Category: News

  • KBZ နှင့် Max ကုမ္ပဏီတို့  စစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွင် ဘဏ္ဍာငွေပံ့ပိုးပေးခဲ့ဟု JFM ထုတ်ပြန်

    KBZ နှင့် Max ကုမ္ပဏီတို့ စစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွင် ဘဏ္ဍာငွေပံ့ပိုးပေးခဲ့ဟု JFM ထုတ်ပြန်

    ခရိုနီကုမ္ပဏီတွေ ဖြစ်ကြတဲ့ KBZ နဲ့ Max ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုမှာ ဘဏ္ဍာငွေပံ့ပိုးပေးခဲ့ပြီး လူမဆန်တဲ့ပြစ်မှုကြီးတွေဖြစ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ ကြီးကြီးမားမားတိုက်ရိုက်ပံ့ပိုးပေးခဲ့တယ်လို့ Justice For Myanmar က ဒီကနေ့ သြဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

    အဲဒီ ကုမ္ပဏီ ၂ ခုဟာ စစ်အုပ်စုရဲ့ “နယ်မြေရှင်းလင်းစစ်ဆင်ရေး” ပံ့ပိုးကူညီဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်မလာနိုင်ဖို့ နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ဖို့အတွက် ဆိုပြီး ဒေါ်လာသန်းပေါင်းများစွာကို စစ်အုပ်စုဆီ တိုက်ရိုက်ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    အဲဒီ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေရဲ့ စစ်အုပ်စုဆီ တိုက်ရိုက်လှူဒါန်းနေတာတွေကို ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က မှတ်တမ်းတင်ထားရှိခဲ့ပြီး၊ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတရပ် လုပ်ဆောင်ပြီး တရားစွဲဆိုဖို့ တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

    လက်ရှိအချိန်အထိလည်း အဲဒီ ကုမ္ပဏီတွေကို အပြစ်ပေးအရေးယူတာ ကျူးလွန်သူတွေက သူတို့ကျူးလွန်နေတဲ့ လက်ရှိနိုင်ငံတကာရာဇဝတ်မှုတွေကနေ အကျိုးအမြတ်တွေ ဆက်လက် ရရှိနေကြဆဲပါလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    အခုလို ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေတာက ရာဇဝတ်မှုကြီးတွေ ကျူးလွန်တဲ့ စစ်အုပ်စုနဲ့ ငွေကြေးထောက်ပံ့နေတဲ့ ခရိုနီတွေကို ပိုပြီးရဲတင်းစေခဲ့တယ်လို့ ဆိုပါတယ်။

    ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး KBZ နဲ့ Max ကုမ္ပဏီတွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။

    သြဂုတ် ၂၅ ရက်နေ့ဟာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်အုပ်စုက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရတဲ့ ၈ နှစ်မြောက်နေ့ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ အာဆာအကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကနေ စတင်ပြီး စစ်တပ်က နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ အင်အားအလွန်အကျွန်သုံး နှိမ်နင်းခဲ့တာမှာ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။

    ဒီဖြစ်စဉ်အပြီးမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ အတားအဆီးမရှိဖြစ်နေတဲ့ နေရာတွေမှာ သံဆူးကြိုးတွေကာဖို့ လုပ်ဆောင်တာမှာ ခရိုနီကုမ္ပဏီတွေက ငွေကြေးထည့်ဝင်လှူဒါန်းခဲ့ကြတာကို အဲဒီအချိန်က ပြည်တွင်း သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။

    ✍ကေခိုင်

  • မော်ချီးမှ လွိုင်ကော် ပြန်လာသူများကို စစ်တပ်က စစ်ဆေးမေးမြန်းမရှိ ဖမ်းဆီးနေ

    မော်ချီးမှ လွိုင်ကော် ပြန်လာသူများကို စစ်တပ်က စစ်ဆေးမေးမြန်းမရှိ ဖမ်းဆီးနေ

    မော်ချီးကနေ ကရင်နီပြည်နယ် မြို့တော်လွိုင်ကော်ကို ပြန်လာတဲ့သူတွေကို စစ်တပ်က စစ်ဆေး မေးမြန်းမရှိ ဖမ်းနေပြီး မြို့ဝင်ပေါက်မှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။

    လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ကြုံနေရလို့ အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့ မော်ချီးမှာ ဒေသခံတွေနဲ့ တွင်းလုပ်သား အများစုဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရပါတယ်။

    အဲဒီထဲကမှ လွိုင်ကော်ကို ပြန်လာတဲ့ အမျိုးသားတွေကို မြို့ဝင်ပေါက်မှာ စစ်တပ်က တွေ့တာနဲ့ ဖမ်းပြီး ငွေနဲ့ပြန်ရွေးခိုင်းတာတွေ ဒီရက်ပိုင်း ပိုအဖြစ်များလာတဲ့အကြောင်း လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

    လွိုင်ကော်မြို့ခံတယောက်က “လွိုင်ကော်မြို့ အခြေအနေကတော့ လက်ရှိမှာတော့ ငြိမ်နေတာပေါ့။ ဒါပေမဲ့ ဒီအဝင်ပေါက်က အစစ်ဆေးကြမ်းတယ်၊ အဖမ်းအဆီးများတယ်။ Kpay တို့ ဖုန်းတို့ သိနေကျအတိုင်းပဲပေါ့။ အထူးသဖြင့်က မော်ချီးကနေ ပြန်လာမယ့်အဖွဲ့တွေဆို အဖမ်းအဆီး များတယ်။ ယောက်ျားလေးတွေဆိုရင် နောက်ခံ Background ရှိတယ်။ ဟိုဘက်(တလရ)နဲ့ အချိတ်အဆက် ရှိတယ်ဆိုရင် ပိုက်ဆံနဲ့ရွေးရင်ရွေး၊ ပြီးရင် အဲဒီလူတွေပဲ လုတာ၊ အောက်ခြေလူတန်းစားတွေကတော့ တော်တော်ကျပ်တည်းနေပြီ” လို့ ပြောပါတယ်။

    ပြီးခဲ့တဲ့လ ၂၂ ရက်နေ့ကလည်း မော်ချီးကနေ လွိုင်ကော်ကို ပြန်လာတဲ့ အရပ်သား အယောက် ၃၀ ကျော်ဟာ မြို့အဝင်ဂိတ်မှာတင် အဖမ်းခံရပြီး လွိုင်ကော်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ထဲကို ခေါ်သွားခံခဲ့ရပါတယ်။

    လက်ရှိမှာလည်း မြို့အဝင်ပေါက်မှာ လုံခြုံရေး တင်းကျပ်နေသလို မြို့ထဲမှာလည်း စစ်တပ်က လာမယ့် ဒီဇင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲအမီ လူပြန်မနေတဲ့အိမ်တွေကို ပြည်သူပိုင်အိမ်အဖြစ် သိမ်းမယ်ဆိုပြီး နှိုးဆော်နေတယ်လို့ ဒေသခံတွေက ဆက်ပြောပြပါတယ်။

    လွိုင်ကော်မှာပြန်ရောက်နေတဲ့ မြို့ခံအများစုကတော့ လက်ရှိ စစ်ရေးနဲ့ ရွေးကောက်ပွဲထက် ရေဘေးကို ပိုပြီး သတိထား စောင့်ကြည့်နေကြရပါတယ်။

    ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်မှာပဲ မိုးများပြီး မိုးဗြဲဆည်ရေ လွှတ်ချလိုက်လို့ ဘီလူးချောင်း ရေလျှံပြီး လွိုင်ကော် အပါအဝင် ကျေးရွာတော်တော်များများ ရေမြုပ်ပြီး ဒေသခံသောင်းနဲ့ချီ ရေဘေးကို ကြုံခဲ့ရပြီး စပါး လယ်ခင်း ထောင်နဲ့ချီ နစ်မြုပ်ခဲ့ပါသေးတယ်။

    လွိုင်ကော်မြို့ခံတယောက်က “ဒီနှစ်ရေကြီးတာတော့ ပုံမှန်အနေအထားပဲပေါ့။ အရင်နှစ်လိုမျိုး လိုက်ကူဖို့ လိုက်ကယ်ဖို့ ဆိုတာကလည်း မရှိဘူး။ ရှိခဲ့ရင်တောင် ဘယ်သူမှ မရှိတော့ဘူး။ အရင်ကြိုပြီးတော့ စစ်ရှောင်နေကြကုန်ပြီ။ ပြီးတော့ ဘီလူးချောင်းနဲ့နီးတဲ့ အိမ်နေရာတွေ မြေနိမ့်ပိုင်းနေရာတွေပေါ့၊ အရင်နှစ်လိုပဲ မြေနိမ့်တဲ့နေရာက ရေပိုပြီးဝပ်တာကိုး။ ဘီလူးချောင်းအောက်က ဒေါနော်ကူးဆိုရင် တချို့ဆို ရွေ့နေပြီ။ နီးနေတဲ့နေရာတွေက ရွှေ့နေတာ” လို့ ပြောပါတယ်။

    မော်ချီးဒေသမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေကြားကနေ ဒီရက်ပိုင်း မိုးများပြီး တောင်ကမ်းပါးယံတွေ ပြိုကျလာလို့ လူနေရပ်ကွက်တချို့ ပြောင်းရွှေ့နေကြရပါတယ်။

    တနေ့ကို ကား ၂ စီးနှုန်းနဲ့ လူတွေ ရွှေ့နေကြသလို ခြေလျင်ပြန်တဲ့လူတွေလည်း ရှိနေလို့ မြို့ပေါ်မှာ ၃ ပုံ ၁ ပုံစာလောက်ပဲ လူတွေကျန်တော့တယ်လို့ မော်ချီးဒေသခံတယောက်က ရှင်းပြပါတယ်။

    “အခြေအနေကတော့ မြို့က တိတ်ဆိတ်နေတာပဲ။ တချို့ကလည်း ပြန်ချင်နေပြီ၊ ဒါပေမဲ့ လမ်းမှာ စစ်ကြောင်းထိုးတာနဲ့ ဘာနဲ့ဆိုတော့ ပြန်လို့ကလည်း အဆင်မပြေဘူး။ တချို့ဆို ခြေလျင်ပြန်ကြတဲ့သူတောင် ရှိတယ်။ ဒီမှာက လေယာဥ်လည်း ကြောက်ရ၊ အခုလည်း တောင်တွေပြိုနေပြီ၊ ဟိုမှာ ခဲလုံးကြီးကျသွားပြီ၊ ဟာ.. လူတွေလွတ်ပါ့မလား မသိဘူး။”

    မော်ချီးဒေသခံကို ဖုန်းနဲ့ဆက်သွယ် မေးမြန်းနေတဲ့အချိန်မှာပဲ မော်ချီးက ရတနာအောင်မြေ လူနေရပ်ကွက်ထဲကို တောင်ပြိုကျလာတာပါ။

    ထိခိုက်သေဆုံးမှုတော့ မရှိပေမယ့် လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်နေတဲ့ ဒေသခံတွေဟာ သဘာဝဘေးကိုပါ သတိထားနေကြရပါတယ်။

    မြေပြိုတဲ့ ရပ်ကွက်တွေနဲ့ ဗုံးကြဲခံရလို့ ပျက်စီးသွားတဲ့ နေရာတွေမှာလည်း ပြန်လည်ထူထောင်ရေးအတွက် လူအင်အားနဲ့ စက်ယန္တရားတွေကလည်း မလုံလောက်ဖြစ်နေလို့ အကူအညီ တောင်းခံနေကြပါတယ်။

    မောရစ်

  • ထိုင်းတွင် စည်းကမ်းနှင့် မညီသည့် နိုင်ငံခြားသား ကျောင်းသား ၁၀,၀၀၀ နီးပါးကို ဗီဇာ ရုပ်သိမ်း

    ထိုင်းတွင် စည်းကမ်းနှင့် မညီသည့် နိုင်ငံခြားသား ကျောင်းသား ၁၀,၀၀၀ နီးပါးကို ဗီဇာ ရုပ်သိမ်း

    ထိုင်းနိုင်ငံမှာ ကျောင်းသားဗီဇာနဲ့ ဝင်ရောက်နေထိုင်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ်တဲ့ နိုင်ငံခြားသား ၁၀,၀၀၀ နီးပါးရဲ့ နေထိုင်ခွင့်ဗီဇာတွေကို ရုပ်သိမ်းခဲ့တယ်လို့ Matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

    ပညာသင်ကြားဖို့ ရည်ရွယ်ချက်နဲ့ နေထိုင်ခွင့်ဗီဇာ ယူထားပေမဲ့လည်း တရားမဝင် အလုပ် ဝင်ရောက်လုပ်ကိုင်နေတာတွေကို တားဆီးဖို့အတွက် သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှု အဆင့်မြင့်ပညာရေးဝန်ကြီးဌာန (MHESI) အနေနဲ့ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကို ပြီးခဲ့တဲ့ မေလက ညွှန်ကြားခဲ့တယ်။

    ဒါ့အပြင် MHESI နဲ့ လဝက ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နိုင်ငံခြားကျောင်းသားတွေရဲ့ ဗီဇာကို စစ်ဆေးဖို့ ပြည့်စုံတဲ့ အချက်အလက် ဒေတာဘေ့စ်စနစ်ကို တည်ဆောက်ခဲ့တယ်။

    အဆိုပါစနစ်နဲ့ ကာလတို (Non-degree) သင်တန်း တက်ရောက်နေတဲ့ နိုင်ငံခြားကျောင်းသူ ကျောင်းသားတွေရဲ့ ကျောင်းခေါ်ကြိမ်မှတ်တမ်းကို စစ်ဆေးကာ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီသူရဲ့ နေထိုင်ခွင့်ဗီဇာ ၁၀,၀၀၀ နီးပါးကို လူဝင်မှုကြီးကြပ်ရေးက ရုပ်သိမ်းခဲ့တာလို့ MHESI ဝန်ကြီး နန်းဆောင်ဆုဒါဝမ်း ဝမ်ဆူဖကစ်ကိုးဆွန်က ဩဂုတ် ၂၂ ရက် အစည်းအဝေးမှာ ပြောပါတယ်။

    လာမယ့် စက်တင်ဘာလထဲမှာလည်း သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်၊ ပညာသင်ကျောင်းတွေကို အစည်းအဝေးခေါ်ယူကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ နိုင်ငံခြား ကျောင်းသားတွေကို လက်ခံသင်ကြားရေး၊ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ရေး၊ တပြေးညီ ဆောင်ရွက်ရေးတွေ ရှင်းလင်းညွှန်ကြားဖို့ ရှိတယ်လို့ MHESI ဝန်ကြီးက ပြောသွားပါတယ်။

    Source: Matichon / MGRonline

  • ပုလောဆိပ်ကမ်းတွင် စစ်တပ် လက်နက်ခဲယမ်းသယ်လာသည့် စက်လှေ ပေါက်ကွဲ

    ပုလောဆိပ်ကမ်းတွင် စစ်တပ် လက်နက်ခဲယမ်းသယ်လာသည့် စက်လှေ ပေါက်ကွဲ

    တနင်္သာရီတိုင်း၊ ပုလောဆိပ်ကမ်းမှာ မြိတ်ကနေ လက်နက်ခဲယမ်း သယ်လာတဲ့ ငါးဖမ်းလှေ မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး လှေပိုင်ရှင် အပါအဝင် စစ်သားတချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    သြဂုတ် ၂၃ ရက် ညပိုင်းလောက်က ငါးဖမ်းလှေ (ဒေသခေါ် ကင်မွန်မီးထွန်းလှေ) ပေါ်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးကျည်ထမ်းရင်း မတော်တဆ လှေဝမ်းထဲပြုတ်ကျပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

    ဒေသခံတယောက်က “ကြားရတာ ၁၂၀ မမ လက်နက်ကြီးကျည်ထမ်းရင်း မတော်တဆ လှေဝမ်းထဲ ပြုတ်ကျပြီး ပေါက်ကွဲတာ။ လှေက နှစ်ပိုင်းပြတ်ပြီး နစ်မြုပ်သွားတယ်။ အဲဒီလှေက မြိတ်ကနေ ပုလော ၂၈၅ တပ်ရင်းကို လက်နက်ခဲယမ်းလာပို့တာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

    အဆိုပါပေါက်ကွဲမှုကြောင့် လှေပိုင်ရှင်သားအဖ ၂ ယောက် သေဆုံးခဲ့ပြီး စစ်တပ်က ဗိုလ်မှူးအဆင့်ရှိသူတွေ အပါအဝင် စစ်သားအများအပြား ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူတွေလည်း ရှိနေတယ်လို့ နာရေးကူညီမှုအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

    နာရေးကူညီမှုအသင်းဝင်တယောက်က “စိုးရိမ်ရပြီး ရာထူးရှိသူတွေကိုတော့ မြိတ် ၅/၁၀၀ စစ်ဆေးရုံကို ပို့တယ်လို့ ကြားရတယ်။ သူတို့ဘက်က သတင်းဖုံးထားတော့ အတိအကျတော့ မသိရဘူး” လို့ ပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ပွားတဲ့ ငါးဖမ်းစက်လှေဟာ စစ်ကောင်စီတပ်သားတွေ လက်နက်ခဲယမ်း သယ်ပို့ဖို့အတွက် ပလမြို့၊ ကျောက္ကာကျေးရွာအုပ်စု၊ သကျက်ကမ်းရွာကနေ အချောဆွဲလာတဲ့လှေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အခုလက်ရှိမှာတော့ ပလမြို့နဲ့ အနီးနားဝန်းကျင်မှာ စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က အင်အားဖြည့်တင်းတာတွေနဲ့ လက်နက်ခဲယမ်း သယ်ဆောင်တာတွေ ပြုလုပ်ဖို့အတွက် ငါးဖမ်းစက်လှေတွေကို ချောဆွဲပြီး အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  • မပခ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံး

    မပခ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံး

    မြစ်ကြီးနားတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံးပြီး ၂ ဦးဒဏ်ရာရ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ၍ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ကျော်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်က မြစ်ကြီးနာမြို့ ရမ်ပူ အပိုင်း ၁၂ ဘက်တွင် ကျရောက်ပေါက်ကွဲပြီး စာကျက်နေသည့် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံးသွားကြောင်း၊ လူကြီး ၂ ဦး ထိခိုက်သွားကြောင်း သိရှိရသည်။

    “မပခက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ပါ။ ရမ်ပူနယ်မြေ ၁၂ ဦးပိန်တံတားက ကိုနိုင်စိုး နေအိမ်ရှေ့မှာ လက် နက်ကြီးကျရောက်ပေါက်ကွဲပါတယ်။ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင်(ခ) ချစ်စုမက လက်နက်ကြီးအစမှန်ပြီးတော့ ဘယ်ဘက်ရင်အုံပွင့်သွားတယ်။ ပွဲချင်းပြီး ဆုံးတယ်။ နောက်ပြီး အသက် ၂၀ နှစ်အရွယ် မဇင်မင်းက လက်နက်ကြီးအစမှန်တယ်။ အသက် ၆၅ နှစ်အရွယ် ဒေါ်ငွေက လက်မောင်းမှာ မိုင်းစဝင်သွားပါတယ်။ လက်နက်ကြီးက လမ်းကြောင်းလွဲပြီး ကျတာလို့ ယူဆလို့ရတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များလည်း ပျက်စီးပြီး ဆိုင်ကယ်နှင့် အခြားအဖိုးတန်ပစ္စည်းများလည်း ပျက်စီးသွားခဲ့ကြောင်း၊ မြစ်ကြီးနားမြို့ပေါ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ၀ိုင်းမော်ဘက်သို့ မကြာခဏဆိုသလို ပစ်ခတ်လေ့ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။