Category: News

  • ၂ နာရီခန့်သာကြာမြင့်တဲ့ သမ္မတ မာဒူရို ဖမ်းဆီးမှုစစ်ဆင်ရေး

    ၂ နာရီခန့်သာကြာမြင့်တဲ့ သမ္မတ မာဒူရို ဖမ်းဆီးမှုစစ်ဆင်ရေး

    အမေရိကန်ဟာ ဇန်နဝါရီ ၃ ရက်မှာ ဗင်နီဇွဲလားနိုင်ငံကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတ မာဒူရိုနဲ့ ဇနီးတို့ကို ဖမ်းဆီး‌ ခေါ်ဆောင်သွားခဲ့ပါတယ်။

    တရုတ်ကိုယ်စားလှယ်နှင့်တွေ့ပြီးနောက် ဗင်နီဇွဲလားသမ္မတ အဖမ်းခံရ

    အမေရိကန်က ဖမ်းဆီးခဲ့သည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုသည် အဖမ်းမခံရမီ နာရီပိုင်းအလို၌ တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ် Qiu Xiaoqi နှင့် ကာရာကတ်စ်ရှိ သမ္မတနန်းတော်၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြားမဟာမိတ်ဆက်ဆံရေး ခိုင်မာအားကောင်းစေရန်နှင့် ရေနံတင်ပို့ရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြသည်။

    ဗင်နီဇွဲလားသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ ဦးစီး၍၂၀၀၆ ခုနှစ်က ဖွဲ့စည်းထားသည့် BRICS ၏ မိတ်ဖက်နိုင်ငံအဆင့်အဖြစ်ရှိနေကာ ရုရှားနှင့်တရုတ်တို့က အဖွဲ့ဝင်နိုင်ငံဖြစ်ရေး အခိုင် အမာ ထောက်ခံံထားသည်။ ဗင်နီဇွဲလားအနေဖြင့် အဖွဲ့ဝင်နိုင်ငံဖြစ်လာပါက အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုတို့ကို ကျော်လွှားကာ ရေနံများကို တိုက်ရိုက် ရောင်းချနိုင်မည် ဖြစ်သည်။

    တရုတ်အထူးကိုယ်စားလှယ်နှင့် မာဒူရိုတို့ တွေ့ဆုံပြီး နာရီအနည်းငယ်အကြာတွင် ဗင်နီဇွဲလားနိုင်ငံတဝန်းရှိ ပစ်မှတ်များကို အမေရိကန်မှ တိုက် ခိုက်ပြီး သမ္မတ မာဒူရိုနှင့်ဇနီးတို့ကို ဖမ်းဆီးလိုက်ကြောင်း ထရမ့်က ကြေညာခဲ့သည်။

    သမ္မတ မာဒူရိုကို အမေရိကန်ဖမ်းဆီးမှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း တရုတ်နှင့်ရုရှားနိုင်ငံတို့က ယမန်နေ့တွင် ထုတ်ပြန်ထားကြသည်။

    အမေရိကန်အနေဖြင့် နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းကို လိုက်နာရန်၊ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးချိုးဖောက်မှု ရပ်တန့်ရန် တရုတ်က ထုတ်ပြန်ထားသလို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဗင်နီဇွဲလားအပေါ် “လက်နက်ကိုင် ကျူးကျော်မှု” လုပ်ရပ်ဟု ခေါ်ဆိုရှုတ်ချခဲ့ပြီး နောက်ထပ်တင်းမာမှုများ မဖြစ်ပွားစေရန် သတိပေးသည်။

    ဗင်နီဇွဲလားစစ်ဆင်ရေးသည် ၁၉၈၉ ခုနှစ်က ပနားမားဖြစ်ရပ်အပြီး လက်တင်အမေရိကတွင် တာဝန်ထမ်းဆောင်နေဆဲ နိုင်ငံခေါင်းဆောင်တဦးကို အမေရိကန်က စစ်ရေးအားဖြင့် တိုက်ရိုက်အကျဆုံး အရေးယူမှု ဖြစ်လာနိုင်ကြောင်း Fox News က ဖော်ပြသည်။

    ဗင်နီဇွဲလားကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း BRICS အဖွဲ့ဝင်နိုင်ငံဖြစ်ချင်ကြောင်း ထုတ်ဖော်ပြောဆိုမှုများရှိသလို ပထမအဆင့်အနေဖြင့် မိတ်ဖက်နိုင်ငံအဖြစ် ဝင်ရောက်ရေးအတွက် ငွေပေးချေမှုဆိုင်ရာများ ပြင်ဆင် ကြိုးပမ်းမှုများ ရှိနေသည်။

  • ဆားလင်းကြီး မတောင်းတတိုက်နယ်ဆေးရုံကို စစ်တပ်ကဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံး

    ဆားလင်းကြီး မတောင်းတတိုက်နယ်ဆေးရုံကို စစ်တပ်ကဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အနောက်ခြမ်း မတောင်းတတိုက်နယ်ဆေးရုံပေါ်ကို စစ်ကောင်စီက ဝေဟင်ကနေ ဗုံးကြဲတာကြောင့် ပြည်သူ ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မတောင်းတတိုက်နယ်ဆေးရုံကို ဇန်နဝါရီ ၄ ရက် နေ့ နေ့လယ် ၂ နာရီလောက်မှာ နမခ စစ်တပ်အတွင်းကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    ရွာသားတယောက်က “ဗုံးသီးက ၃ လုံးချတာ။‌ ဆေးရုံပေါ်ကို ကျတာ။‌ ဆေးကုသခံယူ‌နေတဲ့ ပြည်သူ‌မြေးအဘိုး ၂ ယောက်၊ ဆရာဝန်တယောက် စုစုပေါင်း ‌‌‌‌‌‌‌၃ ယောက် သေဆုံးတာဗျ။ ထိခိုက်သူ‌တွေလည်း များတယ်။ လုံခြုံ‌ရေးအရ ချက်ချင်း နေရာပြောင်းရွှေ့ရလို့ ဒဏ်ရာရသူဦးရေကိုတော့ အတိအကျမပြောနိုင်ဘူး” လို့ ပြောပါတယ်။

    မတောင်းတတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဇွန် ၃ ရက် ည ၆ နာရီလောက်ကလည်း စက်တပ် လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တယောက်က “ဆေးရုံကို အနီးဝန်းကျင်ရွာက ပြည်သူတွေကို ကျန်းမာရေးအတွက် လောက်သာ ကုသပေးနေတာပါ။ စစ်‌ ရေးပစ်မှတ်မရှိပါဘူး။ အ‌ကြောင်းမဲ့လာပစ်သွားတာ” လို့ ပြောပါတယ်။

    ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်မှာရှိတဲ့ ဝမ်ပေါင်တရုတ်စီမံကိန်းအတွင်းမှာ စစ်တပ်က စခန်းချတပ်စွဲပြီး မကြာခဏဆိုသလို ကျေးရွာတွေကို ဗုံးကြဲပစ်ခတ်နေတာလို့ ဆိုပါတယ်။

    ဆားလင်းကြီးကတိုက်နယ်ဆေးရုံကို စစ်တပ်ဗုံးကြဲ၊ ဆရာဝန်တဦးအပါအဝင်ပြည်သူသုံးဦးသေဆုံး

    ဆားလင်းကြီးမြို့နယ်က တိုက်နယ်ဆေးရုံကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဆရာဝန်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပါတယ်။

    ဆားလင်းကြီးမြို့နယ်က မတောင်းတတိုက်နယ်ဆေးရုံကို ဇန်နဝါရီ ၄ ရက် မွန်းလွဲ၂ နာရီခန့်မှာ စစ်တပ်က ဂျိုင်ရိုကော်ပတာ နှစ်စီးနဲ့ ဗုံးကြဲတာဖြစ်ပါတယ်။

    “ဆရာဝန်တစ်ဦးနဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦး၊ အပြင်ကအရပ်သားတဦး သေဆုံးသွားတာပါ။ တော်တော်လေး ရက်စက်တဲ့လုပ်ရပ်ဖြစ်လို့ ပြောစရာစကားတောင်မရှိဘူး”လို့ ဆားလင်းကြီးမြို့နယ် ​ဒေသခံတဦးကပြောပါတယ်။

    သေဆုံးသူ သုံးဦးထဲမှာ ‌ဒေါက်တာအောင်သဲထွဋ်နဲ့ သူအဖိုးဖြစ်သူပါဝင်ပြီး ကျန်တစ်ဦးနဲ့ပတ်သက်လို့ အသေးစိတ်မသိရ‌သေးပါဘူး။ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံ​တွေကပြောပါတယ်။

    စစ်တပ် ‌မြို့နယ်အများအပြားကို လေကြောင်းကနေတိုက်ခိုက်တာမှာ ဆေးရုံတွေကိုလည်းပစ်မှတ်ထားပြီး ဗုံးကြဲနေပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ၁၀ရက်နေ့က ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို လေကြောင်းကနေ​ပေါင်း ၅၀၀ ဗုံးကြဲလို့ ‌ဆေးကုသနေသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကလေးငယ်တွေအပါအဝင် ၃၄ဦးသေဆုံးပြီး ၇၀ကျော် ဒဏ်ရခဲ့ပါတယ်။

    ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအတွက် စစ်ကောင်စီကို ကုလသမဂ္ဂက ရှုံ့ချထားသလို အာဆီယံလွှတ်တော်ကိုယ်စားလှယ်များလူ့အခွင့်အရေးအဖွဲ့(APHR)ကလည်းအကြမ်းဖက်စစ်ရာဇဝတ်မှု ကျုးလွန်သူအဖြစ်ထုတ်ပြန်ထားပါတယ်။

    စစ်တပ်အနေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေရပ်တန့်ဖို့ အမေရိကန်ကလည်း လွတ်လပ်​ရေး​အထိမ်းအမှတ်ထုတ်ပြန်ချက်မှာ​ တောင်းဆိုထားပါတယ်။

  • ကျောက်ဖြူတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

    ကျောက်ဖြူတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

    ကျောက်ဖြူတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်ကအကျအဆုံးများဖြင့် နောက်ဆုတ်ပေးနေရ

    “အကြမ်းဖက်စစ်တပ်က အထိနာပြီး နောက်ဆုတ်ပြေးတယ်။ အာရက္ခတပ်တော်AAက လိုက်တိုက်တော့တိုက်ပွဲ နေရာအနှံ့ပြန်လည်ကျယ်ပြန့်လာတဲ့အနေအထားရှိတယ်။ AAက အပြင်းထန်ဆုံး ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်”
    ‌‎
    ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင် အနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နှင့်အကြမ်းဖက်စစ်တပ်ရဲ့တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်က အရာရှိတွေအပါအဝင် အကျအဆုံးများနေကာ နေရာတစ်ခုပြီး တစ်ခု နောက်ဆုတ်နေရသည်ဟု ဒေသခံ စစ်ရေးရင်းမြစ် တစ်ဦးက ပြောကြားသည်။

    “ စစ်တပ်က အထိနာပြီး နောက်ဆုတ်ပြေးတယ်။ AAက လိုက်တိုက်တော့တိုက်ပွဲ နေရာအနှံ့ပြန်လည်ကျယ်ပြန့်လာတဲ့အနေအထားရှိတယ်။ AAက အပြင်းထန်ဆုံး ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်” ဟု ပြောသည်။

    ထိုသို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေသဖြင့် ကျောက်ဖြူကို အေအေက သိမ်းလိုက်ပြီဟု သတင်းများ အွင်လိုင်းတွင် ပျံ့နှံ့လာသော်လည်း ကျောက်ဖြူသိမ်းပိုက်နိုင်သည့် အနေအထားကို မရောက်သေးဟု ၎င်းက ဆိုသည်။

    “စစ်တပ်က ကြည်း၊ရေ၊ လေ ၃ ခုပေါင်းပြီး တိုက်တာပေမယ့် အေအေကို ထိုးစစ်ကို မတားနိုင်ဘူး။ အခု ရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေပိုပြီးပြင်းထန်လာတာတော့ မှန်ပါတယ်။ စစ်တပ်က တစ်ဖြည်းဖြည်းနဲ့ နောက်ဆုတ်လာရတယ်။ သေနတ်သံတွေလည်း မြို့ပေါ်ကနေ ကြားလာရတော့ ဒီအပေါ်မှာ ကျောက်ဖြူကို အေအေက သိမ်းလိုက်ပြီ ဆိုပြီး အသံထွက်လာတာဖြစ်ဖို့များပါတယ်။ လောလောဆယ်တော့ တိုက်ပွဲပြင်းထန်နေတုန်းဘဲ ရှိပါသေးတယ်”ဟု ၎င်းက ပြောသည်။

    လက်ရှိတိုက်ပွဲများသည် ယခင် စစ်တပ်က ထိုးဖောက်ဝင်ရောက် နေရာယူလာသည့် ဒိုးမတောင်မှနေ ဝါးတောရွာတဖက်ကမ်းကနေကျောက်ဖြူမြို့အနီးရှိ ကုလဘာရွာ ပတ်ဝန်းကျင်ထိတိုက်ပွဲပြန်လည်ဖြစ်လာသည်ဟု ကျောက်ဖြူဒေသခံမြေပြင်တွင်နေထိုင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

    ” ဒိုးမတောင်ဖက်ကနေဖြစ်လာတာ ကုလာဘာထိဖြစ်လာပြီ။ သစ်ပုတ်တောင်ဖက်ခြမ်းဆိုနေ့တိုင်း ပစ်သံကြားရတယ်။ ဒရုန်းဗုံးချသံတွေလည်းကြားရတယ်။ တခါတလေမြို့စွန်မြို့ဖျားကတောင် မြေကြီးထိန့်ပါတယ် ” ဟုသူမက ပြောသည်။

    အာရက္ခတပ်တော်( AA) မှ ရှေ့တန်းနေရာများရှိအကြမ်းဖက် စစ်ကြောင်းများကို ဝင်ရောက် စီးနင်းတိုက်ခိုက်နေခြင်းအပေါ် နောက်ထပ် မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကအတည်ပြုပြီး စစ်တပ်က အရာရှိများပါကျဆုံးကာ ကျောက်ဖြူအနီးထိ နောက်ဆုတ်လာရသည်ဟု ပြောသည်။

    “တပ်တော်က သူတို့ကို စီးနင်းဝင်တိုက်တာ ရှေ့တန်းက အရာရှိအဆင့်တွေပါ ကျကုန်တယ်။ ​အခု စစ်တပ်က နောက်ဆုတ်ပြေးနေရတယ်။ အေအေကပြန်ပြီး အသာစီးရလာတယ်။ ဒီလအတွင်း ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ဖို့ လိုပါသေးတယ်” ဟု ပြောသည်။

    မြန်မာနိုင်ငံအနှံ့ စစ်ရေးသတင်းများကို ရေးသားနေသည့် CDM ဗိုလ်ကြီးဇင်ယော်၏ စစ်ရေး သုံးသပ်ချက်တွင်လည်း ကျောက်ဖြူမြို့တွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေဆဲဟု ရေးသားဖော်ပြသည်။

    “ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ထိတွေ့တိုက်ပွဲတွေ ရှိနေဆဲမျှသာ ဖြစ်ပါတယ်။စစ်တပ်ဟာ လည်း ကွက်ပြည့်မနင်းနိုင်သေးသလို အာရက္ခတပ်တော်ဘက်ကလည်း မြို့အပြင်နေရာအား လုံးကို ပြန်လည်ထိန်းချုပ်နိုင်ခြင်း မရှိသေးဘူး ဖြစ်ပါတယ်” ဟု ပြောသည်။

    ၎င်းပြင်ကျောက်ဖြူမြို့ဟာလည်း ဗန်းမော်ပြီးရင် ကာလအကြာရှည်ဆုံး စစ်မျက်နှာတစ်ခု ဖြစ်လာနေကြောင်း၊ အာရက္ခတပ်တော်သည် အကြမ်းဖက်စစ်တပ်ကို စစ်ရေးနည်းနဲ့သာ အနိုင်ပိုင်းပြီး စကားပြောမဲ့အခြေအနေရှိနေကြောင်းစသဖြင့်လည်း စစ်ရေးသုံးသပ်ချက်တွင် ရေးသားထားသည်။

    ကျောက်ဖြူမြို့ပြင်တိုက်ပွဲများသည် လက်ရှိ သစ်ပုတ်တောင်အခြေစိုက် ဓညဝတီ ရေတပ်အနီးသို့ရောက်ရှိလာနေသဖြင့် မြစ်ပြင်ရှိနေဗီများပေါ်မှအနီးအနားကျေးရွာ၊ တောင် စသည်တို့ကို လက်နက်ကြီးများဖြင့်ပစ်ခတ်သည့်အပြင်စက်သေနပ်များဖြင့် ပါပစ်ခတ်နေသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

    လက်ရှိတွင်ကျောက်ဖြူမြို့ရှိအမှတ် (၃၂)ရဲတပ်ရင်းဖက်ကလည်းလက်နက်ပစ်ခတ်သံများကို ပြန်ကြားရပြီး ပျားတဲ၊ကြတ္တိန်၊ သိုင်းချောင်း၊ဇိုင်ချောင်းဘက်ကလည်း နေ့ရောညပါလက်နက်ကြီး/ငယ် စက်သေနတ်ပစ်ခတ်သံများကို မြို့အနီးနားကကြားရကြောင်းမြို့ခံများက ပြောသည်။

  • လွတ်လပ်ရေးနေ့ အလံထောင်ရန် ငြင်းဆန်သူကို ရဲနှင့် စစ်တပ်က ရိုက်နှက်၊ ဖမ်းဆီး

    လွတ်လပ်ရေးနေ့ အလံထောင်ရန် ငြင်းဆန်သူကို ရဲနှင့် စစ်တပ်က ရိုက်နှက်၊ ဖမ်းဆီး

    ရန်ကုန်တိုင်းအတွင်း အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးက နေအိမ်တွေကို အတင်းအကျပ် နိုင်ငံတော် အလံထောင်ခိုင်းနေသလို ငြင်းဆန်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ဇန်နဝါရီ ၃ ရက် ညနေပိုင်းက ရွှေပြည်သာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်မှာ အလံထောင်ဖို့ လာပြောတဲ့ ရပ်ကွက်ရာအိမ်မှူးကို ‘မထောင်ရင် ဘာလုပ်မှာလဲ’ လို့ ပြန်မေးခဲ့တဲ့ အမျိုးသားတယောက်ကို ရဲနဲ့ စစ်တပ်က လာရောက်ဖမ်းဆီး ရိုက်နှက်ခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူကပြောပါတယ်။

    “ညနေ ၃ နာရီ လောက်ပေါ့။ အလံထောင်ရမယ်၊ ဝယ်ထားတာ မရှိရင် သူတို့ဆီက ဝယ်ရမယ်ဆိုပြီး လာပြောတာ။ အဲဒါကို မထောင်ရင် ဘာလုပ်မှာလဲလို့ ပြန်မေးလို့။ ဘာလုပ်မလဲ သိရမယ်ဆိုပြီး တအောင့်နေတော့ လာဖမ်းသွားတာ”

    ဇန်နဝါရီ ၄ ရက် ၇၈ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ နေအိမ်တွေ၊ ဆိုင်ခန်းတွေ၊ ဘေးတွဲဆိုင်ကယ်တွေ၊ ဆိုက်ကားတွေ၊ YBS ဘတ်စ်ကားတွေမှာ နိုင်ငံတော် အလံထောင်ကြဖို့ စစ်ကောင်စီက ဖိအားပေးခိုင်းစေနေတာ ဖြစ်ပါတယ်။

    ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေအနေနဲ့ အလံရောင်းပေးမယ်ဆိုပြီး တအိမ်ကို ကျပ် ၁၀,၀၀၀ တောင်းခံနေပြီး ပြင်ပမှာ မိမိအစီအစဉ်နဲ့ ဝယ်ယူပြီးထောင်တဲ့သူတွေလည်း ရှိနေပါတယ်။

    တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံတို့လို မြို့နယ်တွေ အပါအဝင် အင်းစိန်၊ မရမ်းကုန်၊ လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ သင်္ဃန်းကျွန်း ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ စတဲ့မြို့နယ်တွေအပြင် မြို့တွင်းက မြို့နယ်တွေမှာလည်း နေအိမ်တိုင်း၊ ဆိုင်တိုင်း အလံထောင်ထားကြတာ တွေ့ရပြီး အရင်နှစ်တွေက အခုလို ဖိအားပေးစေခိုင်းတာမျိုး မရှိဘူးလို့ သိရပါတယ်။

    ရန်ကုန်တွင် လွတ်လပ်ရေးနေ့ အလံထောင်သူနည်း

    လွတ်လပ်ရေးနေ့မှာ ရန်ကုန်မြို့အတွင်း အိမ်နဲ့ဆိုင်ခန်းတွေကို အလံထောင်ဖို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ညွှန်ကြားထားပေမဲ့ မထောင်ကြသူ များတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။

    နေအိမ်၊ တိုက်ခန်းနဲ့ ဆိုင်ခန်းတွေ၊ ကားတွေ အားလုံး လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ အလံထောင်ရမယ်ဆိုပြီး ဇန်နဝါရီ ၄ ရက်နေ့ မတိုင်ခင် ရက်ပိုင်းအလိုကတည်းက ညွှန်ကြားထားတာပါ။

    စစ်ကောင်စီက အဲဒီလို ညွှန်ကြားထားပေမဲ့ ရန်ကုန်မြို့က ရပ်ကွက်၊ လမ်းအများစုမှာ အလံထောင်တဲ့အိမ်၊ တိုက်ခန်း နည်းနည်းလောက်ပဲရှိတာကို တွေ့ရပါတယ်။

    စစ်ကောင်စီထောက်ခံသူတွေနဲ့ အရေးယူ ပြဿနာရှာခံရမှာ ကြောက်တဲ့သူ တချို့လောက်ပဲ အလံထောင်ထားကြတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

    သင်္ဃန်းကျွန်းမြို့နယ်မှာ နေသူတယောက်က “ကိုယ့်ဆန္ဒနဲ့ကိုယ် အလံထောင် သူရှားတယ်။ ဒလန် ပေါတဲ့ရပ်ကွက်၊ စစ်တပ်အလိုကျ တသဝေမတိမ်း လိုက်နာတဲ့ အုပ်ချုပ်ရေးမှူးရှိတဲ့ ရပ်ကွက်မှာဆို အလံထောင်တဲ့သူနည်းနည်း ပိုတွေ့ရတယ်။ ဒါကလည်း ကြောက်စိတ်နဲ့ထောင်တာ။ အိမ်မှာတော့ လိုလိုမယ်မယ် အလံဆောင်ထားတယ်။ တခုခု ပြဿနာရှာလာရင် အထောင်ပြဖို့အတွက် ဆောင်တာ” လို့ ပြောပါတယ်။

    လိုင်းကားတွေ၊ ဆိုက်ကားနဲ့ ဘေးတွဲဆိုင်ကယ် အများစုကတော့ လမ်းမှာ အဖမ်းဆီးခံရမှာစိုးလို့ အလံထောင်ထားကြတာကိုလည်း တွေ့ရပါတယ်။

    စစ်ကောင်စီက အခုနှစ်မှာမှ အိမ်တိုင်း အလံထောင်ဖို့ ညွှန်ကြားတာဖြစ်ပြီး ပြည်သူအများစုက ဆန့်ကျင်ထားကြတာ ဖြစ်ပါတယ်။

    ပြည်သူအများဟာ အခုလို စစ်ကောင်စီက ခိုင်းတာကိုတော့ ဆန့်ကျင်ပေမဲ့ ဒီမိုကရေစီအင်အားစုတွေက လှုံ့ဆော်တဲ့ အသံတိတ်သပိတ်လို လှုပ်ရှားမှုတွေမှာတော့ လိုက်ပါဆောင်ရွက်ကြတာ တွေ့ရပါတယ်။

  • မာဒူရိုနှင့် ဇနီးအား ချက်ချင်း ပြန်လွှတ်ပေးရန် တရုတ် တောင်းဆို

    မာဒူရိုနှင့် ဇနီးအား ချက်ချင်း ပြန်လွှတ်ပေးရန် တရုတ် တောင်းဆို

    ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရပြီးနောက် လက်ရှိတွင် အမေရိကန်၌ ထိန်းသိမ်းခံထားရသည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးဖြစ်သူတို့ကို ချက်ချင်း ပြန်လွှတ်ပေးရန် တရုတ်နိုင်ငံက ယနေ့တွင် တောင်းဆိုလိုက်သည်။

    “သမ္မတ မာဂျုရိုနဲ့ ၎င်းရဲ့ဇနီးတို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို အာမခံပေးဖို့၊ သူတို့ကို ချက်ချင်း ပြန်လွှတ်ပေးဖို့၊ ဗင်နီဇွဲလားအစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းနေမှုတွေကို ရပ်တန့်ဖို့နဲ့ ဒီပြဿနာကိုတွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ အမေရိကန်ကို တရုတ်နိုင်ငံက တောင်းဆိုပါတယ်” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံနှင့် ယင်းနိုင်ငံ၏ သမ္မတအပေါ် အမေရိကန်ပြည်ထောင်စု၏ ပြောင်ပြောင်တင်းတင်း အင်အားသုံး လုပ်ဆောင်ချက်အပေါ် တရုတ်နိုင်ငံအနေဖြင့် အလွန်အမင်း တုန်လှုပ်မိသလို ပြင်းထန်စွာ ရှုတ်ချကြောင်း ဗင်နီဇွဲလားတွင် လုပ်ဆောင်ခဲ့သော အမေရိကန်၏ စစ်ဆင်ရေးအပြီး ယမန်နေ့တွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သေးသည်။

    အမေရိကန်၏ ယခုကဲ့သို့ ဗိုလ်ကျစိုးမိုးသည့် လုပ်ရပ်များမှာ နိုင်ငံတကာဥပဒေနှင့် ဗင်နီဇွဲလားနိုင်ငံ၏ အချုပ်အခြာ အာဏာကို ပြင်းထန်စွာ ချိုးဖောက်နေပြီး လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေသဖြင့် တရုတ်နိုင်ငံအနေဖြင့် ယင်းလုပ်ရပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

    အမေရိကန်အနေဖြင့် နိုင်ငံတကာဥပဒေများ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့် အခြေခံမူများကို လိုက်နာရန်နှင့် အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ချိုးဖောက်နေမှုများအား ရပ်တန့်ရန် တောင်းဆိုကြောင်း တရုတ်က ဆိုသည်။

    ထို့အတူ အမေရိကန်၏ လုပ်ရပ်ကို နိုင်ငံတကာ ဓားပြတိုက်မှု ဟု ဗင်နီဇွဲလား၏ မိတ်ဖက် ရုရှားအစိုးရက ကင်ပွန်းတပ်ခဲ့ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ခေါင်းဆောင်ကို အဓမ္မ ဖမ်းဆီးခြင်းသည် နိုင်ငံတကာ ဥပဒေအားလုံးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အမေရိကန်၏ လုပ်ရပ်သည် အန္တရာယ်ရှိသော လုပ်ရပ်ဖြစ်ပြီး ယင်းဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာမည့် နောက် ဆက်တွဲ အကျိုးဆက်များအတွက် အမေရိကန်တွင် လုံးဝ တာဝန်ရှိသည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးထားသည်။

    ထို့ပြင် ယင်းကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူရန် ရုရှားက ချက်ချင်း တောင်းဆိုထားပြီး အမေရိကန်၏ တရားမဝင် ကျူးကျော်မှုကို ကမ္ဘာက သိအောင် လုပ်ဆောင်မည်ဟု ရုရှားသံအမတ်က ပြောကြားခဲ့သည်။

    Ref: CNN