Category: News

  • တော်လှန်ရေးတပ်က ထွက်ခွာခွင့်ပေးသော်လည်း စစ်တပ်က  မြို့ပြင်လမ်းကြောင်းများမှ ပြန်လည် ပိတ်ဆို့

    တော်လှန်ရေးတပ်က ထွက်ခွာခွင့်ပေးသော်လည်း စစ်တပ်က မြို့ပြင်လမ်းကြောင်းများမှ ပြန်လည် ပိတ်ဆို့

    ကသာမြို့ပေါ်မှ ပြည်သူများ စစ်ဘေးရှောင်ရန် တော်လှန်ရေးတပ်က ထွက်ခွာခွင့်ပေးသော်လည်း စစ်တပ်က မြို့ပြင်လမ်းကြောင်းများမှ ပြန်လည် ပိတ်ဆို့၍ ပြည်သူများ ဒုက္ခရောက်နေရ

    စစ်ကိုင်းတိုင်း၊ကသာမြို့ပေါ်မှ ပြည်သူများ စစ်ဘေးရှောင်ရန် တော်လှန်ရေးတပ်က ထွက်ခွာခွင့်ပေးသော်လည်း စစ်တပ်က မြို့ပြင် လမ်းကြောင်းများမှ ပြန်လည် ပိတ်ဆို့ ပိတ်ပင်၍ ပြည်သူများ ဒုက္ခရောက်နေရကြောင်း စစ်ဘေးရှောင် ပြည်သူများက ပြောဆိုသည်။

    ကသာမြို့ပေါ်တွင် တော်လှန်ရေးတပ်များက နေရာအများစုကို ထိန်းချုပ်ထားပြီး မြို့ပေါ်မှ ပြည်သူများကို ယနေ့ နံနက်ပိုင်းတွင် စစ်ဘေးရှောင်ရန် ထွက်ခွာခွင့်ပေးနေကြောင်း၊ သို့ရာတွင် စစ်တပ်က မြို့ပြင် ၈ မိုင်နှင့် ပတ္တာမြားဂိတ်တို့က စောင့်ကြို၍ ပြည်သူများကို တားဆီးခြင်း၊ ငွေကြေးတောင်းခြင်း၊ လူငယ်လူရွယ်များကို ခေါ်ထားခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

    “အခု လိုင်းပေါ်ကနေ ထွက်လို့ရပြီ ထွက်ကြဆိုတော့ ထွက်ကြတာပဲ။ ဒါပေမယ့် ဂိတ်တွေရောကတော့ တပ်က ပေး မထွက်ဘူး။ ထွက်လို့ရတဲ့လူတွေလည်း ထွက်လို့ရသွားတယ်။ အခု သိရသလောက် ပတ္တမြားဂိတ်ပိတ်သွားတယ်။ ၈ မိုင်ဂိတ် ပိတ်သွားတယ်။ ကား ၁ စီး ၅ သိန်းတောင်းတယ်၊ လူငယ်တွေကို စစ်တပ်က ခေါ်ပြီး ပေါ်တာဆွဲတယ်ဆိုတာမျိုးတွေလည်းကြားနေရတယ်။ မြို့ ထဲမှာတော့ ပြည်သူတွေ ရှိနေကြသေးတယ်။ လေယာဉ်တွေကလည်း ဝဲနေတယ်။ အကုန်လုံး စိုးရိမ်နေကြတယ်။ အပြင်က လူတွေကလည်း လိုင်းပေါ်ကနေ စိုးရိမ်။ မြို့ပေါ်က ပြည်သူတွေကလည်း ဘယ်ကို သွားလို့ သွားရမှန်းမသိ။ ထွက်လို့ရတဲ့လူတွေလည်း ထွက်ကြပါတယ်။ အခြေအနေက အဲဒီလိုပါ” ဟု ကသာမြို့ပေါ်မှ စစ်ဘေးရှောင်များကို အကူအညီပေးနေသူ လူငယ်တစ်ဦးက ပြောဆိုသည်။

    လတ်တလော ကသာမြို့ပေါ်တွင် KIA ၊ PDF နင့် တော်လှန်ရေးတပ်များ ရောက်ရှိနေပြီး စစ်တပ်က မြို့ထဲမှ ဆုတ်ခွာ ထွက်သွားကြောင်း၊ မြို့ပြင်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ လည်း မြင်တွေ့နေရကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

    ကသာမြို့ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းမှစတင်ပြီး KIA နှင့် PDF မဟာမိတ် တော်လှန်ရေးတပ်များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တပ်ကာကင်းစခန်းများ အပါအဝင် စခန်းတချို့ကို သိမ်းပိုက်ရရှိထားကြောင်း၊ စစ်တပ်၏ တစ်ခုတည်းသော ခမရ ၃၀၉ ကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိပြီး စစ်တပ်က လေ ကြောင်း တိုက်ခိုက်မှုများဖြင့် ခုခံနေကြောင်း သိရှိရသည်။

  • ငါးဇွန်မှာ ပြည်ခိုင်ဖြိုးပါတီဝင် မိသားစုလိုက် အသတ်ခံရ

    ငါးဇွန်မှာ ပြည်ခိုင်ဖြိုးပါတီဝင် မိသားစုလိုက် အသတ်ခံရ

    မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် စီတောင်းကျေးရွာက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ကျေးရွာ စည်းရုံးရေးမှူးနဲ့ သူ့ရဲ့ မိသားစုဝင် နှစ်ယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တခုက သတ်ဖြတ် သွားတယ်လို့ သိရပါတယ်။

    အသတ်ခံရ သူတွေက USDP ပါတီရဲ့ စည်းရုံးရေးမှူး ဖြစ်သူ ဦးဝင်းသိန်း၊ သမီးဖြစ်သူ ဒေါ်ဇာနည်သိန်း နဲ့ ယောကျ်ားဖြစ်သူ ဦးကျော်ထက်အောင် ဆိုသူ တို့ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ ၊ ညပိုင်း နေအိမ်မှာ မိသားစုလိုက် အတူရှိနေစဥ် လက်နက်ကိုင် အဖွဲ့က ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး သတ်ဖြတ် သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။

    “ည ၁၀ နာရီ လောက်ကြီး ဝင်သတ်သွားတာ။ ဒဏ်ရာတွေက သေနတ်ဒဏ်ရာတွေ ရော ဓားဒဏ်ရာတွေရောပဲ လို့သိရတယ်။ဆိုင်ကယ် နှစ်စီး လာပစ်တာလို့ သိရတယ်။ ဖုန်းတွေလည်း ယူသွားတယ်တဲ့ ။ ဘယ်အဖွဲ့ဆိုတာ တော့ ခုထိမသိရသေးဘူး။” လို့ USDP ပါတီနဲ့ နီးစပ်သူ ဒေသခံက ပြောပါ တယ်။

    အဆိုပါ USDP ပါတီဝင် မိသားစုလိုက် အသတ်ခံရမှု နဲ့ ပတ်သက်ပြီး ဒေသတွင်း လက်နက်ကိုင် အဖွဲ့ဘက်က သတင်းထုတ်ပြန် ခြင်းမရှိသေးပါဘူး ။

    ဇွန် ၉ ရက်ကလည်း မန္တလေးတိုင်း ညောင်ဦးမြို့နယ် ဒဟတ်ကန်ကျေးရွာက ကြံ့ခိုင်ရေးပါတီဝင်တွေ ဖြစ်တဲ့ ဦးဝင်းနိုင်နဲ့ ဦးချမ်းသာဆိုသူတို့နှစ်ယောက် အသတ်ခံခဲ့ရပါတယ်။

  • ၈ မိနစ်အတွင်း လန်ဒန်သို့ ပစ်ခတ်နိုင်သည့် နျူကလီးယားဒုံးကျည် ဘီလာရုစ်တွင် ချထားပြီးကြောင်း ပူတင် ခြိမ်း‌ခြောက်ပြန်

    ၈ မိနစ်အတွင်း လန်ဒန်သို့ ပစ်ခတ်နိုင်သည့် နျူကလီးယားဒုံးကျည် ဘီလာရုစ်တွင် ချထားပြီးကြောင်း ပူတင် ခြိမ်း‌ခြောက်ပြန်

    ၈ မိနစ်အတွင်း လန်ဒန်သို့ ပစ်ခတ်နိုင်သည့် နျူကလီးယားဒုံးကျည် ဘီလာရုစ်တွင် ချထားပြီးကြောင်း ပူတင် ခြိမ်း‌ခြောက်ပြန်

    မည်သည့် အနောက်တိုင်း လေကြောင်းရန် ကာကွယ်ရေးစနစ်မှ တားဆီးနိုင်စွမ်းမရှိဟု ရုရှားက ကြုံးဝါးထားသော အိုရပ်ရှ်နစ် နျူကလီးယား ဒုံးကျည်စနစ်အား ပူတင်၏ မဟာမိတ် သမ္မတလူကာရှန်၏ ဘီလာရုစ်နိုင်ငံထဲ ရောက်ရှိနေကြောင်း ဒီဇင်ဘာ ၃၀ ရက်တွင် ပို့ဆောင်ပေးနေသည့် ဗီဒီယိုဖိုင်နှင့်တကွ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကာ ကမ္ဘာကို ခြိမ်းခြောက်လာပြန်သည်။

    ယင်းဒုံးကျည်ကို ပို့ဆောင်ကာ သင်ကြားပြသနေသည့် ဗီဒီယိုဖိုင်ကို အရာရှိတစ်ဦးက မည်သို့ အသုံးပြုနိုင်ကြောင်း ဘီလာရုစ် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ဖော်ပြခဲ့ပြီး ပူတင်အမိန့်ပါမှ ပစ်ခတ်ခွင့်ရှိမည် ဖြစ်သော်လည်း မဟာဗျူဟာ နျူကလီးယားဒုံးကျည် နိုင်ငံတွင်းရောက်ပြီ ဖြစ်သောကြောင့် ပိုဂုဏ်သိက္ခာ ရှိလာပြီဟု လူကာရှန်ကိုက ကြုံးဝါးခဲ့သည်။

    ယင်းဒုံးကျည်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက ယူကရိန်း စစ်မျက်နှာပြင်၌ ရုရှားစတင် အသုံးချ တိုက်ခိုက်ခဲ့ကာ ဘီလာရုစ်မှ ဥရောပ မည်သည့် ပစ်မှတ်ကိုမဆို ၈ မိနစ် ဝန်းကျင်အတွင်း အရောက် ပစ်နိုင်ကာ မည်သည့် အရာကမျှ တားဆီးမရနိုင်ဟု ရုရှား စစ်ရေးလော်ဘီများက ကြွေး‌ကြော်နေသည်။

    ဘီလာရုစ်နိုင်ငံ မည်သည့်အရပ်၌ ယင်းဒုံးကျည် ရောက်ရှိနေသည်ကို မထုတ်ပြန်သော်လည်း အမေရိကန် သုတေသန ပညာရှင်များက မော်စကို အနောက်မြောက်ပိုင်း ၄၇၈ ကီလိုမီတာ၊ မင့်ခ်စ်မြို့၏ အရှေ့ဘက် ၃၀၇ ကီလိုမီတာ အကွာ၌ မြင်တွေ့ရသည့် ရုပ်သံဖိုင်ဖြစ်ကာ ခန့်မှန်းမှုမှာ ၉၀ ရာခိုင်နှုန်း မှန်ကန်နိုင်သည်ဟု သုံးသပ်ခဲ့ကြသည်။

    Ref: Thesun

  • အစဉ်တစိုက် ထောက်ပံ့ပေးသော AA ကို ကျေးဇူးတင်ကြောင်း ချင်းညီနောင် ပြော

    အစဉ်တစိုက် ထောက်ပံ့ပေးသော AA ကို ကျေးဇူးတင်ကြောင်း ချင်းညီနောင် ပြော

    ချင်းပြည်တော်လှန်ရေးအဖွဲ့များ စုဖွဲ့ထားသည့် ချင်းညီနောင် CB ကို အစဉ်တစိုက် ထောက်ပံ့ကူညီပေးသော အာရက္ခတပ်တော် AA ကို ကျေးဇူးတင် လေးစားဂုဏ်ပြု မှတ်တမ်းတင်ကြောင်း ချင်းညီနောင် CB ၏ ၂ နှစ်ပြည့် ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

    ချင်းတော်လှန်ရေးတပ်ဖွဲ့များ စုစည်းတည်ထောင်ထားသော ချင်းညီနောင် CB အဖွဲ့သည် ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က ၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

    ချင်းညီနောင်စစ်ဆင်ရေးများတွင် အသက်၊ သွေး၊ ချွေးနှင့် အနာဂတ်ကို စွန့်လွှတ်ပေးဆပ်တိုက်ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာရ ရဲဘော်များ၊ ကျဆုံးသွားသော ချင်းညီနောင်ရဲဘော်များနှင့် မဟာမိတ်ရဲဘော်များကို လေးနက်စွာ တန်ဖိုးထား၍ ဂုဏ်ယူအောက်မေ့လျက်ရှိကြောင်းလည်း ချင်းညီနောင်က ဆိုသည်။

    ချင်းညီနောင်ကို ထောက်ပံ့ကူညီပေးခဲ့ကြသော တော်လှန်ရေးမဟာမိတ်များနှင့် နိုင်ငံတကာမှ တော်လှန်ပြည်သူများအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် လေးစားဂုဏ်ပြု မှတ်တမ်းတင်သည်ဟု ပြောသည်။

    ခေတ်အဆက်ဆက် အကြမ်းဖက်စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲများနှင့် လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း အသက်ပေးသွားကြသော ရဲရဲတောက် အာဇာနည်များ၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများ၊ ခြေလက်အင်္ဂါများ ပေးဆပ်ခဲ့ကြရသော တော်လှန်ရေး ရဲဘော်သူရဲကောင်းများကိုလည်း လေးနက်စွာ အလေးပြုသည်ဟု ဆိုသည်။

    ပြည်သူလူထုသည် ချင်းညီနောင်အဖွဲ့ဝင်များနှင့်အတူ ရပ်တည်ပြီး အကြမ်းဖက်စစ်ကောင်မရှင်၏ ဖိနှိပ်မှုမျိုးစုံနှင့် ကန့်သတ်မှု မျိုးစုံအား ကြံကြံခံရင်း လူထုတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် မညီးမငြူ လက်တွဲညီညီ စည်းလုံး ညီညွတ်စွာဖြင့် ရုန်းကန်ကျော်လွှားနိုင်ခဲ့ကြမှုအပေါ် ကျေးဇူးတင် လေးစားဂုဏ်ပြုကြောင်း ပြောသည်။

    ချင်းညီနောင်သည် ပြည်သူလူထု၏ ထောက်ခံမှုနှင့် မဟာမိတ်များ၏ ထောက်ပံ့ကူညီမှုဖြင့် မိမိတို့ အခြေစိုက်ရာ မြို့နယ်၊ ဒေသများဖြစ်သည့် မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ဖလမ်းမြို့နယ်၊ မရာဒေသနှင့် ဒိုင်ရ်ဒေသတို့တွင် အကြမ်းဖက်စစ်ကော်မရှင် ကင်းစင်အောင် မောင်းထုတ် နိုင်ခဲ့ကြပြီဟု ဆိုသည်။

    ဆက်လက်၍ တီးတိန်မြို့နယ်နှင့် ချင်းပြည်တခုလုံး အကြမ်းဖက်စစ်ကော်မရှင်များ ကင်းစင်စေရန် ကြိုးပမ်းသွားမည်ဟု ချင်းညီနောင်က ကတိပြုထားသည်။

    ချင်းညီနောင်သည် ဖက်ဒရယ်ဒီမိုကရေစီချာတာ အစိတ်အပိုင်း (၂)၊ အခန်း (၈)၊ အပိုဒ် (၅၂)အရ ဖွဲ့စည်းထားသော ချင်းပြည်၏ တစ်ခုတည်းသော ပြည်ထောင်စုယူနစ်ဖြစ်သည့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)တွင် အပြည့်အဝ ပါဝင်လျက်ရှိကြောင်း ပြောသည်။

    လက်ရှိ စိုးမိုးထိန်းချုပ်ရာနယ်မြေများတွင် ပြည်သူလူထုမှ ရွေးကောက် တင်မြှောက်သည့် bottom-up approach ဖြင့် စနစ်တကျ ဖွဲ့စည်းထားသော မြို့နယ်၊ ဒေသ၊ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များမှတဆင့် နယ်မြေအေးချမ်းတည်ငြိမ်ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး အပါအဝင် အခြားပြည်သူ့ဝန်ဆောင်မှုများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။

    ချင်းညီနောင်သည် အနာဂတ်တွင် ချင်းပြည်သူများအားလုံးအတွက် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)မှတဆင့် တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ကို အာမခံနိုင်သော ချင်းပြည်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ် ပေါ်ပေါက် လာသည်အထိ အားသွန်ခွန်စိုက် ပါဝင်သွားမည်ဟု ပြောသည်။

    နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု Spring Revolution Alliance (SRA) တွင်လည်း အားတက်သရောပါဝင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးအောင်မြင်ရေးအတွက် ဆက်လက်ပါဝင်ကြိုးပမ်းသွားမည်ဟုလည်း ဆိုသည်။

    ထို့အပြင် အနာဂတ်တွင်လည်း အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် တော်လှန်တိုက်ပွဲဝင်သည့် တော်လှန်ရေးအင်အားစုများနှင့် ယခုထက် ပိုမိုခိုင်မာသည့် ဆက်ဆံရေးများ တည်ဆောက်ကာ အတူလက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ကတိပြုအပ်သည်ဟု ချင်းညီနောင်က ပြောသည်။

    ပြည်ထောင်စုအတွင်းနှင့် နိုင်ငံတကာတွင် နေထိုင်လျက်ရှိကြသည့် ချင်းလူမျိုးများနှင့်အတူ ပြည်ထောင်စုဖွား လူမျိုးစုအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းပြည့်စုံလျက် နွေဦးတော်လှန်ရေးတွင် မိမိတို့တတ်နိုင်သည့် အခန်းကဏ္ဍများ၌ ဆတက်ထမ်းပိုး ပါဝင်ထမ်းရွက်နိုင်ကြောင်း ဆုမွန်ကောင်း တောင်းသည်ဟုလည်း ပြောသည်။

    ချင်းပြည်တခွင်နှင့် ပြည်ထောင်စုတဝှမ်း အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြန်ဆုံး ကျရှုံးရေးအတွက် ဆက်လက် အားထုတ်သွားမည်ဟု ချင်းညီနောင်က ဆိုသည်။

  • အပျက်အစီးကြား ပိတ်မိနေခဲ့တဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို  ၁၂ နာရီအကြာမှာ ပြန်လည်ကယ်ထုတ်နိုင်

    အပျက်အစီးကြား ပိတ်မိနေခဲ့တဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ၁၂ နာရီအကြာမှာ ပြန်လည်ကယ်ထုတ်နိုင်

    မြန်မာလေတပ်ဗုံးကြဲမှုကြောင့် အပျက်အစီးကြား ပိတ်မိနေခဲ့တဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ၁၂ နာရီအကြာမှာ ပြန်လည်ကယ်ထုတ်နိုင်

    သံတွဲမြို့နယ်၊ ငပလီ လင်းသာရွာကို ဒီလ ၂၉ ရက် ည ၈ နာရီခန့်က အကြမ်းဖက် မြန်မာလေတပ်ရဲ့ ဗုံးကြဲမှုအတွင်း ပိတ်မိနေတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ၁၂ နာရီအကြာမှာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

    အသက် (၃) နှစ်အရွယ် မေကံကောင်း(ခ)မအေးသန္တာခိုင်ကို ဗုံးကြဲခံရတဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေကနေ ကယ်ဆယ်ရေးလုပ်ရာမှာ နောက်တစ်နေ့ မနက် ၈ နာရီကျော်မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

    အဲဒီကလေးငယ် အပျက်အစီးပုံအောက်မှာ ၁၂ နာရီကြာ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။

    မအေးသန္တာခိုင်ရဲ့ ခြေထောက်မှာ အနည်းငယ် ပွန်းပဲ့ ဒဏ်ရာတွေ ရရှိပြီး သူမရဲ့ ဖခင် ဦးမောင်ငိုဟာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

    ဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၁၅ နှစ် ကလေး ၄ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ၄ နှစ်အရွယ် မနွယ်နွယ်မျိုးလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူက ၁၂ ဦးရှိပြီး ဒီအထဲမှာ ဒဏ်ရာ ပြင်းထန်တဲ့သူတွေလည်း ပါဝင်ပါတယ်။

    အိမ် ၂၃ လုံးပျက်စီးပြီး အိမ်တချို့က ပြင်းထန်ဗုံးကြောင့် မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။

    အကြမ်းဖက် လေတပ်ဟာ ငပလီ လင်းသာရပ်ကွက်၊ ကျားကန်ကြီးအပိုင်းကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်တိုင်တိုင် ပေါင် ၅၀၀ ဗုံး ၄ လုံးကြဲချခဲ့ပါတယ်။

    တိုက်ပွဲလည်း တစ်စုံတစ်ရာဖြစ်ပွားတာမရှိဘဲနဲ့ ကလေးငယ်တွေကအစ ဒီအရပ်သားတွေကို မြန်မာစစ်တပ်က ဘာကြောင့် ဗုံးကြဲ တိုက်ခိုက်သတ်ဖြတ်ရသလဲဆိုတာကို နားမလည်အောင် ဖြစ်နေရတယ်လို့ သံတွဲဒေသခံ လူမှုရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

    ပုံစာ- ၁၂ နာရီကြာ အပျက်အစီးကြားပိတ်မိနေခဲ့တဲ့ မအေးသန္တာခိုင် (ဓာတ်ပုံ- ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့)