောထီးမိသားစုဝင်များပါဝင်နေ သလို ကျေးရွာတွင်းက ပျူစောထီးမဟုတ်တဲ့ အမျိုးသမီးများလည်းပါဝင်တယ်လို့ သိရပါတယ်။

    ဒါ့အပြင် သင်တန်းတက်တဲ့ အမျိုးသမီးတွေဟာ စကစ က ကျေးရွာလုံခြုံရေးအကြောင်းပြပြီး အမျိုးသမီးပျူစောထီးခေါင်းဆောင် ဒေါ်ညွန့်ကြည် အသက်(၅၀) ကဦးစီးပြီး အိမ်ထောင်ရှင် အမျိုးသမီးများနဲ့ လူငယ်အမျိုးသီး အင်အား ၃၀ ကျော် စစ်သင်တန်း တက်ရောက်ကြတယ်လို့ သိရပါတယ်။

  • တပ်မ ၉၉ နှင့် တပ်ချိန်းခဲ့ရသည့် စကခ ၁၇ မှတပ်ဖွဲ့များ AA ၏ဆီးကြိုတိုက်ခိုက်

    ပဒါန်းတွင် တပ်မ ၉၉ နှင့် တပ်ချိန်းခဲ့ရသည့် စကခ ၁၇ မှတပ်ဖွဲ့များ AA ၏ဆီးကြိုတိုက်ခိုက်မှုကြောင့် သေဆုံးမှုများပြား

    ‎မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်း ပို့လွှတ်ထားသည့် တပ်မ ၉၉ နှင့် တပ်ချိန်း အပြောင်း အလဲလုပ်ခဲ့သည့် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) မှ လက်အောက်ခံ ထုတ်နှုတ် တပ်ရင်းများကို အာရက္ခတပ်တော် (AA) က ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

    ‎AA ပူးပေါင်းတပ်များနှင့် စစ်ကော်မရှင်၏ စကခ ၁၇ မှ တပ်ဖွဲ့ဝင်များသည် ‎ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့နှင့် ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့တို့တွင် နတ်ရေကန် ဗျူဟာအနီးတစ်ဝိုက်၌ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ‎”AAဘက်ကထိုးစစ်ဆင်တိုက်တာမှာ စစ်တပ်ဘက်က သေဆုံးများတယ်။ အရှင်ဖမ်းမိတာတွေ လည်းရှိတယ် ကြားထားပါတယ်” ဟုစစ်ရေး သတင်းရင်းမြစ်က ပြောသည်။

    ‎စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားရာသို့ Y-12 လေယာဉ်ဖြင့် ညအချိန်အထိ ဗုံးကြဲတိုက်ခိုက် မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎ပြီးခဲ့သည့် ရက်ပိုင်းက တပ်မ ၉၉ နှင့် တပ်ချိန်းခဲ့သည့် မိုင်းပန် စကခ ၁၇မှ လက်အောက်ခံ တပ်သားများ တိုက်ပွဲအတွင်း သေဆုံးမှုများပြားပြီး ၂၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြထားသည်။

    ထို့အတူ စက်တင်ဘာ ၄ ရက်နေ့က ဖြစ်ပွားသော စွန်တက်အနီးတိုက်ပွဲတွင်လည်း စကခ ၁၇ လက်အောက်ခံ တပ်များ ကစဉ့်ကလျား ထွက်ပြေးရကြောင်း AA က ထုတ်ပြန်ထားသည်။

    ‎ ပုံစာ-ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်ရှိ အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင်တွေ့ရသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

  • ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ကို စစ်တပ်ခြိမ်းခြောက်နေဟု NUG ထုတ်ပြန်

    ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ကို စစ်တပ်ခြိမ်းခြောက်နေဟု NUG ထုတ်ပြန်

    လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ စိုးရိမ်နေရချိန်မှာ အာဏာသိမ်းစစ်တပ်က ဆေးကုသခွင့်မပေးတာဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာ ဖြစ်ပြီး ဒါကို စစ်တပ်အနေနဲ့ တာဝန်ခံရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းမှုအောက်မှာ ရောက်နေချိန် နှလုံးရောဂါ အခြေအနေ စိုးရိမ်ဖွယ်ဖြစ်နေပြီး လုံလောက်တဲ့ ဆေးကုသမှု မရရှိနေကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က အသိပေးထားတာကြောင့် သိရှိရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တဲ့ ဆေးကုသခွင့် မပေးတာဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ပါဝင်တဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုဖြစ်ပြီး ဖြစ်ပေါ်မယ့် အကျိုးဆက် အားလုံးကို စစ်အုပ်စုက တာဝန်ယူရမယ်လို့ NUG က ထုတ်ပြန်ပါတယ်။

    ဒါ့အပြင် ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ကမ္ဘာ့အသိုင်းအဝိုင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာစွာနဲ့ အမြန်ဆုံး လွတ်မြောက်ရေးအတွက် စစ်အုပ်စုကို ဖိအားပေးဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းကလည်း ခုရက်ပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတယ်လို့ ထုတ်ဖော်ပြောကြားထားပြီး ဆေးကုသမှုအတွက် တောင်းဆိုမှုတွေ လုပ်ထားပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားလုံး လွတ်မြောက်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ရရှိစေရေး လူထုလှုပ်ရှားမှု ကမ်ပိန်းကို လူသိများထင်ရှားတဲ့ အနုပညာရှင်တွေက ဦးဆောင်ပြီးပြုလုပ်နေကြပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လမှာ အသက် ၈၀ ပြည့်ခဲ့ပြီဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက စစ်တပ်က ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အမှုအမျိုးမျိုးနဲ့ စွပ်စွဲကာ ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ထားပါတယ်။

    လတ်တလောအချိန်ထိ သူ့ကို ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသလို အကျဉ်းသားအခွင့်ရေးဖြစ်တဲ့ ထောင်ဝင်စာတွေ့ခွင့်လည်း မရဘဲ ရှေ့နေအဖွဲ့ကလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ နောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီး စစ်အုပ်စုက အချိန်ကာလ နှစ်နဲ့ချီ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ထားတာ ဖြစ်ပါတယ်။