မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေအားလုံးနီးပါးကို စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် စဥ့်ကူးမြို့နယ်အစပ်က ကျေးရွာတွေအထိ စစ်ကြောင်းတွေရောက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

မတ္တရာမြို့နယ်မှာ တော်လှန်ရေးတပ်တွေနောက်ဆုံးထိန်းချုပ်ထားနိုင်တဲ့ ပတ်လည်အင်းရွာကို နိုဝင်ဘာ ၂၄ ရက်မှာ လက်လွှတ်ခဲ့ရပြီးတဲ့နောက် မတ္တရာမြို့နယ်တခုလုံးနီးပါး စစ်တပ်လက်အောက်ပြန်လည်ရောက်ရှိသွားတာလို့ ဆိုပါတယ်။

“ဟုတ်တယ်ဗျ ကျည်ဖောက်သံမကြားပဲ ပတ်လည်အင်းရသွားပါတယ်။ စကစဘက်က တိုက်ပွဲဖြစ်တာတော့ရှိတယ်။ ရှမ်းမင်းသမီးခေါ်ဝေါ်တဲ့နားဖြစ်ခဲ့တာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အစပ်မှာရှိတဲ့ ပတ်လည်အင်းရွာဟာ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က စစ်ကော်မရှင်တပ်တွေအထိုင်ချတပ်စွဲခဲ့တဲ့ကျေးရွာဖြစ်ပြီး အဲ့ဒီရွာကို စစ်ကော်မရှင်တပ် စစ်ကြောင်းတွေက နိုဝင်ဘာ ၂၄ ရက် ညပိုင်းမှာ ပြန်လည်ဝင်ရောက်လာပြီး နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လကစတင်ကာ စစ်ကော်မရှင်တပ်က လေကြောင်း၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေအပြင် မန္တလေးအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တပ်တွေနဲ့ စစ်တပ်လက်အောက်ပြည်သူ့စစ်တွေ ပူးပေါင်းအင်အားထောင်ချီသုံးပြီး မတ္တရာမြို့နယ်အတွင်း ထိုးစစ်ဆင်လာခဲ့တာပါ။

စစ်ကော်မရှင်တပ်ရဲ့ထိုးစစ်တွေကြောင့် မတ္တရာမြို့နယ်အတွင်းက စစ်ရေးအရအရေးပါတဲ့ ဆည်တော်ကြီးရေလှောင်တမံ၊ ‌‌ဖ‌ယောင်းတောင် ရွှေလုပ်ကွက်၊ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်၊ အယ်ဖာဘိလပ်မြေစက်ရုံစတဲ့နေရာတွေအပါအဝင် တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေအများစုကို ပြန်လည်လက်လွှတ်ခဲ့ရတာကနေ လက်ရှိမှာ နယ်မြေအားလုံးနီးပါးကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။

စစ်ကော်မရှင်ကိုထောက်ခံရေးသားနေတဲ့တယ်လီဂရမ်ချန်နယ်တွေမှာ ပတ်လည်အင်းကျေးရွာက PDF စခန်းတခုကို သိမ်းယူနိုင်ခဲ့ပြီး PDF အဖွဲ့ဝင် ၅ ဦးကျဆုံးထားတယ်လို့ဖော်ပြရေးသားထားပြီး တိုက်ပွဲအသေးစိတ်အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

နိုဝင်ဘာ ၂၆ ရက် ဒီကနေ့မနက်ပိုင်းမှာ မတ္တရာမြို့နယ် ပတ်လည်အင်းရွာက အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းဟာ စဉ့်ကူးမြို့နယ်အစပ်က ကောင်းဆက်သာ ဆီဆိုင်ရှေ့အထိ ရောက်လာတယ်လို့ သိရပါတယ်။

“စဥ့်ကူးဘက်က ** ဝင်ဖို့ရှိတယ်။ အခုထိတော့မဝင်သေးဘူး။ ပတ်လည်အင်းထိရောက်နေတာ။ စကစက အကုန်သိမ်းနိုင်တဲ့အခြေအနေရှိနေပြီး ရွာတွေကနည်းနည်းဘဲကျန်တော့တာ”လို့ အထက်ပါ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်မြောက်ခြမ်း နံ့သာမြိုင်ရွာမှာ တပ်စွဲထားတဲ့အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းကလည်း စဉ့်ကူးမြို့နယ်၊ ခတက်ချဉ်ရွာရဲ့ တောင်ဘက်က ရဲဝန်ထမ်းအိမ်ယာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းတွေ စဥ့်ကူးမြို့ကိုဝင်ရောက်နေတဲ့ လမ်းကြောင်းဟာ မန္တလေး-မိုးကုတ်လမ်းပေါ်မှာဖြစ်ပြီး ဒီလမ်းကြောပေါ်က ကျေးရွာတွေကပြည်သူတွေလည်း စစ်ဘေးရှောင်နေကြရတာပါ။

လက်ရှိမှာ စဥ့်ကူးမြို့နယ်ကို တော်လှန်ရေးတပ်တွေကဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပေမယ့် စစ်တပ်စစ်ကြောင်းတွေရောက်ရှိနေတဲ့ မတ္တရာမြို့နယ်အစပ်ကျေးရွာတွေဟာ စဉ့်ကူးမြို့နယ်ရဲ့တောင်ဘက်ကနေဝင်ရောက်နိုင်တာဖြစ်ပြီး မြောက်ဘက်မှာလည်း စဉ့်ကူးမြို့နယ်အစပ်ဖြစ်တဲ့ ဖော့တောလမ်းဆုံအထိ စစ်ကော်မရှင်တပ်က သိမ်းယူထားပါတယ်။

စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲပြုလုပ်မယ့်မြို့နယ်တွေမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းမြို့နယ်တွေလည်းပါဝင်နေတာကြောင့် အဆိုပါမြို့နယ်တွေပြန်ရရေး စစ်ကော်မရှင်ဘက်က ကြိုးစားနေတာဖြစ်နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေက သုံးသပ်ပါတယ်။

စစ်ကော်မရှင်ဘက်က ပြန်လည်သိမ်းယူဖို့ကြိုးစားနေတဲ့ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေကို ၂၀၂၄ နှစ်လယ်ပိုင်းလောက်မှာ MDY-PDF ပူးပေါင်းအဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းယူခဲ့ကြတာလည်း ဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *