Category: News

  • ကော့ကရိတ် အာရှလမ်း တိုက်ပွဲ

    ကော့ကရိတ် အာရှလမ်း တိုက်ပွဲ

    ကော့ကရိတ် အာရှလမ်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးနှင့် အရာရှိ ၄ ဦး အပါအဝင် ၄၀ ကျော် ထက်မနည်းသေဆုံး

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အာရှလမ်း တတန်ကူးရွာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးနှင့် အရာရှိ ၄ ဦး အပါအဝင် ၄၀ ကျော် ထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောကြားသည်။

    ဩဂုတ်လ ၄ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ကော့ကရိတ်မြို့နယ် အာရှလမ်း တတန်ကူးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးနှင့် အရာရှိ ၄ ဦး အပါအဝင် ၄၀ ကျော် ထက်မနည်းသေဆုံးခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးသူများလည်း ရှိကြောင်း သိရသည်။

    ထိုသို့ တိုက်ပွဲများ အတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်ဆင်ရေး ထိခိုက်ဆုံးရှုံးမှုကြောင့် တပ်မ ၅၅ နောက်တန်း ဗျူဟာ နှင့် ခမရ ၅၄၅ တပ်ရင်းမှ စစ်ဗျူဟာမှူးများ အချင်းချင်း ရန်ဖြစ် ဆဲဆိုနေကြောင်း သိရှိရသည်။

    လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်ဘက်က ကော့ကရိတ်မြို့နယ် အတွင်းရှိ ကျေးရွာအားလုံးကို KNLA စစ်ရေး မလှုပ်ရှားနိုင်ရေးအတွက် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၃၇ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ကျုံဒိုး၊ သရက်တော၊ တောင်ကြာအင်း၊ အန်ကောင်ရွာ လမ်းကြောင်းမှ ပျံသန်းလာပြီး ကျိုက်သလိုက်၊ ဘော့ဒိုင်းဘက် နှင့် အံဖလေး တဝိုက်နှင့် အာရှလမ်းရှိ တိုက်ပွဲဖြစ်ပွားနေသော နေရာများကို ဗုံးကျဲ တိုက်ခိုက်သွားကြောင်း သိရသည်။

    “ဩဂုတ် ၄ ရက်ကနေ ၁၇ ရက်အတွင်း ကော့ကရိတ် အာရှလမ်း တတန်ကူး ကျေးရွာ တိုက်ပွဲ အတွင်းမှာ စစ်ခွေးတွေဘက်က ဗိုလ်မှူး အပါအပါအဝင် အရာရှိ ၅ ကောင်လောက်သေတယ်။ ပြီးတော့ စစ်ခွေး စစ်ကြောင်း ကနေ ပျောက်ဆုံးနဲ့ သေဆုံးတာက ၄၀ ကျော်လောက်ရှိတယ်။ တပ်မ ၅၅ နောက်တန်း ဗျူဟာနဲ့ ခမရ ၅၄၅ တပ် စစ်ဗျူဟာမှူးတွေ စစ်ဆင်ရေး ဆုံရှုံးမှုကြောင့် စကားများ ပြဿနာ ဖြစ်နေတယ်လို့ သိရတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

  • မိုးကုတ်တွင် စစ်တပ်က ဗုံးကြဲသဖြင့် ​ကလေး ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

    မိုးကုတ်တွင် စစ်တပ်က ဗုံးကြဲသဖြင့် ​ကလေး ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

    မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က သြဂုတ်လအတွင်း ၄ ကြိမ်မြောက်အဖြစ် သြဂုတ် ၁၇ ရက် မနက် ၉ နာရီ‌လောက်က ထပ်မံဗုံးကြဲခဲ့တာကြောင့် ကလေးတယောက် အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မိုးကုတ်မြို့အရှေ့ပိုင်း စစ်တပ်ဗျူဟာကုန်းအနီး ပတ္တမြားငမောက်တည်းခိုခန်းနဲ့ စီးပွားရေးဘဏ်အနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာ ကလေးငယ်တယောက်နဲ့ ပြည်သူ ၂ ယောက် ထိခိုက်သေဆုံးခဲ့ပြီး ဘယ်သူတွေ ဆိုတာတော့ မသိရသေးဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။

    “ဂျက်ဖိုက်တာနဲ့ ပထမတလုံးကြဲပြီး မကြာဘူး။ နောက်ထပ် ထပ်လာကြဲသွားတာ၊ လမ်းမှာ သွားနေသူတွေ ထိသွားတယ်။ ခုက လမ်းသွားရင် ဘယ်အချိန် ကိုယ့်ခေါင်းပေါ် လေယာဥ်လာကြဲမလဲဆိုပြီး မိုးပေါ်ကြည့်သွားနေရပြီ။”

    သြဂုတ် ၁၄ ရက်ညကလည်း မိုးကုတ်မြို့ ငါးပတ်တောင်နဲ့ လင်းရောင်ခြည် ဘုန်းကြီးကျောင်းအနီးကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၂၁ ယောက် ထိခိုက် သေဆုံးခဲ့ရပါတယ်။

    စစ်ကောင်စီတပ်က မိုးကုတ်မြို့ကို သြဂုတ်လအတွင်း ဗုံး ၃ ကြိမ် ကြဲချခဲ့တာကြောင့် ပြည်သူ ၃၈ ယောက် ထိခိုက်သေဆုံးခဲ့ရပါတယ်။

    အာဏာရှင်က အာဏာရှင်ပီသစွာပဲ ရက်စက်မှုကို ဆက်လက်ပြသသွားခဲ့ပါတယ်။

    ကျွန်တော်တို့ပြည်သူတွေ ထိတ်လှန့်ခြောက်ခြားအောင် လေကြာင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီး ကျွန်တော်တို့နဲ့ မိဘပြည်သူတို့ကို အထင်လွဲ၊သွေးခွဲမှုတွေပြုလုပ်ပြီး ရက်စက်ကြမ်းကြုတ်မှုနဲ့ အနိုင်ကျင့်သတ်ဖြတ်နေမှု ကို ဆက်လက်လုပ်ဆောင်နေတာကို သတိပြုစေချင်ပါတယ်။

    ဝမ်းနည်းစိတ်မကောင်းစွာဖြင့် အံကိုကြိတ်၊ လက်သီးဆုပ်ပြီး အာဏာရှင်တစ်စု မျိုးတုံး ပျောက်ကွယ်သွားတဲ့ အထိ ဆက်လက်ကာကွယ် တိုက်ခိုက်သွားပါမယ်လို့ ကတိသစ္စာပြုပါတယ်။

  • ပန်းတနော်တွင် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရမှုဖြင့် ဖမ်းခံရသူ ၇ ဦး စစ်မှုထမ်းရန် ပို့ခံရ

    ပန်းတနော်တွင် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရမှုဖြင့် ဖမ်းခံရသူ ၇ ဦး စစ်မှုထမ်းရန် ပို့ခံရ

    ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ မြေနုကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖမ်းခံခဲ့ရတဲ့ လူငယ် ၇ ယောက် စစ်မှုထမ်းဖို့ အပို့ခံခဲ့ရတယ်လို့ အဖမ်းခံခဲ့ရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    မနုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန့်ဇင် သေနတ်နဲ့အပစ်ခံရပြီး ဆေးရုံတင်ခဲ့ရတာနဲ့ ပတ်သက်လို့ ဖမ်းခံခဲ့ရတဲ့ လူငယ် ၇ ယောက်ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဖွင့်ခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် ၁၅ အတွက် သင်တန်းကျောင်းကို ပို့ခဲ့တာလို့ ဆိုပါတယ်။

    အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူ တယောက်က “သြဂုတ် ၁၅ ရက်နေ့ကမှ အုပ်ချုပ်ရေးမှူးက အကြောင်းကြားလို့ မိသားစုတွေက သိရတာ။ တကယ် ပြစ်မှုကျူးလွန်တယ် ဆိုရင်တောင် အခုလို မလုပ်သင့်ပါဘူး။ မိသားစုနဲ့ အဆက်အသွယ်အဖြတ်ခံရပြီး အခုလို စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်းကို အခေါ်ခံရတာ။ ထောင်ဒဏ်တွေ ချမယ်ထင်ခဲ့တာ” လို့ ပြောပါတယ်။

    စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သန့်ဇင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း အင်းချောင်းက အပြန်ပိုက်တန်းကွေ့နားမှာ သေနတ်နဲ့ပစ်ခံရတာဖြစ်ပြီး နားထင်ကို ကျည်ထိမှန်ခဲ့လို့ ဆေးရုံမှာ ကုသခဲ့ရပါတယ်။

    ပစ်ခတ်ခံရပြီးနောက် တပတ်တွင်း လူငယ် ၉ ယောက် အဖမ်းခံရပြီး ၂ ယောက်ကတော့ ပြန်လွတ်လာပေမဲ့ ၇ ယောက်ကို ဆက်ဖမ်းထားခဲ့တာပါ။

    ပန်းတနော်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်သင်တန်းကျောင်း အပို့ခံရတယ်လို့ ကြားမိပါတယ်။ အားလုံးက တရားဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ပဲ ထင်တာ။ အဖမ်းခံရတဲ့သူတွေနဲ့ မိသားစုတချို့ပဲ အဆက်အသွယ်ရတာ။ အဖမ်းခံရတဲ့ သူတွေကိုလည်း တနေရာတည်း ထားတာမဟုတ်ဘူးလေ” လို့ပြောပါတယ်။

    ဘယ်စစ်မှုထမ်းသင်တန်းကျောင်းပို့တယ်ဆိုတာကို မိသားစုတွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ ချိတ်ဆက်စုံစမ်းနေပေမယ့် သြဂုတ် ၁၇ ရက်အထိ စုံစမ်းမရ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

    မြေနုကျွန်းကျေးရွာ အုပ်စုချုပ်ရေးမှူးသန့်ဇင်ဟာ စစ်မှုထမ်းကိစ္စတွေမှာ ငွေညှစ်တာ၊ ဖိအားပေး စစ်မှုထမ်းခိုင်းတာ၊ ဧည့်စာရင်းကိစ္စနဲ့ငွေညှစ်တာ၊ ဆိုင်ကယ်ကိစ္စနဲ့ ငွေညှစ်တာ၊ NLD ပါတီဝင်တွေကို ဖမ်းခိုင်းတာ စတာတွေလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

  • AA က တပ်မဆုတ်တော့ဘဲ အပြင်းအထန်ခုခံတိုက်ခိုက်နေ

    ကျောက်ဖြူရှိ နေရာ ၇ ခုထက်မနည်းတွင် တိုက်ပွဲပြင်းထန်နေပြီး AA က တပ်မဆုတ်တော့ဘဲ အပြင်းအထန်ခုခံတိုက်ခိုက်နေ


    ‎ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ နေရာ ခုနစ်ခုထက်မနည်းတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခ တပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    ‎ယနေ့ ဩဂုတ် ၁၇ရက်နေ့တွင် ကျောက်ဖြူရှိ လိပ်ခမော်ရွာသစ်၊ ပြင်ရှည်၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ ပျားတဲ၊ သပြုတောင်၊ ကပ်သပြေ၊ ရှောက်ချောင်း၊ စည်မော်တို့၌ တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎”အင်အားအများကြီးသုံးပြီး စစ်တပ်ကစစ်ကြောင်းထိုးနေတယ်။ တစ်ပတ်လောက်တော့ရှိပြီ။ AA ကနောက်မဆုတ်တော့ဘဲ ပြန်တိုက်နေတာ” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ‎စစ်ကော်မရှင်သည် AA ရှိရာနေရာများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

    ‎ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း စစ်ကော်မရှင်တပ်များသည် လိပ်ခမော်ရွာသစ်နှင့် လိပ်ခမော်ရွာဟောင်းတို့ကို အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးဝင်ရောက်ကာ ရွာကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

    ထို့ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများမှာ AAက နောက်ဆုတ်ပေးခဲ့သည့် ကျေးရွာများဖြစ်ပြီး စစ်ကော်မရှင်က ဝင်ရောက်ချိန်တွင် ဖျက်ဆီးမှုများပါ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အာရက္ခတပ် (AA) သည် ‎ယနေ့ ဩဂုတ် ၁၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြန်လည်ခုခံတိုက်ခိုက်မှုများ ပြုလုပ်လာသည့် အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

    ပုံစာ-AA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်

  • မော်ချီးကို ဗုံးကြဲသဖြင့် ဆေးရုံပျက်စီးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရ

    မော်ချီးကို ဗုံးကြဲသဖြင့် ဆေးရုံပျက်စီးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရ

    ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက် ဒဏ်ရာရပြီး ဆေးရုံနဲ့ ဝန်ထမ်းအိမ်ရာ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    သြဂုတ် ၁၇ ရက် ဒီမနက် ၇ နာရီ မိနစ် ၅၀ မှာ ဗုံးကြဲခဲ့တာဖြစ်ပြီး ‌တိုက်ပွဲမရှိဘဲ လာကြဲတာလို့ ဆိုပါတယ်။

    ဒေသခံအမျိုးသားတယောက်က “ကင်းထောက် ၂ ခေါက်လာတယ်။ ကင်းထောက်လာပြီး နည်းနည်းကြာတော့ ဂျက်ဖိုက်တာ ရောက်လာတာ။ အနိမ့်လေးဆင်းလာတာ အိမ်တွေပါတုန်တယ်။ မနက်အစောကတည်းကပတ်ဝဲနေတာ၊ ၃ ခေါက်မြောက်မှာကြဲတာ” လို့ပြောပါတယ်။

    မော်ချီးဒေသကို စစ်တပ်က ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းကနေ ဗုံး ၈ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၉ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့ မနက် ၉ နာရီကျော်မှာလည်း ဖားဆောင်းမြို့နဲ့ ခဲမဖြူရွာတဝိုက်ကို Y 12 လေယာဉ်နဲ့ ဗုံး အလုံး ၅၀ ကြဲချခဲ့လို့ စာသင်ကြားနေတဲ့ ကလေးငယ် ၃ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။

    စစ်တပ်ဟာ ကရင်နီပြည်နယ်က မော်ချီး၊ ဖားဆောင်းနဲ့ ဒီးမော့ဆိုအနောက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို သြဂုတ်လထဲမှာ ဆက်တိုက်ပြုလုပ်နေပါတယ်။

    ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယနေ့ ဒုတိယအကြိမ် စစ်တပ်က​ လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံး

    ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယနေ့မွန်းလွဲပိုင်း ဒုတိယအကြိမ်အဖြစ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်နေသူ ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ ၁၆ ကုန်းသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိသူလည်း များပြားကြောင်း သိရှိရသည်။

    ” ၁၆ ကုန်းကို ဗုံးကျဲတာက ကလေးလေးတွေ ၅ ယောက်တောင်ပါတယ်လောလောဆယ်သိထားတာကမူကြိုကျောင်း နားကျတာတဲ့။ စုစုပေါင်း သေဆုံးသူကတော့ ၁၇ ဦးရှိပါတယ်။ ပျောက်ဆုံးသူတွေလည်းရှိပါတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ နံနက်ပိုင်းကလည်း ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံပျက်စီးသွားကြောင်း ဒေသခံပြည်သူများက ပြောကြားသည်။

    ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါ လိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးနှင့် လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပြီး ဆေးရုံမှာ လုံးဝပျက်စီးသွားကြောင်း သိရ သည်။

    “လေယာဉ်နဲ့ နှစ်ရက်ဆက်တိုက် ပျံဝဲနေတာ။ အဲလိုဆိုတော့ ပြည်သူတွေက သတိနဲ့ နေနေကြတော့ အထိခိုက်အနည်သွားတာဖြစ်ပါတယ်။ ၂ ရက်ဆက်တိုက် ပျံဝဲပြီး ဒီနေ့မနက် ၈ နာရီခွဲလောက်ကမှ ကျဲသွားတာ၊ ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ ဆေးရုံက တော့ တော်တော် ပျက်စီးသွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။

    ဓာတ်ပုံ- Nge Lay Facebook