Category: News

  • Non CDM များ “မဲမပေး မနေရစနစ်” စစ်ကော်မရှင် ကျင့်သုံး

    Non CDM များ “မဲမပေး မနေရစနစ်” စစ်ကော်မရှင် ကျင့်သုံး

    စစ်ကော်မရှင်သည် လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ၎င်းတို့လက်အောက်ခံ အရပ်ဘက် ဝန်ထမ်းများအား “ မဲမပေး မနေရစနစ် ” ကျင့်သုံးမည်ဟု နေပြည်တော်ရှိ စစ်ကော်မရှင် ဝန်ထမ်းများထံက သိရသည်။

    စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ အောက်တိုဘာလ ၁၃ ရက်နေ့အထိ မဲပေးနိုင်သူများစာရင်း (မဲစာရင်း) ကို စစ်ကော်မရှင်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေညာထားရာ ထိုစာရင်းတွင် ဝန်ထမ်း အမည်များ ပါ မပါနှင့် မဲစာရင်းတွင် ကျန်နေခဲ့ခြင်း မရှိစေရန် ဝန်ကြီးဌာနများက အမိန့်စာဖြင့် ညွှန်ကြားထားကြောင်း နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိအမျိုးသားတစ်ဦးက ပြောသည်။

    မဲစာရင်းတွင် အမည်မပါဝင်ပါက တောင်းဆိုလွှာ ပုံစံ ၃ (က) (ခ) တို့ဖြင့် မဲစာရင်းထုတ်ပြန်သည့် နေ့မှစ၍ ၁၄ ရက်အတွင်း သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲများထံတွင် ဆောင်ရွက်ရမည်ကို ဝန်ကြီးဌာန စီမံချက်အနေဖြင့် လုပ်ဆောင်ပေးနေကြောင်း ဆိုသည်။

    ရွေးကောက်ပွဲ မဲစာရင်း လာရောက်ကြည့်ရှုသူ နည်းပါးသည့်အတွက် နေပြည်တော်တွင် အိမ်ထောင်စု စာရင်းရှိသည့် ဝန်ထမ်းအင်အားကို အသုံးပြု၍ မဲစာရင်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု ထိုဒေသမှ စစ်ကော်မရှင် ဝန်ထမ်းအများစုက ယူဆကြသည်။

    မဲပေးသူ မကျန်စေရန် နေပြည်တော်တွင် ပုံစံ (၆၆) အိမ်ထောင်စုဇယားရှိသော်လည်း နယ်အဝေး ရောက်နေသူများ၊ နေပြည်တော်ငလျင်ကြောင့် မြို့နယ်ပြောင်းရွှေ့နေထိုင်သူများပါမကျန် မဲစာရင်းမပါ ပါက တောင်းဆိုလွှာများ အတင်းအကျပ် ဖြည့်ခိုင်းသည်ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

    အဝေးရောက်နေသူ အရေအတွက်များပါက မဲစာရင်းတောင်းဆိုလွှာပုံစံများကို စီမံချက်ဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနက ကိုယ်စားပြုလျှောက်ထားပေးနေသည်ဟု သိရသည်။

    “နေပြည်တော်ဝန်ထမ်းအိမ်ရာမှာနေတဲ့ ရပ်ကွက်မှာ အိမ်ထောင်စုလုပ်ပြီး အဝေးနယ်ရောက်နေတဲ့သူတွေ လည်းမရဘူး၊ နေပြည်တော်မှ မဲစာရင်းပါအောင် ပုံစံ (၃) နဲ့ ပြန်လျှောက်ခိုင်းတာ၊ လူက အဝေးရောက်နေရင် ဌာနက အားလုံးစုပြီး စီမံချက်နဲ့ ကိုယ်စားလျှောက်ပေးတယ်” ဟု ၎င်းက ဆိုသည်။

    မတ်လ နောက်ဆုံးပတ်က လှုပ်ခတ်ခဲ့သော အင်အားပြင်းစစ်ကိုင်းငလျင် သင့်ထားသော နေပြည်တော်တွင် ပြန်လည်ထူထောင်ရေးမလုပ်နိုင်သေးသောကြောင့် စစ်ကော်မရှင်ဝန်ထမ်းများမှာ အဆင်ပြေသလို နေထိုင်နေကြရဆဲဖြစ်သည်။

    ဇဗ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်တွင် ငလျင်ထိ၍ ဒက္ခိဏသီရိမြို့နယ်ရှိ စစ်ကော်မရှင် ပြန်လည်နေရာချထားပေးသော ကားကွန်တိန်နာအိမ်တွင် ပြောင်းရွှေ့နေထိုင်ရသော ဝန်ထမ်းမိသားစုတစ်စုက မဲစာရင်းကို ဇဗ္ဗူသီရိမြို့နယ်တွင် သွားရောက်ကြည့်ရှုရန် ဖိအားပေးခံရကြောင်း ဆိုသည်။

    “မဲစာရင်းကြည့်ဖို့ ဖိအားပေးလို့လည်း သွားကြည့်ရတယ်။ ပြီးတော့ အဲဒီရပ်ကွက်ရုံးမှာပဲ မြို့နယ်ပြောင်းတယ် ဆိုတာကို ပုံစံ (၃) ဖြည့်ပြီး ကိုယ့်ဘာသာလုပ်ခဲ့ရတယ်” ဟု ထိုမိသားစုဝင်တစ်ဦးက ပြောသည်။

    နေပြည်တော်တွင် ငလျင်ဒဏ်ထိ ဝန်ထမ်းအိမ်ရာများကို ရှင်းလင်းနေဆဲဖြစ်ပြီး ဝန်ထမ်းအများစုသည် ကားကွန်တိန်နာဘောက်များ၊ ယာယီရွက်ဖျင်တဲများ၊ အိမ်ငှားနေထိုင်ခြင်းများဖြင့် နေထိုင်ရေး ဖြေရှင်း နေရသည်။

    ဝန်ကြီးဌာနတစ်ခုမှ အမျိုးသမီးတစ်ဦး၏ ခင်ပွန်းဖြစ်သူက အထွေထွေဒုက္ခများ ရင်ဆိုင်နေရသော ၎င်းတို့အနေဖြင့် မဲပေးရန်အရေး တက်ကြွမှု သိပ်မရှိကြောင်း ဆိုသည်။

    “အမျိုးသမီးက ရုံးကနေ မဲစာရင်းကြည့်ဖို့ ဖိအားပေးလို့ သွားကြည့်ရတယ်၊ ကျွန်တော်တို့က နေပြည်တော်မှာ အိမ်ထောင်စုဇယားမရှိတော့ နာမည်မပါဘူး၊ မဲပေးဖို့လည်း မတက်ကြွပါဘူး၊ မပေးဘဲ နေလို့ရရင်တော့ မပေးတော့ဘူး” ဟု ထိုသူက ပြောသည်။

    စစ်ကော်မရှင်အနေဖြင့် မဲစာရင်းကြည့်ရန်မှစ၍ မဲပေးရန်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ရန် တို့ကို ဆက်လက်တိုက်တွန်းနိုင်ရန်ရှိကြောင်း မေးမြန်းခဲ့သည့် ဝန်ထမ်းအချို့က ယူဆသည်။

    မဲရုံမှူးများအဖြစ် Non CDM ဆရာ၊ ဆရာမ များလည်း ဆောင်ရွက်ရမည်ဖြစ်ရာ လုံခြုံရေးကို စိုးရိမ်ပူပန် နေရကြောင်း မဲရုံမှူးအဖြစ် ဆောင်ရွက်ရမည့် အသက် ၄၀ ကျော် အရွယ် ဆရာမတစ်ဦးက‌ ပြောသည်။

    “ခုက နှစ်ဖက်စလုံးကို ကြောက်နေရတာ၊ မလုပ်ချင်လည်း ရွေးကောက်ပွဲမှာက လုပ်ရမှာဆိုတော့ မတတ် နိုင်ဘူးလေ။ မိသားစုအပူ၊ လုံခြုံရေးကိစ္စလည်း ရှိနေတော့ ဒီ….ရွေးကောက်ပွဲမှာ သိပ်တော့ မပါချင်ဘူး၊ အရင်လိုလည်း မတက်ကြွဘူး” ဟု ဆိုသည်။

    ထိုဆရာမသည် မတ်လအတွင်းဖြစ်ခဲ့သော ငလျင်ဒဏ်ကြောင့် မိသားစုဝင်တစ်ဦး ဆုံးရှုံးထားသူလည်း ဖြစ်သည်။

    ဌာန စီမံချက်များဖြင့် ဝန်ထမ်းများကို မဲစာရင်း မကျန်ရအောင် လုပ်နေသလို ရပ်ကွက်ကျေးရွာများတွင်လည်း အရပ်သားများကို မဲစာရင်းကြည့်ရန် အုပ်ချုပ်ရေးဘက်မှ တာဝန်ရှိသူများက လော်စပီကာဖြင့် လိုက်လံသတိပေးခြင်း၊ စာကပ်ခြင်းဖြင့် အပြင်းအထန် ကြိုးပမ်းခဲ့ကြသည်။

    မဲစာရင်းကို အားတက်သရော လာရောက်ကြည့်ရှုသည်ကို မတွေ့ရကြောင်း ၊ ၂၀၁၀ ရွေးကောက်ပွဲ အခြေအနေမျိုးဟု ယူဆရကြောင်း ပျဉ်းမနားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

    “ခုပွဲက သူလူနဲ့သူ ဟန်ပြမဲပေးပြီး လုပ်ချင်တာလုပ်မှာပဲ၊ ၂၀၁၀ လိုပေါ့ဗျ။ ဘယ်သူမဲပေးပေး မပေးပေး စိတ် မဝင်စားဘူး။ အချိန်တန် လူဘယ်လောက် မဲပေးတယ်ဆိုပြီး ရလဒ်ထွက်လာမှာပဲ”

    အာဏာသိမ်းစစ်တပ် တစ်ဖြစ်လဲ စစ်ကော်မရှင်သည် ၎င်းတို့ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့မှ စတင်ပြီး အပိုင်းသုံးပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်သည်။

    ထို့ကြောင့် မဲစာရင်းဟု ခေါ်သည့် ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူများ စာရင်းကို စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့ထိ ၎င်းတို့စိုးမိုးသော ဒေသများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် သွားရောက်ကြည့်ရှုရန် ကြေညာထားသည်။

    “တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းတွေဆီက မဲကို အကုန်လိုချင်နေတာ၊ ခုထိတော့ ဘယ်ကို ပေးရမယ် ဆိုတာ ပြောတာတော့ မရှိသေးဘူး။ ဝန်ထမ်းတွေကတော့ လက်ရှိ တည်ဆဲအစိုးရကိုပဲ မဲထည့်လေ့ရှိကြတော့ စစ်တပ်နဲ့ ပတ်သက်တဲ့ ကြံ့ခိုင်ရေးကိုပဲ မဲထည့်ရမှာပဲ” ဟု ဝန်ကြီးဌာနတစ်ခုမှ အရာရှိအမျိုးသား တစ်ဦးက ပြောသည်။

    အွန်လိုင်းမှတဆင့် ဆက်သွယ်မေးမြန်းခဲ့သော နေပြည်တော်ရှိ ဝန်ထမ်းများသည် လက်ရှိ ရွေးကောက်ပွဲ ကျင်းပမည့်ပုံစံ၊ ယှဉ်ပြိုင်မည့်ပါတီအမည်များကိုပင် မသိရှိဘဲ စိတ်ဝင်စားမှု နည်းပါးသည်ကိုလည်း သိရှိခဲ့ရသည်။

    လက်ရှိတွင် စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ပါတီခြောက်ခုမှ ကိုယ်စားလှယ်လောင်း ၃၉၅၁ ဦး၊ တိုင်းနှင့် ပြည်နယ်မှ ဝင်ပြိုင်မည့် ၅၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၉၆၆ ဦး၊ တစ်သီးပုဂ္ဂလ ၉၆ ဦး စုစုပေါင်း ၅၀၂၃ ဦး ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

    ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် CDM ဟု ခေါ်သော အာဏာဖီဆန်ရေးလှုပ်ရှားမှုပေါ်ပေါက်လာရာ ထိုဖြစ်ရပ်ကို လက်မခံသော ဝန်ထမ်းများက CDM လုပ်ခဲ့သလို စစ်ကော်မရှင်လက်အောက်တွင် တာဝန် ဆက်ထမ်းဆောင်နေသော ဝန်ထမ်းများကို တော်လှန်ရေးအင်အားစုများက Non CDM အဖြစ် သတ်မှတ် ထားသည်။

    စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို တော်လှန်ရေး အင်အားစုများက အတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်၍ ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည့်အပြင် ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်ခြင်းမပြုရန် တိုက်တွန်းထားသည်။

    နိုင်ငံတကာ ထောက်ခံမှုရရှိရန် ကြိုးပမ်းနေသော စစ်တပ်က ၎င်းတို့၏ ရွေးကောက်ပွဲ မပျက်ပြားစေရန် ဥပဒေ ထုတ်ပြန်၍ အရေးယူနေသလို လေကြောင်းဗုံးကြဲမှုများ နေ့စဉ်နီးပါးပြုလုပ်နေသဖြင့် အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးမှုများဖြစ်ပေါ်နေသည်။

    ဥပဒေထုတ်သည့်နေ့မှစ၍ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူထားသူ ၆၄ ဦး ရှိပြီး ထိုအထဲတွင် အသက်မပြည့်သေးသူများ ပါဝင်သည်။

    ယခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း မှ ကာကွယ်ပေးရေး ဥပဒေအရ ထောင်ဒဏ်၊ငွေဒဏ်များ အပါအဝင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

  • လှိုင်သာယာတွင် အမျိုးသမီး ၁ ဦးအား သတ်ပြီး ရွှေထည်နှင့် ဖုန်းလုသူကို ဖမ်းမိ

    လှိုင်သာယာတွင် အမျိုးသမီး ၁ ဦးအား သတ်ပြီး ရွှေထည်နှင့် ဖုန်းလုသူကို ဖမ်းမိ

    ရန်ကုန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက်၊ ဝန်ထမ်းကြီးအိမ်ရာ ကမ်းပတ်လမ်းမှာ အမျိုးသမီးတယောက်ကို ဓားနဲ့ထိုးသတ်ပြီး ရွှေထည်ပစ္စည်းနဲ့ ဖုန်းလုခဲ့သူကို စစ်ကောင်စီလက်အောက်ခံ ရဲတွေက အောက်တိုဘာ ၂၂ ရက် ညနေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မနေ့ နေ့လယ် ၂ နာရီခွဲက အမှတ် ၁၅ ရပ်ကွက်၊ ဝန်ထမ်းကြီးအိမ်ရာ ကမ်းပတ်လမ်းမှာ ပုပ်ပွနေတဲ့ အမျိုးသမီးတယောက် ရုပ်အလောင်းကို တွေ့ရှိရာက CCTV မှတ်တမ်းတွေကို စစ်ဆေးရင်း ရဲတွေက ပြစ်မှုကျူးလွန်သူကို ဖမ်းမိခဲ့တာလို့ ၁၅ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

    “လုယက် သတ်ပြီး လွှင့်ပစ်ထားတာ၊ ၂ ရက် ၃ ရက်လောက် ရှိပြီထင်တယ်။ အလောင်းက ပုပ်ပွနေပြီ။ အုပ်ချုပ်ရေးနဲ့ ရဲတွေက CCTV မှတ်တမ်းတွေနဲ့ လိုက်တာ။ ညနေမှာ သတ်တဲ့သူ ရွှေလင်ဗန်းဘက်မှာ မိသွားတယ်။ အသတ်ခံရတဲ့ အမျိုးသမီးကလည်း ရွှေလင်ဗန်းကပဲ။”

    သေဆုံးသူမှာ ရွှေလင်ဗန်းကျေးရွာ ရွှေသဇင်လမ်းမှာ နေထိုင်သူဖြစ်ပြီး နေအိမ်ကနေ ပျောက်ဆုံးနေတာ ၄ ရက်ခန့်ရှိပြီး ရဲစခန်းမှာ လူပျောက်တိုင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

  • ပြည်သူ့စစ်တပ်စခန်း ၂ ခုကို KIA တိုက်ခိုက်သိမ်းပိုက်

    ခေါင်လန်ဖူးမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း ၂ ခုကို KIA ကတိုက်ခိုက်သိမ်းပိုက်

    စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ

    ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ် စခန်း ၂ ခုကို KIA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    အောက်တိုဘာလ ၁၉ ရက်နေ့ ခေါင်လန်ဖူးမြို့နယ်၊ ရှီးလာန်ဒမ်းကျေးရွာအနီး အင်အား ၃၀ ခန့် ဖြင့် တပ်စွဲထားသော စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းကိုလည်းကောင်း၊ အောက်တိုဘာ ၂၀ ရက်နေ့က မခေါင်ဒမ်းကျေးရွာ ဆုတောင်းကုန်းရှိ ပြည်သူ့စစ်တပ်စခန်းကို လည်းကောင်း KIA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က ယင်းကျေးရွာများ အပါအ ဝင် ခေါင်လန်ဖူးမြို့နယ်နှင့် ဆော့လောမြို့နယ်တို့အတွင်းရှိ ပြည်သူလူထုကို ပစ်မှတ်ထားကာ Y12 လေယာဉ်ဖြင့် တောက်လျှောက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။

    “စခန်းသိမ်းပိုက်ခံရတာကို မကျေနပ်လို့ လေယာဉ်ခေါ်တာနေမယ်။ Y12 လေယာဉ်နဲ့ ဗုံးကျဲနေတာ၊ ဒီနေ့ မွန်းတည့် ၁၂ နာရီခွဲလောက်ကလည်း လန်ဆယ်ကျေးရွာနဲ့ အနီးတဝိုက်ကျေးရွာတွေကို ဗုံးကျဲ ချတာ အလုံး ၂၀‌ လောက်ရှိတယ်။ ဘုရားကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတယ်။ နာပေဖုံကျေး ရွာအနီးကိုလည်း ဗုံး ၃ လုံးကျဲသွားတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    KIA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ခေါင်လန်ဖူးမြို့နယ်၊ ရှီးလန်ဒမ်းကျေးရွာမှာ အိမ်ခြေ ၂၀ ခန့်ရှိပြီး လန်ဆယ်ကျေးရွာအထက်ဘက်၌ တည်ရှိကြောင်း သိရသည်။

  • မင်းအောင်လှိုင် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်ရရှိမည်မဟုတ်

    မင်းအောင်လှိုင် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်ရရှိမည်မဟုတ်

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်ရရှိမည်မဟုတ်ဟု အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က ထုတ်ပြော

    စစ်လော်ဘီများက မင်းအောင်လှိုင် အစည်းအဝေးတက်ခွင့်ရသည်ဟု ဝါဒဖြန့်မှုများ အဆုံးသတ်

    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် အာဆီယံ ထိပ်သီးအစည်း အဝေးသို့ တက်ခွင့်ရရှိမည်မဟုတ်ကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က တရား၀င် ထုတ်ဖော်ပြောဆိုလိုက်သည်ဟု မလေးရှား Bernama သတင်းဌာနက သတင်းဖော်ပြသည်။

    အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့ အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေး တက်ရောက်မည့် ခေါင်းဆောင်စာရင်းတွင် မင်းအောင်လှိုင်ပါဝင်သည်ဟု အကြမ်းဖက်စစ်တပ် လော်ဘီများက ဝါဒဖြန့်နေမှုများမှာ ယခုအခါ မလေးရှားဝန်ကြီးချုပ်၏ တရားဝင် ထုတ်ဖော်ပြောဆိုမှုကြောင့် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

    မလေးရှားဝန်ကြီးချုပ်၏ အဆိုအရ မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် မဟုတ်ဟု အတည်ပြုလိုက်ခြင်းဖြစ်ပြီး မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ရပ်အပေါ်တွင်သာ ဆက်လက် ရပ်တည်ဆဲဖြစ်ကြောင်း၊ ဘုံသဘောတူညီချက် ၅ ချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားဆဲဖြစ် ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုသည်။

    လာမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဖိလစ်ပိုင် နိုင်ငံက အာဆီယံဥက္ကဋ္ဌ ရာထူးကို လွှဲပြောင်းရယူမည်ဖြစ်ပြီး တီမောနိုင်ငံမှာလည်း အာဆီယံအဖွဲ့ဝင် နိုင်ငံသစ်တစ်ခုဖြစ်လာမည်ဖြစ်သည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ၂၀၂၁ ခုနှစ် စတင် စစ်အာ ဏာ သိမ်းချိန်က တည်းက အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင် အထည်ဖော် ရန် ပျက်ကွက်မှုဖြင့် အာဆီယံက ထိပ်သီးအစည်း အဝေးများနှင့် နောက်ဆက်တွဲ အစည်းအဝေးများသို့ တက်ရောက်ခွင့်ပိတ်ပင်ခံခဲ့ရခြင်းဖြစ်ကာ ၅ နှစ်ဆက်တိုက် အာဆီယံအစည်းအဝေးများ တက်ခွင့် မရရှိခဲ့ခြင်းဖြစ်သည်။

  • တရုတ်တချို့ သောင်ရင်းမြစ်အတွင်းသို့ ခုန်ချ ရေကူးထွက်ပြေးကြ

    တရုတ်တချို့ သောင်ရင်းမြစ်အတွင်းသို့ ခုန်ချ ရေကူးထွက်ပြေးကြ

    မြ၀တီမြို့နယ်၊ KK Park မှ ကျားဖြန့်လုပ်ကိုင်သော နိုင်ငံခြားသား ၆၀၀ ကျော် မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာပြီး အရေအတွက် ထပ်မံမြင့်တက်လာနိုင်

    ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ KK Park မှ ကျားဖြန့်လုပ်ကိုင်သော နိုင်ငံခြားသား ၆၀၀ ကျော် မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာပြီး အရေအတွက် ထပ်မံမြင့်တက်လာနိုင်ကြောင်း နယ်စပ်သတင်းရင်းမြစ်များနှင့် ထိုင်းသတင်းဌာနများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

    အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး KK Park အတွင်းမှ ကျားဖြန့်လုပ်ကိုင်နေသော မြန်မာများနှင့် နိုင်ငံခြားသားများကို လုံခြုံရေးယူပေးထားသော BGF တပ်ဖွဲ့က နှင်ထုတ်နေရာ ယမန်နေ့ညပိုင်းမှစတင်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်သို့ တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ ရာချီ ထွက်ပြေး ရောက်ရှိနေကြကြောင်း၊ တရုတ်နိုင်ငံသားများမှာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ရေကူး ဖြတ်ကူး၍ မဲဆောက်မြို့သို့ တဖွဲဖွဲ ရောက်ရှိ လာနေကြကြောင်း သိရှိရသည်။

    “မြ၀တီမြို့ပေါ် ဟိုတယ်၊ တည်းခိုခန်းတွေလည်း အပြည့်ပဲ။ အရေးကြီးတဲ့ တရုတ်ကျားဖြန့် သူဌေးကြီးတွေကိုတော့ BGF နဲ့ DKBA က ခိုလှုံခွင့်ပေးထားတယ်။ အလုပ်သမားနဲ့ အလုပ်ကြီးကြပ်တွေလောက်ပဲ အဆင့်ရှိတဲ့ တရုတ်တွေကတော့ အဆင်ပြေတဲ့နေရာ ပြေးကြတယ်။ KK Park ကနေ မြ၀တီကို ဆိုင်ကယ်ကယ်ရီတွေ ကားအငှားတွေလည်း အလုပ်အရမ်းဖြစ်နေတယ်။ တရုတ်တချို့ သောင်ရင်းမြစ်ကို ရေကူးဖြတ်ကူးပြီးလည်း ပြေးကြတယ်။ အဓိက BGF က နှင်လွှတ်နေတာ။ KK Park ကို အဓိက တာဝန်ယူထားတာက BGF တွေပဲ” ဟု မြ၀တီမြို့ အခြေစိုက် နယ်စပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ထိုင်းအာဏာပိုင်များကလည်း မြ၀တီမြို့ KK Park ဘက်မှ ထွက်ပြေးလာသော နိုင်ငံခြားသားများကို စိစစ်လက်ခံနေပြီး ယာယီထားရှိရာ နေရာများ စီစဉ်နေကြောင်း၊ လတ်တလော နိုင်ငံခြားသားအရေအတွက် ၆၀၀ ကျော် လက်ခံထားပြီး မကြာမီ အရေအတွက် ထောင်ကျော်သွားနိုင်၍ ယာယီထားရှိမည့်နေရာများ ထပ်မံ ဖန်တီးရှာဖွေနေကြောင်း ထိုင်းသတင်းများက ဆိုသည်။

    အကြမ်းဖက်စစ်တပ်က KK Park ကို ဝင်ရောက်စီးနင်းရန်ရှိနေသည်ဆိုသော သတင်းများကလည်း ထွက်ပေါ်လျက်ရှိသဖြင့် KK Park အတွင်းမှ ကျားဖြန့်လုပ်သူများ ထောင်သောင်းချီ ထွက်ခွာနေရာ လုံခြုံရေးအစောင့် ကရင်နယ်ခြားစောင့်တပ် BGF များကလည်း ဂိတ်နှင့်လုံခြုံရေးနေရာများအားလုံးကို ဖွင့်ပေးထားကြောင်း သိရှိရသည်။

    အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မြ၀တီမြို့နယ်အတွင်းရှိ KK Parkကို စီးနင်းခဲ့ရာ ဆောက်လုပ်ပြီးအဆောက်အအုံ ၁ ထပ်တိုက် ၁၀ လုံး၊ ၂ ထပ်တိုက် အလုံး ၁၀၀၊ ၄ ထပ်တိုက်အလုံး၂၀၊ ၅ ထပ်တိုက် ၂ လုံး၊ ၁ ထပ်တိုက် ဈေးဆိုင်ခန်း၂၀ လုံး၊ ၂ ထပ်တိုက် ဈေးဆိုင်ခန်း ၃၀ လုံး၊ ၁ ထပ်တိုက်ဂိုထောင် ၁၅ လုံး၊ ၂ ထပ်တိုက်ဂိုထောင် ၂၀ လုံး၊ ၄ ထပ်တိုက် ဂိုထောင် ၁၀ လုံး၊ ဆောက်လုပ်ဆဲ ၂ ထပ်တိုက် ၂၁ လုံး၊ ၃ ထပ်တိုက် ၁၀ လုံး၊ ၄ ထပ်တိုက် ၅ လုံး၊ ၅ ထပ်တိုက် ၅ လုံးနှင့် ၁ ထပ်တိုက် ဆေးပေးခန်း ၂ ခန်းတို့ တွေ့ရှိခဲ့ကြောင်း ၊ Star Link စလောင်း အစုံ ၃၀ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး အလုပ်သမား အမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦး၊ လုံခြုံရေးအမျိုးသား ၉၈ ဦး စုစုပေါင်း ၂၁၉၈ ဦး တွေ့ရှိခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။

    မြ၀တီမြို့နယ် KK Park မှာ စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ ဦးဆောင်သော တပ်ဖွဲ့များက ဦးစီး၍ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို လက်ခံထားခြင်းဖြစ်သည်။

    Screenshot
    Screenshot
    Screenshot