စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ မဲဆွယ်ပွဲအတွက် စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတို့က စက်ရုံ အလုပ်ရုံတွေက ဝန်ထမ်းတွေကို ဖိအားပေး ခြိမ်းခြောက်ခေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတတ်သာလို့ မဲဆွယ်ပွဲတက်လာသူတွေကို ဓာတ်ပုံ ဗွီဒီယိုရိုက်ပြီး ရပ်ကွက်နေပြည်သူ မဲဆန္ဒရှင်တွေ မဲဆွယ်ပွဲတက်တယ်လို့ လူမှုကွန်ရက်မှာ မဟုတ်မမှန် လိမ်လည်ဝါဒဖြန့်နေတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့က စစ်ကိုင်းမြို့မှာလုပ်တဲ့ ကြံ့ခိုင်ရေးပါတီမဲဆွယ်ပွဲမှာ ပတ္တမြားရပ်ကွက်၊ စိန်ကုန်းရပ်ကွက်၊ ပိုးတန်းရပ်ကွက်၊ ရွာထောင်ရပ်ကွက်၊ သောတာပန်ရပ်ကွက်တို့က မဲဆန္ဒရှင် ပြည်သူတွေနဲ့တွေ့တယ်ဆိုပြီ လူမှုကွန်ရက်မှာ တင်ထားတာဟာ တကယ်တော့ ရပ်ကွက်ကပြည်သူတွေမဟုတ်ဘဲ စစ်ကိုင်းမြို့ စက်ရုံ အလုပ်ရုံတွေက ဝန်ထမ်းတွေပဲဖြစ်တယ်လို့ ဆိုပါတယ်။
စက်ရုံတာဝန်ရှိသူတယောက်က “အရင်လ မဲဆွယ်ပွဲတုန်းက ငလျင်ထောက်ပံ့ကြေး ပေးမယ်ဆိုပြီး လိမ်ခေါ်တာ၊ ပွဲပြီးတော့ ဘာမှမပေးဘူး။ ဒီတခါ မဲဆွယ်ပွဲလည်း ခေါ်တယ်။ ဘယ်သူမှ မသွားဘူး။ ရပ်ကွက်ထဲကလူတွေမလာလို့ စက်ရုံကို စစ်သားနဲ့ရဲတွေရောက်လာပြီး မဲဆွယ်ပွဲကို အခုချက်ချင်းတက်ရမယ်။ ဝန်ထမ်းတွေကို ပါတီအင်္ကျီတွေ အဓမ္မဝတ်ခိုင်းပြီး အခမ်းအနားလုပ်တဲ့နေရာကို ပို့ခိုင်းတာ၊ မပို့ရင်လည် စက်ရုံကို တခုခုလုပ်မှာစိုးလို့ ပို့ပေးရတာ” လို့ ပြောပါတယ်။
အဲဒီနေ့က ကြံ့ခိုင်ရေးပါတီက ဝင်ပြိုင်မဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ပုံ၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းတင့်နဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းမင်းဇေယျာမြင့်၊ ဦးသော်နိုင်ဦး တို့ လာရောက်မဲဆွယ်ခဲ့တာပါ။
စစ်ကိုင်းမြို့တွင် ကြံ့ဖွတ်ပါတီမှ စစ်ဗိုလ်ချုပ်ဟောင်း သက်ပုံ၏ မဲဆွယ်ပွဲအတွက် ပြည့်စုံကြီးပွားဂျက်ဖာပုံးစက်ရုံမှ ဝန်ထမ်းများကို ဆင့်ခေါ်ပြီး ပြည်သူများ တက်ရောက်သည်ဟု လိမ်လည် ဝါဒဖြန့်၊ စစ်ကိုင်းမြို့ ပြည်သူများက ကြံ့ဖွတ်မဲဆွယ်ပွဲကို လာမတက်ကြ
စစ်ကိုင်းမြို့တွင် ကြံ့ဖွတ်ပါတီမှ စစ်ဗိုလ်ချုပ်ဟောင်း သက်ပုံ မဲဆွယ်ပွဲအတွက် ပြည့်စုံကြီးပွားဂျက်ဖာပုံးစက်ရုံမှ ဝန်ထမ်းများကို ဆင့်ခေါ်ပြီး ပြည်သူများ တက်ရောက်သည်ဟု လိမ်လည် ဝါဒဖြန့်လျက်ရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
ကြံ့ဖွတ်ပါတီက စစ်ကိုင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း သက်ပုံက ပတ္တမြားရပ်ကွက်၊ စိန်ကုန်းရပ်ကွက်၊ ပိုးတန်းရပ်ကွက်၊ ရွာထောင်ရပ်ကွက်၊ သောတာပန်ရပ်ကွက်များရှိ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့သည်ဟု လူမှုကွန်ရက်ပလက်ဖောင်းများတွင် ဗီဒီယိုနှင့်ဓာတ်ပုံများ တင်ပြလာကြောင်း၊ အဆိုပါ ဓာတ်ပုံများမှာ စစ့်ကိုင်းမြို့မှ ပြည်သူများမဟုတ်ဘဲ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ပြည့်စုံကြီးပွား ဂျပ်ပုံးစက်ရုံမှ ဝန်ထမ်းများကို တွေ့ဆုံပြီး ပြည်သူများနှင့်တွေ့ဆုံသည်ဟု မဟုတ်မမှန် လိမ်လည်ဝါဒဖြန့် ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
” ဦးသက်ပုံက စစ်ကိုင်းမြို့ ပြည်သူတွေကို မဲဆွယ်စည်းရုံးမှု တွေ့ဆုံတယ်ဆိုပြီး ဗီဒီယိုတွေတင်နေတယ်။ တကယ်က သူပြောနေတဲ့ ပတ္တမြားရပ်ကွက်က မဲဆန္ဒရှင်ပြည်သူတွေ မဟုတ်ပါဘူး။ ပြည်သူတွေဆိုတာ အလိမ်အညာပါ။ စစ်ကိုင်းမြို့ ရွှေမင်းဝံ ရပ်ကွက် မှ ပြည့်စုံကြီးပွား ဂျပ်ပုံးစက်ရုံမှ ဝန်ထမ်းနဲ့ တွေ့တာကို စစ်ကိုင်းမြို့ ပြည်သူတွေနဲ့ တွေ့တယ်ဆိုပြီး သူက လုပ်တာပါ။ ဂျင်းထည့်တာပေါ့ဗျာ။ စက်ရုံဝန်ထမ်းတွေကို ဖိအားပေးပြီး ကြံ့ဖွတ်ယူနီဖောင်းဝတ်ခိုင်းတယ်။ ပြီးတော့ သက်ပုံကို ကြိုခိုင်းတယ်။ စက်ရုံဝန်ထမ်းတွေကလည်း စက်ရုံရဲ့ ဖိအားကြောင့် ကြိုဆိုရတယ်။ ကြံ့ဖွတ် ဝတ်စုံတွေ ဝတ်ရတာပါ”ဟု သက်ပုံ၏ မဲဆွယ်စည်းရုံးပွဲ တက်ရောက်ခဲ့သူ စက်ရုံဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
စစ်ကိုင်းမြို့တွင် ကြံ့ဖွတ်ပါတီ၏ မဲဆွယ်စည်းရုံးပွဲများသို့ ပြည်သူများကို လာရောက် ဖိတ်ခေါ်သော်လည်း မည်သည့် ပြည်သူကမှ လာရောက် ကြခြင်းမရှိ၍ စက်ရုံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကို ဆင့်ခေါ်ပြီး ပြည်သူများဟု လိမ်လည်ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
စစ်တက္ကသိုလ်အပတ်စဉ် ၂၉ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံသည် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ဖွတ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။


Leave a Reply