Category: News

  • လားရှိုးတွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကော်မရှင်က မဲပေးနည်း ပညာပေး

    လားရှိုးတွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကော်မရှင်က မဲပေးနည်း ပညာပေး

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်က ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ရွာတချို့ကို ဒီဇင်ဘာ ၃ ရက်မှာ စစ်ကောင်စီတပ်နဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့က မဲပေးနည်း အသိပညာပေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ဒီဇင်ဘာ ၃ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ MNDAA ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရွာတွေကို မိုင်းရယ် အခြေစိုက် စစ်ကောင်စီတပ်နဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ရောက်ရှိလာပြီး EVM စနစ်နဲ့ မဲပေးနည်းတွေ လာရောက် အသိပေးသွားတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

    “လားရှိုးနဲ့ မိုင်းရယ်ကြားက ရွာတွေခင်ဗျ။ ရွာ ဘယ်နှရွာလောက်ဆိုတာ မကြားမိဘူး။ အနီးဆုံး မယ်ဟန်ဘက်ရော။ ဟိုယ၊ လွယ်ငင်း၊ နမ့်ပေါင်၊ သံလွင်၊ မန်ပျဉ်၊ ခါးသျှိ၊ မယ်ဟန်” လို့ သူက ပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေ ဝင်ရောက်လာချိန်မှာ MNDAA တပ်ဖွဲ့တွေ လုံခြုံရေး လိုက်ပါလာပြီး MNDAA ခန့် နမ့်ပေါင်ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ မဲပေးပုံအကြောင်း ဆွေးနွေး ဟောပြောသွားတာလို့ ဆိုပါတယ်။

    လားရှိုးမြို့နယ်က MNDAA ထိန်းချုပ်ထားတဲ့ ရွာတွေလည်း အဆင်ပြေသလို ရွေးကောက်ပွဲ လုပ်သွားမယ့်ပုံ တွေ့မြင်ရပြီး လားရှိုးမြို့ပေါ်ရော မြို့ပြင်ပါ ရွေးကောက်ပွဲ ပထမအကြိမ်မှာ ပါဝင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “နမ့်ပေါင် တို့၊ မယ်ဟန် တို့လည်း ပါတယ်။ ဟုတ်တယ် သေချာတယ်။ အခုပဲ သူတို့ မနက် မနက်ဆို ရွာတွေကို အရေးပေါ် စာရင်း သွားသွားကောက်တာပေါ့လေ။ အိမ်ထောင်စု စာရင်းယူပြီးတော့ တခါတည်း သူတို့ သိတဲ့အတိုင်းပဲ အရေးပေါ် ပုံစံလိုမျိုး လုပ်ဖြစ်အောင် လုပ်မှာပဲ” လို့ သူက ပြောပါတယ်။

    ရပ်ကျေးက လွှတ်ထားတဲ့ ဝန်ထမ်းတချို့ကို အဲဒီဒေသမှာ MNDAA တပ်ဖွဲ့တွေနဲ့ ပေါင်းပြီးတော့ တအိမ်တက်ဆင်း မြို့ပေါ်မှာ လုပ်သလို အရေးပေါ် ပုံစံလိုမျိုးလုပ်မယ့် သဘောရှိတယ်လို့ သူက ပြောပါတယ်။

    မဲစာရင်းကပ်ထားတာကို လာကြည့်သူ မရှိသလောက် နည်းပါးနေပြီး ဒီဇင်ဘာ ၁ ရက်ကစ လားရှိုးမြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကောင်စီ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ လဝကတွေက တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းနဲ့ မဲစာရင်း ပါ၊ မပါ လိုက်လံ စစ်ဆေးနေတာလို့ ဆိုပါတယ်။

    မဲစာရင်း မှန်ကန်မှုရှိစေရေး လားရှိးမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုတွေ အပါအဝင် နောင်ချို၊ သီပေါ၊ ကျောက်မဲနဲ့ မိုင်းရယ်မြို့တွေမှာ တာဝန်ရှိသူတွေက မဲစာရင်းမှန်ကန်မှုရှိစေရေး door to door လိုက်လံစစ်ဆေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို တရုတ်ဆီကတဆင့် ပြန်တောင်းယူခဲ့ပြီးနောက် လားရှိုးမြို့နယ်ရှိ ကျေးရွာတွေကိုတော့ MNDAA က ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

    Photo: CJ

  • စစ်ကိုင်းတွင် ကြံ့ခိုင်ရေးမဲဆွယ်ပွဲအတွက် စက်ရုံဝန်ထမ်းများကို ဖိအားပေးခေါ်ယူ

    စစ်ကိုင်းတွင် ကြံ့ခိုင်ရေးမဲဆွယ်ပွဲအတွက် စက်ရုံဝန်ထမ်းများကို ဖိအားပေးခေါ်ယူ

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ မဲဆွယ်ပွဲအတွက် စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတို့က စက်ရုံ အလုပ်ရုံတွေက ဝန်ထမ်းတွေကို ဖိအားပေး ခြိမ်းခြောက်ခေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မတတ်သာလို့ မဲဆွယ်ပွဲတက်လာသူတွေကို ဓာတ်ပုံ ဗွီဒီယိုရိုက်ပြီး ရပ်ကွက်နေပြည်သူ မဲဆန္ဒရှင်တွေ မဲဆွယ်ပွဲတက်တယ်လို့ လူမှုကွန်ရက်မှာ မဟုတ်မမှန် လိမ်လည်ဝါဒဖြန့်နေတယ်လို့ ဆိုပါတယ်။

    ဒီဇင်ဘာ ၅ ရက်နေ့က စစ်ကိုင်းမြို့မှာလုပ်တဲ့ ကြံ့ခိုင်ရေးပါတီမဲဆွယ်ပွဲမှာ ပတ္တမြားရပ်ကွက်၊ စိန်ကုန်းရပ်ကွက်၊ ပိုးတန်းရပ်ကွက်၊ ရွာထောင်ရပ်ကွက်၊ သောတာပန်ရပ်ကွက်တို့က မဲဆန္ဒရှင် ပြည်သူတွေနဲ့တွေ့တယ်ဆိုပြီ လူမှုကွန်ရက်မှာ တင်ထားတာဟာ တကယ်တော့ ရပ်ကွက်ကပြည်သူတွေမဟုတ်ဘဲ စစ်ကိုင်းမြို့ စက်ရုံ အလုပ်ရုံတွေက ဝန်ထမ်းတွေပဲဖြစ်တယ်လို့ ဆိုပါတယ်။

    စက်ရုံတာဝန်ရှိသူတယောက်က “အရင်လ မဲဆွယ်ပွဲတုန်းက ငလျင်ထောက်ပံ့ကြေး ပေးမယ်ဆိုပြီး လိမ်ခေါ်တာ၊ ပွဲပြီးတော့ ဘာမှမပေးဘူး။ ဒီတခါ မဲဆွယ်ပွဲလည်း ခေါ်တယ်။ ဘယ်သူမှ မသွားဘူး။ ရပ်ကွက်ထဲကလူတွေမလာလို့ စက်ရုံကို စစ်သားနဲ့ရဲတွေရောက်လာပြီး မဲဆွယ်ပွဲကို အခုချက်ချင်းတက်ရမယ်။ ဝန်ထမ်းတွေကို ပါတီအင်္ကျီတွေ အဓမ္မဝတ်ခိုင်းပြီး အခမ်းအနားလုပ်တဲ့နေရာကို ပို့ခိုင်းတာ၊ မပို့ရင်လည် စက်ရုံကို တခုခုလုပ်မှာစိုးလို့ ပို့ပေးရတာ” လို့ ပြောပါတယ်။

    အဲဒီနေ့က ကြံ့ခိုင်ရေးပါတီက ဝင်ပြိုင်မဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ပုံ၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းတင့်နဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းမင်းဇေယျာမြင့်၊ ဦးသော်နိုင်ဦး တို့ လာရောက်မဲဆွယ်ခဲ့တာပါ။

    စစ်ကိုင်းမြို့တွင် ကြံ့ဖွတ်ပါတီမှ စစ်ဗိုလ်ချုပ်ဟောင်း သက်ပုံ၏ မဲဆွယ်ပွဲအတွက် ပြည့်စုံကြီးပွားဂျက်ဖာပုံးစက်ရုံမှ ဝန်ထမ်းများကို ဆင့်ခေါ်ပြီး ပြည်သူများ တက်ရောက်သည်ဟု လိမ်လည် ဝါဒဖြန့်၊ စစ်ကိုင်းမြို့ ပြည်သူများက ကြံ့ဖွတ်မဲဆွယ်ပွဲကို လာမတက်ကြ

    စစ်ကိုင်းမြို့တွင် ကြံ့ဖွတ်ပါတီမှ စစ်ဗိုလ်ချုပ်ဟောင်း သက်ပုံ မဲဆွယ်ပွဲအတွက် ပြည့်စုံကြီးပွားဂျက်ဖာပုံးစက်ရုံမှ ဝန်ထမ်းများကို ဆင့်ခေါ်ပြီး ပြည်သူများ တက်ရောက်သည်ဟု လိမ်လည် ဝါဒဖြန့်လျက်ရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ကြံ့ဖွတ်ပါတီက စစ်ကိုင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း သက်ပုံက ပတ္တမြားရပ်ကွက်၊ စိန်ကုန်းရပ်ကွက်၊ ပိုးတန်းရပ်ကွက်၊ ရွာထောင်ရပ်ကွက်၊ သောတာပန်ရပ်ကွက်များရှိ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့သည်ဟု လူမှုကွန်ရက်ပလက်ဖောင်းများတွင် ဗီဒီယိုနှင့်ဓာတ်ပုံများ တင်ပြလာကြောင်း၊ အဆိုပါ ဓာတ်ပုံများမှာ စစ့်ကိုင်းမြို့မှ ပြည်သူများမဟုတ်ဘဲ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ပြည့်စုံကြီးပွား ဂျပ်ပုံးစက်ရုံမှ ဝန်ထမ်းများကို တွေ့ဆုံပြီး ပြည်သူများနှင့်တွေ့ဆုံသည်ဟု မဟုတ်မမှန် လိမ်လည်ဝါဒဖြန့် ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက​ ပြောဆိုသည်။

    ” ဦးသက်ပုံက စစ်ကိုင်းမြို့ ပြည်သူတွေကို မဲဆွယ်စည်းရုံးမှု တွေ့ဆုံတယ်ဆိုပြီး ဗီဒီယိုတွေတင်နေတယ်။ တကယ်က သူပြောနေတဲ့ ပတ္တမြားရပ်ကွက်က မဲဆန္ဒရှင်ပြည်သူတွေ မဟုတ်ပါဘူး။ ပြည်သူတွေဆိုတာ အလိမ်အညာပါ။ စစ်ကိုင်းမြို့ ရွှေမင်းဝံ ရပ်ကွက် မှ ပြည့်စုံကြီးပွား ဂျပ်ပုံးစက်ရုံမှ ဝန်ထမ်းနဲ့ တွေ့တာကို စစ်ကိုင်းမြို့ ပြည်သူတွေနဲ့ တွေ့တယ်ဆိုပြီး သူက လုပ်တာပါ။ ဂျင်းထည့်တာပေါ့ဗျာ။ စက်ရုံဝန်ထမ်းတွေကို ဖိအားပေးပြီး ကြံ့ဖွတ်ယူနီဖောင်းဝတ်ခိုင်းတယ်။ ပြီးတော့ သက်ပုံကို ကြိုခိုင်းတယ်။ စက်ရုံဝန်ထမ်းတွေကလည်း စက်ရုံရဲ့ ဖိအားကြောင့် ကြိုဆိုရတယ်။ ကြံ့ဖွတ် ဝတ်စုံတွေ ဝတ်ရတာပါ”ဟု သက်ပုံ၏ မဲဆွယ်စည်းရုံးပွဲ တက်ရောက်ခဲ့သူ စက်ရုံဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

    စစ်ကိုင်းမြို့တွင် ကြံ့ဖွတ်ပါတီ၏ မဲဆွယ်စည်းရုံးပွဲများသို့ ပြည်သူများကို လာရောက် ဖိတ်ခေါ်သော်လည်း မည်သည့် ပြည်သူကမှ လာရောက် ကြခြင်းမရှိ၍ စက်ရုံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကို ဆင့်ခေါ်ပြီး ပြည်သူများဟု လိမ်လည်ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

    စစ်တက္ကသိုလ်အပတ်စဉ် ၂၉ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံသည် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ဖွတ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

  • မြောက်ဥက္ကလာမြို့နယ်ခန်းမကို ဖောက်ခွဲ တိုက်ခိုက်မှု ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရ

    မြောက်ဥက္ကလာမြို့နယ်ခန်းမကို ဖောက်ခွဲ တိုက်ခိုက်မှု ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရ

    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်ခန်းမကို ဖောက်ခွဲ တိုက်ခိုက်ရာ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြကြွက် အဖွဲ့မှ တာဝန်ရှိသူနှင့် ဒေသခံပြည်သူများက ပြောဆိုသည်။

    ဒီဇင်ဘာလ ၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်ခန်းမကို မြို့ပြ ကြွက်အဖွဲ့သားများက လက်လုပ်မိုင်းနှင့် လက်ပစ်ဗုံးများဖြင့် ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း မြောက်ဥက္ကလာမြို့နယ်ခန်းမ၌ လုံခြုံရေး ယူထားသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများ အနီးကျရောက် ပေါက်ကွဲခဲ့ပြီး ရဲ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    “ပေါက်ကွဲသံကတော့ တော်တော်ကျယ်လောင်တယ်။ ညအချိန် တိတ်ဆိတ်နေတော့ အသံပိုကြားရတယ်။ ပေါက်ကွဲမှုဖြစ်ပြီး သိပ်မကြာဘူး။ မြောက်ဥက္ကလာမြို့နယ် ရဲစခန်းထဲက ရဲခွေးတွေကော ထွေ/အုပ်ရုံးက စစ်ခွေးတွေကော ရောက်လာတယ်လို့ သိရတယ်။ မြောက်ဥက္ကလာ အဝိုင်းက လမ်းပိုင်းကို ပိတ်ပြီးတော့ ဟိုရှာဒီရှာတွေ လုပ်သွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    မြို့ပြကြွက်အဖွဲ့အနေဖြင့် ဆက်လက်၍ ခေါင်းမာစွာဖြင့် စစ်အာဏာရှင်များ၏ ပေးစာကမ်းစာလောက်ဖြင့် ပြည်သူအပေါ်ဖိနှိပ် ရန်ရှာသည့်လမ်းကို ရွေးချယ်နေကြသည့် စစ်အုပ်စု၏ လက်ပါးစေများ၊ ဒေါက်တိုင်မှန်သမျှကို နေရာ အချိန်မရွေး တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထပ်မံ သတိပေးထုတ်ပြန်ထားသည်။

    “ပြည်သူတွေက အသံတိပ်သပိတ်မှာ ပါဝင်ပေးကြပါ။ ကြွက်ကလေးတွေကလည်း အသံများများထွက်နိုင်အောင်ကျိုးစားပါ့မယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖိအားပေးတဲ့သူတွေရဲ့ အချက်အလက်ကို ကျွန်တော်တို့ page မှာလာပေးလို့ ရပါတယ်” ဟု မြို့ပြကြွက်အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

  • မိန်းကလေးတွေသတိထားကြပါ။ တယောက်ထဲနေတာ သွားလာတာသတိထားကြပါ

    မိန်းကလေးတွေသတိထားကြပါ။ တယောက်ထဲနေတာ သွားလာတာသတိထားကြပါ

    အွန့်လိုင်းမှာ ပြန့်​နေတဲ့ထိုင်းသတင်းမှာ ခုပုံထဲက

    မိန်ကလေးနဲ့ ယောကျာ်းလေးက လင်မယား မဟုတ်ဘဲ

    ကောင်လေးက မိန်းကလေးကို အဓမ္မပြုကျင့်ရန်

    ကားပေါ်ကိုအတင်းဆွဲနေတာဖြစ်ပါတယ်။

    မိန်းကလေးဘက်က ​ငြင်းနေတာကြောင့်

    လမ်းဘေးက ဖြတ်သွားတဲ့ထိုင်း အစ်ကိုတယောက်ကတွေ့လို့

    ဝင်ကူညီဖို့ မေးလိုက်တယ် “ဘာဖြစ်ကြတာလဲ”လို့။

    မိန်းကလေးက “အကိုရေကျမကိုတချက်ကူပါ သူကကျမယောကျာ်း မဟုတ်ဘူး

    အဓမ္မပြုကျင့်ဖို့ အတင်းခေါ်တာ”လို့ပြောတော့

    ကောင်လေးဘက်က “ဒါ ကျွန်နော်မိန်းမပါ၊ သူများလင်မယားကြား လာမရှုပ်နဲ့”ဆိုပီး ကားပေါ်ကိုဆွဲခေါ်ပီးမောင်းပြေးတော့

    ထိုင်းအစ်ကိုကလည်း အနောက်ကနေလိုက်သွားတာ

    ကောင်မလေးကလည်း ကားတခါးကိုဖွင့်ပီး

    ကားပေါ်ကနေခုန်ချခဲ့တာ ကံကောင်းလို့ မဟုတ်ရင် ဘဝပျက်ပါပီ🥺

    (မိန်းကလေးတွေသတိထားကြပါ။ တယောက်ထဲနေတာ သွားလာတာသတိထားကြပါ)

  • ရွေးကောက်ပွဲပြီးပါကလည်း စစ်တပ်က နိုင်ငံရေးတွင် ဆက်ပြီး ပါဝင်နေဦးမည်ဟု စစ် ခေါင်းဆောင်ပြော

    ရွေးကောက်ပွဲပြီးပါကလည်း စစ်တပ်က နိုင်ငံရေးတွင် ဆက်ပြီး ပါဝင်နေဦးမည်ဖြစ်ကြောင်း စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (ဒီဇင်ဘာ ၆ ရက် ) ကပြောသည်။

    ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများနှင့် တွေ့ဆုံရာတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

    “သမိုင်းကြောင်းအရ၊ ဖြစ်ပေါ်နေသည့် အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမည်ဖြစ်ကြောင်း” ဟု စစ်ခေါင်းဆောင်က ဆိုသည်။

    နိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမရှိသည့်အချိန်မှသာ စစ်တပ်အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားမည်ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

    စစ်တပ်က ဆက်လက်ကိုင်ဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံစရာမလိုဘဲ လွှတ်တော်ထဲတွင် တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းခွင့်ရနေခြင်းဖြစ်သည်။

    မဲစာရင်းအကြောင်းပြ အာဏာသိမ်းပြီးနောက် ပြုလုပ်မည့် ရွေးကောက်ပွဲကိုလည်း လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ထည့်သွင်းပြောသည်။

    ရွေးကောက်ပွဲ ပထမပိုင်းပြုလုပ်ပြီး နှစ်ပတ်ကြာချိန်တွင် ဒုတိယပိုင်းပြုလုပ်မည်ဖြစ်ကာ နောက်ထပ်နှစ်ပတ်ကြာချိန်တွင် တတိယပိုင်းကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

    အဆိုပါ ရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကော်မရှင်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် စုစုပေါင်း ၅၇ ပါတီက ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

    အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်ထံ မှတ်ပုံပြန်မတင်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုမူ ဖျက်သိမ်းကြောင်း စစ်ကော်မရှင်က ကြေညာခဲ့သည်။

    အဆိုပါ စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန်အတွက် ရည်ရွယ်ပြုလုပ်သည့် ရွေးကောက်ပွဲသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကလည်း ပြောထားသည်။