Category: News

  • Myanmar Celebrity လုံးဝ ethic မရှိတဲ့ Media ပါ ဆိုတဲ့ဘဘုန်းမင်းနေလ

    Myanmar Celebrity လုံးဝ ethic မရှိတဲ့ Media ပါ ဆိုတဲ့ဘဘုန်းမင်းနေလ

    Myanmar Celebrity လုံးဝ ethic မရှိတဲ့ Media ပါ

    “လှိုင်းလေကြားကပန်းရွှေကြာ” ဇာတ်လမ်းတွဲအတွက်ဖြေထားတဲ့ Interview ကို လူစိတ်ဝင်စားဖို့အတွက်သူများမိသားစု Personal ကိုဖြတ်ညှပ်ကပ် Reels လုပ်ပြီး Caption ကအစ interview ထဲမှာမပြောတဲ့စာသားနဲ့ပွဲရှာထားပါတယ်

    Caption ကိုဇာတ်ကားအကြောင်းပဲတင်ဖို့သေချာမှာလိုက်ရဲ့သားနဲ့ သူများ ကိုယ်ရေးကိုယ်တာကိုအလေးမထားပဲအလွဲသုံးစားလုပ်တာပါ

    ပြောချင်တာက Interview ဖြေတာ ဇာတ်ကားလွှင့်နေတဲ့ချိန် ပရိတ်သတ်နဲ့ထိတွေ့ခွင်ရအောင် ဖြေပေးတာ

    တစ်ပြားတစ်ကျပ်မှရနေလို့မဟုတ်ဘူး

    Ethic လေးရှိပြီးလူလိုတော့နားလည်သင့်တယ်

    ခုချိန်ထိလည်းဘာမှပြန်မလုပ်ပေးဘူး

    တော်တော်လူပါးဝတယ်

    ခင်ဗျားကိုက ကျွန်တော့်ကို လုပ်လို့ရမယ်ထင်လို့လုပ်တာ

    အဲ့လိုလုပ်လို့မရဘူးဆိုတာ ပြပေးမယ်

    ခင်ဗျားတို့ကို တရားဥပဒေလမ်းကြောင်းကပဲ ဆက်စကားပြောမယ်

    see you soon 😊

    ဘုန်းမင်းနေလ

  • အင်းစိန်မှာ YBSယာဉ် ဘရိတ်ပေါက်ပြီး လမ်းလျှောက်လာသူကို ဝင်တိုက်

    အင်းစိန်မှာ YBSယာဉ် ဘရိတ်ပေါက်ပြီး လမ်းလျှောက်လာသူကို ဝင်တိုက်

    ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှာ YBS(၆၅)ယာဉ် ဘရိတ်ပေါက်ပြီး လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦး ဝင်တိုက်ခဲ့တာကြောင့် သေဆုံးသွားတယ်ပါတယ်။

    “ဆက်သွယ်ရေး ဝန်ထမ်းပါ။ အသက် ၅၀ ကျော် ပါ”လို့ ဒီဖြစ်စဉ်ကိုသွားရောက်ကူညီခဲ့တဲ့ အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ပြောပါတယ်။

    ဇန်နဝါရီ ၅ ရက် နေ့လည် ၁၁ နာရီခွဲကျော်မှာ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်မှာ လမ်းလျှောက်နေတဲ့ အမျိုးသားကို YBS(၆၅)က ဝင်တိုက်ခဲ့တာပါ။

    ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူကို ကနောင် နာကူ/ရှင်ကူ အသင်းရဲ့ယာဉ်နဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ အထက်ပါကြက်ခြေနီသူနာပြုတပ်ဖွဲ့က ပြောပါတယ်။

    ရန်ကုန်မြို့မှာ ဇန်နဝါရီ ၁ ရက်က ယာဉ်တိုက်မှူကြောင့် ငါးဦးသေဆုံးခဲ့ပြီး ဇန်နဝါရီ ၃ ရက်မှာလည်းယာဉ်တိုက်မှုကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။

    (အင်းစိန်မြို့နယ်မှာ YBS(၆၅)ယာဉ် ဘရိတ်ပေါက်ပြီး လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦး ဝင်တိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)

  • ကျားဖြန့်မှာ မြန်မာစစ်တပ် ပါဝင်နေတယ်လို့ အမေရိကန် သတ်မှတ် (ရုပ်/သံ)

    ကျားဖြန့်မှာ မြန်မာစစ်တပ် ပါဝင်နေတယ်လို့ အမေရိကန် သတ်မှတ် (ရုပ်/သံ)

    နိုင်ငံခြားငွေလိမ်လည်မှုဂိုဏ်းများ ဖြိုခွင်းရေး အက်ဥပဒေ (Dismantle Foreign Scam Syndicates Act) HR 5490 ကို အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက ဒီဇင်ဘာ ၃ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

    အမေရိကန်အစိုးရအေဂျင်စီတွေ စုပေါင်းပါဝင်မယ့် လုပ်ငန်းအဖွဲ့ ဖွဲစည်းရေးနဲ့ ပတ်သက်တဲ့ ဒီဥပဒေကို ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူမရှိတာကြောင့် အတည်ပြုလိုက်ကာ လွှတ်တော်အစည်းအဝေးတွေကို ဆက်လက်တင်သွင်းသွားမှာ ဖြစ်ပါတယ်။

    နိုင်ငံခြားရေးကော်မတီရဲ့ အတည်ပြုချက်ထဲမှာ ကျားဖြန့်လုပ်ငန်းမှာ မြန်မာစစ်တပ်က ပါဝင်နေပြီး အွန်လိုင်းကျားဖြန့် လိမ်လည်မှုကို ခွင့်ပြုတယ်၊ လျစ်လျူရှု့တယ်၊ အမြတ်အစွန်းရယူတယ်လို့ ပါရှိပါတယ်။

    မြန်မာစစ်တပ်ရဲ့ ပါဝင်ပတ်သက်နေမှုတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။

    အမေရိကန်ပြည်သူတွေကို ထိခိုက်နစ်နာစေတဲ့ ဒီကျားဖြန့် လုပ်ငန်းတွေကို ဖြိုခွင်းဖို့ဟာ အရေးတကြီး လုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း အတည်ပြုဆုံးဖြတ်လိုက်ကြပါတယ်။

    ကျားဖြန့်လုပ်ငန်းမှာ မြန်မာစစ်တပ်ဘယ်လိုပါဝင်ပတ်သက်နေတာလဲ၊ ဒီဥပဒေအရ ဘယ်လိုအရေးယူနိုင်မှာလဲ၊ အမေရိကန်ရဲ့ ကျားဖြန့်နှိမ်နင်းရေးကို ဘယ်လိုတွေ ဆောင်ရွက်နေတာလဲဆိုတာတွေနဲ့ပတ်သက်ပြီး Burma Research Institute ရဲ့ CEO ဖြစ်တဲ့ Pu Zo Tum Hmung ကို ဆက်သွယ်မေးမြန်းထားပါတယ်။

    အမေရိကန် အောက်လွှတ်တော်တွင် နိုင်ငံဖြတ်ကျော် ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းနှိမ်နင်းရေး ဥပဒေကို အတည်ပြု

    အမေရိကန် အောက်လွှတ်တော်တွင် နိုင်ငံဖြတ်ကျော် ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းနှိမ်နင်းရေး ဥပဒေကို အတည်ပြုလိုက်ပြီး မြန်မာစစ်တပ် အပါအဝင် အကျင့်ပျက်အစိုးရများ၏ ပါဝင်ပတ် သက်မှုကို စုံစမ်းစစ်ဆေးမည်

    အမေရိကန် အောက်လွှတ်တော်တွင် အမေရိကန်နိုင်ငံသားအများအပြားကို ပစ်မှတ်ထား လိမ်လည်နေသော နိုင်ငံဖြတ်ကျော်ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းနှိမ်နင်းရေး ဥပဒေကို အတည်ပြု လိုက်ကြောင်း အမေရိကန်အောက်လွှတ်တော်က တရားဝင် သတင်းထုတ်ပြန်သည်။

    ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ (အမေရိကန်စံတော်ချိန် ဒီဇင်ဘာ ၃ ရက်နေ့) အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက H.R. 5490 – ကျားဖြန့် နိုင်ငံခြားသားလိမ်လည်မှုဂိုဏ်းများကို ဖြိုခွဲရေးဥပဒေ ကို အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ၊ ယင်းဥပဒေကို အမေရိကန် အောက်လွှတ်တော်အမတ် ဂျက်ဖာဆင် ရှရီဗ် (ရီပတ်ဘလစ်ကန် – အင်ဒီယားနား) က တင်သွင်းခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံသားများကို အစုလိုက်အပြုံလိုက် အွန်လိုင်းမှ လိမ်လည်မှုများ ကျူးလွန်နေသော နိုင်ငံဖြတ်ကျော် ကျားဖြန့် ရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲရေး ဥပဒေကြမ်းကို ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်ပါတီ ၂ ရပ်စလုံးက ထောက်ခံခဲ့ကြကြောင်း သိရှိရသည်။

    ၂၀၂၃ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံသားများထံမှ ကျားဖြန့် လိမ်လည်ဂိုဏ်းများနှင့် ၎င်းတို့ကို ကာကွယ်ပေးနေသော အကျင့်ပျက်အစိုးရများ၏ လက်ချက်ဖြင့် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း၊ H.R. 5490 ခေါ် နိုင်ငံခြားသားကျားဖြန့်လိမ်လည်မှုဂိုဏ်းများကို ဖြိုခွဲရေးဥပဒေ အရ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို ချေမှုန်းရေး အစိုးရအေဂျင်စီအချင်းချင်း လုပ်ငန်းအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းပေးခြင်းဖြင့် အမေရိကန်နိုင်ငံသားများကို အွန်လိုင်းလိမ်လည်မှုများမှ ကာကွယ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

    အောက်လွှတ်တော်အမတ် ရှရီဗ်က “၂၀၂၄ ခုနှစ်မှာ အမေရိကန်တွေ ဒေါ်လာ ၁၇ ဘီလီယံလောက် လိမ်လည်ခံရတယ်လို့ FBI က သတင်းပို့ထားပြီး အင်ဒီယားနားပြည်နယ်ဟာ လူဦးရေအချိုးအစားအရ ဒုတိယအများဆုံး ပစ်မှတ်ထားခံရတဲ့ ပြည်နယ် ဖြစ်ပါတယ်။ ဒီလိုဖြစ်တာဟာ နေ့စဉ်နဲ့အမျှ နေထိုင်နေကြတဲ့ အမေရိကန်တွေ၊ ကျနော်ရဲ့ မဲဆန္ဒရှင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ သက်ရောက်မှုတွေ ရှိစေပါတယ်။ မိသားစုတွေဟာ သူတို့ရဲ့အိမ်တွေကို ဆုံးရှုံးကြရတယ်၊ အငြိမ်းစားယူထားသူတွေရဲ့ စုဆောင်းငွေတွေဟာ တစ်ညတည်း ပျောက်ကွယ်သွားပြီး ဘာမှ မကျန်တော့လောက်အောင် ဆုံးရှုံးကုန်ကြတယ်” ဟု ပြောကြားသည်။

    အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ဘရိုင်ယန် မက်စ်ကလည်း ကျားဖြန့်လိမ်လည်မှုစင်တာများမှာ အလွန်အမင်း ရှုပ်ထွေးလာကြောင်း​ ပြောဆိုသည်။

    “အမှန်တရားကတော့ ဒီလိမ်လည်မှုတွေ၊ ကျားဖြန့် အဖွဲ့အစည်းတွေဟာ မယုံနိုင်လောက်အောင် ခေတ်မီပါတယ်။ သူတို့ဟာ ကြီးမားတဲ့ လုပ်ငန်းတွေပါ။ သူတို့ကို သူတို့ရဲ့ အကျင့်ပျက်အစိုးရတွေက ထောက်ခံထားပါတယ်။ ဘဝတစ်လျှောက်လုံး စုဆောင်းထားတဲ့ ငွေတွေကို လိမ်လည်ခံလိုက်ရတဲ့သူတစ်ယောက်ရဲ့ ဆုံးရှုံးမှုတွေကို စဉ်းစားကြည့်ပါ” ဟု ၎င်းက ဆိုသည်။

    ကျားဖြန့်ရာဇဝတ်ဂိုဏ်းများက အမေရိကန်နိုင်ငံသားများကို သားကောင်အဖြစ် ပြုလုပ်ရုံသာမကဘဲ လူကုန်ကူးခံရသူ ရာပေါင်းများစွာကို အဓမ္မလုပ်အားပေးရန် အသုံးချနေကြောင်း၊ အလုပ်ကြော်ငြာ အတုများဖြင့် လှည့်စားခံရပြီးနောက် ဓားစာခံအဖြစ် ဖမ်းဆီးခံရကာ နှိပ်စက်ခံရခြင်း သို့မဟုတ် အသတ်ခံရမည့် အကြောက်တရားအောက်တွင် လူကုန်ကူးခံရသူများက အဓမ္မ လိမ်လည်မှု ပမာဏ အချို့ကို ပြည့်မီအောင် လုပ်ဆောင်ခိုင်းခံနေရကြောင်း အမေရိကန်က ထောက်ပြသည်။

    “အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့၊ ပြည်ပကနေ အမေရိကန်တွေကို ခြိမ်းခြောက်နေတဲ့ အရာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ကို ကျွန်တော် ဦးစားပေး လုပ်ဆောင်ခဲ့ပါတယ် – ဒါဟာ ဆိုးသွမ်းတဲ့ အစိုးရစနစ်တွေပဲဖြစ်ဖြစ်၊ အကြမ်းဖက်အဖွဲ့အစည်းတွေပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီကိစ္စမှာလိုပဲ ကြီးမားတဲ့ အွန်လိုင်းလိမ်လည်မှုတွေကို လုပ်ဆောင်နေတဲ့ ရက်စက်တဲ့ ရာဇဝတ်ဂိုဏ်းတွေပဲ ဖြစ်ဖြစ်ပါ။ ဒီနိုင်ငံခြားသား လိမ်လည်သူတွေဟာ ကြိုးစားပမ်းစား အလုပ်လုပ်နေတဲ့ မိသားစုတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကျွန်တော်တို့ရဲ့ စစ်မှုထမ်းဟောင်းတွေကို ပစ်မှတ်ထားပြီး ဒေါ်လာဘီလီယံပေါင်းများစွာ ခိုးယူကာ ဘဝတွေကို ဖျက်ဆီးနေကြပါတယ်။ ဒါကြောင့် ဒီရာဇဝတ်ကွန်ရက်တွေကို လိုက်လံပိတ်ဆို့ဖို့အတွက် ကျွန်တော်တို့ ကော်မတီက H.R. 5490 ကို ဒီနေ့ အတည်ပြုခဲ့တဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်” ဟု အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ဘရိုင်ယန် မက်စ်က သုံးသပ်ပြောဆိုသည်။

    ယင်းအပြင် အဆိုပါဥပဒေအရ တရုတ်ကွန်မြူနစ်ပါတီ အရာရှိများနှင့် ရာဇဝတ်ဂိုဏ်းများအကြား ဆက်နွယ်မှုများ၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာ လွှမ်းမိုးမှုကို နက်ရှိုင်းစေခြင်း၊ နှင့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလာစေရန် တွန်းအားပေးသည့် ရွေးချယ်ဖမ်းဆီးနှိမ်နင်းမှုများ အပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ စတင်ဖြစ်ပေါ်လာခြင်းနှင့် ဆက်လက်တည်ရှိနေခြင်းတို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ၏ ပါဝင်ပတ်သက်မှုများကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

    အလားတူ မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ခွင့်ပြုထားခြင်း၊ လစ်လျူရှုထားခြင်းနှင့် အကျိုးအမြတ်ရယူနေခြင်းတို့တွင် မြန်မာစစ်တပ်၏ ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးရန်၊ နှင့် မြန်မာနိုင်ငံရှိ ငွေလိမ်စင်တာများ အတား အဆီးမရှိ လည်ပတ်နေမှုကို ရပ်တန့်နိုင်ရေးအတွက် နိုင်ငံအတွင်း မတည်ငြိမ်မှုများနှင့် အကြမ်းဖက်မှုများကို ဖြေရှင်းရန် အရေးကြီးကြောင်း ဥပဒေဆိုင်ရာ သုံးသပ်မှုများအတွင်း ထောက်ပြဆွေးနွေးကြ​ကြောင်း သိရှိရသည်။

  • AA နှင့်တိုက်ပွဲတွင် သေဆုံးသွားသည့် ဗိုလ်မှူးဝေယံလင်းကို စစ်ကောင်စီက သီဟသူရဘွဲ့ ချီးမြှင့်

    AA နှင့်တိုက်ပွဲတွင် သေဆုံးသွားသည့် ဗိုလ်မှူးဝေယံလင်းကို စစ်ကောင်စီက သီဟသူရဘွဲ့ ချီးမြှင့်

    ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က ပွိုင့်-၆၆၆ စခန်းအနီးမှာ အာရက္ခတပ်တော် (AA) ရဲ့ ချေမှုန်းခံရပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးဝေယံလင်းကို စစ်ကောင်စီက အမြင့်ဆုံးဆုတခုဖြစ်တဲ့ သီဟသူရဘွဲ့ကို ချီးမြှင့်လိုက်တယ်လို့ လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက်မှာ ကြေညာခဲ့ပါတယ်။

    စစ်ကောင်စီက သီဟသူရဘွဲ့ ပေးအပ်ခဲ့တဲ့ ဗိုလ်မှူး ဝေယံလင်းဟာ ပန်းတောင်းမြို့နယ်က ပွိုင့်-၆၆၆ စခန်းကုန်းကို ဒီဇင်ဘာ ၂၂ ရက်က အင်အားဖြည့်တင်းဖို့ သွားရောက်ကြတာမှာ AA ရဲ့ တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဗိုလ်မှူးဝေယံလင်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၅၃ ဆင်းဖြစ်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ လွိုင်ကော်အခြေစိုက် ဒေသစစ်ဆင်ရေးဌာနချုပ်တို့မှာ စစ်ဦးစီးအရာရှိ- G3 တာဝန် ထမ်းဆောင်ဖူးသူဖြစ်တယ်လို့ စစ်တပ်အသိုက်အဝန်းက ပြောကြပါတယ်။

    ပွိုင့်-၆၆၆ စခန်းကုန်းကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက် ထိန်းချုပ်ထားပေမဲ့ AA နဲ့ ပူးပေါင်းတပ်တွေရဲ့ ဝန်းရံပိတ်ဆို့ခံနေရပြီး စစ်ကောင်စီက အင်အားနဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်ဖို့ ကြိုးပမ်းတဲ့အခါတိုင်းမှာ ချေမှုန်းခံနေရတာပါ။

    ပွိုင့်-၆၆၆ စခန်းကုန်းကို အောက်တိုဘာလအတွင်း AA က သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

    ပန်းတောင်းမြို့နယ်က ညောင်ကျိုး၊ မိုးထိ၊ ပန်းကန်ကွဲစခန်းတွေ အပါအဝင် တပ်စခန်း ၅ ခုထက်မနည်းကို AA က သိမ်းပိုက်ထားပြီး လက်ရှိအချိန်အထိလည်း ပန်းတောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

  • စစ်တွေတွင် စစ်ကားတစ်စီးကို AA က ဒရုန်းဖြင့်တိုက်ခိုက်၍ ရဲသုံးဦး ပွဲချင်းပြီးသေဆုံးသွားဟုဆို

    စစ်တွေတွင် စစ်ကားတစ်စီးကို AA က ဒရုန်းဖြင့်တိုက်ခိုက်၍ ရဲသုံးဦး ပွဲချင်းပြီးသေဆုံးသွားဟုဆို

    ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကော်မရှင်တပ်၏ စစ်ကားသုံးစီးအနက် တစ်စီးသည် အာရက္ခတပ်တော်(AA)က ဒရုန်းဖြင့်ပစ်ခတ်မှု‌ကြောင့် ထိမှန်၍ ရဲသုံးဦး ပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း သတင်းရရှိသည်။

    စစ်တွေမြို့ပြင်ကျေးရွာအနှံ့အပြားတွင် စစ်ကော်မရှင်တပ်၏ စစ်ကားများသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သိန်းတန်ကျေးရွာဘက်ကို ကင်းလှည့်နေစဉ် AA က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ တစ်စီးထိမှန်သွားခဲ့သည်ဟု သိရသည်။

    ထိမှန်သွားသည့်ကားပေါ်တွင်ပါလာသည့် ရဲသုံးဦးပွဲချင်းပြီးသေဆုံးပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ရဲအချို့ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “ကင်းလှည့်တဲ့ကားပေါ်မှာက ရဲရော၊ စစ်သားရောအမြဲပါတယ်။ မြို့ပြင်ကရွာတွေဖက်ကိုလှည့်။ အဓိက AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းနဲ့နီးစပ်တဲ့နေရာတွေကို အများလှည့်တာပေါ့။ အဲဒီမှာ AA ဖက်က ဒရုန်းနဲ့ပစ်လိုက်တာ။ ရဲသုံးယောက်သေတယ်။ ဒဏ်ရာလည်း ရတယ်။ သိရတာက သိန်းတန်ဖက်ကို ကင်းလှည့်တာလို့ကြားတယ်။ စစ်သားတွေလည်း ထိခိုက်ဒဏ်ရာရတယ်”ဟု ပြောသည်။

    ယင်းသို့ AA ၏တိုက်ခိုက်မှုကြောင့် အထိနာတိုင်း စစ်ကော်မရှင်တပ်ဘက်က စစ်တွေမြို့အနီး AA ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်များကို လက်နက်ကြီးကျည်များ၊ ဒရုန်းများ၊ စက်သေနတ်များဖြင့် နေ့ညမပြတ် ပိုမိုတိုက်ခိုက်လာသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “အထိနာတိုင်း လက်နက်ပစ်ခတ်သံ ပိုထွက်တယ်။ နေ့ရော၊ ညပါ အသံကြားရတယ်။ တစ်ရက်နှစ်ရက်လောက် နည်းနည်း လက်နက်ပစ်ခတ်သံလျော့တယ်။ နောက် အထိနာတာက တမျိုး။ AA ရန်ကိုကြောက်တာက တမျိုးနဲ့။ လက်နက်မျိုးစုံနဲ့ AA ထိန်းချုပ်ထားတဲ့မြို့တွေကို ပစ်တယ်” ဟု ပြောသည်။

    စစ်ကော်မရှင်တပ်သည် စစ်တွေ မြို့နယ်တွင် ရေချမ်းပြင်၊ ကျားမသောက်၊ သိန်းတန်၊ ရာတန်၊ ရွှေမင်းဂံ ရေတပ်စခန်း၊ အမြင့်ကျွန်း စသည့် မြို့ပြင်နေရာအနှံ့အပြားတွင် ကင်းလှည့်မှုများအမြဲပြုလုပ်လျက်ရှိကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်၏ စစ်ကြောင်းများသည် AA ရှိနိုင်သည်ဟု ယူဆထားသော ဝါဘိုကျေးရွာအနီးထိ မသွားလာရဲသော်လည်း သိန်းတန်ရွာဖက်တွင် စစ်ကြောင်းထိုးလှုပ်ရှားမှုများကို ပိုမိုပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။

    ထိုသို့စစ်ကြောင်းထိုးရာတွင် လေကြောင်းပစ်ကူ၊ ဒရုန်းနှင့် အမြောက်ပစ်ကူယူနေရသည်ဟု ဒေသခံစစ်ရေးရင်းမြစ်များက ပြောသည်။

    စစ်တွေမြို့ခံများသည်လည်း ယခုနောက်ပိုင်း ညဉ့်အချိန်၌ မြို့ပြင်ဖက်မှ စက်သေနတ်ပစ်ခတ်သံများကိုပါ အဆက်မပြတ်ကြားလာရကြောင်း သိရသည်။