ထိုင်း-မြန်မာနယ်စပ်မှ ဝင်လာသော ကုန်ကားများကို မဖမ်းဘဲ လာဘ်ငွေယူ လွှတ်ပေးမှုဖြင့် ရတခ ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း၊ အကောက်ခွန်ညွှန်မှူး စိုးညွန့်အောင် အပါအဝင် ဌာနဆိုင်ရာ အရာရှိ ၁၅ ဦးတို့ကို စိုးဝင်းအမိန့်ဖြင့် ဖမ်းဆီးစစ်ဆေး
Category: News
-

မြန်မာပလာဇာတွင် အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီးသေဆုံး
ရန်ကုန်မြို့ရှိ နာမည်ကြီးဈေးဝယ်စင်တာတစ်ခုဖြစ်သော မြန်မာပလာဇာမှ ကားပါကင်တွင် အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီးသေဆုံးသွားသည်။
အသက် ၅၉ နှစ်အရွယ် အမျိုးသမီးသူသည်သြဂုတ် ၅ ရက်၊ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မြန်မာပလာဇာကားပါကင်၌ ဓားဒဏ်ရာများဖြင့်သေဆုံးနေခြင်းဟုကာယကံရှင်၏ဆွေမျိုးတစ်ဦးကလူမူကွန်ရက်တွင်ရေးသားထားသည်။
အမျိုးသားနှစ်ဦးက ဓားဖြင့်လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ပြီး သွေးထွက်လွန်ကာဆေးရုံမရောက်ခင် လမ်းတွင်ကွယ်လွန်သွားကြောင်းရေးသားထားသည်။
“ညနေက ကျမတို့ ဈေးဝယ်နေတုန်း သတင်းသဲ့သဲ့ကြားတယ်။ ပြန်မယ်လုပ်တော့ ကားတွေချက်ချင်းပေးမထွက်ဘူး။ ရဲတွေလည်း တွေ့တယ်”ဟု မြန်မာပလာဇာအနီး၌နေထိုင်သူတစ်ဦးကပြောသည်။
အင်းလျားကန်ဘောင်အနီးရှိ မြန်မာပလာဇာသည် လူစည်ကားသည့် ဈေးဝယ်စင်တာဖြစ်သည်။
၂၀၂၁ ခုနှစ်က စစ်ကောင်စီအာဏာသိမ်းစဉ် ဆန္ဒပြသူများကို ပလာဇာမှ ဝန်ထမ်းအချို့က ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့၍ လူထုက ထိုစင်တာသို့မသွားဘဲသပိတ်မှောက်ခဲ့သည်။
သို့သော် ၂၀၂၂ ခုနှစ်မှ၍ ဈေးဝယ်သူများပြန်လည်စည်ကားခဲ့သည်။
ယခု လူသတ်မှုနှင့်ပတ်သက်၍ မြန်မာပလာဇာဘက်ကသတင်းမထုတ်ပြန်သေးပေ။
စစ်တပ်အာဏာသိမ်းမှုဂယက်ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊စီးပွားရေးလုပ်ငန်းများ ရပ်တန့်သွားခြင်း၊ အလုပ်လက်မဲ့လူဦးရေများပြားလာခြင်း၊ မူးယစ်ဆေးဝါးများပေါများလာခြင်း၊ စစ်တပ်ကလူမိုက်များကိုပျူစေားထီး ၊သတင်းပေးအဖြစ်မွေးထားခြင်းစသည်တို့ကြောင့် ရန်ကုန်မြို့တွင်လုယက်မှုများ၊ရာဇဝတ်မှုများပိုများလာပြီး နေ့စဉ်လူနေမှုဘဝတွင် မလုံခြုံတော့ကြောင်း ရန်ကုန်မြို့ခံများကပြောသည်။
-

ဆိုက်ဘာဥပဒေကြောင့် မန္တလေးတွင် ဖုန်းစစ်ဆေးမှု ပြန်လုပ်
ဆိုက်ဘာလုံခြုံရေးဥပဒေ အာဏာတည်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဇူလိုင်လ ၃၀ ရက်တွင် လက်မှတ်ထိုး ထုတ်ပြန်ပြီးနောက် မန္တလေးမြို့၌ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များ၊ ယာဉ်စစ်ပူးပေါင်းအဖွဲ့များသည် လမ်းသွား လမ်းလာလူငယ်၊ လူရွယ်များ၏ ဖုန်းများကို စစ်ဆေးခြင်းများ ပြုလုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကား၊ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်ဆုံးခြင်း ရှိ မရှိအပြင် ဖုန်းအတွင်း၌ Facebook၊ Gmail အကောင့်များ သုံးစွဲမှု ရှိ မရှိ၊ VPN ဆော့ဖ််ဝဲလ် အသုံးပြုခြင်း ရှိ မရှိကို အဓိကထား၍ စစ်ဆေးကြောင်း သိရသည်။
“အဲဒီနေ့က အရင်လိုပဲ လိုင်စင်စစ်မယ်ထင်ပြီး ဆိုင်ကယ် ရပ်ပေးလိုက်တာ၊ အားလုံး ပြည့်စုံတော့ ဖုန်းစစ်မယ် ပြဆိုတော့ ပေးလိုက်တာမှာ VPN တို့ Facebook တို့ မတွေ့တော့ မင်း မသုံးဘူးဆိုတာတော့ မဖြစ်နိုင်ဘူး၊ ဖျက်လာတာလားဆိုပြီး ရစ် တော့တာပဲ၊ ပြီးတော့ ဓာတ်ပုံအယ်လ်ဘမ်ထဲက ပုံတွေ ဗွီဒီယိုတွေကအစ အကုန်စစ်တာ၊ အဲဒီလိုစစ်တာက ပြည်သူ့စစ်ယူနီ ဖောင်းဝတ်ထားတဲ့ ကျနော်နဲ့ မတိမ်းမယိမ်းအရွယ်တွေဗျ”ဟု မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူ အသက် ၂၅ နှစ်ဝန်းကျင် လူငယ်တဦးက ပြောသည်။
ဆိုက်ဘာလုံခြုံရေးဥပဒေကို ၂၀၂၅ ဇန်နဝါရီ ၁ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ခွင့်ပြုချက် မရှိဘဲ VPN တည်ထောင်ခြင်းနှင့် အွန်လိုင်းလောင်းကစား ပြုလုပ်လျှင် ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်နိုင်သည့်အချက်များ ပါဝင်သည်။
ထို့ပြင် ဆိုက်ဘာလုံခြုံရေးဥပဒေတွင် ပြည်တွင်း၌ ဖြစ်စေ၊ တည်ဆဲဥပဒေ တရပ်ရပ်အရ မှတ်ပုံတင်ထားသည့် ရေယာဉ် (သို့မဟုတ်) လေယာဉ်တခုခုပေါ်တွင် ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများ၊ အမျိုးသား ဆိုက်ဘာနယ်ပယ်အတွင်း၌ ဖြစ်စေ၊ အမျိုးသားဆိုက်ဘာနယ်ပယ်နှင့် ချိတ်ဆက်နေသော အခြားဆိုက်ဘာနယ်ပယ်တခုခု၌ ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများနှင့် ပြည်ပရောက်မြန်မာနိုင်ငံသားက ကျူးလွန်လျှင်လည်း စီရင်ပိုင်ခွင့် ရှိစေရမည်ဟု ပြဋ္ဌာန်းထားသည်။
ပြစ်မှု၊ပြစ်ဒဏ်များအနေဖြင့် ဝန်ကြီးဌာန၏ ခွင့်ပြုချက်၊လိုင်စင် ရယူခြင်းမရှိဘဲ VPN ထူထောင်ခြင်း (သို့မဟုတ်) VPN ဝန်ဆောင်မှုများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ပါက အနည်ဆုံး တလ မှ အများဆုံး ၆ လထိ ထောင်ဒဏ်၊ ကျပ် ၁၀ သိန်း မှ ကျပ်သိန်း ၁၀၀ ထက် မပိုသော ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည့်အပြင် အမှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်၊ ကုမ္ပဏီ(သို့မဟုတ်)အဖွဲ့အစည်းဖြစ်ပါက ကျပ်သိန်းတရာအောက် မနည်းသည့် ငွေဒဏ်ချမှတ်ရမည့်အပြင် အမှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဟု ပါရှိသည်။

ထို့ပြင် နိုင်ငံအတွင်း အသုံးပြုသူ တသိန်းနှင့်အထက်ရှိသော ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ သည် မှတ်ပုံတင်ခြင်းမရှိဘဲ ဆောင်ရွက်လျှင် အနည်းဆုံး ကျပ်သိန်းတထောင်အောက် မလျော့သည့် ငွေဒဏ်အပြင် အမှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်နှင့် ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစား စနစ် တည်ဆောက်ပါက အနည်ဆုံး ၆ လ မှ အများဆုံး တနှစ်ထိ ထောင်ဒဏ်၊ ကျပ် ၅၀ သိန်းမှ ကျပ်သိန်း ၂၀၀ ထက် မပိုသော ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည့်အပြင် အမှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် ပြဋ္ဌာန်းထားသည်။
ဧည့်စာရင်းစစ်ဆေးရာတွင်လည်း ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ် PSMS(Person Scrutinization and Monitoring System) ဖြင့် တိုက်၍ စစ်ဆေးခြင်းများ ပြုလုပ်လာရာ ဩဂုတ် ၂ ရက် ညပိုင်းက အမျိုးသမီးတဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
PSMS သည် တရုတ်နည်းပညာကုမ္ပဏီတခု၏ အကူအညီဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကာ စစ်ဆေးရေး ဂိတ်များ၊ ဟိုတယ်၊ တည်းခိုခန်း၊ ကားလက်မှတ်၊ လေယာဉ်လက်မှတ်ဝယ်ယူမှု စသော မှတ်ပုံတင် အသုံးပြုရသောနေရာများတွင် မှတ်ပုံတင်နံပါတ် ရိုက်ထည့်လိုက်ပါက ပြစ်မှုကျူးလွန်ထားခြင်း ရှိ မရှိ သိရှိနိုင်သည့် ဒစ်ဂျစ်တယ် စောင့်ကြည့်ရေး နည်းပညာတခုဖြစ်ကြောင်း သိရသည်။
“အဲဒီ အမျိုးသမီးက အသက် ၂၀ ကျော်အရွယ်ပါ၊ အရင်က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်လို့တော့ သိရတယ်၊ ချမ်းမြသာစည် မြို့နယ်ထဲက ဟိုတယ်တခုမှာ တည်းနေတဲ့အချိန် ဧည့်စာရင်းနဲ့ PSMSနဲ့ တိုက်စစ်ပြီး ဖမ်းသွားတာ၊ ဟိုတယ်က ပို့တဲ့ ဧည့်စာရင်းအရ ညပိုင်းဝင်ဆွဲသွားတာ၊ အခုတော့ စစ်ကြောရေးရောက်နေတယ်လို့တော့ သိရတယ်၊ သူ့ကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ အမှုဖွင့်ခံထားရတာလို့တော့ သိရတယ်”ဟု ဒေသခံ တဦးက ပြောသည်။
လက်ရှိတွင် မြို့ဝင်စစ်ဆေးဂိတ်များ၌ မှတ်ပုံတင်နံပါတ်များအား PSMS ဖြင့် တိုက်၍ စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသလို ဈေးချိုတော်၊ ရတနာပုံဈေး၊ ကျုံးပတ်လည်၊ မင်္ဂလာ မန္တလေး၊ Convention Center စသည့် အရေးကြီးနေရာများတွင် ပြည်သူ့စစ်အမည်ခံ ပျူစောထီးများနှင့်အတူ အရပ်ဝတ် စစ်သားများ ချထားသလို CCTV များကိုလည်း နေရာအများစု ထပ်တိုး တပ်ဆင်ထားကြောင်း သိရသည်။
-

မိုးကုတ်ကို စစ်တပ်ဗုံးထပ်ကြဲလို့ သေဆုံးသူ ၁၀ ဦးကျော်ထိတိုးလာ
မန္တလေးတိုင်း၊မိုးကုတ်မြို့ကိုစစ်တပ်ကဒီမနက် လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့တာကြောင့်ကလေးငယ်အချို့ အပါအဝင် သေဆုံးသူ ၁၃ဦးထိရှိလာပြီလို့ ဒေသခံအချို့ကပြောပါတယ်။
သြဂုတ် ၂ ရက်မနက်၈ နာရီ၂၂မိနစ်ခန့်ကမိုးကုတ်မြို့အနောက်ပိုင်း ၊ဂေါင်းဦးဘာရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ဂေါင်းဦးဘာရပ်ကွက်ဟာ အရမ်းမကြီးသလို လူစည်ကားတဲ့ရပ်ကွက်လည်းမဟုတ်ဘူးလို့ဒေသခံအချို့ကပြောပါတယ်။
“သေတာက ၁၃ဦးပါ။ထိခိုက်တာကမသိရသေးပါဘူး။ ခလေးကောလူကြီးကောအကုန်လုံး၁၃”လို့ဒေသခံတဦးကပြောပါတယ် ။
အခြားဒေသခံတဦးကလည်း “ကားကို ထိသွားတာပါ။ ၇ဦး သေဆုံးတယ်လို့ ကြားတယ်။ သွားကြည့်လို့က မရဘူး။ မိုးကလည်းသည်း၊ လေယာဉ်ကလည်း ထပ်ဝဲနေလို့”လို့ပြောပါတယ်။
ကားပေါ်ကပြည်သူတွေအပြင် ဗုံးကြဲခံရတဲ့အနားကနေအိမ်ကပြည်သူတွေအများစုသေဆုံးထိခိုက်ခဲ့တာလို ဒေသခံအချို့ကပြောပါတယ် ။ဒဏ်ရာရသူအရေအတွက်ကိုတော့ မသိရသေးပါဘူး။
စစ်တပ်က မိုးကုတ်မြို့ကို ဗုံးမကြာခဏကြဲတာကြောင့် ဒေသခံတွေ ဗုံးခိုကျင်းတူးထားပေမယ့် လေယာဥ်လာသံမကြားရပဲ ဗုံးကြဲမှသာသိကြတာလို့ဒေသခံတွေကပြောပါတယ်။ ဒါအပြင် ဒီကနေ့ မနက် ဗုံးကြဲခံရချိန်မှာ မိုးရွာနေတယ်လို့လည်းသိရပါတယ် ။
“ဗုံးခိုကျင်းတွေအများကြီးလုပ်ထားကြတာ။အခုက လေယာဥ်သံကမကြားရဘူး။လာကျဲတိုင်းအုံးဆိုမှသိရတာ”လို့ဒေသခံတဦးကပြောပါတယ် ။
ဒေသခံအမျိုးသမီးတဦးကလည်း”ညကတစ်ညလုံးလေကြောင်းကနေဝဲနေလို့ သတိထားနေကြတဲ့ ကြားကနေ အခုမနက် ဗုံးကြဲတာပါ”လို့ ပြောပါတယ်။
စစ်ကောင်စီမိုးကုတ်မြို့ကိုပြီးခဲ့တဲ့ဇူလိုင် ၂၉ ရက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၆ ဦးသေဆုံးပြီး ၂ ဦးပျောက်ဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီဖြစ်စဥ်တွေမတိုင်ခင်ကလည်းဇူလိုင်လအတွင်း စစ်တပ်ကမိုးကုတ်မြို့ကိုဗုံးလေးကြိမ်ကြဲခဲ့လို့ ကလေးငယ်၂ ဦးအပါအဝင်ပြည်သူ ၆ ဦးသေဆုံးပြီး ၂၅ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားပါတယ်။
TNLA နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက နောင်ချိုဘက်ကနေ စစ်ကြောင်းထိုးဖို့လည်း ကြိုးစားနေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ် ။ TNLA ကလည်း မိုးရာသီ လမ်းတွေပြင်ဖို့အတွက် မိုးကုတ်နဲ့ ဆက်သွယ်ထားတဲ့လမ်းပိုင်းတွေကို ယာယီပိတ်ထားပါတယ် ။
TNLA ဦးဆောင်ပြီး မန္တလေး PDF ၊ မိုးကုတ်ဗျူဟာ အပါအဝင် တော်လှန်ရေးတပ်တွေက ၁၀၂၇ ဒုတိယပိုင်းမှာ မိုးကုတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ် ။
စစ်ကောင်စီဟာ၂၀၂၅ ခုနှစ် ဇွန်၊ ဇူလိုင်လအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးကုတ် မြို့များရှိနေအိမ်၊ ဈေး၊ စာသင်ကျောင်း၊ ဟိုတယ်၊ တည်းခိုခန်း စတဲ့ပြည်သူလူထု နေထိုင်သွားလာလှုပ်ရှားရာ နေရာတွေကို ဦးတည်ပြီး တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အင်အားပြင်းဗုံးတွေသုံးပြီး နေ့စဉ်ရက်ဆက် ကြဲချနေတယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။ အဲဒီလိုစစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ လုပ်ရပ်ဆိုးတွေကို အမြန်ဆုံး ရပ်တန့်ပေးဖို့အတွက် ကူညီဆောင်ရွက်ပေးကြဖို့ ကုလသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာကို TNLA က တိုက်တွန်းထားပါတယ် ။
(မိုးကုတ်မြို့ကို သြဂုတ် ၂ ရက်မနက်ပိုင်းစစ်တပ် ဗုံးကြဲပြီးနောက်မြင်ကွင်း။ ရုပ်သံ-Nay Min Kha)

