Category: News

  • အမေစုကိစ္စ ပွဲဆူနေပြီ

    အမေစုကိစ္စ ပွဲဆူနေပြီ

    ငါတို့လည်း လက်တံခြေတံအထိုက်အလျောက်ရှည်တယ်။ပြည်တွင်းကလူတွေများစွာနဲ့အဆက်အသွယ်တောက်လျောက်ရှိတယ်။ စစ်တပ်ကသူတွေနဲ့လည်းချိတ်ဆက်ထားတာရှိတယ်၊ သတင်းပေးနေတဲ့သူတွေရှိတယ်။

    NUG က လူကြီးတွေ ၊ ဝန်ကြီးတွေ ၊ CRPH ကလူကြီးတွေ အားလုံးလည်း လက်တံခြေတံအထိုက်အလျောက်ရှည်ကြတယ်။ပြည်တွင်းကလူတွေများစွာနဲ့အဆက်အသွယ်တောက်လျောက်ရှိကြတယ်။ စစ်တပ်ကသူတွေကလှမ်းသတင်းပေးနေတာတွေရှိတယ်။ ကိုထိန်လင်းဆိုလည်းငါတို့လိုပဲ။အဆက်အသွယ်တွေရှိကြတယ်။

    အဲ့ဒါတောင် အမေစုနဲ့ပက်သက်ပြီး ငါတို့ ဘာမှရေရေရာရာ၊ သေသေချာချာမသိရလို့ စီုးရိမ်နေတဲ့အချိန်မှာ မင်းကအတိအကျကိုသိနေတယ်၊ သတင်းကြားထားတယ်ဆိုတော့ မင်းကစစ်ထောက်လှမ်းရေးလားလို့ ငါမေးမယ်။

    မင်းကမျက်နှာမပြပဲ Facebook သုံးနေတဲ့သူဖြစ်တယ်။ မင်းဘယ်သူလဲဆိုတာ ငါတို့မသိရဘူး။ ဘာနိုင်ငံရေး၊ တော်လှန်ရေး အစဉ်အလာမှလည်းရှိခဲ့ဖူးပုံမပေါ်ဘူး။ အခုအမေစုနဲ့ပက်သက်ပြီး သတင်းမှားလွှင့်ဖို့ကြိုးစားတာက အလွန်သံသယဖြစ်ဖို့ကောင်းတယ်။

    တောက်လျောက်လည်း NUG ကိုဖောင်းထုတာ၊ ERO တွေနဲ့ NUG ကြားအထင်အမြင်လွဲအောင်ရေးတင်တာတွေလုပ်တယ်။ အခု ဘယ်သူမှ မသိရတဲ့ အမေစုရဲ့အခြေအနေကို အတိအကျလိုမျိုးရေးတင်တယ်ဆိုတာ မင်းဟာ စစ်တပ်သူလျှိုလို့ ငါကောက်ချက်ချတယ်။ လူတွေကို ငါတို့ကအမြဲစောင့်ကြည့်နေတယ်။ မင်းကိုလူတွေယုံနေပြီဆိုပြီး မင်းက ရေးတင်တာပဲ ၊ ဒါက မင်းဘာကောင်လဲဆိုတာပေါ်သွားစေတယ်။

    အမေစုသတင်း မင်းဘယ်လိုကြားသိလဲ၊ အမေစုကိုထောင်ထဲမှာတောင်မထားဘူး၊ စစ်တပ်ထဲမှာထားတယ်၊ တပတ်တခါဆေးစစ်ပေးတယ် ၊ အတိအကျသတင်းကိုဘယ်လိုရလဲ ။ ဘယ်သူမှမသိရလို့ စီုးရိမ်နေတဲ့အချိန်မှာ ၊ မင်းလို မနေ့တနေ့ကမှ facebook ပေါ်နိုင်ငံရေးလိုလို၊ တော်လှန်ရေးလိုလို ရေးချင်တာရေးတင်တဲ့သူက ၊ သတင်းအတိအကျကြီး ကြားသိတယ်ဆိုတာက ထူးဆန်းတယ်၊အံ့အားသင့်စရာဖြစ်တယ်။

    သတင်းအတိအကျရေးပြီး ၊ အောက်မှာ ‘ဟုတ်မဟုတ်တော့မသိဘူး’ ဆိုပြီးဆက်ရေးတယ်။ အောက်ကကွန်မန့်မှာ ရထားတဲ့ သတင်းရင်းမြစ်ကခိုင်မာတယ်ဆိုပြီး သက်သေခံထားတယ်။ စာဖတ်သူကို အယုံသွင်းတဲ့လှည့်ကွက်ဆိုတာ ငါတို့ သိတယ်။

    ခွေးတွေရဲ့ဆိုက်ဝါးတွေကို ငါတို့ကကောင်းကောင်းနားလည်ပြီးသားဖြစ်တယ်။ အမေစုနေကောင်းကြောင်း၊ ကောင်းကောင်းမွန်မွန်ထားကြောင်း သန်းလွင်ထွန်းကရေးတယ်၊ အခုမင်းကရေးတယ်။ မင်းတို့ကဘာကောင်တွေလဲ ။ ဒါက ပြည်သူကိုဖြေသိမ့်နေတာ၊ ပျားရည်နဲ့ဝမ်းချနေတာဖြစ်တယ်။ ငါတို့လိုချင်တာက သက်သေဖြစ်တယ်။ အမေစုနှင့် မိသားစုတွေ့ခွင့်ရမှယုံမယ်။

    မင်းရေးချင်တာရေးနေတုန်းက ငါစောင့်ကြည့်ခဲ့တယ်။ ဘာမှမပြောခဲ့ဘူး။အခုအမေစုနဲ့ပက်သက်ပြီး ပြည်သူတွေကြားမှာ ကောလဟာလလိုလို ၊ အမှန်လိုလိုနဲ့ လုပ်လာပြီး သတင်းမှားဖွဖို့ကြိုးစားတာက လုံးဝလက်ခံစရာအကြောင်းမရှိဘူး။ မင်းဟာ အကြမ်းဖက်စစ်ခွေးသူလျှိုဆိုတာသေချာတယ်။

    နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်တပ်ဝါဒဖြန့်ရတာအရမ်းလွယ်တယ်။ Facebook အကောင့်တစ်ခုဖွင့်ပြီး နိုင်ငံရေးအကြောင်း၊ တော်လှန်ရေးအကြောင်းရေးတယ်။ ကိုယ်ဘယ်သူ၊ ဘယ်ဝါဆိုတာပြစရာမလိုဘူး၊ ကိုယ့်ဓါတ်ပုံတင်စရာမလိုဘူး။ နိုင်ငံရေး၊တော်လှန်ရေးသုံးသပ်ချက်ရေးလို့ အတော်လေးပရိတ်သတ်စုမိပြီဆိုရင် ကိုယ်ထည့်ချင်တဲ့ဆိုက်ဝါး၊ သတင်းတု၊ သတင်းလိမ်ထည့်လို့ရပြီဖြစ်တယ်။ စစ်တပ်ထောက်လှမ်းရေးတွေ၊ သူလျှိုတွေအလုပ်လုပ်ရတာ အလွန်ကိုလွယ်လွန်းတယ်။ကျွန်တော်တို့ဖက်မှာက အဲ့ဒါကိုစုံစမ်းဖော်ထုတ်တဲ့ ၊ တန်ပြန်တဲ့ယန္တယားမရှိဘူးဖြစ်နေတယ်။

    Facebook ပေါ်မှာ နိုင်ငံရေးသုံးသပ်ချက်လိုပုံစံရေးပြီး NUG ကို ပြည်သူတွေအယုံအကြည်ကင်းမဲ့အောင် ၊ စာဖတ်သူကို ဆိုက်ဝါးထည့်လေ့ရှိတဲ့ Yerbaw Che ဆိုတဲ့ အကောင့်ကို သတိထားမိတာ ၈လ၊ ၉ လလောက်ရှီပြီဖြစ်တယ်။ မသင်္ကာတဲ့ အတွက်သတိထားမိနေခဲ့တယ်။ ဒီနေ့ အမေစုအကြောင်း စစ်တပ်ဝါဒဖြန့်သတင်းမှားတင်တာကိုတွေ့တော့ ဒီကောင်ဟာ စစ်ထောက်လှမ်းရေးသူလျှိုဆိုတာ သေချာသလောက်ဖြစ်သွားတယ်။

    အမေစုကနေပြည်တော်မှာရှိနေကြောင်း၊ ထောင်ထဲမှာမရှိကြောင်း၊ အပြင်မှာဖြစ်ကြောင်း ၊ စစ်တပ်ထဲမှာဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းကြောင်း၊ တပတ်တခါဆေးစစ်ပေးနေကြောင်းရေးတင်ထားတယ်။

    သူရေးတာကိုကြည့်ရင် အမေစုနေကောင်းကျန်းမာနေကြောင်း၊ စစ်တပ်ကဂရုစိုက်ကြောင်း စရေးလိုက်ပြီး စာဖတ်သူကိုသတင်းမှားဖြန့်လိုက်တယ်။စာဖတ်သူတွေက အမေစုကိုချစ်တဲ့သူတွေဖြစ်တဲ့အတွက် ဝမ်းသာအားရ သတင်းမှား/မှန် ကိုသတိမထားမိတော့ပဲ ၊ “ အမေစုနေကောင်းကျန်းမာတယ်၊ ထောင်ထဲမှာတောင်မနေရဘူး “ ဆိုတာမှာတင်ပျော်ရွင်သွားကြတယ်။ ပျော်ရွင်စိတ်နဲ့ အဲ့ဒီသတင်းကိုဖြန့်ကြတာဖြစ်တယ်။

    Yebaw Che က အမေစုဟာ ထောင်အပြင်မှာကျန်းမာစွာရှိနေတယ်လို့ သတင်းဖြန့်တံ့အချိန်မှာ VOA ပြုတ်သန်းလွင်ထွန်းကလည်းအမေစုကထောင်ထဲမှာကောင်းကောင်းမွန်မွန်ရှိနေတယ်၊ ဆရာဝန်ကြီးတွေပုံမှန်သွားတွေ့တယ်၊ စာအုပ်တွေမှာဖတ်နေတယ်လို့ရေးထားတာတွေ့တယ်။

    Yebaw Che နှင့် သန်းလွင်ထွန်းတို့နှစ်ယောက်တောင်သတင်းကမညီဘူးဆိုတာတွေ့ရတယ်။ Yebaw Che က အမေစုဟာ ထောင်အပြင်စစ်တပ်ထဲမှာရှိနေတယ်လို့ရေးပြီး ၊ သန်းလွင်ထွန်းက ထောင်ထဲမှာရှိနေတယ်လို့ရေးတယ်။ နှစ်ဦးစလုံးက အမေစုကို ဒေါ်စု၊ ဒေါ်အောင်ဆန်းစုကြည်လို့ခေါ်တဲ့ပုံစံချင်းတော့ ဆင်တူတာတွေ့ရတယ်။

    Yebaw Che က ဘယ်သူမှန်းမသိရပေမယ့်၊ သန်းလွင်ထွန်းက အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေနဲ့ ပေါင်းသင်း၊ သောက်စားနေသူဖြစ်တဲ့အတွက် သန်းလွင်ထွန်းက အမေစုသတင်းကိုသိတာ ပိုပြီးဖြစ်နိုင်ခြေရှိတယ်လို့ပြောရမယ်။ Yebaw Che ဆိုသူကတော့ စစ်တပ်သူလျှိုအနေနဲ့ ရာထူးအကြီးဆုံး ၊ အများဆုံးဖြစ်မှ စရဖဗိုလ်ကြီးအဆင့်လောက်ပဲရှိမှာဖြစ်တဲ့အတွက် အမေစုဘယ်မှာရှိနေလဲဆိုတာ သိနိုင်စရာလုံးဝမရှိဘူးလို့ပဲပြောရမယ်။

    ကိုထိန်လင်း​တောင်းဆိုတာက အမေစုကို မိသားစုနှင့်​တွေ့ခွင့်​ပေးဖို့ဖြစ်တယ်။ အဲ့ဒီ​တောင်းဆိုချက်ကို​မှေးမှိန်​အောင် အမေစုဟာ​နေ​ကောင်းကျန်းမာတယ်။ ကောင်း​ကောင်းမွန်မွန်ရှိ​နေတယ်ဆိုတဲ့သတင်းလွှင့်တာဖြစ်တယ်။ ကျွန်​တော်တို့လိုချင်တာသက်​သေအ​ထောက်အထားဖြစ်တယ်။ စစ်တပ်က ကျန်းမာတယ်ဆိုတာပဲ အ​ထောက်အထားမဲ့ သတင်းလွှင့်တယ်။

    လွန်ခဲ့တဲ့သီတင်းပတ်တွေက အ​မေစု​လေဖြတ်သွားပြီ။ သေဆုံးသွားပြီလို့သတင်းလွှင့်တယ်။ အခု​နေ​ကောင်းကျန်းမာပါတယ်။ ထောင်ထဲမှာ​တောင်မ​နေရဘူးစသည်ဖြင့်သတင်းလွှင့်ပြန်တယ်။

    အစမှာရေးခဲ့သလိုပဲ အကြမ်းဖက်စစ်တပ်ကတော်လှန်ရေးထဲစိမ့်ဝင်ပြီးသတင်းဖြန့်ရတာ အရမ်းလွယ်တယ်။ facebook အကောင့်တစ်ခုဖွင့်ပြီး တော်လှန်ရေးအကြောင်းလေး၊ နိုင်ငံရေးအကြောင်းလေးစရေးမယ်။ အဲ့ဒီကောင်ကို စစ်ထောက်လှမ်းရေးအလံရှုးတွေရဲ့ facebook အကောင့်တွေကနေများများ ကွန်မန့်ဝင်ရေးမယ်၊ share ကြမယ်။ ဒီလိုနဲ့ မကြာခင်သူဟာ ဖော်လိုဝါအထိုက်အလျောက်ရလာမယ်။ အဲ့ဒါဆို တော်လှန်ရေးထဲမှာ သတင်းမှားတွေ၊ စိတ်ဓါတ်စစ်ဆင်ရေးဆိုက်ဝါးတွေကို ပါးပါးလေးပုတ်ပြီးထည့်လို့ရပြီဖြစ်တယ်။ အရမ်းလွယ်လွန်းနေတယ်။

    ကျွန်တော်တို့ဖက်မှာက အဲ့ဒါကိုစုံစမ်းဖော်ထုတ်တဲ့ ၊ တန်ပြန်တဲ့ယန္တယားမရှိဘူးဖြစ်နေတယ်။

    Yebaw Che

    အဓီကမင်းကို ငါက စစ်တပ်သူလျှိုလို့သံသယဖြစ်ရတဲ့အကြောင်းက

    ၁။ မင်းက NUG ကို ပြည်သူတွေအထင်အမြင်လွဲမှားအောင်ရေးနေတာရယ် ။ ( ဒါကတော့ original အကြောင်းရင်းပေါ့ ၊မင်းကို ငါက သတိထားမိစေတဲ့ အကြောင်းရင်းဖြစ်တယ်။ ငါက အဲ့လိုကောင်တွေကို စောင့်ကြည့်နေတာဖြစ်တယ်။ )

    လက်တလော အကြောင်းရင်းအနေနဲ့

    ၂။ မင်းက အမေစုဘယ်မှာရှိနေလဲဆိုဆာကို ငါတို့တောင်မသိရတဲ့အခြေအနေမှာ ( မင်းတင်တဲ့ အမေစုအကြောင်း post ရယ် ၊ နောက်ပြီး၊ သေချာတဲ့သတင်းရင်းမြစ်ဆိုတဲ့ မင်းရဲ့ ကွန်မန့်အရ ) လျှို့ဝှက်သတင်းကြောင့် အမေစုဟာ နေပြည်တော်စစ်တပ်ဝန်းထဲမှာရှိနေတယ်ဆိုတာကိုသေချာနေတာရယ်၊

    ၃။ မင်းက အခုလိုအရေးကြီးသတင်းတွေတင်နေပေမယ့် ၊ မင်းကဘယ်သူလဲသိခွင့်မရှိတာကြောင့်ရယ် ( မင်းက အခုထိုင်းမှာရှိတယ်လို့ပြောတယ်၊ မင်းလောက် နိုင်ငံရေးအရအရေးကြီးတဲ့သတင်းတွေကိုမတင်တဲ့သုတွေတောင် ၊ သူတို့ရဲ profile အမှန်နဲ့ တင်ကြတယ်။ မင်းက အရေးကြီးတာတွေတင်တယ်၊ မင်းဘယ်သူလဲဆိုတာ ပေးမသိဘူး ၊ ထိုင်းနိုင်ငံမှာနေပြီး အဲ့ဒီလောက်လျှို့ဝှက်စရာလိုလား ။ )

    မင်းရယ် ငါရယ် facebook မှာ Live စကားပြောမယ်။ ငါမှားတယ်ဆို ငါတောင်းပန်မယ်။ အေး အဲ့ဒီလို မပြောရဲရင် မင်းက အကြမ်းဖက်စစ်တပ်သူလျှိုပဲဆိုတဲ့ ငါ့ရဲ့ သံသယက သေချာတယ်။

    ငါပြောတာ အရမ်းရှင်းတယ်။

    -,

    မျိုးရန်နောင်သိန်း

  • ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ခင်ရီ နာမည်သုံး၍ ငွေကျပ် သိန်း ၂၀၀၀ ကျော် လိမ်လည်မှု

    ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ခင်ရီ နာမည်သုံး၍ ငွေကျပ် သိန်း ၂၀၀၀ ကျော် လိမ်လည်မှု

    ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ခင်ရီ နာမည်သုံး၍ ငွေကျပ် သိန်း ၂၀၀၀ ကျော် လိမ်လည်မှု တိုင်ကြားသော်လည်း ဖြေရှင်းမပေး

    ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ခင်ရီ၏ နာမည်သုံး၍ ငွေကျပ် သိန်း ၂၀၀၀ ကျော် လိမ်လည်မှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်အတွက် ဖြေရှင်းပေးရန် ခင်ရီထံသို့ တိုင်ကြားခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိကြောင်း အလိမ်ခံရသူတချို့က ပြောဆိုသည်။

    ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်တွင် ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ တူအရင်းဖြစ်သူ ကျော်သက်ဟိန်းက ဦးလေးဖြစ်သူ ခင်ရီ၏ ခိုင်းစေချက်အရ လုပ်ငန်းရှင်တချို့နှင့် မြောင်းမြအခြေ စိုက်မြို့မြို့မျက်ဖုံးအသိုင်းအ၀ိုင်းထံမှ ငွေကြေးများ ချေးငှားခဲ့ကြောင်း၊ ချေးငှားရာတွင် ချေးယူသည့်ငွေကြေးအတွက် ကားများ ပြန်လည်ပေးအပ်မည်ဟု ဆိုကာ ငွေကျပ် သိန်း ၂၀၀၀ ကျော် ရယူသွားခဲ့ကြောင်း၊ ယင်းနောက် ခင်ရီ၏ တူအရင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရှိရသည်။

    အဆိုပါလိမ်လည်မှုအတွက် အလိမ်ခံရသူများက ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီထံသို့ အကြိမ် ကြိမ် စာရေးသားပေးပို့ တိုင်ကြားပြီး ငွေကြေးတောင်းခိုင်းခံခြင်းရှိ၊ မရှိ၊ ဦးခင်ရီ၏ တူအ ရင်းနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးပါရန် တောက်လျှောက် တိုင်ကြားခဲ့ကြောင်း၊ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက စာကို လက်ခံရယူခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမှ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

    “အမျိုးလည်းတော်တယ်၊ တူအရင်းဆိုတာကလည်း ဟုတ်တယ်။ ရှင်းရှင်းပြောရရင် ဦးခင်ရီအမျိုးဖြစ်တော့ ဒီဘက်က လူတွေကလည်း ယုံကြည်ပြီး ငွေတွေ ချေးလိုက်ကြတာ။ တကယ်လို့ ဦးခင်ရီက ပတ်သက်မှုမရှိရင်လည်း အမျိုးတော်တယ်၊ ကျနော်ခိုင်းတာမဟုတ်ဘူးဆိုတာမျိုး ဖြေရှင်းပေးဖို့ အကြိမ်ကြိမ်စာရေးတယ်။ ဘာမှ အကြောင်းမပြန်ဘူး” ဟု ငွေအလိမ်ခံရသူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

    ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီမှာ မြောင်းမြမြို့နယ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး စစ်တက္ကသိုလ် ဗိုလ် လောင်းအပတ်စဉ် ၁၇ သို့ တက်ရောက်ခဲ့ကာ ဗိုလ်မှူးချုပ် အဆင့်အထိ တာဝန်ထမ်းဆောင်ပြီး ရဲချုပ်၊ ဝန်ကြီးနှင့် ယခု ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

  • ညောင်ကျိုးကို ထိုးစစ်ဆင်သည့် စစ်ကောင်စီစစ်ကြောင်း အထိနာပြီး ပြန်ဆုတ်

    ညောင်ကျိုးကို ထိုးစစ်ဆင်သည့် စစ်ကောင်စီစစ်ကြောင်း အထိနာပြီး ပြန်ဆုတ်

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတဲ့ ညောင်ကျိုးကျေးရွာကို စစ်တပ်က အင်အား ၈၀ လောက်ပါ စစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာရာကနေ AA က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ပြန်ဆုတ်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    စစ်တပ်က သူတို့ ခံစစ်ပြုလုပ်ထားတဲ့ ပန်းတောင်းမြို့နယ်၊ ဆင်လန်ကျေးရွာအနီးရှိ လေလာတောင်ကနေ ညောင်ကျိုးဘက်ကို ဒီဇင်ဘာလလယ်ပိုင်းက ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး AA နဲ့ ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သားအချို့သေဆုံးခဲ့ပြီး ဆင်လန်ဘက်ကို ပြန်ဆုတ်ခွာခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

    “ဆင်လန်ဘက်ကနေ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီက ညောင်ကျိုးဘက်ကို ထိုးစစ်ဆင်လာတာရှိတယ်။ သူတို့က အင်အားတွေစုပြီးတော့ မြေပြင်ထိုးစစ်ဆင်တာ‌ပေါ့။ အဲဒီမှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်တာမှာ စစ်ကောင်စီက အတုံးအရုံး သေကြရတာကြောင့် ဆင်လန်ဘက်ကို ဖရိုဖရဲ ဆုတ်သွားကြတယ်။ အဲဒီတိုက်ပွဲမှာ အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တာတွေလည်းရှိတယ်။ စစ်ကောင်စီက အထိနာနေတာကြောင့် ညောင်ကျိုးပတ်ဝန်းကျင်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာတွေရှိတယ်” လို့ ပြောပါတယ်။

    AA နဲ့ ပူးပေါင်းတပ်တွေဟာ ပန်းတောာင်းမြို့နယ်အတွင်းမှာ ညောင်းကျိုး၊ ဆင်လန်ကျေးရွာအနီးတွေနဲ့ ကပစ-၁၆ အနီးရှိ ပွိုင့်-၆၆၆ စခန်းကုန်းအနီးတို့မှာ ထိုးစစ်ဆင်တိုက်ခိုက်နေကြတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်လည်း ကပစ စက်ရုံတွေ တိုက်ခိုက်မခံရဖို့ အင်အားဖြည့်တင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ ပန်းတောင်းစစ်မျက်နှာမှာ စကခ- ၁၆ လက်အောက်ခံတပ်ရင်းတွေက ထုတ်နုတ်အင်အားတွေနဲ့ ခုခံတိုက်ခိုက်နေတာဖြစ်ပြီး သူတို့ ဆုံးရှုံးထားတဲ့ ညောင်ကျိုးစခန်း၊ မိုးထိဗျူဟာစခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

    ကပစ- ၁၆ အနီးက ပွိုင့်-၆၆၆ စခန်းကို AA က အောက်တိုဘာလအတွင်း သိမ်းပိုက်နိုင်ခဲ့ပေမဲ့လည်း စစ်တပ်က အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် AA က ဗျူဟာအရ ပြန်လည်ဆုတ်ပေးခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ပန်းတောင်းမြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ လက်နက်ထုတ်စက်ရုံတွေဖြစ်တဲ့ ကပစ-စက်ရုံ ၄ ခု ရှိတာကြောင့် စစ်တပ်က အဲဒီစက်ရုံတွေ တိုက်ခိုက်မခံရဖို့အတွက် အသေအလဲခုခံနေတာ ဖြစ်နိုင်တယ်လို့ ရခိုင်စစ်ရေးအကဲခတ်တယောက်က ပြောပါတယ်။

    “ပန်းတောင်းစစ်မျက်နှာဆိုတာ စစ်ကောင်စီအတွက် အသက်သွေးကြောလို အရေးကြီးတယ်။ ကပစ- စက်ရုံ ၄ အထိ ရှိနေတာကြောင့် အဲဒီစက်ရုံတွေအပေါ်မှာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေ ရောက်လာမှာကို သူတို့က စိုးရိမ်နေကြတာ။ အဲဒါကြောင့် ရှိတဲ့ ပန်းတောင်းစစ်မျက်နှာကို အသေအလဲ ခုခံနေတာ။ အာရက္ခတပ်တော်အတွက်လည်း ပန်းတောင်းစစ်မျက်နှာမှာ ထိန်းချုပ်မြို့နယ်တွေကို မဆုံးရှုံစေဖို့ အရေးကြီးတာကြောင့် နှစ်ဖက်တိုက်ပွဲတွေက ပြင်းထန်လာမယ့် သဘောရှိတယ်။”

    AA ဟာ တောင်ကုတ်မြို့နယ်ကို သိမ်းပိုက်ပြီးနောက် ပန်းတောင်းမြို့နယ်ကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ မိုးထိ၊ ပုဂံကွဲ၊ ညောင်ကျိုး၊ ပွိုင်-၆၆၆ စခန်းတွေအထိ သိမ်းပိုက်နိုင်ခဲ့ပြီး ကပစ-၆ ညောင်ခြေထောက်နဲ့ ကပစ-၁၆ မသုန်တို့နဲ့ ၁၀ မိုင်အောက်အကွာအဝေးအထိ ထိုးစစ်တွေ ရောက်ရှိလာတာဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်က ‌ကျောက်ဖြူ၊ စစ်တွေတို့အပြင် ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းအထိ AA နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

  • ခွင့်ပြုလုပ်ငန်းများကို အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်ပါက အရေးယူမည်ဟုဆို

    ခွင့်ပြုလုပ်ငန်းများကို အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်ပါက အရေးယူမည်ဟုဆို

    ခွင့်ပြုပေးထားပြီးဖြစ်တဲ့ လုပ်ငန်းစီမံကိန်းတွေအပေါ်မှာ အထောက်အထားမခိုင်လုံဘဲ ဝေဖန်ကန့်ကွက်မယ်ဆိုရင် အရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက ဒီဇင်ဘာ ၁၆ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

    မြစ်ဆုံစီမံကိန်းပြန်လည်စတင်တော့မယ့်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာပဲ ကာ/လုံ က အခုလို ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

    ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ နေပြည်တော်ကောင်စီတို့က မိမိအခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုတဲ့ လုပ်ငန်းတွေ၊ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းလုပ်ငန်းတွေ၊ လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေနဲ့ တခြားသက်ဆိုင်တဲ့ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး အထောက်အထားခိုင်လုံမှု မရှိ၊ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ ကန့်ကွက်တာတွေ ဖြစ်ပေါ်နေတာကြောင့် လုပ်ငန်းတွေကို နှောင့်နှေးကြန့်ကြာစေတာ၊ နိုင်ငံတော်ရဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်တာကို အဟန့်အတားဖြစ်စေတာ၊ မလိုလားအပ်တဲ့ အဂတိလိုက်စားတာတွေ ဖြစ်ပေါ်နေတာကြောင့် နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွေကို ထိခိုက်နှောင့်နှေးစေနိုင်ကြောင်း စိစစ်တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်အတွင်း ပါဝင်နေတာပါ။

    အခုနှစ်ဩဂုတ်လအတွင်း တရုတ်ပြည်သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်အပြီးမှာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်က ရပ်နားခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

    စစ်တပ်ဒုခေါင်းဆောင်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတွင်းမှာလည်း တည်ဆောက်မယ့် တမံပုံစံနဲ့ ပတ်သက်ပြီး အတိအလင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။

    မြစ်ဆုံစီမံကိန်း တဖန်ပြန်လည်အသက်ဝင်လာတော့မယ့်အပေါ် ဝေဖန်မှုတွေရှိနေတာဖြစ်ပြီး ကာ/လုံကတော့ ခွင့်ပြုပြီး စီမံကိန်း‌တွေအပေါ် ဝေဖန်ကန့်ကွက်သူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

  • မြန်မာနိုင်ငံ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကြားနာပွဲများကို ICJ က ဇန်နဝါရီလတွင် ပြုလုပ်မည်

    မြန်မာနိုင်ငံ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကြားနာပွဲများကို ICJ က ဇန်နဝါရီလတွင် ပြုလုပ်မည်

    မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည့် အရေးပါသော အမှုနှင့်ပတ်သက်၍ လာမည့်လတွင် ကြားနာပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ထုတ်ပြန်လိုက်သည်။

    ယခုကြားနာမှုသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ICJ က အမှု၏ အခြေခံအချက်အလက်များ (Merits) အပေါ် ပထမဆုံးအကြိမ် ကြားနာစစ်ဆေးသည့် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ အမှုဖြစ်လာမည့်အပြင် ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ အစ္စရေးကို တောင်အာဖရိကက တရားစွဲဆိုထားသည့် အမှုအတွက်လည်း ရှေ့ဆောင်သာဓကများ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ယူဆရသည်။

    ကြားနာပွဲ၏ ပထမပတ်ဖြစ်သော ဇန်နဝါရီလ ၁၂ ရက်မှ ၁၅ ရက်အထိ ICJ သို့ အမှုစတင်တင်သွင်းခဲ့သည့် အနောက်အာဖရိက မွတ်စလင်နိုင်ငံဖြစ်သော ဂမ်ဘီယာနိုင်ငံက ၎င်းတို့၏ လျှောက်လဲချက်များကို တင်ပြမည်ဖြစ်သည်။

    ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ပံ့ပိုးမှုဖြင့် မွတ်စလင်အများစုဖြစ်သော ရိုဟင်ဂျာလူမျိုးစုအပေါ် မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲကာ ၂၀၁၉ ခုနှစ်တွင် ICJ သို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

    လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထားသည့် မြန်မာနိုင်ငံဘက်မှမူ ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်အထိ တရားရုံးတွင် ပြန်လည်ခြေပတင်ပြနိုင်မည်ဖြစ်သည်။

    ထူးခြားသော လုပ်ဆောင်ချက်တစ်ခုအနေဖြင့် ICJ သည် သက်သေများကို စစ်ဆေးရန်အတွက်လည်း သုံးရက်ကြာ အချိန်ပေးထားသည်။ အဆိုပါ ကြားနာပွဲများကိုမူ အများပြည်သူနှင့် မီဒီယာများအား ပေးဝင်မည်မဟုတ်ပေ။

    “ကြားနာပွဲတွေဟာ အမှုရဲ့ အခြေခံအချက်အလက်တွေအပေါ် အာရုံစိုက်မှာဖြစ်ပြီး အမှုသည်တွေဘက်က ခေါ်ယူထားတဲ့ သက်သေတွေနဲ့ ကျွမ်းကျင်သူတွေကို စစ်ဆေးမေးမြန်းမှုတွေ ပါဝင်မှာဖြစ်ပါတယ်” ဟု ICJ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ၂၀၁၇ ခုနှစ်အတွင်း မြန်မာ့စစ်တပ်နှင့် ဗုဒ္ဓဘာသာဝင် အရပ်သားလက်နက်ကိုင်အဖွဲ့များက ရိုဟင်ဂျာများအပေါ် ရက်စက်စွာ နှိမ်နင်းမှုအတွင်း မြန်မာအာဏာပိုင်များသည် ကုလသမဂ္ဂ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာက ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

    အဆိုပါ သွေးထွက်သံယိုဖြစ်ရပ်များအတွင်း ရိုဟင်ဂျာ ၇၄၂,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရပြီး၊ သတ်ဖြတ်မှုများ၊ မုဒိမ်းကျင့်မှုများနှင့် ကျေးရွာများအားလုံး မီးရှို့ဖျက်ဆီးခံရမှုများ ရှိခဲ့ကြောင်း သက်သေများက ထွက်ဆိုခဲ့ကြသည်။

    မြန်မာအမျိုးသမီးငြိမ်းချမ်းရေးကွန်ရက်၏ အမှုဆောင်ဒါရိုက်တာ မဝေဝေနုက ICJ တွင် ဂမ်ဘီယာဘက်မှ ပါဝင်ကူညီကြသည့် နိုင်ငံအရေအတွက်မှာ “အင်မတန် အင်အားကောင်းသည်” ဟု စက်တင်ဘာလအတွင်းက Al Jazeera သို့ ပြောကြားခဲ့သည်။

    ရိုဟင်ဂျာများအပေါ် လက်နက်ကိုင်အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွင်းရှိ “လက်ရှိ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ဖို့ သူတို့တွေ စုပေါင်းလုပ်ဆောင်နိုင်ကြပါတယ်” ဟုမ ဝေဝေနုက ပြောကြားပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်လည်း ICJ ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းမနေဘဲ အရေးယူဆောင်ရွက်နိုင်ကြောင်း ဆိုသည်။

    ၂၀၁၇ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ တစ်သန်းခန့် နေထိုင်ခဲ့ကြပြီး (၎င်းသည် နိုင်ငံ၏ လူဦးရေ ၅၅ သန်း၏ အစိတ်အပိုင်းအနည်းငယ်သာ ရှိသည်)၊ လူမျိုးစုအလိုက် ရှင်းလင်းသည့် စစ်ဆင်ရေးများ ပြင်းထန်လာချိန်တွင် လူ့အသိုင်းအဝိုင်းတစ်ခုလုံး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ကြသည်။

    ပုံစာ – ၂၀၁၉ ခုနှစ်က နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ပြုလုပ်ခဲ့သည့် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုကြားနာစစ်ဆေးမှုအတွင်း ICJ မှ တရားသူကြီးများကိုတွေ့ရစဉ်။

    (ဓာတ်ပုံ Reuters)

    Aljazeera