မြန်မာလေတပ်ဗုံးကြဲမှုကြောင့် အပျက်အစီးကြား ပိတ်မိနေခဲ့တဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ၁၂ နာရီအကြာမှာ ပြန်လည်ကယ်ထုတ်နိုင်
သံတွဲမြို့နယ်၊ ငပလီ လင်းသာရွာကို ဒီလ ၂၉ ရက် ည ၈ နာရီခန့်က အကြမ်းဖက် မြန်မာလေတပ်ရဲ့ ဗုံးကြဲမှုအတွင်း ပိတ်မိနေတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ၁၂ နာရီအကြာမှာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အသက် (၃) နှစ်အရွယ် မေကံကောင်း(ခ)မအေးသန္တာခိုင်ကို ဗုံးကြဲခံရတဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေကနေ ကယ်ဆယ်ရေးလုပ်ရာမှာ နောက်တစ်နေ့ မနက် ၈ နာရီကျော်မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲဒီကလေးငယ် အပျက်အစီးပုံအောက်မှာ ၁၂ နာရီကြာ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။

မအေးသန္တာခိုင်ရဲ့ ခြေထောက်မှာ အနည်းငယ် ပွန်းပဲ့ ဒဏ်ရာတွေ ရရှိပြီး သူမရဲ့ ဖခင် ဦးမောင်ငိုဟာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၁၅ နှစ် ကလေး ၄ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ၄ နှစ်အရွယ် မနွယ်နွယ်မျိုးလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူက ၁၂ ဦးရှိပြီး ဒီအထဲမှာ ဒဏ်ရာ ပြင်းထန်တဲ့သူတွေလည်း ပါဝင်ပါတယ်။
အိမ် ၂၃ လုံးပျက်စီးပြီး အိမ်တချို့က ပြင်းထန်ဗုံးကြောင့် မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။
အကြမ်းဖက် လေတပ်ဟာ ငပလီ လင်းသာရပ်ကွက်၊ ကျားကန်ကြီးအပိုင်းကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်တိုင်တိုင် ပေါင် ၅၀၀ ဗုံး ၄ လုံးကြဲချခဲ့ပါတယ်။
တိုက်ပွဲလည်း တစ်စုံတစ်ရာဖြစ်ပွားတာမရှိဘဲနဲ့ ကလေးငယ်တွေကအစ ဒီအရပ်သားတွေကို မြန်မာစစ်တပ်က ဘာကြောင့် ဗုံးကြဲ တိုက်ခိုက်သတ်ဖြတ်ရသလဲဆိုတာကို နားမလည်အောင် ဖြစ်နေရတယ်လို့ သံတွဲဒေသခံ လူမှုရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။
ပုံစာ- ၁၂ နာရီကြာ အပျက်အစီးကြားပိတ်မိနေခဲ့တဲ့ မအေးသန္တာခိုင် (ဓာတ်ပုံ- ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့)


Leave a Reply