ထိုင်းနိုင်ငံမှာ ကျောင်းသားဗီဇာနဲ့ ဝင်ရောက်နေထိုင်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ်တဲ့ နိုင်ငံခြားသား ၁၀,၀၀၀ နီးပါးရဲ့ နေထိုင်ခွင့်ဗီဇာတွေကို ရုပ်သိမ်းခဲ့တယ်လို့ Matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပညာသင်ကြားဖို့ ရည်ရွယ်ချက်နဲ့ နေထိုင်ခွင့်ဗီဇာ ယူထားပေမဲ့လည်း တရားမဝင် အလုပ် ဝင်ရောက်လုပ်ကိုင်နေတာတွေကို တားဆီးဖို့အတွက် သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှု အဆင့်မြင့်ပညာရေးဝန်ကြီးဌာန (MHESI) အနေနဲ့ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကို ပြီးခဲ့တဲ့ မေလက ညွှန်ကြားခဲ့တယ်။

ဒါ့အပြင် MHESI နဲ့ လဝက ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နိုင်ငံခြားကျောင်းသားတွေရဲ့ ဗီဇာကို စစ်ဆေးဖို့ ပြည့်စုံတဲ့ အချက်အလက် ဒေတာဘေ့စ်စနစ်ကို တည်ဆောက်ခဲ့တယ်။

အဆိုပါစနစ်နဲ့ ကာလတို (Non-degree) သင်တန်း တက်ရောက်နေတဲ့ နိုင်ငံခြားကျောင်းသူ ကျောင်းသားတွေရဲ့ ကျောင်းခေါ်ကြိမ်မှတ်တမ်းကို စစ်ဆေးကာ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီသူရဲ့ နေထိုင်ခွင့်ဗီဇာ ၁၀,၀၀၀ နီးပါးကို လူဝင်မှုကြီးကြပ်ရေးက ရုပ်သိမ်းခဲ့တာလို့ MHESI ဝန်ကြီး နန်းဆောင်ဆုဒါဝမ်း ဝမ်ဆူဖကစ်ကိုးဆွန်က ဩဂုတ် ၂၂ ရက် အစည်းအဝေးမှာ ပြောပါတယ်။

လာမယ့် စက်တင်ဘာလထဲမှာလည်း သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်၊ ပညာသင်ကျောင်းတွေကို အစည်းအဝေးခေါ်ယူကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ နိုင်ငံခြား ကျောင်းသားတွေကို လက်ခံသင်ကြားရေး၊ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ရေး၊ တပြေးညီ ဆောင်ရွက်ရေးတွေ ရှင်းလင်းညွှန်ကြားဖို့ ရှိတယ်လို့ MHESI ဝန်ကြီးက ပြောသွားပါတယ်။

Source: Matichon / MGRonline


Leave a Reply

Your email address will not be published. Required fields are marked *