ဒီပဲယင်းမှာ မြန်မာအမျိုးသမီးဘောလုံးပွဲ ကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု ဗုံးကြဲလို့ လူဒါဇင်ချီ သေဆုံး

ဒီပဲယင်းနယ် ကျေးရွာတွေကို စစ်အုပ်စုက အကြောင်းမဲ့ တနေကုန် ဗုံးပတ်ကြဲနေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ဒီကနေ့ ညဦးပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ ဒေသခံပြည်သူ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

ဒီဇင်ဘာ ၅ရက် ည၈နာရီမှာ ဒီပဲယင်းနယ် အရှေ့ခြမ်း၊ မရကန်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး လက်ဖက်ရည်ဆိုင်အတွင်း ဘောလုံးပွဲ ကြည့်ပြီး ထိုင်နေတဲ့ ဒေသခံတွေ သေဆုံးတာလို့ ဆိုပါတယ်။

“လက်ဖက်ရည်ဆိုင်ဆိုတော့ အထိအခိုက် များတယ်၊ သေတဲ့သူ ဆယ်ကျော်မယ်၊ ခြေပြတ်၊ လက်ပြတ်တွေ ပါတယ်၊ လတ်တလော အတည်ပြုဖို့ ခက်နေသေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးထိမှန်လို့ လက်ဖက်ရည်ဆိုင် မီးလောင်နေပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ မရေတွက်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီကနေ့ ညနေပိုင်း ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာ – ဖိလစ်ပိုင် အမျိုးသမီး ဘောပွဲရှိလို့ ဒေသခံတွေ လက်ဖက်ရည်ဆိုင်မှာ လာရောက်ကြည့်ရှု့ကြကာ လူစုသလို ဖြစ်နေချိန် ဘောလုံးပွဲပြီးဆုံးလို့ တစ်နာရီခန့် အကြာမှာ စစ်အုပ်စုက ဗုံးလာကြဲ သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

မင်းအောင်လှိုင် သစ္စာခံ အာဏာသိမ်း စစ်အုပ်စုဟာ ဒီကနေ့ မနက်ပိုင်းကစလို့ ဒီပဲယင်းနယ် ကျေးရွာတွေကို တိုက်လေယာဉ် ငါးစီး၊ ဂျိုင်ရိုကော်ပတာ (Gyrocopter – ရဟတ်ယာဉ်ငယ်) နှစ်စီးနဲ့ အကြောင်းမဲ့ ဗုံးပတ်ကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက် ၁၁နာရီကနေ ညနေ ၄နာရီအတွင်း ဒီပဲယင်းနယ် အနောက်ခြမ်းက ကျေးရွာတွေကို ကိုးကြိမ်အထိ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

“ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ခြမ်း နေရာများအား တံတားဦးနှင့် မိတ္ထီလာ လေတပ်များမှ တက်လာသော Jet Fighter များဟာ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သို့ဖြစ်ပါ၍ မိဘ ပြည်သူများ အနေဖြင့် လေကြောင်းအန္တရာယ် ဂရုစိုက်ကြပါခဗျာ” လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့က သတိပေးတိုက်တွန်းထားပါတယ်။

မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုဟာ ဒီပဲယင်းနယ် အပါအဝင် စစ်ကိုင်း၊ ရွှေဘို၊ ယင်းမာပင်ခရိုင်ထဲက ကျေးရွာတွေနဲ့ နိုင်ငံဝန်းကို နေ့စဉ် ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

ဒီပဲယင်းနယ် အနောက်ခြမ်းက ကျေးရွာတွေကို ဒီဇင်ဘာ ၅ ရက် နေ့လည်ပိုင်း စစ်အုပ်စုက ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – CJ

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *