Category: News

  • ပဲခူးတိုင်းစစ်ဆင်ရေးကြောင့် ရန်ကုန်-မန္တလေး ရထားလမ်း ရပ်ဆိုင်းလုနီးဖြစ်ခဲ့

    ပဲခူးတိုင်းစစ်ဆင်ရေးကြောင့် ရန်ကုန်-မန္တလေး ရထားလမ်း ရပ်ဆိုင်းလုနီးဖြစ်ခဲ့

    ပဲခူးတိုင်းအရှေ့ပိုင်း၊ တောကျွဲအင်းမြို့တွင် စစ်တပ် အခြေစိုက်နေရာများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ နံနက်က တိုက်ခိုက်ခံရပြီးနောက် လေကြောင်းဗုံးကြဲမှုကြောင့် ရန်ကုန်-မန္တလေး ရထားလမ်း ပျက်စီးခဲ့သဖြင့် ခရီးစဉ်များ ဖျက်သိမ်းခဲ့ရပြီး ယမန်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

    ဇန်နဝါရီလ ၈ ရက်နေ့ညက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များက ဦးဆောင်ကာ အောင်မြင်စစ်ဆင်ရေးအမည်ဖြင့် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ (အောင်မြင်မြို့) ၊ အုတ်တွင်းမြို့နယ် ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေးရွာရှိ စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ် သာယာကုန်းမြို့၊ မီးရထားလမ်းတံတားရှိ စစ်တပ် ကင်းစခန်း အပါအဝင် စစ်တပ် စခန်း ၁၄ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

    တောကျွဲအင်းဘူတာအနီး တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲခဲ့၍ ရထားလမ်းနှစ်ခုဝန်းကျင်၌ ဗုံးကျရောက် ပေါက်ကွဲကာ ရထားလမ်းအချို့ ပျက်စီးခဲ့ကြောင်း တော်လှန်ရေးနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦး က ပြောသည်။

    တောကျွဲအင်းဘူတာအနီး ပျက်စီးသွားသော ရထားသံလမ်း။ (ဓာတ်ပုံ-ပေးပို့)

    “ကြဲတာကတော့ ငါးလုံး ကြဲတာပေါ့။ ကျန်တဲ့ သုံးလုံးကတော့ ရွာတွေထဲကို ကြဲတာ။ နှစ်လုံးကတော့ ရထားလမ်းပေါ်ကိုကျပြီး ပျက်စီးသွားတာ” ဟု ၎င်းက ဆိုသည်။

    တောကျွဲအင်းမြို့ရှိ စစ်ကော်မရှင်၏ အုပ်ချုပ်ရေးအဆောက်အအုံများ၊ ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် နယ်မြေရဲစခန်းတို့ကို မီးရှို့ခဲ့ပြီး မြို့ကိုလည်း ခေတ္တခဏ ထိန်းချုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဘက်က ထုတ်ပြန်ထားသည်။

    တောကျွဲအင်းမြို့ နယ်မြေရဲစခန်းတွင် ချုပ်နှောင်ထားသော ပြည်သူ ရှစ်ဦးကို စိစစ်၍ လွှတ်ပေးခဲ့ကြောင်း သိရသည်။

    တောကျွဲအင်းမြို့ရှိ အစိုးရအဆောက်အအုံများကို တိုက်ခိုက်နေစဉ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု များပြုလုပ်ခဲ့ခြင်းဖြစ်ရာ ရန်ကုန်-မန္တလေးရထားသံလမ်း ပျက်စီးမှုကြောင့် ဇန်နဝါရီလ ၉ရက် နှင့် ၁၀ ရက်နေ့ တို့တွင် ရထားခရီးစဉ်များ ဖျက်သိမ်းခဲ့ရပြီး ယမန်နေ့မှစတင်ကာ ပုံမှန်ပြန်ဆွဲနေကြောင်း ရန်ကုန်နှင့် နေပြည်တော်ဘူတာတို့မှ စုံစမ်းသိရှိရသည်။

    ရန်ကုန်- နေပြည်တော်- မန္တလေး အမှတ် (၃၁) အဆန် DEMU ရထားနှင့် ရန်ကုန်-မန္တလေး အမှတ်(၁၁) အဆန် ရထားနှစ်စီးလုံး၏ ခရီးစဉ်များကို လုံခြုံရေးအခြေအနေအရ ပြေးဆွဲမှုယာယီရပ်နားခဲ့ကြောင်း စစ်တပ်ဝါဒဖြန့်မီဒီယာအချို့တွင် ယနေ့ ဖော်ပြထားကြသည်။ အဆိုပါခရီးစဉ်မှ ကြိုတင်လက်မှတ် ဝယ်ယူထားသူများကိုလည်း လက်မှတ်ခငွေများ ပြန်လည် ထုတ်ပေးခဲ့ကြောင်း ပါရှိသည်။

    ဇန်နဝါရီလ ၉ ရက်နေ့က အောင်မြင်စစ်ဆင်ရေးအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၅၀ဦးထက်မနည်း သေဆုံး ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာနကလည်း ညပိုင်းတွင် ထုတ်ပြန်ထားသည်။

    အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) မှ အမှတ်(၃၅၀၂) တပ်ရင်း၊ ဗျူဟာ(၂၄) မှ အာဠာဝက၊ ဒေါင်းဖြူ၊ နဂါးနီ စသော PDF တပ်ရင်းများ၊ ဗျူဟာ(၂၅)မှ အမှတ်(၃၇၀၂) တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ(၂၆) ပူးပါင်းတပ်ဖွဲ့ နှင့် အုတ်တွင်းမြို့နယ်ပကဖ၊ ဖြူးမြို့နယ်ပကဖ တို့ အောင်မြင်စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၉) တပ်ရင်းက ပူးပေါင်းပါဝင်ခဲ့သည်ဟု သိရသည်။

    ပဲနွယ်ကုန်းမြို့နယ် တိုက်ခိုက်မှုမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ-အမှတ် (၂) စစ်ဆင်ရေးနယ်မြေ )

    ယင်းနေ့ နေ့လယ်တွင် PDF တပ်များက တောကျွဲအင်းမြို့ပေါ်မှ ပြန်ဆုတ်သွားသော်လည်း တိုက်ပွဲအရှိန်ကြောင့် လေကြောင်းရန် စိုးရိမ်ကာ ဒေသခံ ပြည်သူများလည်း ယနေ့အထိ တိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရှိရသည်။

    မြို့ပေါ်တွင်အိမ်စောင့်အချို့သာ ထားရှိပြီး၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို ဘေးလွတ်ကင်းရာ ပြောင်းရွှေ့ထားပြီး တိုက်ပွဲများ ဆက်မရှိတော့သော်လည်း လေကြောင်းတိုက်ခိုက်မှုကို ကြောက်နေ၍ နေအိမ်သို့ မပြန်ရဲသေးကြောင်း တောကျွဲအင်းမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    လက်ရှိတွင် တောကျွဲအင်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားသော်လည်း မြို့ထဲတွင် ပုံမှန်အတိုင်း လည်ပတ်နိုင်ခြင်းမရှိသေးဘဲ စားသောက်ကုန်ဈေးဆိုင်အချို့သာ ဖွင့်လှစ်ထားပြီး မြို့ထဲတွင် နယ်မြေ ရှင်းလင်းရေးလုပ်နေသည့် စစ်သားများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။

    “ တိုက်ပွဲနဲ့ ပတ်သက်ပြီး မေးတာတောင် ရင်ထဲတော်တော်မကောင်းဘူး။ ကြောက်နေတာ၊ ကလေးတွေ ကြောင့်သာ ကိုယ်က အားတင်းထားရတာ။ အိမ်ကိုတော့ ဒီအတိုင်းထားခဲ့ရတာ။ အိမ်ကိုက မပြန်ရဲသေးဘူး။ ပြန်လည်းခဏပဲ၊ မိနစ်ပိုင်းလေး၊ ကိုယ်လိုအပ်တာ ပြန်ယူပြီး ပြန်ထွက်လာတာပေါ့။ လေကြောင်းကို ကြောက်နေရတာ”ဟု ယင်းအမျိုးသမီးက ပြောသည်။

    ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ကြိမ်ခါးကုန်းကျေးရွာအနီး စစ်တပ်က ယနေ့ စစ်ကြောင်း ထိုးလာသည့်အတွက် အမှတ်(၃၇၀၂) တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ အမှတ်(၃၇၀၃) တပ်ရင်း၊ တော်ဝင်ဒေါင်းတပ်ရင်းတို့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးအပါအဝင် ၂၀ ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက် ဒဏ်ရာရရှိကာ စစ်ကြောင်းက ပြန်ဆုတ်သွားကြောင်း အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ထံက သိရသည်။

    စစ်ကော်မရှင်တပ်၏ လက်နက်များ၊ ခဲယမ်းများနှင့်အခြားစစ်သုံးပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် နှစ်ဦးကျဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာ ရခဲ့သည်။

    “နံနက်ကတည်းက ပဲနွယ်ကုန်းဘက်မှာ လက်နက်သံတွေကြားတယ်၊ လမ်းဟောင်းနဲ့နီးတော့ ခရီးသွား တွေလည်း ရပ်ပြီး အခြေနေကြည့်နေတာမျိုးတွေတော့ တွေ့တယ်” ဟု ပဲနွယ်ကုန်းအနီးသို့ရောက်ရှိခဲ့သည့် တောင်ငူဒေသခံတစ်ဦးက ဆိုသည်။

    ရွေးကောက်ပွဲနေ့ တိုက်ခိုက်မှု

    ဇန်ဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီတွင် ရန်ကုန်- မန္တလေးကားလမ်းဟောင်းပေါ်ရှိ ဖြူးမြို့ မြောက်ဘက် နှစ်မိုင်ခွဲအကွာ ဆားဂွန်းကျေးရွာ စစ်တပ်အထိုင်စခန်းကို PDF အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။

    ဖြူးမြို့နယ်၊ အုတ်တွင်းနှင့် ကျောက်တံခါးမြို့နယ်သည် ရွေးကောက်ပွဲ အပိုင်း(၃) တွင်ပါဝင်ကာ

    ကျောက်တံတား ၁၀ စု၊ ဖြူး ၄၃ စု၊ အုတ်တွင်းမြို့နယ်တွင် ကျွဲပွဲမြို့ပေါ် အမှတ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ခြောက်အုပ်စု ရွေးကောက်ပွဲ မလုပ်နိုင်ပေ။

    ရွေးကောက်ပွဲ အပိုင်း(၂) လုပ်နေသည့် ထန်းတပင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းများကို ဇန်နဝါရီလ ၁၀ ရက်နေ့ညနှင့် ၁၁ ရက်နေ့ နံနက်တို့တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဦး သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူ ငါးဦးရရှိခဲ့ကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် တောင်ငူခရိုင်၊ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ အမှတ်(၃၅၀၂)တပ်ရင်းမှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

    ပဲနွယ်ကုန်းမြို့နယ် တိုက်ခိုက်မှုမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ-အမှတ် (၂) စစ်ဆင်ရေးနယ်မြေ )

    “သူတို့ရွေးကောက်ပွဲလုပ်ဖို့ လုံခြုံရေးချထားတယ်လို့ သတင်းရတယ်။ ၁၀ ရက်နေ့ ည ၈ နာရီလောက်က ထွေအုပ်ရုံးကို တိုက်ခိုက်တယ်ပေါ့။ ညတိုက်ပြီး ၁၁ ရက်နေ့ နံနက်ခင်းမှာ ထွေအုပ်ရုံးနဲ့ မြို့တော်ခန်းမကို ထပ်ပြီးတော့ နှစ်ကြိမ်ဆက်ကြဲတယ်။ ရဲစခန်းကို တစ်ကြိမ်”

    “ ၁၁ ရက်နေ့မှာ သုံးကြိမ်နဲ့ ၁၀ရက်နေ့မှာ တစ်ကြိမ်ဆိုတော့ စုစုပေါင်း လေးကြိမ်သူတို့ကို တိုက်ခိုက်ခဲ့တယ်။ ဒရုန်းနဲပဲပေါ့” ဟု ပြန်ကြားရေး တာဝန်ရှိသူ အမျိုးသမီးက ပြောသည်။

    ဇန်နဝါရီလ ၁၁ရက်နေ့ နံနက်ပိုင်း ၇ နာရီခွဲ၊ ၈ နာရီ ၊ ၁၁နာရီ စသည့်အချိန်တို့တွင် တိုက်ခိုက်မှု သုံးကြိမ်တွင် ခရိုင်အုပ်ချုပ်ရေးရုံးမှ ဒုလက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးသေဆုံးပြီး ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိသူ ငါးဦးရှိကြောင်း ၎င်းက မြေပြင်သတင်းရင်းမြစ်များကို ကိုးကား၍ ပြောဆိုသည်။

    လက်ရှိတွင် တိုက်ပွဲများဖြစ်ထားပြီး စစ်ရေးတင်းမာနေသောကြောင့် ဖြူးနှင့် ထန်းတပင်ဒေသခံများ သည် တောင်ငူ မြို့ပေါ်နှင့် ဘုန်းကြီးကျောင်းအချို့တွင် တိမ်းရှောင်နေကြရကြောင်း တောင်ငူဒေသခံ အမျိုးသားတစ်ဦး ဆိုသည်။

    “ရထားလမ်းနဲ့ ထိစပ်နေတဲ့ မြို့နဲ့အနီးဆုံးက ရွာတွေကတော့ စစ်တောင်းမြစ်ဝှမ်းနားက ရွာ သုံး လေးရွာဆီကို ရွှေ့နေကြတာရှိတယ်။ တချို့ တဲထိုးပြီးနေတယ်။ တချို့သစ်ပင်တွေအောက်နေကြတယ်” ဟု တော်လှန်ရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊မဲရုံ သုံးရုံတွင်ရှိသော စစ်ကော်မရှင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

    ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က ပေါင်းတည်မြို့၊ သပြေကြီးစုအုပ်စု၊ ရှမ်းကန်ရွာထိပ်ရှိ မဲရုံ၊ သပြေကြီးစုရွာနှင့် ချောင်းခွရွာကြား ချောင်းခွရွာမဲရုံတို့အတွက် လုံခြုံရေးယူနေသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပါရှိသည်။

    အလားတူ ပေါင်းတည်မြို့၊ ပေါက်တောရွာ ခမရ(၁၀)တပ်ထဲသို့ ၆၀မမဖြင့် ပြည်ခရိုင်၊ အမှတ်(၁) တပ်ရင်းကလည်း တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုတွင် စစ်တပ်ဘက်မှ အကျအဆုံးများရှိနိုင်သော်လည်း အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း အထက်ပါထုတ်ပြန်ချက်တွင် ပါရှိသည်။

    ရွေးကောက်ပွဲ အပိုင်း(၂) တွင် ပါဝင်သည့် မင်းလှမြို့နယ်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၅ နာရီ အချိန်က လက်ပံရေကျော်အုပ်စု၊ အမှတ် (၁) မဲရုံအနီး နှင့် ဇန်နဝါရီ ၁၁ ရက်နေ့နံနက် ၄ နာရီ ၂၅ မိနစ် အချိန်တွင် လမ်းမတော်လမ်း၊ တရုတ်ကျောင်းမဲရုံအနီးတို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မင်းလှမြို့နယ် ပကဖက ဆိုသည်။

    အဆိုပါတိုက်ခိုက်မှုနှစ်ခုကို မြို့ပြပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုဟု အမည်ပေးထားသည့် သာယာဝတီခရိုင် အမှတ် (၃၈၀၂) တပ်ရင်း တပ်ခွဲ (၄) နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

    ယင်းမတိုင်မီ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ကလည်း ပဲခူးတိုင်း နတ်တလင်း၊ ဇီးကုန်း၊ မင်းလှမြို့နယ်များရှိ စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တို့က တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ သည်။

    ဇန်နဝါရီလ ၉ ရက်နေ့ နံနက်အစောတွင် ထိန်တပင်ကျေးရွာနှင့် ကလိမ်ခင်ကျေးရွာကြား မီးရထားလမ်းပေါ်ရှိ ရဲကင်းစခန်းများ မီးလောင်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- Royal Peacock)

    မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းတွင် စစ်ရေးလှုပ်ရှားသော ACDF သည် ပဲခူးအနောက်ခြမ်း စစ်ဆင်ရေးများတွင် ပူးပေါင်းပါဝင်နေပြီး အာရက္ခတပ်တော် (AA) ၏ မဟာမိတ်လည်းဖြစ်သည်။

    နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် စစ်ကော်မရှင်တပ်ဖွဲ့ဝင်၂၀ ခန့် သေဆုံးကာ အများအပြားဒဏ်ရာများရရှိခဲ့သလို ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ဆည်၊ မီးကောက်ပင်ရွာ ပျူစောထီးစခန်းကို တိုက်ခိုက်စဉ် ကိုးဦး သေဆုံးပြီး စခန်းကို သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့သည်။

    မင်းလှမြို့နယ်၊ ရန်ကုန်- ပြည် အမြန်လမ်းရှိ စစ်ကွင်းတာဆုံ ရဲကင်းစခန်းနှင့် တာဆုံဘုရားအနီး တပ်စွဲ ထားသည့် စစ်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေ‌ဆုံးပြီး၊ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

    အဆိုပါ တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားသည်။

    အဆိုပါ ပဲခူးတိုင်းစစ်ဆင်ရေးများသည် စစ်ကော်မရှင်ရွေးကောက်ပွဲအတွက် အဟန့်အတားဖြစ်စေရန် တိုက်ခိုက်မှုများဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များကလည်း ပြောထားကြသည်။

  • ထိုင်းတွင် မူကထစားရာမှ ၁၃ ဦး သေဆုံး

    ထိုင်းတွင် မူကထစားရာမှ ၁၃ ဦး သေဆုံး

    ဝက်သားမှတစ်ဆင့် ရောဂါပိုးကူးစက်ဟုဆို

    ထိုင်းနိုင်ငံ မူကထဆိုင်များတွင် (အကင်ဆိုင်) ဝက်သားအစိမ်းစားရာမှ ရောဂါပိုးတစ်မျိုး ကူးစက်ခံရပြီး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

    ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မူကထဆိုင်များတွင် ဝက်သားအစိမ်းစားရာမှ Streptococcus suis ရောဂါပိုးကူးစက်ခံရသူ ၉၃ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၃ ဦးရှိခဲ့ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဌာနက သတိပေးထုတ်ပြန်သည်။

    Streptococcus suis ရောဂါပိုးသည် ဝက်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးတစ်မျိုးဖြစ်ပြီး ဖျားခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းများမှတစ်ဆင့် ကုသမှု မခံယူပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း ဖော်ပြသည်။

    လက်ရှိတွင် နခွန်ရတ်ချ်စီမားခရိုင်သည် ထိုင်းနိုင်ငံအတွင်း ရောဂါပိုးကူးစက်ခံရသူ အများဆုံးဖြစ်ကြောင်း ဖော်ပြသည်။

    ထို့ကြောင့် ယခုနှစ်သစ်ကူးတွင် ရောဂါပိုးကူးစက်ခံရမှုကို ကာကွယ်နိုင်ရန်အတွက် ဝက်သားများကို ကျက်အောင် ချက်ပြုတ်စားသောက်ကြရန် ကျန်းမာရေးဌာနက သတိပေးထားသည်။

    နှစ်သစ်ကူးအချိန်တွင် ဝက်သားများကို အစိမ်းမစားရန်၊ အသားလှီးထားသော ဓါးများကို အသီးအရွက်များ မလှီးကြရန်၊ ဝက်သားများကို စိစစ်၍ ဝယ်ယူကြရန်၊ အကင်ဆိုင်များတွင် အသားစိမ်းစားသော တူများကို သီးခြားထားရှိရန်၊ ဝက်သားစိမ်းများနှင့် ထိတွေ့သူများသည် ရေချိုးသန့်ရှင်းကြရန် ကျန်းမာရေးဌာနက သတိပေးထားသည်။

    Ref: Khaosod, Matichon Online, Komchadluek

  • ရွှေဘိုတွင် ရဲတပ်ဖွဲ့ဝင်အချို့ ပစ်သတ်ခံရပြီးနောက် မြို့ရှောင်လမ်း ဖြတ်သန်းခွင့်ပိတ်

    ရွှေဘိုတွင် ရဲတပ်ဖွဲ့ဝင်အချို့ ပစ်သတ်ခံရပြီးနောက် မြို့ရှောင်လမ်း ဖြတ်သန်းခွင့်ပိတ်

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ မြို့ရှောင်လမ်းမှာ ကားတွေကို တားဆီးကာ ပိုက်ဆံတောင်းခံတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက ဇန်နဝါရီ ၁၁ ရက်ကစပြီး ရွှေဘိုမြို့ရှောင်လမ်းကနေ ပြည်သူတွေ သွားလာခွင့် ယာယီပိတ်ထားကြောင်း လုပ်ငန်းရှင်နဲ့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

    လုပ်ငန်းရှင်တယောက်က “သူတို့(ရဲတွေ) အဲလို ပိုက်ဆံတောင်းနေကျဆိုတော့ PDF တွေ ချောင်းပြီး တွယ်ပစ်လိုက်တာ ဟုတ်တယ်။ အခုက အဲဒီ မြို့ရှောင်လမ်းက ဘက်ဖိုးကြီးနဲ့ သွားကုတ်လိုက်ပြီ။ ပြည်သူတွေ သွားပိုင်ခွင့် မရှိတော့ဘူးတဲ့။ သူတို့ဟာသူတို့ တောင်းစားလို့ဖြစ်တဲ့ကိစ္စ ဘက်ဖိုးနဲ့ သွားကုတ်ပစ်လိုက်သတဲ့” လို့ ပြောပါတယ်။

    မြို့ရှောင်လမ်း ပိတ်လိုက်တော့ ခါတိုင်းဆိုရင် ကားကြီးတောင် ပေးမသွားဘဲ ဒဏ်ငွေချတဲ့ မြို့လယ်လမ်းမကြီးပဲ သွားစရာ လမ်းကျန်တော့တယ်လို့ သူကပြောပါတယ်။

    ဇန်နဝါရီ ၁၀ ရက် မနက်ကပဲ ရွှေဘိုမြို့ရှောင်လမ်းမှာ ပိုက်ဆံ သွားတောင်းတဲ့ ရဲ ၅ ယောက်သွားတဲ့ထဲက ၄ ယောက် သေသွားတယ်လို့ သူက ပြောပါတယ်။

    “သေသွားတဲ့ထဲမှာလည်း နှစ်ပွင့်၊ သုံးပွင့် ရှိသူ ပါတယ်လို့ ပြောတယ်။ PDF နဲ့ သွားတိုးတာ မဟုတ်ဘူး။ အဲဒီကောင်တွေက ကျနော်နဲ့ ခဏခဏတွေ့တယ်။ အဲဒီကောင်တွေ အမြဲတမ်း ကားတစီးနဲ့ ကျနော် သိတယ်။”

    PDF တွေက ရွှေဘိုမြို့ရှောင်လမ်းမှာ ကားတား ငွေတောင်းနေတဲ့ ရဲတပ်ဖွဲ့ကို ချောင်းနေတာ ကြာလောက်ပြီလို့ ယူဆရပြီး PDF တွေနဲ့ သွားတိုးတာ မဟုတ်ဘဲ တည့်တည့်လာ ပစ်သတ်သွားတာလို့ ဆိုပါတယ်။

    ကုန်တင်ယာဉ်မောင်းတယောက်က “လမ်းကို မြို့ထဲကနေ ပေးတာ။ လမ်းပြောင်းပေးလိုက်တာ” လို့ ပြောပါတယ်။

    ဇန်နဝါရီ ၁၀ ရက် မနက်မှာ ရွှေဘိုက ကင်းပတ်နေတဲ့ ရဲကားထဲက ရဲတွေ ငွေနောက်ကို လိုက်ရင်းနဲ့ မြို့ရှောင်လမ်းမှာ တောထဲက PDF တွေ ပစ်သတ်သွားတာလို့ ဆိုပါတယ်။

    လုံခြုံရေး အကြောင်းပြ ပတ်ကင်းသွားရင်း ငွေလိုက်တောင်းရင်းနဲ့ ခါတိုင်း ကား လေး၊ ငါးစီး သွားပေမယ့် လူနည်းနည်းပဲ ခွဲပြီး တစီးတည်းသွားချိန် ဖြစ်သွားတာဖြစ်ပြီး စပါးသယ်တဲ့ ဒေသကားတွေ အပါအဝင် လမ်းမှာတွေ့တဲ့ ကားတွေကို တွေ့တဲ့နေရာ တားပြီး ငွေတောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။

    ရွှေဘိုကနေ စစ်ကိုင်းမြို့အဝင်အထိ ဂိတ်ပေါင်း ၁၂ ဂိတ် ထက်မနည်း ရှိပြီး ဂိတ်ကြေး သိန်း ၂၀ ခန့်အထိ ပေးဆောင်ရတာပြီး အဲဒီလိုတွေ မတရား တောင်းခံတာကြောင့် ငွေကျည်ဆန်သင့်တာလို့ လုပ်ငန်းရှင်၊ ယာဉ်မောင်းတွေက ပြောပါတယ်။

    လက်ရှိအချိန်အထိ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က တရားဝင် ထုတ်ပြန်ချက် မရှိသေးဘဲ ရွှေဘိုမြို့နဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီက ကုန်တင်ကား စပယ်ယာတွေ အပါအဝင် ရပ်ထဲ ရွာထဲ ခပ်စိတ်စိတ် ပေါ်တာဆွဲလာနေပြီး ငွေနဲ့ ပြန်ရွေးရကာ လုံခြုံမှု မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

  • ရွှေပြည်သာတွင် အောက်ဆိုက်ကား ၁ စီး တိမ်းမှောက်ပြီး ခရီးသည် ၂၅ ဦး ဒဏ်ရာရ

    ရွှေပြည်သာတွင် အောက်ဆိုက်ကား ၁ စီး တိမ်းမှောက်ပြီး ခရီးသည် ၂၅ ဦး ဒဏ်ရာရ

    ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဝင်းသာဓုကန် စက်မှုဇုန်ရှေ့မှာ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက အောက်ဆိုက်ကားတစီး တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၂၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ ရွှေမေတ္တာ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

    အောက်ဆိုက်ကား တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို လူနာတင်ယာဥ် ၂ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဥ်တစီးနဲ့ သွားရောက် ကူညီပေးခဲ့တယ်လို့ အဲဒီအသင်းက ဆိုပါတယ်။

    ဒါ့အပြင် တိမ်းမှောက်ခဲ့တဲ့ကားမှာ စက်သုံးဆီ ယိုထွက်တာရှိခဲ့လို့ ဆီလမ်းကြောင်းပိတ်ဆို့တာ၊ ဘက်ထရီငုတ်ဖြုတ်တာ၊ ဆီလမ်းကြောင်းတလျှောက် သဲနဲ့ မြေသားဖုံးအုပ်တာ၊ မီးကူးစက်လောင်ကျွမ်းတာ မဖြစ်ရအောင် လမ်းသွားလမ်းလာတွေ ဆေးလိပ်မသောက်ဖို့ သတိပေးတာတွေ လုပ်ပေးခဲ့တယ်လို့ အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။

    ရွှေပြည်သာမြို့နယ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေကာ ရွေးကောက်ပွဲ လုပ်နေတဲ့ နေ့မှာပဲ အောက်ဆိုက်ကား မဆင်မခြင်မောင်းရာကနေ ယာဥ်တိမ်းမှောက်မှု ဖြစ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

    ရွှေပြည်သာမြို့ခံတယောက်က “အောက်ဆိုက်ကားတွေရော စက်ရုံဖယ်ရီကားတွေရော အရမ်း အမောင်းကြမ်းတာ။ မကြာခဏလည်း ယာဥ်တိုက်မှုတွေ ဖြစ်တယ်။ ဒါလည်း မမှတ်ဘူး” လို့ ပြောပါတယ်။

    တညင်းကုန်းလမ်းဆုံကနေ ရွှေပြည်သာမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်ကို အောက်ဆိုက်ကားတွေ ဝင်ရောက်ပြေးဆွဲနေတာ ဖြစ်ပါတယ်။

    ရန်ကုန်မြို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း လိုင်းကား လုံလုံလောက်လောက် စီစဥ်ပြေးဆွဲပေးနိုင်တာ မရှိတဲ့အတွက် ခရီးသည်တွေက အောက်ဆိုက်ကားတွေကို စီးနင်းနေရသလို အဲဒီ အောက်ဆိုက်ကားတွေ မဆင်မခြင် မောင်းနှင်လို့ မကြာခဏ ယာဥ်မတော်တဆမှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

  • ဘီးလင်းတိုက်ပွဲတွင်  ခမရ ၃ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထူးလင်း အပါအဝင် စစ်သားအများအပြား သေဆုံး

    ဘီးလင်းတိုက်ပွဲတွင် ခမရ ၃ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထူးလင်း အပါအဝင် စစ်သားအများအပြား သေဆုံး

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာနှင့် အလူးလေးကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ် ဘက်မှ ခမရ ၃ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း KNU စစ်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

    ဒီဇင်ဘာလ ၃၁ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်အချိန် ဘီလင်းမြို့နယ်၊ အလူးလေးကျေးရွာဘက် သို့ ကင်းလှည့်ထွက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်း၊ လက် နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခမရ ၃ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထူးလင်း အပါအဝင်အများအပြား သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

    “ခမရ ၃ ဒုတပ်ရင်းမှူးလည်း သေတယ်။ သူက လွန်ခဲ့တဲ့တစ်လခွဲလောက်ကမှ ပြောင်းလာတဲ့သူပါ။ မိုင်းကွင်းထဲမှာ သေတာ လည်းရှိတယ်။ ပစ်ခတ်တိုက်ခိုက်တာမှာ သေတာလည်းရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ခြုံခိုတိုက်ခိုက်တာဆိုတော့ အန္တရာယ်ကင်းတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    သေဆုံးသူ ဗိုလ်မှူးထူးလင်းမှာ အသက် ၃၅ နှစ်အရွယ်ရှိပြီး သေဆုံးချိန်တွင် ဇနီးနှင့်သမီး ၁ ဦး ကျန်ရစ်ကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်တပ်က KNU တပ်မဟာ ၁ နယ်မြေအတွင်းတွင် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လာပြီး လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သော နေရာများကို ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို စစ်တပ်က အရှိန်အဟုန်မြှင့်လုပ်ဆောင်လာနေကြောင်း KNU စစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။