Category: News

  • ရှမ်းပြည်ဝန်ကြီးချုပ် လာကူပေးထားတဲ့ ဆန်အိတ် ၁၀၀ ကျော်အတွက် ငွေလာမချေတာကြောင့် ဆန်ဆိုင်ပိုင်ရှင်က ပြန်သယ်သွား

    ရှမ်းပြည်ဝန်ကြီးချုပ် လာကူပေးထားတဲ့ ဆန်အိတ် ၁၀၀ ကျော်အတွက် ငွေလာမချေတာကြောင့် ဆန်ဆိုင်ပိုင်ရှင်က ပြန်သယ်သွား

    လားရှိုးရောက် စစ်ရှောင်တွေကို ရှမ်းပြည်ဝန်ကြီးချုပ် လာကူပေးထားတဲ့ ဆန်အိတ် ၁၀၀ ကျော်အတွက် ငွေလာမချေတာကြောင့် ဆန်ဆိုင်ပိုင်ရှင်က ပြန်သယ်သွား

    ကျောက်မဲ တိုက်ပွဲကြောင့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ကို စစ်ရှောင်လာတဲ့ သူတွေကို စစ်ကောင်စီရဲ့ ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင် လာကူပေးတဲ့ ဆန်အိတ် ၁၀၀ ကျော်ကို ဆန်ဆိုင်ပိုင်ရှင် ပြန်လာသယ်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်မှာ လားရှိုးမြို့ ရှမ်းစာပေ နဲ့ ယဉ်ကျေးမှုရုံးရှိ စစ်ရှောင်တွေကို ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်က လာရောက်တွေ့ဆုံခဲ့ရာ ဆန်အိတ် ၁၄၀ အပါအဝင် ကြက်ဥ၊ ဆီ နဲ့ ခေါက်ဆွဲထုပ်တွေကို လာရောက်ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

    မနေ့ စက်တင်ဘာ ၁၆ ရက်မှာတော့ ဆန်ပိုင်ရှင်ဘက်က ရှမ်းစာပေ နဲ့ ယဉ်ကျေးမှုရုံးရှိ ဦးအောင်အောင် လာလှူပေးတဲ့ ဆန်အိတ်တွေထဲက ၁၂၀ အိတ်ကို ပြန်သယ်သွားတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူနဲ့ နီးစပ်တဲ့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

    “၁၀ ရက်နေ့မှာ လာလှူသွားတာပေါ့။ ဆန်၊ ကြက်ဥ၊ ခေါက်ဆွဲတွေ ပါတယ်။ မနေ့ကျတော့ ဆန်ဂိုဒေါင်ဘက်က ဆန်အိတ် ၁၂၀ အိတ်ကို ပြန်လာတင်သွားတယ်။ ဆန်ဂိုဒေါင်ဘက်က ဘာပြောသွားလဲဆိုတော့ ဆန်ကုန်တင်၊ ကုန်ချဖိုးတောင်မှ ဘယ်သူဆီ တောင်းရမှန်း မသိဘူးတဲ့။ ဆန်လာယူတဲ့အချိန် ထွေအုပ်က ဝန်ထမ်းတွေလည်းပါတယ်” လို့ ဆိုပါတယ်။

    ကြက်ဥ၊ စာသုံးဆီ နဲ့ ခေါက်ဆွဲထုပ်တွေကိုတော့ လာရောက်ယူတာ မရှိသေးဘဲ ဆန်ဖိုး မရှင်းတာကြောင့် ဆန်ပိုင်ရှင်ဘက်က လာရောက်သယ်သွားတာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

    “လှူမယ်ဆိုလည်း ရှမ်းစာပေ ယဉ်ကျေးမှုရုံးကို လာပို့ခိုင်းတာလေ။ မနေ့မှာ အဲဒီဆန်ပိုင်ရှင်ကပဲ ပြန်လာသယ်သွားတယ်။ လာပို့တဲ့နေ့ကတည်းက ဒါကို မသုံးသေးနဲ့လို့ သူတို့ကိုယ်တိုင် လာပြောသွားတယ်”

    ကျောက်မဲမြို့နယ်က စစ်ကောင်စီနဲ့ တအာင်းတပ်မတော် – TNLA အကြား တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ လားရှိုးမြို့ပေါ်ကို လာရောက်တိမ်းရှောင်ကြတာ ဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း လားရှိုးမြို့ပေါ်ရှိ လာရောက်တိမ်းရှောင်တဲ့ စစ်ရှောင်တွေကို စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခိုင်းတာတွေ ပြုလုပ်လာနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

  • တိုက်ပွဲဖြစ်နေတဲ့ဗန်းမောက်ကို လေယာဥ်နဲ့ဗုံးကြဲခဲ့

    တိုက်ပွဲဖြစ်နေတဲ့ဗန်းမောက်ကို လေယာဥ်နဲ့ဗုံးကြဲခဲ့

    တိုက်ပွဲဖြစ်နေတဲ့ဗန်းမောက်ကို လေယာဥ်နဲ့ဗုံးကြဲခဲ့ကာ Non CDM တွေကို ခေါ်ထုတ်ပြီးနောက် မြို့ပြင်ထွက်ခွင့် ပိတ်လိုက်လို့ မြို့ခံတွေပိတ်မိနေ

    တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အနီးကို က ဗုံးကြဲခဲ့ပြီးနောက် မြို့ပေါ် ရှိ Non CDM ဝန်ထမ်းတွေကို ရှမ်းနီအမျိုးသားတပ်မတော်-SNA တပ်က ၎င်းတို့စိုးမိုးထားတဲ့ မြို့နယ် အနောက်ခြမ်းကို ခေါ်ထုတ်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဗန်းမောက်မြို့ရဲ့ ကာကင်းစခန်းတွေ ကို စက်တင်ဘာ ၁၅ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် Non CDM ဝန်ထမ်းနဲ့ မိသားစု ၂၀၀ ကျော်ကို စက်တင်ဘာ ၁၆ ရက်မနက်ပိုင်းမှာ ကားတွေနဲ့ အသီးသီးပြောင်းရွှေ့လိုက်တာလို့ ဆိုပါတယ်။

    “အနောက်ခြမ်းဘက်ပြောင်းနေလိုက်ပြီဗျ။ စကစလက်အောက်ခံ ဝန်ထမ်းတွေကိုလေ။ အနောက်ခြမ်း ကျတော့ ရှမ်းနီးက စိုးမိုးထားတာ။ မြို့ထဲကပြည်သူတွေကိုတော့ မြို့ပြင်ထွက်ခွင့်ပိတ်ထားတယ်။ ဝန်ထမ်းမိသားစုတွေကိုပဲပို့တာ”လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ ဗန်းမောက်ဒေသခံအမျိုးသားတဦး ကပြောပါတယ်။

    စစ်ကော်မရှင်တပ်က ၎င်းတို့လက်အောက်ခံ ဝန်ထမ်းမိသားစုတွေကိုပါ နေရာရွေ့ပြောင်းပေးခဲ့ပေမယ့် မြိုခံပြည်သူတွေကိုတော့ ပြောင်းရွေ့တာလုပ်မပေးတဲ့အပြင် မြို့တွင်းကနေ မြို့ပြင်ပထွက်ခွင့်ကိုပါ စက်တင်ဘာ ၁၆ ရက်ကစလို့ ပိတ်ပင်လိုက်တယ်လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။

    တိုက်ပွဲဖြစ်နေတဲ့ စက်တင်ဘာ ၁၅ ရက် နေ့လယ် ၁ နာရီကျော်မှာလည်း စစ်ကော်မရှင်တပ်က မြို့အနီး ကာကင်းနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုရှိခဲ့တယ်လို့ အထက်ပါအမျိုးသားကဆိုပါတယ်။

    ဗန်းမောက်မြို့ပေါ်မှာ ၂၀၁၄ သန်းခေါင် စာရင်းအရ မြို့ပေါ်ရပ်ကွက် ၃ ခုရှိပြီး လူဦးရေ ၆,၀၀၀ ကျော်ရှိတယ်လို့သိရပြီး စက်တင်ဘာ ၁၆ နဲ့ ၁၇ ရက်ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်တာမရှိဘူးလို့ သူကဆက်ပြောပါတယ်။

    ဒ့ါအပြင် စစ်ရေးကြောင့်ဆိုကာ အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ အင်းတော်-ဗန်းမောက် ဗျူဟာလမ်းအပါအဝင် တခြားကားလမ်းပိုင်းတွေအကုန်လုံးကို ရက်အကန့်အသတ်မရှိပိတ်လိုက်တယ်လို့ အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ပုံစာ – ရှမ်းနီအမျိုးသားကာကွယ်ရေးတပ် တပ်ဖွဲ့ဝင်များ(ပုံဟောင်း)။ ဓာတ်ပုံ – SNA Army

  • ဆင်ပေါင်ဝဲ မြို့နယ်မှူးအပါအဝင် စစ်အုပ်စုစီးနင်းလာသည့်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့် ရဲ ၃ ဦးသေ (ရုပ်/သံ)

    ဆင်ပေါင်ဝဲ မြို့နယ်မှူးအပါအဝင် စစ်အုပ်စုစီးနင်းလာသည့်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့် ရဲ ၃ ဦးသေ (ရုပ်/သံ)

    မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းမှာ ဆင်ပေါင်ဝဲမြို့နယ်မှူးအပါအဝင် စစ်အုပ်စုစီးနင်းလာတဲ့ ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၃ ယောက်သေဆုံးခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

    စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းက ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းမှာ ဆင်ပေါင်ဝဲမြို့နယ်မှူးအပါအဝင် စစ်သားနဲ့ ရဲတွေ စီးနင်းလာတဲ့ ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၃ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ဒါ့အပြင် ဆင်ပေါင်ဝဲမြို့နယ်မှူးနဲ့ စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိသွားကာ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသလျက်ရှိတယ်လို့ သိရပါတယ်။

    အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ်(၅)တပ်ရင်း ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    Video-သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်း

  • ဒီးမော့ဆိုတွင် စစ်တပ် လက်နက်ကြီးကြောင့် မိဘ ၂ပါးနှင့် အဘွားဖြစ်သူ သေဆုံး

    ဒီးမော့ဆိုတွင် စစ်တပ် လက်နက်ကြီးကြောင့် မိဘ ၂ပါးနှင့် အဘွားဖြစ်သူ သေဆုံး

    အသက်မပြည့်သေးသည့် ကလေး ၃ ဦးသာ ဒဏ်ရာများနှင့် ကျန်ရစ်ခဲ့

    ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာမှာ မိသားစုတစ်စုကို ထိမှန်ခဲ့ပြီး မိဘ ၂ပါးနဲ့ အဘွားဖြစ်သူတို့ သေဆုံးကာ အသက်မပြည့်သေးတဲ့ ကလေး ၃ယောက်သာ ကျန်ရစ်ခဲ့တယ်လို့ Free Burma Rangers က သတင်းထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက် ည ၁၀ နာရီဝန်းကျင်အချိန်မှာ စစ်တပ်ရဲ့ ခြေလျင်တပ်ရင်း (၁၀၂) ကနေ ဒီးမော့ဆိုမြို့နယ်၊ ဒေါဗျားခူကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    အဆိုပါတိုက်ခိုက်မှုကြောင့် အဘွား၊ အမေ၊ အဖေနဲ့ ကလေးသုံးယောက်အပါအဝင် ၆ယောက် ရှိတဲ့ မိသားစုတစ်စုကို ထိမှန်ခဲ့ရာ အဘွားဖြစ်သူ ဒေါ်မီမာ (အသက် ၉၁နှစ်)၊ အမေဖြစ်သူ ဒေါ်သူမာ (အသက် ၃၈နှစ်)နဲ့ အဖေဖြစ်သူ ဦးငါးရဲ (အသက် ၄၄ နှစ်) တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    အသက်ရှင် ကျန်ရစ်ခဲ့တဲ့ အသက် ၁၅ နှစ်၊ ၁၂ နှစ်နဲ့ ၈ နှစ်အရွယ် ကလေးငယ် (၃) ယောက်ဟာလည်း စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ Free Burma Rangers က ဖော်ပြထားပါတယ်။

    ဓာတ်ပုံ – Free Burma Rangers

  • ထရမ့်မှာ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါ စတင် ခံစားနေရတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ ဆရာဝန်တွေပြော

    ထရမ့်မှာ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါ စတင် ခံစားနေရတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ ဆရာဝန်တွေပြော

    ထရမ့်မှာ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါ စတင် ခံစားနေရတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ ဆရာဝန်တွေပြော

    အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါ (dementia)ရဲ့ အစောပိုင်း လက္ခဏာတွေ စတင် ခံစားနေရတယ်လို့ ယူဆရကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။

    စိတ္တဗေဒ အထူးပြု ဆရာဝန် နှစ်ဦးက ထရမ့်အနေနဲ့ ကိစ္စတွေကို မှတ်သားထားမှုတွေမှာ မကြာခဏ ရောနှော ရှုပ်ထွေးသွားတတ်တာ၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေမှာလည်း ကျန်းမာရေးအရ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ပိုများလာတာကို ထောက်ပြခဲ့ပြီး ဒါတွေက အသက်ကြီးလာလို့ သာမန် ဖြစ်လေ့ဖြစ်ထ ရှိနေတာတွေထက် အများကြီးပိုကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

    စိတ္တဗေဒ အထူးပြု ဆရာဝန်တွေဖြစ်တဲ့ ဂျွန်ဂတ်နာနဲ့ ဟယ်ရီ ဆီးဂဲလ်တို့က အသက် ၇၉ နှစ်အရွယ် သမ္မတရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စကားပြောဆိုမှုတွေထဲက လက္ခဏာရပ်တွေကို ဆန်းစစ် လေ့လာကြည့်တဲ့အခါ မှတ်ဉာဏ် ချွတ်ယွင်းမှု ရောဂါ အစောပိုင်း အဆင့်တွေနဲ့ ဆင်တူနေတာကြောင့် စိုးရိမ်သင့်တယ်လို့ ပြောပါတယ်။

    မကြာသေးခင်က အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ထရမ့်ဟာ မျက်စိကို မှေးမှိတ်ပြီး ပျော့တိပျော့ခွေနဲ့ ငိုက်မျဉ်းသလို၊ မှိန်းနေသလို ရှိနေခဲ့တဲ့ အကြောင်းကို ဂတ်နာက ညွှန်ပြခဲ့ပါတယ်။

    ကိုယ်က အမေရိကန် အိုးပင်းလို ပြိုင်ပွဲကြီးမှာ တကယ့် ပွဲကြီးပွဲကောင်းတွေကို အားပေးနေပြီး အားလုံးရဲ့ အာရုံစိုက်မှုကို ခံနေရတဲ့ အခြေအနေမှာ ထရမ့်က သူ့ပင်ကို စိတ်နဲ့ဆိုရင် ဒီလိုဖြစ်နေမှာလားလို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။

    ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်ရဲ့ ဆေးကျောင်းမှာ သုံးနှစ်နီးပါးလောက် သင်ကြားပို့ချခဲ့ဖူးသူ ဂတ်နာက ထရမ့်ဟာ သူ့အပေါ် ရာဇဝတ်ကြောင်း စွပ်စွဲချက်နဲ့ တရားရုံးမှာ စစ်ဆေးနေတဲ့ ကိစ္စလိုမျိုးတွေမှာ တကယ်ပဲ အိပ်ငိုက်နေတာလားလို့လည်း ဆက်ပြောပါတယ်။

    ဒါက ၂၀၂၄ ခုနှစ်၊ ဧပြီလတုန်းက တရားခွင်မှာ ထရမ့်က အိပ်ငိုက်နေသလို ခဏခဏ ခေါင်းငိုက်ကျသွားခဲ့တာကို သူက ရည်ညွှန်းခဲ့တာပါ။

    အသက် ၆၅ နှစ် ကျော်လွန်လာတဲ့ အချိန်မှာ ကိုယ်တိုင်က ဆန္ဒမပါဘဲ၊ တစ်နည်းအားဖြင့် ခန္ဓာကိုယ်က ထိန်းချုပ်လို့ မရဘဲ ရုတ်တရက် ငိုက်မျဉ်းတာ၊ မှေးအိပ်သွားတာတွေဟာ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါရဲ့ အစောပိုင်း အဆင့် လက္ခဏာတွေထဲက တစ်ခုဖြစ်တယ်လို့ ဂတ်နာက ပြောကြားခဲ့ပါတယ်။

    သူဆိုလိုချင်တာက ထရမ့်မှာ ကြုံနေတဲ့ ဒီကိစ္စမျိုးတွေဟာ သာမန် ရိုးရိုးတော့ မဟုတ်ဘူးဆိုတာ ဖြစ်တယ်လို့ ဂတ်နာက မှတ်ချက်ပေးသွားပါတယ်။

    ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း ထရမ့်ရဲ့ ခြေကျင်းဝတ်တွေ ရောင်ရမ်းနေတာနဲ့ ပတ်သက်လို့ သူ့ရဲ့ ကျန်းမာရေးအပေါ် သို့လောသို့လော ထင်ကြေးတွေ ထွက်ပေါ်လာတာကြောင့် အိမ်ဖြူတော်က ပြန်ဖြေရှင်းခဲ့ရဖူးပါတယ်။

    ထရမ့်ဟာ အသက်အရွယ် ကြီးရင့်သူတွေ ဖြစ်တတ်တဲ့ သွေးကြော စွမ်းဆောင်ရည် ကျဆင်းမှု ပြဿနာတစ်ခုအတွက် ကုသမှု ခံယူနေရတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

    ကော်နဲလ် တက္ကသိုလ်ရဲ့ စိတ္တဗေဒ ပညာရှင် ပါမောက္ခ ဆီးဂဲလ်ကတော့ ပြဿနာဟာ အိမ်ဖြူတော်က ထုတ်ပြန်ထားတဲ့ အခြေအနေထက် ပိုပြင်းထန်နိုင်တယ်လို့ ပြောပါတယ်။

    နှလုံးသွေးကြောတွေ အလုပ်လုပ်မှုမှာ အားနည်းချက် အရမ်းကြီးနေရင် ခြေကျင်းဝတ်တွေ အလွန်အကျွံ ရောင်ကိုင်းတာမျိုး ဖြစ်တတ်ကြောင်း၊ သူဆိုလိုချင်တာက ထရမ့်ရဲ့ ကျန်းမာရေးဟာ အိုကေမနေဘူးဆိုတာဖြစ်ကြောင်း ဆီးဂဲလ်က မှတ်ချက်ပေးခဲ့ပါတယ်။

    ဂတ်နာရော၊ ဆီးဂဲလ်ကပါ အိမ်ဖြူတော် အနေနဲ့ ထရမ့်ရဲ့ လက်မှာ အနာတွေ ရှိနေပြီး မိတ်ကပ်လိုမျိုးနဲ့ ဖုံးကွယ်ထားတဲ့ ကိစ္စကို ရေရေရာရာ ရှင်းမပြနိုင်တဲ့ အပေါ်မှာလည်း ဝေဖန်ခဲ့ပါတယ်။

    ပြီးတော့ ထရမ့်ရဲ့ လက်တွေ တုန်နေတတ်တာနဲ့ ပတ်သက်လို့လည်း အစိုးရ အရာရှိတွေက သမ္မတဟာ အက်စပရင် ဆေးပြားတွေ သောက်နေရတာကြောင့် ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

    အိမ်ဖြူတော်ကတော့ ထရမ့်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်စရာ မရှိဘူးလို့ ပြောကြားထားသလို သမ္မတ သုံးဆက်အတွင်း အိမ်ဖြူတော်ရဲ့ ဆရာဝန်အဖြစ် ၁၄ နှစ်လောက် အလုပ်လုပ်ခဲ့ဖူးတဲ့ ဒေါက်တာ ရွန်နီဂျက်ဆန်ကလည်း ထရမ့်ဟာ သူမြင်ဖူးသမျှ အကျန်းမာဆုံး ပုဂ္ဂိုလ်တစ်ဦးလို့ ပြောကြားသွားပါတယ်။

    ထရမ့်က မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါလိုမျိုး ကျန်းမာရေး ပြဿနာတွေ ရှိနေတယ် ဆိုတဲ့ ထင်ကြေးဟာ လူမှုကွန်ရက်တွေပေါ်မှာ အတော်လေး ပျံ့နှံ့နေခဲ့ပါတယ်။

    မကြာသေးခင်ကလည်း ထရမ့်က သူ့အပေါ် စွပ်စွဲထားတဲ့ ကိစ္စတစ်ခုမှာ အချက်အလက် အမှားတွေ ပါဝင်နေတယ်လို့ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ်က တုံ့ပြန်ခဲ့ပြီး အဖိုးကြီး ဖြစ်လာနေတဲ့ ထရမ့်အနေနဲ့ သူ့ရဲ့ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါအတွက် ဆေးတွေ ပုံမှန်သောက်သင့်တယ်လို့ လှောင်ပြောင်သွားခဲ့ပါတယ်။

    ထရမ့်ရဲ့ အသက်အရွယ်နဲ့ ပတ်သက်လို့ သူ့ကျန်းမာရေး အခြေအနေအပေါ် ဝေဖန် မေးခွန်းထုတ်မှုတွေတော့ ရှိနေဆဲပါ။

    ထရမ့်ဟာ ၂၀၂၉ ခုနှစ်၊ သူ့ရဲ့ သမ္မတသက်တမ်း ကုန်ဆုံးချိန်မှာ အမေရိကန် သမိုင်းတလျှောက် အသက်အကြီးဆုံး သမ္မတအဖြစ် ရှိနေမယ်လို့ သိရပါတယ်။