Category: News
-

မိုးကုတ် – မိုးမိတ်ဒေသမှာ တိုက်ပွဲပြင်းထန်
တအာင်းတပ် (TNLA) က အပစ်ရပ်သဘောတူညီချက်နဲ့ ပြန်ပေးလိုက်တဲ့ မိုးကုတ် – မိုးမိတ်ဒေသကို ပြန်ဝင်လာတဲ့ မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ် ထုတ်ပြန်လာ ပါတယ်။
နိုဝင်ဘာ ၃၀ ရက်ကစလို့ ဒီနေ့အထိ တပတ်အတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၉) ကြိမ်ထက် မနည်းဖြစ်ခဲ့ပြီး စစ်တပ်ရဲ့ အရေးပါတဲ့စခန်းကုန်းတစ်ခုကို သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ထားတာပါ။
မြေပြင်အရင်းအမြစ်တစ်ဦးရဲ့ အပြောအရ ဒီနေ့မနက်ပိုင်းမှာ မိုးမိတ်မြို့နဲ့ ၁၈ မိုင်အကွာက မြစ်ဆုံရွာကို စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သလို စက်သေနတ်နဲ့ပါ လိုက်လံပစ်ခတ်တာကြောင့် ထိခိုက်သေဆုံးမှုများတယ်လို့ ပြောပါတယ်။
“မိုးကုတ်နဲ့မိုးမိတ် မြို့ပေါ်တွေက စစ်ရှောင်လာသူတွေ ထိတာပါ။ မိုးမိတ်ဘက်မှာ စစ်ကြောင်းပါ ထိုးလာတယ်” လို့ မြေပြင်အရင်းအမြစ်က ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့တော့ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထည့်သွင်းထုတ်ပြန်တာ မရှိသလို မိုးကုတ်-မိုးမိတ်အခြေအနေနဲ့ပတ်သက်ပြီးလည်း မြန်မာစစ်တပ်ဘက်က တစုံတရာ ထုတ်လာတာမရှိသေးပါဘူး။
မိုးကုတ်မြို့ကို မိုးကုတ်အခြေစိုက် PDF အဖွဲ့တွေက ပူးပေါင်းကာကွယ်မယ်လို့ ထုတ်ပြောထားပြီး မိုးမိတ်မြို့ကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေက ကာကွယ်မယ် လို့ ကနဦးထဲက အသီးသီးပြောထားကြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်အနေနဲ့ မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ ၉ ရက်နေ့တည်းကဖွဲ့စည်းပြီး PDF ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို တသမတ်တည်း အမိန့်ပေးကွပ်ကဲမှု စနစ်အောက်ကနေ စစ်ဆင်ရေးကိစ္စရပ်တွေကို အနီးကပ်ကြီးကြပ်ကွပ်ကဲနေတယ်လို့ ဖော်ပြပါတယ်။
အရပ်သားပြည်သူတွေကိုထိခိုက်မရှိအောင် တိုက်ပွဲမဖြစ်ခင်ကတည်းက ဘေးလွတ်ရာကို ကြိုတင်ရွှေ့ပြောင်းနေရာချထားပေးသလို လိုအပ်တဲ့ထောက်ပံ့မှုတွေ ပေးထားတယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။
-

KNU က စုံစမ်းစစ်ဆေးရေးလုပ်နေသော ကျားဖြန့် ခြံဝင်းသို့ စစ်တပ်က လက်နက်ကြီးများ ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်
KNU က စုံစမ်းစစ်ဆေးရေးလုပ်နေသော ကျားဖြန့် ခြံဝင်းသို့ စစ်တပ်က လက်နက်ကြီးများ ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသည့်အပြင် ကျားဖြန့်လုပ်သားများကလည်း မီးများရှို့ကာ မငြိမ်မသက်ဖြစ်စေရန် လုပ်ဆောင်နေဟု KNU သတိပေး
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကျေးရွာရှိ Shunda Park ကျားဖြန့် ငွေလိမ်ခြံအတွင်းသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် နေရပ်ပြန်ရန် ကြောက်ရွံ့နေသည့် ကျားဖြန့်လုပ်သား များကလည်း ခြံဝင်းအတွင်းတွင် မီးများ ရှို့ကာ မငြိမ်မသက်ဖြစ်စေရန် လုပ်ဆောင်နေကြောင်း ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် KNU သတိပေးထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ဒေသစံတော်ချိန် ၉ နာရီ ၂၅ မိနစ်အချိန် စစ်တပ်က ၆၀ မမ လက်နက်ကြီးများဖြင့် ကျားဖြန့် Shunda Park ငွေလိမ်ခြံဝင်း အ တွင်းသို့ ၂ လုံးပစ်ခတ်ခဲ့ရာ ခြံဝင်းအတွင်းရှိ KNU ၏ မြေပြင် အရပ်သား အကဲဖြတ် အဖွဲ့ဝင်များ အပါအဝင် လူတချို့ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မြန်မာစံတော်ချိန် ၁၁ နာရီ ၁၅ မိနစ် အချိန် က လည်း မင်းလက်ပံ ဒေသသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးအမြောက်အလုံးပေါင်း ၇ လုံး ထက်မနည်း ပစ်ခတ်ခဲ့ပြီး ၃ လုံးမှာ သောင်ရင်းမြစ်တစ်ဖက်ခြမ်း ထိုင်းနိုင်ငံဘက်သို့ ကျရောက်ပေါက် ကွဲ ခဲ့ပြီး ထိုင်းနိုင်ငံမှ အရပ်သားများ ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျန် ၄ လုံးမှာ သောင်ရင်းမြစ်ကမ်းပေါ်သို့ ကျ ရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထို့အတူ ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း မင်းလက်ပံ ဒေသအနီး တိုက်ပွဲများမှ လွှင့်စင်လာသော ဗုံးဆန်များ နှင့် ကျည်ဆန်များကြောင့် ထိုင်းဘက်ခြမ်းရှိ လူနေအိမ် ၉ လုံးမှာ ပျက်စီးခဲ့ကြောင်း၊ ထိုသို့ အကြမ်း ဖက်စစ်တပ်က Shunda Park ရှိရာကို လက်နက်ကြီးများဖြင့် တိုက်ခိုက်နေခြင်းသည် ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KNLA မြေပြင် တပ်မှူးများက မှတ်ချက်ချထားသည် ဟု ဆိုသည်။
ထိုသို့ လုံခြုံရေးအခြေအနေများ ဆိုးရွားလာခြင်းကြောင့် ထိုင်းအာဏာပိုင်များက စာသင် ကျောင်း အချို့ကို ပိတ်ခဲ့ပြီး မဲဆောက်ရှိ ထိုင်း – မြန်မာ နယ်စပ်စစ်ဆေးရေးဂိတ်ကို ၇ ရက်ကြာ ပိတ်သိမ်း သည်ဟု ကြေညာခဲ့ကြောင်း၊ မြန်မာဘက်ခြမ်း မင်းလက်ပံဒေသရှိ ရပ်ရွာလူထု တစ်ရပ်လုံးသည် လည်း ၎င်းတို့ ၏ နေအိမ်များမှ ထွက်ခွာခဲ့၍ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြရကြောင်း သိရ သည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ Shunda Park ငွေလိမ်ခြံဝင်းကို KNU တပ်များ စတင်ထိန်း သိမ်း ပြီးကတည်းက အာဏာသိမ်းစစ်တပ်က ၎င်းငွေလိမ်ခြံဝင်းအနီးတွင် အနည်းဆုံး လေကြောင်းတိုက် ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၃၀ ရက်က ၁၂၀ မမ လက်နက်ကြီး ၁ လုံးသည် Scam ခြံဝင်းအတွင်း ကျရောက်ခဲ့ပြီး ကျန် ၃ လုံးသည် Shunda Park scam ခြံဝင်းမှ နေရပ်ပြန်ရန်ထွက်ခွါလာသူများစွာ ယာယီခိုလှုံရာနေရာအနီး သောင် ရင်းမြစ် ကမ်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထို့အပြင် Shunda Park အတွင်း ကျန်ရှိနေသူများကလည်း ခြံဝင်းတွင်းတွင် တစ်နေ့လုံးလိုလို မီးရှို့ ခြင်းဖြင့် ခြံဝင်း အတွင်း မငြိမ်မသက်မှုများဖြစ်အောင် ဆက်တိုက်လှုံ့ဆော်နေကြောင်း၊ ထိုသို့ လှုံ့ ဆော်နေသူများသည် သက်ဆိုင်ရာ ထိုင်း အာဏာပိုင်များမှ တစ်ဆင့် နေရပ်နိုင်ငံသို့ ပြန်နိုင်ရန် KNU က စီစဉ်ပေးသည်ကို ငြင်းဆန်ခဲ့ကြ သကဲ့သို့ ခြံဝင်းတွင်းမှ ထွက်ခွာရန်လည်း ငြင်းဆန်ခဲ့ကြ သူများ ဖြစ်ကြောင်း သိရသည်။
ယခုအခါ ၎င်းတို့သည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထွက်ခွာ ခွင့်ပြုရန် သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အစီအစဉ် များဖြင့် အခြား Scam ခြံဝင်းများသို့ သွားခွင့်ပေးရန် နည်းမျိုးစုံဖြင့် ဖိအားပေးတောင်းဆိုမှု များ လည်းပြုလုပ်လာကြောင်း KNU ဗဟိုက အသိပေးထားသည်။
ယင်းမှာ Shunda Park နှင့် အနီး တစ်ဝိုက်ရှိ လုံခြုံရေးအခြေအနေများ ပိုမိုဆိုးရွားလာခြင်းနှင့် တရား ဥပဒေ နှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့ခြင်းတို့ ကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ ကျန်ရှိနေသူများ အနက်မှ အများအပြားသည်လည်း ညအချိန်တွင် နံရံပေါ်သို့ ခုန်ကျော်ပြီး အပြင်သို့ထွက်ပြေးခဲ့ကြ ကြောင်း ဆက်လက် အသိပေးထားသည်။
ထို့ကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနှင့် Shunda Park ခြံဝင်းတွင်း မိမိသဘော ဖြင့် ကျန်ရစ်နေ ထိုင်သူ များနှင့် မလိုလားအပ်သော ထိပ်တိုက်ရင်ဆိုင်မှုများမဖြစ်စေရန်နှင့် ပိုမိုပြင်း ထန်လာသော စစ်ပွဲများ၏ဒဏ်ကို ခံစားနေကြရသော ထိုင်း – မြန်မာနယ်စပ် နှစ်ဖက်စလုံးမှ အရပ် သားပြည်သူများ အပါအဝင် Shunda Park ခြံဝင်းအတွင်းရှိနေသူများ၏ ဘေးကင်းလုံခြုံရေးကို အဓိကထားကာကွယ် စောင့်ရှောက်ရန်အလို့ငှါ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အနေဖြင့် လုပ်သင့် လုပ်ထိုက်သည်ကို ဆက်လက်လုပ်ဆောင် သွားရန် အာဏာအပ်နှင်း လိုက်ကြောင်း ဆက်လက်၍ အသိပေးထားသည်။
အဆိုပါ ဆုံးဖြတ်ချက်ကို လူသားချင်းစာနာထောက်ထားမှုနှင့် မြေပြင် လုံခြုံရေးဆိုင်ရာ အရေးပေါ်လို အပ်မှုများအပေါ် အခြေခံ၍ အရပ်ဖက်နှင့်စစ်ဘက်ခေါင်းဆောင်များ သေချာစွာ ချင့်ချိန်သုံးသပ်၍ ချ မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် Shunda Park ငွေလိမ်ခြံဝင်းမှ ကျန်ရှိ ရာဇဝတ်သား ဟု သံသယ ရှိသူများကို ဖယ်ရှားနိုင်ရေးနှင့် အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ နိုင်ငံတကာ အာ ဏာပိုင်များထံ သီး သန့်ဆက်သွယ်ပြီး အကူအညီတောင်းခံခဲ့သော်လည်း နိုင်ငံတကာ၏ တုန့်ပြန်မှု မှာ နှေးကွေးနေကြောင်း ထောက်ပြထားသည်။
၎င်းတို့ကို စနစ်တကျ ခေါ် ထုတ်နိုင်ရေးအတွက် အဆင့်မြင့် လေ့ကျင့်ထားသော တရားဥပဒေစိုးမိုး ရေးနှင့် လုံခြုံရေးဝန်ထမ်း များမှ အင်အားသုံးရန် လိုအပ်သည့် အဆင့် သို့ ရောက်ရှိနေပြီဖြစ်ပြီး KNU ၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေကြောင်း၊ ဤကဲ့သို့ ပိုမိုဆိုးရွားလာသော လုံခြုံရေးအခြေအနေ တွင် သက်ဆိုင်ရာ နိုင်ငံတကာ အာဏာ ပိုင်များ၏ အချိန်မီပူးပေါင်းဆောင်ရွက်မှု မရှိပါက ရာဇဝတ် သားဟု သံသယရှိသူများကို တရားခွင်သို့ ခေါ် ဆောင်လာနိုင်မည့် အခွင့်အရေးသည်ဆုံးရှုံးပြီး၊ ပြန် လည်ရရှိရန် မလွယ်တော့ကြောင်း KNU ဗဟိုက အသိပေးထားသည်။
KNU မြေပြင်အဖွဲ့မှလည်း IT ပစ္စည်းကိရိယာ ရှာဖွေတွေ့ရှိသမျှကို ဖြုတ်သိမ်း နိုင်ပြီးဖြစ်၍ Shunda Park တွင် အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများအားလုံးသည် လုံးဝရပ်တန့်သွားပြီ ဖြစ်ကြောင်း၊ သိမ်းယူထားသော သက်သေခံပစ္စည်း များကိုလည်း နောက်ပိုင်းတွင် စနစ်တကျစုံစမ်းစစ်ဆေးမှု များ ပြုလုပ်နိုင်ရေးအတွက် Shunda Park ပြင်ပသို့ ရွှေ့ပြောင်းပြီး ဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန် ထားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် Shunda Park တွင်းမှ ထွက်ခွာလိုသူ နောက်ထပ် ၂၅ ဦးကို သောင်ရင်းမြစ်ကမ်းကို ဘေးကင်းစွာခေါ်ထုတ်ပေးခဲ့ကြောင်း၊ ထိုကြောင့် Shunda Park အတွင်း စာရင်းကောက်နိုင်ခဲ့သူ ၃.၅၈၂ ဦး အနက် ၂.၆၆၅ ဦး ကို ဘေးကင်းစွာ ပြောင်းရွှေ့ပေးနိုင်ခဲ့ပြီ ဖြစ် ကြောင်း သိရသည်။
၎င်းတို့အနက်မှ ၂,၄၆၀ ဦးကို သက်ဆိုင်ရာအာဏာပိုင်များ ၏ ပူးပေါင်းပါဝင်မှုဖြင့် ထိုင်းနိုင်ငံသို့ ဘေးကင်းစွာပို့ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်နိုင်ငံခြားသား ၂ဝ၂ ဦးမှာ သောင်ရင်းမြစ်ကမ်းတွင် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
ထိုသို့ စောင့်ဆိုင်းနေသူများကို KNU မှ နေ့စဉ် အစားအ သောက်များ စီစဉ်ပေးလျက်ရှိသည်သကဲ့ သို့ Shunda Park တွင် ကျန်ရှိနေသူများ အတွက်လည်း ထမင်းထုပ် များကို တစ်နေ့လျှင် နှစ်ကြိမ် (တစ် ကြိမ်လျှင် လူ ၈၀၀ စာ) စီစဉ်ပေးခဲ့ကြောင်း သိရသည်။
-

မိုးကုတ် – မိုးမိတ်ဒေသစစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဖွဲ့ပြီး အနီးကပ်ကြီးကြပ်ကွပ်ကဲနေဟု NUGကာကွယ်ရေး ထုတ်ပြန်
မိုးကုတ် – မိုးမိတ်ဒေသစစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဖွဲ့ပြီး အနီးကပ်ကြီးကြပ်ကွပ်ကဲနေဟု NUGကာကွယ်ရေး ထုတ်ပြန်
မိုးကုတ်ဝင်လာတဲ့စစ်တပ်ကို နောက်ရက်ကစပြီး အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေ၊ စစ်ကောင်စီရဲ့ အရေးပါတဲ့စခန်းကုန်း သိမ်းပိုက်ထား

စစ်ကောင်စီဝင်ရောက်လာတဲ့ မိုးကုတ်နဲ့ မိုးမိတ်ဒေသမှာ စစ်ဆင်ရေးကိစ္စတွေအတွက် မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဖွဲ့စည်းထားပြီး အနီးကပ်ကြီးကြပ်ကွပ်ကဲကာ စစ်ကောင်စီရဲ့ အရေးပါတဲ့စခန်းကုန်းကို သိမ်းပိုက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာကုန်ပိုင်းမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ တအာင်းတပ်မတော် (TNLA)ဆုတ်ခွာသွားပြီးတဲ့နောက်ပိုင်း အဲဒီဒေသတွင်းစစ်ရေးအခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဒီဇင်ဘာ ၆ ရက်မှာ ပြည်သူကို ပထမဆုံးအကြိမ် အသိပေး ထုတ်ပြန်လာတာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းမြောက်တွင် တွေ့ရသော MDY-PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-AFP) PDF စစ်ရုံးချုပ်အနေနဲ့ မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ ၉ ရက်က စတင်ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။ PDF တပ်တွေ၊ ပကဖတွေကို စုစည်းပြီး တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်ကတဆင့် စစ်ဆင်ရေးကိစ္စတွေကို အနီးကပ်ကြီးကြပ်ကွပ်ကဲလျက်ရှိတယ်လို့ MOD က ထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့ကိုဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကို နောက်တရက်ဖြစ်တဲ့ နိုဝင်ဘာ ၃၀ရက် ညနေ ၆နာရီကစပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း လှုပ်ရှားနေသည့် MDY-PDF တပ်ဖွဲ့ဝင်အချို့။ (ဓာတ်ပုံ − AFP) နိုဝင်ဘာ ၃၀ရက်က ဒီနေ့ ဒီဇင်ဘာ ၆ရက်အထိ တပတ်တာကာလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၉) ကြိမ်ထက် မနည်းဖြစ်ခဲ့ပြီး အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေမှာ မန္တလေး၊ မကွေးနဲ့စစ်ကိုင်းတိုင်းက PDF တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေလည်း ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ကို စစ်ကောင်စီလက်အတွင်းလုံးဝ အပါမခံဘူးလို့လည်း PDF ရဲဘော်တွေက လူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။

TNLA နှင့် PDF မဟာမိတ်များကို ၂၀၂၄ ဇူလိုင်လအတွင်း မိုးကုတ်မြို့ထဲတွင် အတူတကွမြင်ရစဉ်/ Main A Hein TNLAက မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ကနေ ဆုတ်ခွာမယ်လို့ အောက်တိုဘာ ၂၉ရက်မှာ သတင်းထုတ်ပြန်ပြီးနောက် မိုးကုတ်မြို့ကို ကာကွယ်ဖို့ဆိုပြီး မန္တလေးတိုင်းအတွင်းက PDFတပ်ရင်းတွေအပြင် အညာတပ်ရင်းတွေ ရောက်ရှိလာခဲ့ကြပါတယ်။
TNLAက ၎င်းတို့အနေနဲ့ မြို့ကို စစ်တပ်လက်ထဲအပ်မှာဖြစ်ပြီး တော်လှန် ရေးအဖွဲ့တွေကို သေနတ်မဖောက်ဖို့ ခေါ်ပြောခဲ့ပါတယ်။ ဒါကြောင့် PDFနဲ့ တော်လှန်ရေးတပ်တွေက မြို့အပြင်ဘက်ကိုဆုတ်ခွာခဲ့ကြပါတယ်။
ဒါပေမယ့် နိုဝင်ဘာ ၃၀ ရက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် မိုးမိတ်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။
(မိုးကုတ်နဲ့ မိုးမိတ်မြို့အဝင်၌ မန္တလေးPDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF)
-

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ နေရာ အပြောင်းအလဲမရှိ ဆက်လက် တာဝန်ယူ
အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိသော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ နေရာ အပြောင်းအလဲမရှိဘဲ ဆက်လက် တာဝန်ယူခွင့်ရရှိထားကြောင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးထံမှ သိရှိရသည်။
အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အဖွဲ့ဝင် ၉ နိုင်ငံပါဝင်သော ကုလသမဂ္ဂ Credentials Committeeကို ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီတွင် အန်ဒိုရာ၊ ဘော့စ်ဝါနာ၊ တရုတ် ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ မလေးရှား၊ ရုရှားဖယ်ဒရေးရှင်း၊ ဆီနီဂေါ၊ ထရီနီဒက်၊ တိုဘာဂို နှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ကြောင်း၊ အဆိုပါ ကုလသမဂ္ဂ Credentials Committeeက သံအ မတ် ကြီး ဦးကျော်မိုးထွန်းနေရာကို ဆက်လက်အတည်ပြုထားကြောင်း သိရှိရသည်။
“သံအမတ်ကြီးရဲ့ နေရာကိုတော့ ကုလသမဂ္ဂ Credentials Committeeက အတည်ပြုထားပြီ။ ညီလာခံကို ဆက်ပြီး တင်ပြ အတည်ပြုဖို့ပဲရှိတော့တယ်။ သံအမတ်ကြီးပဲ ဆက်ပြီး တာဝန်ယူခွင့်ရသွားတာပါ” ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးမှ သတင်းရင်းမြစ်က ပြောဆို သည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့သော ၂၀၂၁ ခုနှစ်မှစတင်၍ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ဆက်လက် ရပ်တည်နေပြီး အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချက်ချင်း အရေးယူရန် တစိုက်မတ်မတ် တင်ပြတောင်းဆိုလျက်ရှိသည့် ပြည်သူ့ဘက်တော်သား သံအမတ်ကြီးဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီက သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ နေရာတွင် ၎င်းတို့၏ ကိုယ်စား လှယ်ဖြင့် အစားထိုးနိုင်ရေး ၂၀၂၁ ခုနှစ်မှ စတင်၍ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရရှိဘဲ ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကသာ မြန်မာပြည်သူများနှင့် မြန်မာနိုင်ငံကို ကိုယ်စားပြုသော တစ်ဦးတည်းသော သံအမတ်ကြီးအဖြစ် ပြည်သူ့ဘက်မှ ဆက်လက်အမြဲ ရပ်တည်နေခြင်းဖြစ်သည်။