Category: News

  • လူသုံးများသော အက်ပ်များမှတဆင့် တရုတ်ဒစ်ဂျစ်တယ်သူလျှို ခြိမ်းခြောက်မှု ကြီးထွားလာကြောင်း ထိုင်ဝမ် သတိပေး

    လူသုံးများသော အက်ပ်များမှတဆင့် တရုတ်ဒစ်ဂျစ်တယ်သူလျှို ခြိမ်းခြောက်မှု ကြီးထွားလာကြောင်း ထိုင်ဝမ် သတိပေး

    လူသုံးများသော အက်ပလီကေးရှင်းများစွာမှတဆင့် တရုတ်၏ စောင့်ကြည့်မှုအန္တရာယ် မြင့်တက်လာခြင်း နှင့် ပတ် သက်၍ ထိုင်ဝမ် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့ပြီး Douyin၊ RedNote အဖြစ် လူသိများသော Xiao hongshu၊ Sina Weibo၊ Weixin နှင့် Baidu Cloud အက်ပ်များကို ထိုင်ဝမ်၏ သတင်းအချက် အလက် လုံခြုံရေးအတွက် ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှုများအဖြစ် တရားဝင် သတ်မှတ်လိုက်သည်။

    တရုတ် ဆိုက်ဘာလွှမ်းမိုးမှုနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ကြီးထွားလာချိန်တွင် နိုင်ငံသားများအား သတိရှိရန်နှင့် ၎င်းတို့၏ ဒစ်ဂျစ်တယ်ကာကွယ်ရေး အစီအမံများကို ခိုင်မာအောင် လုပ်ဆောင်ရန် ဝန်ကြီးဌာနက တိုက် တွန်းခဲ့ကြောင်း The Taipei Times သတင်းစာက ဖော်ပြသည်။

    တရုတ်မှ ထုတ်လုပ်ထားသော အဆိုပါ အက်ပလီကေးရှင်းများသည် အသုံးပြုသူ၏ အချက်အလက်များကို အများအပြား ထုတ်ယူခြင်း၊ ခွင့်ပြုချက်ကန့်သတ်ချက်များ ကျော်လွန်ခြင်း၊ ဇီဝဆိုင်ရာအချက်အလက်များ ရယူခြင်းနှင့် ပြင်ပအဖွဲ့အစည်းများနှင့် အချက်အလက်များကို မျှဝေခြင်းများ ပြုလုပ်သည်ကို ဝန်ကြီးဌာနက တွေ့ရှိခဲ့ကြောင်း The Taipei Times က ဖော်ပြသည်။

    ၎င်းတို့သည် ဒစ်ဂျစ်တယ် အချက်အလက် သိမ်းဆည်းခန်း (device storage) သို့ ဝင်ရောက်ခွင့် ရသည်နှင့် တပြိုင် နက် အသုံးပြုသူ၏ အဆက်အသွယ်များ၊ တည်နေရာအချက်အလက်များနှင့် ငွေကြေးဆိုင်ရာ အသေးစိတ်အချက် အလက်များ ကဲ့သို့သော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စုဆောင်းနိုင်ပြီး ယင်းတို့ကို အသုံးပြုသူ၏ ခွင့်ပြုချက်မပါဘဲ အလွဲသုံးစားလုပ်နိုင်သည်။

    အဆိုပါနည်းဖြင့် ရရှိထားသော ဇီဝဆိုင်ရာအချက်အလက်များကို ဒစ်ဂျစ်တယ်ပုံတူရုပ် ဖန်တီးရန် သို့မဟုတ် အသုံးပြုသူများကို ခြယ်လှယ်ရန်နှင့် ၎င်းတို့နှင့် ရင်းနှီးသူများကို လှည့်ဖြားရန်အတွက် အချက်အလက်မှားများ ဖြန့်ဝေရန် အသုံးပြုနိုင်ကြောင်း အရာရှိများက သတိပေးထားသည်။

    လိမ်လည်မှုဂိုဏ်းများသည် ကျူးကျော်ဝင်ရောက်မှုမှတဆင့် အက်ပ်အသုံးပြုသူများ၏ ပုံမှန် လုပ်ငန်းဆောင်တာများကို လေ့လာပြီး ၎င်းတို့ကို နှောင့်ယှက်ရန် သို့မဟုတ် လိမ်လည်ရန် အသုံးချနိုင်ကြောင်း ဝန်ကြီးဌာနက သတိ ပေးထားသည်။

    စီးပွားရေးလုပ်ငန်းစုများသည် တရုတ်ဥပဒေအရ နိုင်ငံတော်မှ တောင်းဆိုလာပါက အချက်အလက်များကို ပေးအပ်ရန် တာဝန်ရှိသည်ဖြစ်ရာ တရုတ်ကုမ္ပဏီများ စီမံထိန်းချုပ်သော သို့မဟုတ် သိုလှောင်ထားသော အချက်အလက်များသည် နိုင်ငံပြင်ပတွင် လုပ်ကိုင်နေသော ကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက တရုတ်ထောက်လှမ်းရေးအေဂျင်စီများမှ ကြားဖြတ်ဖမ်းယူခံရနိုင်ခြေ အလွန်မြင့်မားပြီး ပြင်းထန်သော ကိုယ်ရေးကိုယ်တာလုံခြုံရေး ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။

    အန္တရာယ်များကို လျှော့ချရန် ထိုင်ဝမ်အစိုးရသည် စက်တင်ဘာလတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး လုံခြုံရေး စီမံခန့်ခွဲမှု ဥပဒေ (Information and Communication Security Management Act) ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး အစိုးရကဏ္ဍဆိုင်ရာ အဖွဲ့အစည်းအားလုံးအား သတ်မှတ်ဖော်ပြထားသော တရုတ်အက်ပ်များ ဒေါင်းလုဒ်လုပ်ခြင်း သို့မဟုတ် အသုံးပြုခြင်းမှ တားမြစ်ခဲ့သည်။ အဆိုပါ ပြင်ဆင်ချက်အရ အစိုးရ၏ တရားဝင်ကွန်ရက်များတလျှောက် ယင်းအက်ပလီကေးရှင်းများ ဝင်ရောက် အသုံးပြုခြင်းကိုလည်း တားမြစ်ထားကြောင်း The Taipei Times က ဖော်ပြသည်။

    ဆိုက်ဘာလုံခြုံရေး ညွှန်ကြားရေးမှူးချုပ် စိုင်ဖုလန်က အများပြည်သူအား မရှိမဖြစ်လိုအပ်သော အက်ပ်များကိုသာ ထည့်သွင်းရန်၊ ခွင့်ပြုချက်ဆိုင်ရာ ဆက်တင်များကို ပုံမှန်ပြန်လည်စစ်ဆေးရန်နှင့် အတည်မပြုရသေးသော ရင်းမြစ်များမှ ဆော့ဖ်ဝဲများကို ဒေါင်းလုဒ်လုပ်ခြင်းမှ ရှောင်ရှားရန် အကြံပေးခဲ့သည်။

    ထို့ပြင် ကျောင်းများတွင် ဝန်ဆောင်မှုပေးနေသော ထိုင်ဝမ် ပညာရေးကွန်ရက် (Taiwan Academic Network ) သည် TikTok နှင့် Xiaohongshu ကဲ့သို့သော ပလက်ဖောင်းများသို့ ဝင်ရောက်မှုကို ကန့်သတ်ထားပြီးဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဌာနသည် ကျောင်းများအတွက် အန္တရာယ်မြင့်မားသော အက်ပ်များစာရင်းကို ယခုလကုန်တွင် အပြီးသတ်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် အတူ ပူးပေါင်းလုပ်ဆောင်နေပြီး ၎င်းသည် တရုတ် ၏ ကျယ် ပြန့်သော ဒစ်ဂျစ်တယ် စောင့်ကြည့်ရေး ယန္တရားများမှ နိုင်ငံသားများကို ကာကွယ်ရန် ထိုင်ဝမ်၏ တွန်းအားပေးမှု တစိတ်တပိုင်း ဖြစ်‌ကြာင်း The Taipei Times က ဖော်ပြသည်။

    ANI မှ Taiwan warns of growing Chinese digital espionage threat through popular apps ကို လေးမွန် ဘာသာပြန်သည်။

  • မြန်မာအမျိုးသမီးဘောလုံးပွဲ ကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု ဗုံးကြဲ

    မြန်မာအမျိုးသမီးဘောလုံးပွဲ ကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု ဗုံးကြဲ

    ဒီပဲယင်းမှာ မြန်မာအမျိုးသမီးဘောလုံးပွဲ ကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု ဗုံးကြဲလို့ လူဒါဇင်ချီ သေဆုံး

    ဒီပဲယင်းနယ် ကျေးရွာတွေကို စစ်အုပ်စုက အကြောင်းမဲ့ တနေကုန် ဗုံးပတ်ကြဲနေ

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ဒီကနေ့ ညဦးပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ ဒေသခံပြည်သူ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

    ဒီဇင်ဘာ ၅ရက် ည၈နာရီမှာ ဒီပဲယင်းနယ် အရှေ့ခြမ်း၊ မရကန်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး လက်ဖက်ရည်ဆိုင်အတွင်း ဘောလုံးပွဲ ကြည့်ပြီး ထိုင်နေတဲ့ ဒေသခံတွေ သေဆုံးတာလို့ ဆိုပါတယ်။

    “လက်ဖက်ရည်ဆိုင်ဆိုတော့ အထိအခိုက် များတယ်၊ သေတဲ့သူ ဆယ်ကျော်မယ်၊ ခြေပြတ်၊ လက်ပြတ်တွေ ပါတယ်၊ လတ်တလော အတည်ပြုဖို့ ခက်နေသေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဗုံးထိမှန်လို့ လက်ဖက်ရည်ဆိုင် မီးလောင်နေပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ မရေတွက်နိုင်သေးဘူးလို့ ဆိုပါတယ်။

    ဒီကနေ့ ညနေပိုင်း ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာ – ဖိလစ်ပိုင် အမျိုးသမီး ဘောပွဲရှိလို့ ဒေသခံတွေ လက်ဖက်ရည်ဆိုင်မှာ လာရောက်ကြည့်ရှု့ကြကာ လူစုသလို ဖြစ်နေချိန် ဘောလုံးပွဲပြီးဆုံးလို့ တစ်နာရီခန့် အကြာမှာ စစ်အုပ်စုက ဗုံးလာကြဲ သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

    မင်းအောင်လှိုင် သစ္စာခံ အာဏာသိမ်း စစ်အုပ်စုဟာ ဒီကနေ့ မနက်ပိုင်းကစလို့ ဒီပဲယင်းနယ် ကျေးရွာတွေကို တိုက်လေယာဉ် ငါးစီး၊ ဂျိုင်ရိုကော်ပတာ (Gyrocopter – ရဟတ်ယာဉ်ငယ်) နှစ်စီးနဲ့ အကြောင်းမဲ့ ဗုံးပတ်ကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

    ဒီကနေ့ မနက် ၁၁နာရီကနေ ညနေ ၄နာရီအတွင်း ဒီပဲယင်းနယ် အနောက်ခြမ်းက ကျေးရွာတွေကို ကိုးကြိမ်အထိ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

    “ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ခြမ်း နေရာများအား တံတားဦးနှင့် မိတ္ထီလာ လေတပ်များမှ တက်လာသော Jet Fighter များဟာ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သို့ဖြစ်ပါ၍ မိဘ ပြည်သူများ အနေဖြင့် လေကြောင်းအန္တရာယ် ဂရုစိုက်ကြပါခဗျာ” လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့က သတိပေးတိုက်တွန်းထားပါတယ်။

    မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုဟာ ဒီပဲယင်းနယ် အပါအဝင် စစ်ကိုင်း၊ ရွှေဘို၊ ယင်းမာပင်ခရိုင်ထဲက ကျေးရွာတွေနဲ့ နိုင်ငံဝန်းကို နေ့စဉ် ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

    ဒီပဲယင်းနယ် အနောက်ခြမ်းက ကျေးရွာတွေကို ဒီဇင်ဘာ ၅ ရက် နေ့လည်ပိုင်း စစ်အုပ်စုက ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – CJ

  • စစ်တပ်ရွေးကောက်ပွဲမတိုင်မီ EU အဖွဲ့ဝင် နှစ်နိုင်ငံက သံရုံးတွေ ပိတ်သိမ်းတော့မယ်လို့ ကြေညာ

    စစ်တပ်ရွေးကောက်ပွဲမတိုင်မီ EU အဖွဲ့ဝင် နှစ်နိုင်ငံက သံရုံးတွေ ပိတ်သိမ်းတော့မယ်လို့ ကြေညာ

    သံရုံးပိတ်သိမ်းခြင်းဟာ နိုင်ငံတကာက စစ်ကောင်စီနဲ့ ဆက်ဆံရေးကို လျှော့ချ/ဖြတ်တောက်ခြင်းအချက်ပြမှုလို့ CDM သံတမန်အရာရှိသုံးသပ်

    ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဟာ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို ပိတ်သိမ်းတော့မယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို ၂၀၂၆ နှစ်ကုန်မှာ ပိတ်သိမ်းသွားမှာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေ ဆိုးရွားလာတာကြောင့် အခုလို ပိတ်သိမ်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။

    ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လားစ်လော့ကီရပ်စ်မူဆန်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကစလို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေမှာ သိသိသာသာဆိုးရွားနေခဲ့ပြီး လက်ရှိမှာလည်း ပြန်ကောင်းလာဖို့ မရှိဘူးလို့ ပြောပါတယ်။ ဒါကြောင့် ဒိန်းမတ်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ ကုန်သွယ်ရေးအကျိုးစီးပွား ပိုရှိစေမယ့် တခြားနေရာတွေမှာ ရင်းမြစ်တွေကို ပြန်လည်အသုံးချသွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရပ်စ်မူဆန်က ဆိုပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ သံရုံးကို ပိတ်သိမ်းမယ့်ဖြစ်စဥ်ဟာ ဒိန်းမတ်သံတမန်ရေးရာပြန်လည်ပြုပြင်ဖွဲ့စည်းမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးပိတ်သိမ်းခြင်းလုပ်ငန်းစဉ်တွေကို စနစ်တကျပြုလုပ်သွားမှာဖြစ်ပြီး မပိတ်သိမ်းမီအချိန်အထိ သံရုံးဟာ လုပ်ငန်းဆောင်တာတွေကို ပုံမှန်ဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။

    ဒိန်းမတ်နည်းတူ နော်ဒစ်(Nordic)အဖွဲ့ဝင်ဖြစ်တဲ့ ဖင်လန်နိုင်ငံကလည်း ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံရုံးကို လာမယ့်နှစ်ထဲမှာ ပိတ်သိမ်းသွားမယ်လို့ နိုဝင်ဘာလကုန်ပိုင်းမှာ ကြေညာခဲ့ပါတယ်။ ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာနဲ့ မဟာဗျူဟာအကြောင်းပြချက်တွေကြောင့် အစ္စလာမာဘက်၊ ကာဘူးလ်နဲ့ ရန်ကုန်တို့ရှိ သံရုံးတွေကို သမ္မတအမိန့်နဲ့ ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖော်ပြပါတယ်။

    ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံတို့ရှိ နိုင်ငံရေးအခြေအနေ၊ အကန့်အသတ်ဖြစ်နေတဲ့ ကုန်သွယ်ရေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးနဲ့ဆက်စပ်တဲ့ အပြောင်းအလဲတွေကြောင့် အခုလို သံရုံးတွေ ပိတ်သိမ်းဖို့ ဖြစ်လာတာလို့ သိရပါတယ်။

    သံရုံးဖွင့်လှစ်ဆောင်ရွက်တယ်ဆိုတဲ့ ရည်ရွယ်ချက်က နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ဖို့၊ နှစ်နိုင်ငံ စီးပွားရေး နဲ့ ကုန်သွယ်ရေးကို အထောက်အကူဖြစ်စေဖို့၊ မိမိနိုင်ငံသားများအတွက် ကာကွယ်ဖို့နဲ့ ဝန်ဆောင်မှုပေးဖို့၊ ယဉ်ကျေးမှုတွေ၊ ပညာရေးတွေဖလှယ်ဖို့ ဖြစ်တယ်လို့ CDM သံတမန်အရာရှိ ဦးအောင်စိုးမိုးက ပြောပါတယ်။

    ဒီလိုသံရုံးပိတ်သိမ်းခြင်းဟာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို လျှော့ချ/ဖြတ်တောက်ခြင်းဆိုတဲ့ အချက်ပြမှုတရပ်ဖြစ်တယ်လို့ အထက်ပါ CDM သံတမန်အရာရှိက မှတ်ချက်ပြုပါတယ်။

    “ဒါက မြန်မာနိုင်ငံ တစ်နည်းအားဖြင့် စစ်ကော်မရှင်နဲ့ ဆက်ဆံရေးအားနည်းမှုကို ပိုထင်ရှားစေပြီး စစ်ကော်မရှင်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပိတ်ဆို့မှုတွေကို ထောက်ခံတဲ့ ဆုံးဖြတ်ချက်ကို ထင်ဟပ်စေပါတယ်”လို့ သူက ဆိုပါတယ်။

    ဒိန်းမတ်နဲ့ ဖင်လန်နိုင်ငံတို့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ကတည်းက သံတမန်ဆက်ဆံရေးတွေ ထူထောင်ခဲ့ကြပေမယ့် ၂၀၁၁ နောက်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလရောက်မှသာ ရန်ကုန်မြို့မှာ သံရုံးတွေ ဖွင့်လှစ်ခဲ့ကြတာပါ။

    အဲဒီနှစ်နိုင်ငံစလုံးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြပြီး ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ဖြစ်လာစေဖို့လည်း တွန်းအားပေး ကူညီခဲ့တယ်လို့ သိရပါတယ်။

    ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံကို ပေးအပ်နေတဲ့အကူအညီတွေကို ရပ်ဆိုင်းခဲ့ကြပြီး သံတမန်ဆက်ဆံရေးလည်း လျှော့ချခဲ့ကြပါတယ်။

    အာဏာသိမ်းစစ်ကောင်စီနဲ့ သံတမန်ဆက်ဆံကောင်းမွန်တဲ့ နိုင်ငံတချို့သာရှိပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအများစုဟာ သံတမန်ဆက်ဆံရေးအဆင့်လျှော့ချကာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။

    စစ်တပ်ဟာ ဒီမိုကရေစီနည်းကျအရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းမှု ၅ နှစ်နီးပါးအကြာ ဒီလကုန်ပိုင်းမှာ ရွေးကောက်ပွဲတွေ စတင်ပြုလုပ်ဖို့ စီစဥ်ထားပြီး အဲဒီအချိန်မှာပဲ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ ဖင်လန်တို့က သူတို့ရဲ့ သံရုံးတွေကို ပိတ်သိမ်းမယ်လို့ ထုတ်ပြန်ကြေညာလာကြတာ ဖြစ်ပါတယ်။

    (ရန်ကုန်မြို့ရှိ နော်ဒစ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးများအဆောက်အအုံကို တွေ့ရစဥ်။ ဓာတ်ပုံ – နော်ဝေးသံရုံး)

  • အရာရှိ​တွေပါ​သေဆုံးထိခိုက်ပြီး အထိနာလို့ စစ်တပ်အသိုင်းအဝိုင်းမှာ ဂယက်ထနေ

    ဧရာဝတီတိုက်ပွဲမှာ အရာရှိ​တွေပါ​သေဆုံးထိခိုက်ပြီး အထိနာလို့ စစ်တပ်အသိုင်းအဝိုင်းမှာ ဂယက်ထနေ

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ယခုရက်ပိုင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်အရာရှိအချို့ ထိခိုက်သေဆုံးခဲ့ပြီး ဆေးကုသနေသူတွေအတွက် လုံလောက်တဲ့ထောက်ပံ့မှုတွေမရတဲ့အပေါ် စစ်တပ်မိသားစုဝင်တွေကဝေဖန်နေကြပါတယ်။

    သာပေါင်းမြို့နယ်၊သာပေါင်းကလေးရွာပတ်ဝန်းကျင်မှာတပ်မ (၆၆) လက်အောက်ခံ တပ်ရင်းတွေနဲ့ အာရက္ခတပ်တော်(AA)ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။

    “တိုက်ပွဲကဆက်တိုက်ပြင်းထန်နေတာဖြစ်ပြီး စစ်တပ်ဘက်မှာ အထိအခိုက်တော်တော်များတယ်။ ပုသိမ်မှာဆေးကုနေရတဲ့သူတွေရှိသလို မင်္ဂလာဒုံစစ်ဆေးရုံကိုပို့ပြီးကုရတာတွေလည်းများတယ်။ အရာရှိတွေပါထိတော့မိသားစုဝင်တွေလည်းအလုပ်ပျက်တယ်။ဒဏ်ရာပြင်းထန်တဲ့သူတွေက စိတ်ဓာတ်တွေကျနေပြီ။ရှေ့တန်းကတိုက်ပွဲကလည်း သတင်းကောင်းမရှိဘူး။လက်နက်တွေဆုံးတာလည်းရှိတော့ အရေးယူခံရသေးတယ်”လို့ သာပေါင်းတိုက်ပွဲမှာဒဏ်ရာရတဲ့ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

    အခုရက်ပိုင်းဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်း စစ်တပ်ကဗိုလ်မှူးတစ်ဦးသေဆုံးခဲ့ပြီး ဒီဇင်ဘာ ၂ ရက် မှာတော့ ပုသိမ်မြို့က ရွှေမြင်တင်သုဿန်မှာလုံခြုံရေးအများအပြားချပြီးသင်္ဂြိုဟ်ခဲ့ပါတယ်။

    ဧရာဝတီတိုင်းမှာတိုက်ပွဲတွေစဖြစ်တဲ့ ၂၀၂၄ ဒီဇင်ဘာလအတွင်းမှာ အာဏာသိမ်းဒုခေါင်ဆောင်ကိုယ်တိုင် ပုသိမ်မြို့ကိုရောက်ရှိလာပြီး စစ်‌ကောင်စီတပ်ဖွဲ့တင်တွေ၊ စစ်မှုထမ်းသင်တန်းဆင်းတွေအနေနဲ့ တိုက်ပွဲတွေမှာထွက်မပြေးဖို့ စည်းရုံးခဲ့ဖူးပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ကလည်း စစ်ခေါင်းဆောင်ကိုယ်တိုင်း ဧရာဝတီတိုင်းကို ရောက်လာပြီး စည်းရုံးရေးဆင်းသွားပါသေးတယ်။

    လတ်တလောမှာ ဧရာဝတီတိုင်းအတွင်းသာပေါင်းမြို့နယ်အပြင် ရွှေသောင်ယံနဲ့လေးမျက်နှာမြို့နယ်တွေမှာလည်းတိုက်ပွဲတွေဖြစ်နေပါတယ်။

    သာပေါင်းနဲ့လေးမျက်နှာစစ်မြေပြင်မှာတပ်မ (၆၆)လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေတယ်လို့ AA က နိုဝင်ဘာလ၁၁ ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

    အော်တိုဘာလ၃ရက်နေ့ကနေ နိုဝင်ဘာလ၇ရက်နေ့အတွင်း တိုက်ပွဲတွေမှာ ရှေ့တန်းကနေထွက်ပြေးလာလို့ ဖမ်းမိထားသူ ၂၀ကျော်၊ လက်နက်ချ အလင်းဝင်ရောက်သူ ၂၀ကျော်ရှိတယ်လို့ ဆိုပါတယ်။

    “အရာရှိတွေသေရင်သာအသံထွက်တာ။ စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့ပတ်သက်ရင် ဘာမှမကြားရတော့ဘူး။ ရပ်ကွက်ထဲကနေခေါ်သွားတယ်။ ပြီးတော့အဆက်သွယ်မရတော့ဘူး။ အဲဒီလိုလူတွေအများကြီးပဲ”လို့ ဧရာဝတီတိုင်းဓနုဖြူမြို့ခံတစ်ဦးကပြောပါတယ်။

    ယရွှေသောင်ယံ၊ သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်ဟာရခိုင်ပြည်နယ်၊ဂွမြို့နယ်နဲ့ ဆက်စပ်နေပါတယ်။

    ၂၀၂၄ ဒီဇင်ဘာလကဂွမြို့ကို AAက သိမ်းယူပြီးတဲ့နောက်ပိုင်းမှာလည်း ရွှေသောင်ယံ၊ သာပေါင်းနဲ့ ဂွမြို့နယ်စပ်နေရာတွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ဖူးပါတယ်။

    ရွှေသောင်ယံမြို့နယ်ထဲမှာဆိုရင် ၂၀၂၅ ဇန်နဝါရီလထဲမှာ တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ဘောမိနဲ့ မကျီးစင်ရွာကို AAနဲ့ ပူးပေါင်းတပ်တွေကထိန်းချုပ်ခဲ့ပါတယ်။အိမ်ခြေလေးရာကျော်ရှိတဲ့ ဘောမိရွာကိုစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ ဒေသခံတချို့လည်း သေဆုံးခဲ့ပါတယ်။

    လေးမျက်နှာမြို့နယ်အတွင်းကတိုက်ပွဲတွေမှာလည်းအရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပြီး အရပ်သားတွေရှိနေတဲ့ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။စစ်ဘေးရှောင်ပြည်သူ တွေကိုအကူအညီတွေပေးကြဖို့အတွက် ဧရာဝတီတိုင်းထဲက အရပ်ဖက်လူမှုကူညီရေးလုပ်ဆောင်သူတွေက တောင်းဆိုထားပါတယ်။

    တိုက်ပွဲတွေထဲမှာအထိနာနေတဲ့စစ်အုပ်စုကအရပ်သားပြည်သူတွေရှိတဲ့ကျေးရွာတွေကို ပစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့အောက်တိုဘာ ၂၃ ရက်က လေးမျက်နှာမြို့နယ်၊ စပြင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AYA PDF အမှတ် ၂၉ ဗျူဟာက ထုတ်ပြန်ထားပါတယ်။