Category: News

  • မတ္တရာနယ်မြေအားလုံးကို စစ်တပ်ပြန်ထိန်းချုပ်နိုင်ပြီးနောက် စဥ့်ကူးအစပ်အထိ စစ်ကြောင်းတွေရောက်နေ

    မတ္တရာနယ်မြေအားလုံးကို စစ်တပ်ပြန်ထိန်းချုပ်နိုင်ပြီးနောက် စဥ့်ကူးအစပ်အထိ စစ်ကြောင်းတွေရောက်နေ

    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေအားလုံးနီးပါးကို စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် စဥ့်ကူးမြို့နယ်အစပ်က ကျေးရွာတွေအထိ စစ်ကြောင်းတွေရောက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

    မတ္တရာမြို့နယ်မှာ တော်လှန်ရေးတပ်တွေနောက်ဆုံးထိန်းချုပ်ထားနိုင်တဲ့ ပတ်လည်အင်းရွာကို နိုဝင်ဘာ ၂၄ ရက်မှာ လက်လွှတ်ခဲ့ရပြီးတဲ့နောက် မတ္တရာမြို့နယ်တခုလုံးနီးပါး စစ်တပ်လက်အောက်ပြန်လည်ရောက်ရှိသွားတာလို့ ဆိုပါတယ်။

    “ဟုတ်တယ်ဗျ ကျည်ဖောက်သံမကြားပဲ ပတ်လည်အင်းရသွားပါတယ်။ စကစဘက်က တိုက်ပွဲဖြစ်တာတော့ရှိတယ်။ ရှမ်းမင်းသမီးခေါ်ဝေါ်တဲ့နားဖြစ်ခဲ့တာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

    မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အစပ်မှာရှိတဲ့ ပတ်လည်အင်းရွာဟာ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က စစ်ကော်မရှင်တပ်တွေအထိုင်ချတပ်စွဲခဲ့တဲ့ကျေးရွာဖြစ်ပြီး အဲ့ဒီရွာကို စစ်ကော်မရှင်တပ် စစ်ကြောင်းတွေက နိုဝင်ဘာ ၂၄ ရက် ညပိုင်းမှာ ပြန်လည်ဝင်ရောက်လာပြီး နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

    ဩဂုတ်လကစတင်ကာ စစ်ကော်မရှင်တပ်က လေကြောင်း၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေအပြင် မန္တလေးအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တပ်တွေနဲ့ စစ်တပ်လက်အောက်ပြည်သူ့စစ်တွေ ပူးပေါင်းအင်အားထောင်ချီသုံးပြီး မတ္တရာမြို့နယ်အတွင်း ထိုးစစ်ဆင်လာခဲ့တာပါ။

    စစ်ကော်မရှင်တပ်ရဲ့ထိုးစစ်တွေကြောင့် မတ္တရာမြို့နယ်အတွင်းက စစ်ရေးအရအရေးပါတဲ့ ဆည်တော်ကြီးရေလှောင်တမံ၊ ‌‌ဖ‌ယောင်းတောင် ရွှေလုပ်ကွက်၊ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်၊ အယ်ဖာဘိလပ်မြေစက်ရုံစတဲ့နေရာတွေအပါအဝင် တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေအများစုကို ပြန်လည်လက်လွှတ်ခဲ့ရတာကနေ လက်ရှိမှာ နယ်မြေအားလုံးနီးပါးကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။

    စစ်ကော်မရှင်ကိုထောက်ခံရေးသားနေတဲ့တယ်လီဂရမ်ချန်နယ်တွေမှာ ပတ်လည်အင်းကျေးရွာက PDF စခန်းတခုကို သိမ်းယူနိုင်ခဲ့ပြီး PDF အဖွဲ့ဝင် ၅ ဦးကျဆုံးထားတယ်လို့ဖော်ပြရေးသားထားပြီး တိုက်ပွဲအသေးစိတ်အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

    နိုဝင်ဘာ ၂၆ ရက် ဒီကနေ့မနက်ပိုင်းမှာ မတ္တရာမြို့နယ် ပတ်လည်အင်းရွာက အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းဟာ စဉ့်ကူးမြို့နယ်အစပ်က ကောင်းဆက်သာ ဆီဆိုင်ရှေ့အထိ ရောက်လာတယ်လို့ သိရပါတယ်။

    “စဥ့်ကူးဘက်က ** ဝင်ဖို့ရှိတယ်။ အခုထိတော့မဝင်သေးဘူး။ ပတ်လည်အင်းထိရောက်နေတာ။ စကစက အကုန်သိမ်းနိုင်တဲ့အခြေအနေရှိနေပြီး ရွာတွေကနည်းနည်းဘဲကျန်တော့တာ”လို့ အထက်ပါ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

    ဒါ့အပြင် မတ္တရာမြို့နယ်မြောက်ခြမ်း နံ့သာမြိုင်ရွာမှာ တပ်စွဲထားတဲ့အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းကလည်း စဉ့်ကူးမြို့နယ်၊ ခတက်ချဉ်ရွာရဲ့ တောင်ဘက်က ရဲဝန်ထမ်းအိမ်ယာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

    စစ်ကော်မရှင်စစ်ကြောင်းတွေ စဥ့်ကူးမြို့ကိုဝင်ရောက်နေတဲ့ လမ်းကြောင်းဟာ မန္တလေး-မိုးကုတ်လမ်းပေါ်မှာဖြစ်ပြီး ဒီလမ်းကြောပေါ်က ကျေးရွာတွေကပြည်သူတွေလည်း စစ်ဘေးရှောင်နေကြရတာပါ။

    လက်ရှိမှာ စဥ့်ကူးမြို့နယ်ကို တော်လှန်ရေးတပ်တွေကဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပေမယ့် စစ်တပ်စစ်ကြောင်းတွေရောက်ရှိနေတဲ့ မတ္တရာမြို့နယ်အစပ်ကျေးရွာတွေဟာ စဉ့်ကူးမြို့နယ်ရဲ့တောင်ဘက်ကနေဝင်ရောက်နိုင်တာဖြစ်ပြီး မြောက်ဘက်မှာလည်း စဉ့်ကူးမြို့နယ်အစပ်ဖြစ်တဲ့ ဖော့တောလမ်းဆုံအထိ စစ်ကော်မရှင်တပ်က သိမ်းယူထားပါတယ်။

    စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲပြုလုပ်မယ့်မြို့နယ်တွေမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းမြို့နယ်တွေလည်းပါဝင်နေတာကြောင့် အဆိုပါမြို့နယ်တွေပြန်ရရေး စစ်ကော်မရှင်ဘက်က ကြိုးစားနေတာဖြစ်နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေက သုံးသပ်ပါတယ်။

    စစ်ကော်မရှင်ဘက်က ပြန်လည်သိမ်းယူဖို့ကြိုးစားနေတဲ့ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေကို ၂၀၂၄ နှစ်လယ်ပိုင်းလောက်မှာ MDY-PDF ပူးပေါင်းအဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းယူခဲ့ကြတာလည်း ဖြစ်ပါတယ်။

  • နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံ စစ်ဆေးခံနေရ

    နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံ စစ်ဆေးခံနေရ

    အမျိုးသမီး ၁ဦးကို ထိုးကြိတ်ကာ သေနတ်ပြ ခြိမ်းခြောက်မှု စွပ်စွဲချက်ဖြင့် နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံ စစ်ဆေးခံနေရ

    ဆဲဆိုခဲ့ခြင်းသာဖြစ်ပြီး ရိုက်နှက်ခြိမ်းခြောက်ခြင်း မရှိခဲ့ဘူးဟု ဗိုလ်ဓူဝံ တုံ့ပြန်

    အမျိုးသမီး ၁ယောက်ကို ထိုးကြိတ်ရိုက်နှက်ပြီး သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ထောက်အရာရှိ ရဲဘော်ဓူဝံကို ခေါ်ယူစစ်ဆေးမေးမြန်းနေပြီဖြစ်တယ်လို့ PDF နေပြည်တော် တိုင်းစစ်ဌာန၊ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

    ဒီဖြစ်စဥ်အပေါ် NUG ကာကွယ်ရေးဝန်ကြီးဌာနအပါဝင် ဌာနဆိုင်ရာတွေကို လိပ်မှု တိုင်ကြားထားတဲ့ ကာယကံရှင် မသန္တာအောင်ကတော့ နေပြည်တော်PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံကို လုပ်ရပ်နဲ့ထိုက်တန်တဲ့ အပြစ်ပေးစေချင်ကြောင်း ပြောပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ရက်နေ့က နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံဟာ သူတို့လင်မယားရန်ဖြစ်တဲ့ကိစ္စနဲ့ ပက်သက်ပြီး နှစ်ယောက်သား စကားပြောဆိုနေရင်းကနေ သူ့နေအိမ်မှာ လာရောက်တည်းခိုနေတဲ့ မသန္တာအောင်ကို ဆဲဆိုရိုက်နှက်ရင်း သေနတ်ပြခြိမ်းခြောက်ခဲ့ကြောင်း မသန္တာအောင်က ပြောပါတယ်။

    မသန္တာအောင်က သူ့အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုနဲ့ ဗိုလ်ဓူဝံကို NUG ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၊ အမျိုးသမီးနှင့်ကလေးသူငယ်ဌာန၊ ကရင်နီပြည်ရဲဌာန (KSP) ၊ ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (JCS) နဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) တို့ကို တိုင်ကြားထားကြောင်း သိရပါတယ်။

    မသန္တာအောင်ရဲ့ တိုင်ကြားစာထဲမှာ ဗိုလ်ဓူဝံက M4 သေနတ် ၂လက်၊ ပစ္စတို ၁လက်ကိုင်ကာ ဒေါသတကြီး သူ့လည်ပင်းကိုညှစ်ကာ ပါးတစ်ချက်ရိုက်ခဲ့ကြောင်း၊ လက်သီးနဲ့ထိုးဖို့ ချိန်ရွယ်စဥ် ဗိုလ်ဓူဝံ အမျိုးသမီးရဲ့တူက ကာပေးခဲ့လို့ မထိုးမိခဲ့ဘဲ သေနတ်ပြ ခြိမ်းခြောက်ခံခဲ့ရကြောင်း စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

    ဒီဖြစ်စဥ်အပေါ် နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံကို မောင်းသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ မသန္တာအောင်ကို ဆဲဆိုခဲ့ရုံကလွဲလို့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းမရှိကြောင်းနဲ့ စစ်ဆေးမှုခံယူနေကြောင်း ပြောပါတယ်။

    “အဲ့နေ့က ကျနော် ဗုံးခိုကျင်းထဲကနေ ရုံးပြန်မို့ ကျနော် သေနတ် ၃လက်ယူပြီး အပေါ်တက်လာတာ။ သူက ဘာဖြစ်တာလဲ ကျမကြောင့် ရန်ဖြစ်တာလားဆိုမေးတာ။ ပြဿနာမဖြစ်ခင်ညက သူ့ကြောင့် ကျနော်တို့လင်မယားရန်ဖြစ်ထားလို့ သူ့ကို နင့်ကြောင့် ငါတို့လင်မယားရန်ဖြစ်တာဆိုပြီး ဆဲတာပေါ့။ ဒါပေမယ့် သေနတ်နဲ့လည်းမချိန်ခဲ့သလို ပါးလည်းမရိုက်ခဲ့ပါဘူး။” လို့ ဗိုလ်ဓူဝံက ပြောပါတယ်။

    မသန္တာအောင်ကတော့ ဗိုလ်ဓူဝံဟာ သူ့အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်မှုကြောင့် မျက်နှာပေါ် ထိခိုက်ဒဏ်ရာရရှိခဲ့မှုနဲ့ ကျူးလွန်ခံရချိန်မှာ မျက်မြင်သက်သေတွေပါရှိကြောင်း ပြောဆိုထားပါတယ်။

    လက်ရှိမှာလည်း PDF နေပြည်တော် တိုင်းစစ်ဌာန၊ ကွပ်ကဲရေးအဖွဲ့က ဗိုလ်ဓူဝံကို ဒီဖြစ်စဥ်အပေါ် စစ်ဆေးမေးမြန်းနေကြောင်း စာထွက်လာပါတယ်။

    ဒီအပေါ် မသန္တာအောင်က “တပ်ရင်းတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့အပေါ်လို့ပြောရင် ရုံးစာနဲ့ လက်မှတ်ထိုးတာ မပါတာ တစ်ခုတည်းနဲ့တင် တွေးလို့ရပါတယ်နော်။ အဖွဲ့အစည်းတံဆိပ်နဲ့ လက်မှတ်မပါတဲ့ အရာတစ်ခုက အကျုံးဝင်ပါသလား။ တိုက်ရိုက်သက်ဆိုင်ပါသလား။ အစ်မကတော့ အမှန်တရားတိုင်း ရှေ့ဆက်မှာပါ။ သူ့လုပ်ရပ်နဲ့ ထိုက်တန်တဲ့ အပြစ်ပေးခံရတာပဲ လိုချင်ပါတယ်။” လို့ ပြောပါတယ်။

    တစ်ဖက်မှာလည်း ဗိုလ်ဓူဝံက အခုလိုတိုင်ကြားခံရမှုဟာ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်အပေါ် ရည်ရွယ်ချက်ရှိရှိ တိုင်ကြားတာဖြစ်ကြောင်း ချေပပြောဆိုထားပါတယ်။

    “ပြဿနာမဖြစ်ခင်ညက ကျနော့်အမျိုးသမီးနဲ့ စကားများပါတယ်။ သူ့ကြောင့်ပါ။ ဘာလို့လဲဆိုတော့ အဲ့ည သူက စသလိုနောက်သလိုနဲ့ ကျနော့်မိန်းမကို အလင်းဝင်ဖို့ပြောပါတယ်။ အဲဒီကိစ္စမဖြစ်ခင် ရှေ့ရက်မှာ KSP ရုံး လေယာဥ်ကြဲခံရတော့ သူ့ကို စိတ်ခုထားတာရှိပါတယ်။ အဲ့ကောင်တွေ သေတာနည်းသေးတယ်ပြောတော့ ကျနော်ဒေါသထွက်သွားတယ်။ အဲ့ဒါနဲ့ မိန်းမကိုပြောတယ်။ နင့်သူငယ်ချင်းကို ဆက်ထားလို့မရတော့ဘူးဆိုပြီး အဲ့ကစ ပြဿနာဖြစ်တာပါ။” လို့ ပြောပါတယ်။

    မသန္တာအောင်ဘက်ကတော့ “အစ်မကတော့ အမှန်တရားတိုင်း ရှေ့ဆက်မှာပါ။ သူ့လုပ်ရပ်နဲ့ ထိုက်တန်တဲ့ အပြစ်ပေးခံရတာပဲ လိုချင်ပါတယ်။ မျက်မြင်သက်သေ၊ ပုံ၊ ဆေးမှတ်တမ်း၊ အသံဖိုင်၊ ss အကုန်ရှိပါတယ်နော်။ လိုအပ်ရင် သက်သေဖိုင်တွေပါ ပေးပါမယ်” လို့ ပြောခဲ့ပါတယ်။

    ဒီဖြစ်စဥ်မှာ ရိုက်နှက်ခြိမ်းခြောက်ခံရကြောင်း တိုင်ကြားထားတဲ့ မသန္တာအောင်ဟာ ဒီးမော့ဆို အနောက်ခြမ်းရှိ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေအတွက် Crochet For Karenni ဆိုတဲ့ လက်မှုပညာသင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်ထားသူလည်း ဖြစ်ပါတယ်။

    ပုံစာ – မသန္တာအောင် တင်ပြထားသည့် သက်သေများနှင့် နေပြည်တော် PDF တပ်ဖွဲ့ဝင်များ

  • နည်းပညာအထက်တန်းကျောင်းမှာ အုပ်စုဖွဲ့ရိုက်နှက်လို့ သေဆုံးခဲ့ရတဲ့ကျောင်းသားအတွက် ကျူးလွန်သူကို ထိထိရောက်ရောက်အရေးယူပေးဖို့ ကျောင်းသားတွေကတောင်းဆို

    နည်းပညာအထက်တန်းကျောင်းမှာ အုပ်စုဖွဲ့ရိုက်နှက်လို့ သေဆုံးခဲ့ရတဲ့ကျောင်းသားအတွက် ကျူးလွန်သူကို ထိထိရောက်ရောက်အရေးယူပေးဖို့ ကျောင်းသားတွေကတောင်းဆို

    နည်းပညာအထက်တန်းကျောင်းမှာ အုပ်စုဖွဲ့ရိုက်နှက်လို့ သေဆုံးခဲ့ရတဲ့ကျောင်းသားအတွက် ကျူးလွန်သူကို ထိထိရောက်ရောက်အရေးယူပေးဖို့ ကျောင်းသားတွေကတောင်းဆို

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှာ အုပ်စုဖွဲရိုက်နှက်ခံရတဲ့ ကျောင်းသားဟောင်း ပုသိမ်ဆေးရုံကြီးမှာ ကွယ်လွန်သွားပြီလို့သိရပါတယ်။

    နိုဝင်ဘာလ ၁၉ ရက်နေ့က ပုသိမ်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှာ စက်ပြင်ဌာန ကျောင်းသားဟောင်းဖြစ်သူ ကိုခန့်ကျော်သူထွန်းဟာ အမှတ်စာရင်း ကျောင်းကိုလာယူစဥ် အဲ့ဒီကျောင်းမှာပဲ အသင့်စောင့်နေတဲ့ တတိယနှစ်ကျောင်းသား မင်းပြည့်စုံနဲ့အဖွဲ့က ၀ိုင်း၀န်းရိုက်နှက်ခဲ့တာကြောင့် ပုသိမ်မြို့ ဆေးရုံကြီးကို အရေးပေါ်လူနာအဖြစ်ပို့ခဲ့ရတယ်လို့ သိရပါတယ်။

    “သမီးရည်းစားကိစ္စတွေဖြစ်တာပါ၊ သံပန်းထဲခေါင်းထည့်ပြီး ဝိုင်းရိုက်ကြတာ၊ မေးရိုးလည်း ကျိုးသွားတယ်ပြောတယ်၊ အဲဒီနေ့ကထဲက ဆရာ၀န်ကြီးက အခြေအနေမကောင်းဘူးလို့ပြောတယ်၊ သတိကတော့လုံး၀မရတော့တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    နိုဝင်ဘာလ ၂၄ ရက် ည ၁၀ နာရီခန့်မှာပဲ ရရှိတဲ့ ဦးခေါင်းနောက်စိပြင်းထန်ဒါဏ်ရာတွေနဲ့ ပုသိမ်ဆေးရုံကြီးမှာ ကိုခန့်ကျော်သူထွန်းဟာ ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။

    “သတိမရတော့ပဲ ည ၁၀ နာရီလောက်ဆုံးသွားတာ၊ ရိုက်တဲ့သူတွေကို ရဲက အဲ့နေ့ကထဲကဖမ်းပြီး ကိုယ်ထိလက်ရောက်မလုပ်တဲ့ ၂ ယောက်ကို အာမခံနဲ့လွှတ်ပေးထားတယ်၊ အဓိကတစ်ယောက်ကိုတော့ ဖမ်းထားတယ်၊ ခုသေဆုံးသွားလို့ အာမခံနဲ့လွှတ်တဲ့ ၂ ယောက်ကိုလည်း ပြန်ဖမ်းမယ်ထင်တယ်” လို့ အဲ့ဒီအကြောင်းကိုသိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

    အဓိက ရိုက်နှက်မှုကျူးလွန်သူ မင်းပြည့်စုံဟာ ယခင်ကလည်း ခုလိုကျောင်းသားတစ်ဦးကို ရိုက်နှက်ခဲ့တာတွေ ရှိခဲ့ဖူးတယ်လို့သိရပြီး လက်ရဲဇက်ရဲနိုင်တယ်လို့ သိရပါတယ်။

    လတ်တလောမှာ ပုသိမ်မြို့မရဲစခန်းက သေမှုသေခင်းဖွင့်ကာ အရေးယူထားတယ်လို့သိရပြီး ထိထိရောက်ရောက်အရေးယူပေးဖို့ ကျောင်းသားတွေကလည်း တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

    ဆက်စပ်သတင်း

  • နမခ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကိုစစ်ဆေးမှု ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေ

    နမခ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကိုစစ်ဆေးမှု ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေ

    အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို ခေါ်ယူစစ်ဆေးရာတွင် လာဘ်ပေးလာဘ်ယူမှု၊ တရားမဝင် ရွှေတူးမှုနှင့် သစ်ထုတ်လုပ်ခွင့်ပြုသည့် အမှုများစွာ ပေါ်ပေါက်လာ

    စစ်ဆေးမှုကို ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို နေပြည်တော်စစ်ရုံးက ခေါ်ယူစစ်ဆေးလျက်ရှိရာ လာဘ်ပေးလာဘ်ယူမှု၊ တရားမဝင် ရွှေတူးမှုနှင့် သစ်ထုတ်လုပ်ခွင့်ပြုသည့် အမှုများစွာ ပေါ်ပေါက်လာကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

    စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်အတွင်း စစ်ဆင်ရေး ရှုံးနိမ့်မှုများ၊ အမိန့်မနာခံမှုများကြောင့် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို နိုဝင်ဘာလ ဒုတိယအပတ်မှစတင်၍ ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် ကြီး ကြပ်ကွပ်ကဲစစ်ဆေးနေကြောင်း၊ လက်ရှိတွင် လာဘ်ပေးလာဘ်ယူမှု၊ ရွှေတူးဖော်ခွင့်နှင့် တရားမဝင် သစ်ထုတ်လုပ်ခွင့်များစွာကိုလည်း ငွေကြေးများစွာ ရယူခဲ့ပြီး ခွင့်ပြုမှုများလည်း ပေါ်ပေါက်လာကြောင်း သိရှိရသည်။

    “တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွေးကို ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့အတူပါလာတဲ့ ဒုစအဖချုပ် ဗိုလ်ချုပ် မင်းသူ ကိုယ်တိုင် စစ်နေတာ။ အခု မင်းကင်းက ရွှေမျှောတွေကို လေကြောင်းတိုက်ခိုက်မှုတွေကလည်း ‌သူတို့ မျိုးမင်းထွေးတို့ရဲ့ စစ်ကြောချက်တွေမှာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်ပြီးတော့ လုပ်ကိုင်တယ်ဆိုတဲ့ သတင်းတွေ ရလို့ အခု မင်းကင်းတို့ ကလေးဝဘက်တွေ ဗုံးကျဲနေတာ။ တိုင်းမှူး မျိုးမင်းထွေးတို့ရဲ့ စစ် ကြောချက်တွေကို ယူပြီးတော့ အခုနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတာ။ မနေ့က ညနေအထိကတော့ စစ်နေတုန်းပဲ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    စက်တင်ဘာလ ၂၀ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်သွားခြင်း၊ စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်ဆင်နေသော စစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ချေမှုန်းခံရခြင်း အပါအဝင် စစ်ဆင်ရေး ရှုံးနိမ့်မှုများကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို စစ်တပ်က ခေါ်ယူ မေးမြန်းစုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

    အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို နိုဝင် ဘာလ ၈ ရက် ဦးပိုင်အမြတ်ငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် နောက်ဆုံးတွေ့မြင်ရပြီး ယင်းနောက်ပိုင်း လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။

    အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးသည် အလုပ်သင်ဗိုလ် သင် တန်း (တေဇ- ၂၆)မှ ဖြစ်ပြီး၊ တပ်မ ၁၁၊ လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၊ ကျောက်မဲ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်တို့တွင် တပ်မမှူး တာဝန်ယူခဲ့သည်။

    ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်နေ့ကိုးကန့် (MNDAA)နှင့် ပူးပေါင်းတပ်များက အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိသည့် လားရှိုးကို သိမ်းစဉ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ တိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့နှင့်အတူ ဗိုလ်မှူးချုပ်မျိုးမင်းထွေးကလည်း ကိုးကန့် MNDAA ထံတွင် လက်နက်ချအညံ့ခံခဲ့သည်။

    ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ လားရှိုးတိုက်ပွဲတွင် လက်နက်ချအညံ့ခံခဲ့သည့် ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို မင်းအောင်လှိုင်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့သည်။

  • ကြို့ပင်ကောက်တွင် ရဲနှင့်ပြည်သူစစ်များ စစ်ဆေးရေးလုပ်နေစဉ် တိုက်ခိုက်ခံရ

    ကြို့ပင်ကောက်တွင် ရဲနှင့်ပြည်သူစစ်များ စစ်ဆေးရေးလုပ်နေစဉ် တိုက်ခိုက်ခံရ

    ကြို့ပင်ကောက်တွင် ရဲနှင့်ပြည်သူစစ်များ စစ်ဆေးရေးလုပ်နေစဉ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

    ဒုရဲအုပ်ထွက်ပြေး၍လွတ်မြောက်

    ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်တွင် ဒုရဲအုပ်နှင့်အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ငါးဦး သေဆုံးသွားကြောင်းသိရသည်။

    ကြို့ပင်ကောက်၊ သဲကုန်းရပ်ကွက်ထိပ်၌ ဒုရဲအုပ်ကျော်ဇင်ထွန်းဦးဆောင်ကာ ပြည်သူ့စစ်နှင့်အဖွဲ့သည် နိုဝင်ဘာ ၂၃ ရက်နေ့ နံနက်အစောပိုင်းက ခရီးသွားပြည်သူများကို စစ်ဆေးမှုများပြုလုပ်နေစဉ် တော်လှန်ရေးရဲဘော်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

    “ဒုရဲအုပ်ကျော်ဇင်ထွန်းရယ် ဒုရဲတပ်ကြပ်နဲ့ ပြည်သူ့စစ်လေး ဦးစုစုပေါင်းခြောက်ဦး စစ်ဆေးရေးလုပ် နေတာ။ ဝင်ပစ်တဲ့အချိန်မှာ ဒုရဲအုပ်ကထွက်ပြေးသွားလို့ လွတ်သွားတာ။ ဒုရဲတပ်ကြပ်နဲ့ ကျန်တဲ့ လေးယောက်လုံးသေတယ်” ဟု ကြို့ပင်ကောက်ဒေသခံတစ်ဦးက ပြောသည်။

    အဆိုပါ ပဲခူးတိုင်းအနောက်ခြမ်းအတွင်းရှိ ဇီးကုန်းနှင့်ကြို့ပင်ကောက်တွင် နှစ်ရက်အတွင်း တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်၊ လက်အောက်ခံရဲဝန်ထမ်းနှင့် ပြည်သူ့စစ် စုစု ပေါင်း ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း ဇီးကုန်းမြို့ရှိ KTV အတွင်း ‌ပျော်ပါးနေသည့် စစ်ကော်မရှင် တပ်နှင့်ပြည်သူ့စစ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ငါး ဦးသေဆုံးခဲ့ပြီး ၎င်းတို့၏လက်နက်နှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    “ဇီးကုန်းက အုပ်ကြီးပျူခေါင်းဆောင်ရဲ့ညီပါတယ် သေတဲ့အထဲမှာ။ KTV မှာ မူးယစ်ပြီး ပျော်ပါး နေကြတာ။ နေရာမှာတင် ငါး ယောက်သေတာ”ဟု ဇီးကုန်းမြို့နေပြည်သူတစ်ဦးက ပြောသည်။