Category: News

  • ဆီမီးသပိတ်ကို ဗုံးကြဲတိုက်ခိုက်ဖို့ ညွှန်ကြားခဲ့သူ နမခတိုင်းမှူး မျိုးမင်းထွေးဟာ MNDAA ထံ လက်နက်ချအညံ့ခံခဲ့သူဖြစ်

    ဆီမီးသပိတ်ကို ဗုံးကြဲတိုက်ခိုက်ဖို့ ညွှန်ကြားခဲ့သူ နမခတိုင်းမှူး မျိုးမင်းထွေးဟာ MNDAA ထံ လက်နက်ချအညံ့ခံခဲ့သူဖြစ်

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံဘိုရွာကို မနေ့ အောက်တိုဘာ ၆ ရက် ညပိုင်းမှာ စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အဓိကညွှန်ကြားခဲ့သူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်တပ်မတော် (MNDAA) ထံ လက်နက်ချအညံ့ခံခဲ့ပြီး သုံ့ပန်းအဖြစ် ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဖြစ်တယ်လို့ သိရပါတယ်။

    သီတင်းကျွတ်လပြည့်နေ့ည ဆီမီးပူဇော်ပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ်ကို ချောင်းဦးမြို့နယ် သပိတ်ကော်မတီနဲ့ မုံရွာအမြင့်လမ်း သပိတ်ကော်မတီတို့ ဦးဆောင်ကာ ဒေသခံပြည်သူတွေနဲ့အတူ ကျင်းပနေချိန် မနေ့က ညပိုင်းမှာ စစ်အုပ်စုဟာ ဘုံဘိုရွာကို စက်တပ်လေထီး (ပါရာမော်တာ) နဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာ ဖြစ်ပါတယ်။

    စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားအရွယ် ကလေးငယ်တွေ အပါအဝင် လူဆယ်ချီ သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့လည်း မုံရွာခရိုင်၊ အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၃ (Monywa Nightking) က ဖော်ပြထားပါတယ်။

    အခုလို ဗုံးကြဲတိုက်ခိုက်မှုရဲ့ အဓိကတာဝန်ရှိသူဖြစ်သူ နမခတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ အလုပ်သင်ဗိုလ်လောင်း အပတ်စဉ် ၂၆ (တေဇ ၂၆) ဆင်းဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မုံရွာတိုက်နယ်တစ်ကြော၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်း၊ ယောနယ်ဒေသတွေက စစ်ဆင်ရေးတွေကို အဓိကညွှန်ကြားနေသူ ဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

    “မုံရွာမှာ လုပ်နေတဲ့ ပါရာမော်တာအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေက သူ့ရဲ့ စစ်ဆင်ရေးအမိန့်အောက်မှာပဲ တောက်လျှောက်လုပ်နေတာပါ။ နမခကို ပါရာမော်တာ ၃ စီး ရောက်တာ မကြာသေးဘူး။ ဒီနေ့မနက်လည်း ချောင်းဦးမြို့နယ်၊ အလုံတပ်နယ်တစ်ဝိုက် ကင်းထောက်ပျံနေတာလည်း ရှိတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

    ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ နမခတိုင်းမှူးရာထူးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှာ ရရှိခဲ့တာဖြစ်ပြီး သူ့ရှေ့က နမခတိုင်းမှူးတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်သန်းထိုက် စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ ဒုတိယဗိုလ်ချုပ်ကြီးရာထူးကို တိုးမြှင့်ပြောင်းရွှေ့သွားချိန် နမခတိုင်းမှူးအနေနဲ့ ပြောင်းရွှေ့ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

    ဗိုလ်မှူးချုပ် မျိုးမင်းထွေး နမခတိုင်းမှူးအဖြစ် ပြောင်းရွှေ့လာပြီးနောက်ပိုင်း မုံရွာမြို့နဲ့ အနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေသလို အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလအတွင်းက မုံရွာမြို့ပေါ်က ပြည်သူ ၂၀၀ ကျော်ကိုလည်း အဓမ္မဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ထားပါသေးတယ်။

    ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်တပ်မတော် (MNDAA) ထံ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်တို့နဲ့အတူ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်မှာ လက်နက်ချအညံ့ခံခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီအချိန်က သူဟာ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးရာထူးနဲ့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

    သူနဲ့အတူ စစ်သုံ့ပန်းတွေကို MNDAA တပ်ဖွဲ့က ဩဂုတ်လကုန်ပိုင်းမှာ အသုတ်လိုက် ပြန်လွှတ်ပေးခဲ့ပြီးနောက်ပိုင်း စစ်တပ်အတွင်း အရေးယူမှုမခံခဲ့ရတဲ့အပြင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအခြေစိုက် အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃) မှာ ကျောင်းအုပ်ကြီးရာထူးကို ရရှိခဲ့ပါသေးတယ်။

    မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က စက်တင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ “အာဏာဗဟိုချက်အနီး ရောက်လာသော စတုတ္ထမျိုးဆက်ဝင် စစ်ဗိုလ်ချုပ်များ” အစီရင်ခံစာထဲမှာလည်း ဗိုလ်မှူးချုပ် မျိုးမင်းထွေး ပါဝင်လာပါတယ်။

    စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် တတိယမျိုးဆက်တွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖြုတ်ထုတ်နေရာပြောင်းရွှေ့ပြီးချိန် အခြားစစ်တိုင်းမှူး ၁၄ ဦးနဲ့အတူ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ စစ်ခေါင်းဆောင်အနီး ရောက်လာကြတာ ဖြစ်ပါတယ်။

    ဓာတ်ပုံ – Monywa Nightking

  • တောင်ကိုရီးယား TikTok ဆယ်လီ Live လွှင့်ပြီး မိနစ် ၃၀ အကြာတွင် သတ်ခံရပြီး အိတ်ထဲထည့် စွန့်ပစ်ခံရ

    တောင်ကိုရီးယား TikTok ဆယ်လီ Live လွှင့်ပြီး မိနစ် ၃၀ အကြာတွင် သတ်ခံရပြီး အိတ်ထဲထည့် စွန့်ပစ်ခံရ

    TikTok တွင် Followers ၃ သိန်းကျော်ရှိသော အသက် ၂၀ ဝန်းကျင်သာရှိသည့် တောင်ကိုရီးယားသူ ယွန်ဂျီအာသည် နောက်ဆုံး Livestream လွှင့်အပြီး မိနစ် ၃၀ အကြမှာပင် ရက်စက်စွာ ရိုက်နှက် နှိပ်စက်ခံရကာ တောင်တန်းထူထပ်သည့် ဂျိုရယ်လာခရိုင်မြောက်ပိုင်း မူဂျူစီရင်စု၌ အိတ်ထဲအလောင်းထည့် စွန့်ပစ်မှုဖြစ်ပွားခဲ့သည်။

    ယွန်ဂျီအာ နောက်ဆုံးရိုက်ကူးရေးလုပ်ခဲ့သည့်နေရာမှာ အင်ချွန်းရှိ ယွန်ဂျွန်းကျွန်းပေါ်တွင်ဖြစ်ကာ အလောင်းတွေ့ရှိသောနေရာနှင့် ၃ နာရီကြာ ကားမောင်းခရီးအကွာအဝေးရှိသည်ဟု ဆိုသည်။

    စက်တင်ဘာ ၁၁ ရက်နေ့ကတည်းက ထိုလူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စီစီတီဗီကင်မရာမှတ်တမ်းများအရ ညနေ ၃ နာရီ ၂၇ မိနစ်တွင် ကားအတွင်းမှ ယွန်ဂျီအာ တံခါးတွန်းဖွင့်ထွက်ပြေရန် ကြိုးစားနေသည့်မြင်ကွင်အား မြင်တွေ့ရသလို အတွင်းမှ ဆောင့်စွဲပြီး တံခါးပြန်ပိတ်သွားမှုကို မြင်တွေ့ခဲ့ရသည်။

    သံသယတရားခံ ချွိုင် (အွန်လိုင်းအမည် ကြောင်နက်) အား အလောင်းတွေ့ရှိပြီး ၁၂ နာရီအကြာတွင် ဖမ်းဆီးခဲ့ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေရာ၌ တောင်ကိုရီးယား သတင်းများတွင် စုံစမ်းမှု အခြေအနေအရပ်ရပ်ကို မီးမောင်းထိုးဖော်ပြနေကြသည်။

    အသက် ၅၀ ဝန်းကျင်ရှိ ချွိုင်သည် ဘ၀နှစ်မျိုးနှင့် နေထိုင်သူဖြစ်ကာ ယွန်အား သူသည် IT ကုမ္ပဏီမှ စီအီးအိုဟု မိတ်ဆက်ကာ ပူးတွဲလုပ်ငန်းရှင်များနှင့် ယွန်အား လူမှုကွန်ရက်ပေါ်၌ ပိုမိုအောင်မြင်စေမည်ဟု ကတိပြုခဲ့ကြောင်း၊ ချွိုင်သည် ယွန်းကဲ့သို့သော် အွန်လိုင်းဆယ်လီ ဩဇာလွှမ်းမိုးသူများထဲ VIP တစ်ဦးအဖြစ်နှင့် အလွန်တန်ဖိုးကြီးမားသည့် လက်ဆောင်များ၊ ငွေများပေးနေကြဖြစ်ရာမှ နောက်ဆုံး ကြွေးမြီများစွာတင်ရှိပြီး နေအိမ်ကိုပင် လေလံတင်ရောင်းချနေရသူဖြစ်သည်ဟု ဒေသတွင်း Soap Central မီဒီယာက ဖော်ပြခဲ့သည်။

    မည်မျှ ငွေသုံးကြမ်းခဲ့သနည်းဆိုလျှင် လူမှုကွန်ရက်ပလက်ဖောင်း တစ်ခု၌ level ၅၆ အထိပင်ရောက်ကာ ထို့အတွက် ဝမ် သန်း ၁၀၀ (ပေါင် ၅၃၀၀၀) သုံးခဲ့သည်ဟုပင် ဆိုသည်။

    တောင်ကိုရီးယား ဖျော်ဖြေရေးသတင်းစဉ် Kbizoom ဖော်ပြမှု၌ စီစီတီဗီမှတ်တမ်းအရ ချွိုင်သည် ယွန်အား သူနှင့်အတူ အလုပ်များဆက်လုပ်ရန် အခင်မဖြစ်မီ အချိန်ပိုင်း၌ ဒူးထောက်ကာပင် တောင်းပန်ခဲ့သည်ကိုလည်း တွေ့ရကြောင်း၊ ယွန်ဘက်မှ အလုပ်ချိန် ချိန်းဆိုမှုများ ဘဝင်မကျခြင်း၊ မဖြစ်နိုင်သောတောင်းဆိုမှုများ တောင်းဆိုခြင်းတို့ကြောင့် ဆက်လက်မတွဲဘဲ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ရာမှ ယခုလို လူသတ်ပြီး အိတ်ထဲထည့်ကာ အလောင်းသွားစွန့်ပစ်မှုဖြစ်ခဲ့ရသည်ဟု ဖော်ပြသွားသည်။

    စီစီတီဗီမှတ်တမ်းအရ သေဆုံးသူအား ထုပ်ထားသည့် အိတ်ကိုလည်း ချွိုင်သည် တောင်းပန်ပြီး နာရီပိုင်း အကြာတွင် ဆွဲလာသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးကာ စစ်ဆေးစဉ် ကနဦး ငြင်းဆိုပြီးနောက် နောက်ပိုင်းမှ အပြစ်ဝန်ခံခဲ့သည်ဟု ဒေသတွင်း The Chosun Daily နှင့် Chosun Biz မီဒီယာများက ဖော်ပြသွားခဲ့ကြသည်။

    ထိုသို့ ရက်စက်စွာသတ်ဖြတ်ရခြင်းမှာ အွန်လိုင်းဆယ်လီများအပေါ် အလွန်အကျူး ငွေပေးခြင်းများမှ စီးပွားပျက်ခြင်းနှင့် ဆက်စပ်ပြီး သတ်ဖြတ်ခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့သည်။

    Ref: Thesun

  • မီးပုံးပျံအန္တရာယ်

    မီးပုံးပျံအန္တရာယ်

    ⭕️မီးပုံးပျံအန္တရာယ်⭕️

    အခုလက်ရှိစျေးကွက်ထဲမှာရောင်းနေတဲ့ မီးပုံးပျံတွေအားလုံးက မြို့ထဲမှာလုံးဝမလွှတ်သင့်ပါဘူးဗျ

    အိမ်တွေမီးလောင်တဲ့အထိဘာကြောင့်ဖြစ်ရလဲဆိုရင် အဓိက မီးစာကြောင့်ပါ

    ကျနော်ကိုယ်တိုင် ခုနကတစ်လုံးလွှတ်ကြည့်ရင်းလေ့လာကြည့်တာ ဒီမီးစာကမီးပုံးပျံအကြောင်းတစ်ခုခုကြောင့်ပြန်ပျက်ကျသွားရင်တောင် သူကမီးမငြိမ်းပါဘူး

    ဘာနဲ့လုပ်ထားတာလဲတော့နားမလည်ဘူး

    မီးစွဲအားအရမ်းကောင်းပါတယ်

    လက်ရှိမီးပုံးပျံအများစုက အမြင့်ကြီးထိပျံတက်ပီး လေလမ်းကြောင်းကနေအဝေးကြီးထိ လွင့်ပါနိုင်တဲ့အရွယ်အစားမဟုတ်သလို အရည်အသွေးလည်းမပြည့်မှီပါဘူး

    လေလမ်းကြောင်းက လူနေအိမ်တွေရှိတဲ့ဘက်ကိုဦးတည်နေတယ်ဆိုရင်မလွှတ်တာအကောင်းဆုံးပါပဲ

    မြို့ထဲမှာလွှတ်ရင် ကိုယ့်အိမ်ကလွှတ်တဲ့အချိန်အနည်းငယ်ပျံတက်သွားရင်တောင် အခြားရပ်ကွက်တွေထဲကျသွားနိုင်ပါတယ်

    ရှေ့လျှောက်ဆိုရင် မိုးလေကင်းလွတ်ပီးမီးပုံးပျံလွှတ်တဲ့ရာသီတွေရောက်လာပီမို့ ကြိုတင်သတိထားကာကွယ်သင့်ပါသည်။

    (အခုမီးလောင်မှုဖြစ်တာက ဆိုလာပြားပေါ်မီးပုံးပျံပျက်ကျလို့ဆိုပီးသိရတာမို့ ဆိုလာပြားတွေကိုခေါင်မိုးလုပ်ပီးနေကြတဲ့ မန္တလေးမြို့နဲ့ဆိုလာတပ်ဆင်ထားတဲ့အခြားဒေသကအိမ်တွေလည်း ပိုပီးဂရုစိုက်ကြပါဗျ)

  • စစ်ကိုင်းပျူဘုန်းကြီး ဦးဝေပုလ္လ ခေါင်းဆောင်၍ စစ်မှုထမ်းဖို့ လူငယ်များ ဖမ်းဆီးနေ

    စစ်ကိုင်းပျူဘုန်းကြီး ဦးဝေပုလ္လ ခေါင်းဆောင်၍ စစ်မှုထမ်းဖို့ လူငယ်များ ဖမ်းဆီးနေ

    စစ်ကိုင်းတောင်ရိုး ထွဋ်ခေါင် (ထန်းသစ်ရွာ)ရွာမှ ပြည်သူ့စစ်အမည်ခံ ပျူစောထီးခေါင်းဆောင်အဖြစ် နာမည်ကြီးနေသည့် ဘုန်းကြီး ဦးဝေပုလ္လ ဦးဆောင်၍ စစ်မှုထမ်းအတွက် လူငယ်များအား ပေါ်တာဆွဲနေကြောင်း သိရသည်။

    ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို စစ်ကိုင်းမြို့ပေါ်၌ လုံခြုံရေးယူထားသည့် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်မှ တပ်ဖွဲ့များ နှင့်အတူ ပျူစောထီးဘုန်းကြီး ဦးဝေပုလ္လ၏တပည့် စစ်ကိုင်းအနောက်တာသား စောပြည့်ချမ်းသာ ဦးဆောင်၍ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် ရပ်ကွက်တွင်းဝင်၍ သေနတ်ပစ်ဖောက်မှုများလုပ်သလို အိမ်ထဲထိပါဝင်ပြီး ပေါ်တာဆွဲ၊ ဖမ်းဆီးခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

    “ဒီကောင်တွေက လူတွေကိုဆွဲပြီးတော့ ဝေပုလ္လဆိုတဲ့ ဘုန်းကြီးကျောင်းကို ခေါ်သွားကြပြီး ငွေနဲ့ပြန်ရွေးခိုင်းနေတာ။ လူ တယောက်ကို ပြန်လိုချင်ရင် အနည်းဆုံး သိန်း ၅၀/၆၀ ဆိုတာမျိုး တောင်းနေတာ။ မပေးနိုင်ရင် စစ်တပ်ထဲ ထည့်ပစ်လိုက် တာပဲ။ သူတို့က လူတွေကို ဖမ်းပြီးရောင်းစားနေကြတာမျိုး။ တရားဝင်လိုင်စင်ရ လူကုန်ကူးခွင့်ရနေတာမျိုးပေါ့” ဟု စစ်ကိုင်းမြို့ခံတဦးက ပြောသည်။

    စက်တင်ဘာ နောက်ဆုံးပတ်အတွင်း၌ပင် လူငယ် ၅၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး စစ်တပ်၊ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူ အနည်းငယ်သာ ပြန်လွတ်မြောက်လာကာ အများစုမှာ ပြန်လွတ်လာခြင်းမရှိကြောင်း စစ်ကိုင်းမြို့ပေါ် ရှိ စစ်ရှောင်များနေထိုင်ရာ ရပ်ကွက်များ၊ ဘုန်းကြီးကျောင်းများကို ဧည့်စာရင်းအကြောင်းပြ၍ လူငယ်များအား ပစ်မှတ်ထားဖမ်းဆီးနေကြောင်း၊ မြို့ပေါ်၌ စစ်တပ် ဖွဲ့စည်းပေး ထားသည့် ပျူစောထီးအဖွဲ့ဝင် ထောင်ကျော်ထိရှိနေပြီး ဧည့်စာရင်းစစ်ရာတွင် ပျူစောထီးအဖွဲ့များက ဦးဆောင်နေခြင်းဟု လည်း သိရသည်။

    ဘုန်းကြီး ဦးဝေပုလ္လသည် စစ်ကိုင်းတောင်ရိုးပေါ်မှ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC) တည်ရှိသော ထွဋ်ခေါင် (ထန်းသစ်ရွာ)ကျေးရွာတွင် မြေဝယ်ယူကာ ကိုယ်ပိုင်ကျောင်းဆောက်၍ ကျောင်းထိုင်အဖြစ် သီတင်းသုံးနေသူ ဖြစ်ပြီး လက်ရှိ ပျူစောထီးအထိုင်စခန်းအဖြစ် ဖွင့်လှစ်ထားကာ ကျောင်းပရဝုဏ်ကို လုံခြုံရေးအထပ်ထပ်ချထားကြောင်း မြို့ခံများက ဆိုသည်။

    “သူက သင်္ကန်းဝတ်ထားပေမယ့် မိန်းမနဲ့ဗျ။ အဲဒီမိန်းမက လက်ကောက်တွေ ဝတ်ထားတာမှ တံတောင်ဆစ်လောက်အထိ ရှိတယ်။ အဲဒါကို ထွဋ်ခေါင်တရွာလုံး သိကြတယ်။ ဘုန်းကြီးဝေပုလ္လ၊ သူ့လက်အောက်က ရွှေပုတီးတို့၊ ဘုန်းကြီး ဦးဂန္ဓမာတို့ ဆိုတာ စာတတ်ပေတတ်ထဲမှာမပါ။ ကျနော်တို့သိရသလောက် အကြီးတန်းလောက်ပဲ အောင်ထားတာ။ မြေဝယ်ပြီး ကိုယ့် ကျောင်းကိုယ်ဆောက် ကျောင်းထိုင်နေတာမျိုး” ဟု ဒေသခံတဦးက ပြောသည်။

    ပျူစောထီးဘုန်းကြီး ဦးဝေပုလ္လသည် စစ်တပ်အာဏာမသိမ်းခင်ကတည်းက တရားမဝင်လုပ်ငန်းများဖြစ်သော နှစ်လုံး၊ သုံးလုံး၊ ဘောလုံး စသည့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့သလို သစ်၊ ဓာတုဆေး စသဖြင့် ကန့်သတ် တရားမဝင်ကုန် စည်များ သယ်ဆောင်နိုင်ရေး ငွေကြေးရယူ လုပ်ဆောင်ခဲ့သူလည်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

    ပြီးခဲ့သည့် မတ် ၂၈ ရက် ငလျင်ကြီးလှုပ်ခတ်မှုအတွင်း ရတနာပုံတံတား (စစ်ကိုင်း)တံတား ထိခိုက်မှုများရှိခဲ့သဖြင့် ကုန်တင်ကားကြီးများကို ပေးမဖြတ်ဘဲ ဇက်သင်္ဘောဖြင့် ဧရာဝတီမြစ်ဖြတ်ကူးမှုတွင်လည်း ဘုန်းကြီးဦးဝေပုလ္လ၏ တပည့်ဖြစ်သူ ရွှေပုတီးဘုန်းကြီး ဦးဆောင်၍ ဇက်ဆိပ်၌ ငွေကြေးကောက်ခံနေသလို စစ်တပ်အလိုကျ လိုက်ပါ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

    အလားတူ ပျူစောထီးခေါင်းဆောင်ဖြစ်နေသူ စောပြည့်ချမ်းသာသည်လည်း ရပ်နားလိုက်ရသည့် စစ်ကိုင်းမြို့ အခြေ စိုက် ဇေယျာတိုင်းမ်သတင်းဌာနမှ သတင်းထောက်ဟောင်းတယောက်ဖြစ်ပြီး ၂၀၂၁ ဇွန် ၂၆ ရက်၌ စစ်ကိုင်းခရိုင် ဒုစရိုက်နှိမ် နင်းရေးအဖွဲ့၏ ဖမ်းဆီးခံခဲ့ရပြီးနောက် ဇွန် ၂၈ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

    စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနအား ပိတ်သိမ်းကာ အယ်ဒီတာချုပ် ကိုစောရန် ပိုင် အပါအဝင် သတင်းထောက်များကို အမှုဖွင့်ခဲ့ပြီး ကိုပြည့်ဖြိုးအောင်၊ ကိုဒီမြတ်ငြိမ်း၊ စောပြည့်ချမ်းသာတို့ ဖမ်းဆီးခံရကာ လက်ရှိ ကိုပြည့်ဖြိုးအောင်၊ ကိုဒီမြတ်ငြိမ်းတို့ ထောင်ချခံထားရသော်လည်း စောပြည့်ချမ်းသာတဦးတည်း ပြန်လည်လွတ် မြောက်လာခြင်း ဖြစ်သည်။

    လက်ရှိ စစ်ကိုင်းမြို့အနှံ့တွင် စစ်တပ်နှင့် ပျူစောထီးအဖွဲ့များ အိမ်စီးကားများဖြင့် ကင်းလှည့်နေသလို လမ်းပေါ်သွားလာနေ သည့် ကား၊ ဆိုင်ကယ်များကို တားဆီးစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ရတနာပုံတံတား (စစ်ကိုင်း) ပေါ်၌လည်း ခရီးသွားပြည်သူများအား မှတ်ပုံတင်စစ်ဆေးပြီး အမျိုးသမီးများ အပါအဝင် လူငယ်များ နေ့စဉ် အကြောင်း အမျိုးမျိုးဖြင့် ဖမ်းဆီးခံရမှုများ ရှိနေကြောင်း သိရသည်။

  • ဗန်းမောက်မြို့ကို စစ်ကော်မရှင် စစ်ကြောင်းထိုး၊ မြို့အနီးကိုရောက်လာ

    ဗန်းမောက်မြို့ကို စစ်ကော်မရှင် စစ်ကြောင်းထိုး၊ မြို့အနီးကိုရောက်လာ

    စစ်ကော်မရှင်က လက်လွှတ်ခဲ့ရသည့် ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းအသုံးပြုကာ စစ်ကြောင်းထိုး ဝင်ရောက်လာနေကြောင်း သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့မှစပြီး ဗန်းမောက်မြို့ကို စစ်ကော်မရှင်နှင့် ရှမ်းနီပြည်သူ့စစ်များပူးပေါင်းပြီး စစ်ကြောင်းထိုးလာရာ အောက်တိုဘာ ၅ ရက်နေ့က လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက်၍ အကာအကွယ်ယူ ရှေ့တိုးလာနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    “စစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းများ မြို့နဲ့ လေးမိုင်အကွာထိ ရောက်လာပြီလို့သိရပါတယ်။ မြို့ကို ပြန်လည်ထိန်းချုပ်ပြီး ဗန်းမောက်မြို့ ဆေးရုံဘက်ကို အရင်ဝင်ရောက်ဖို့ စီစဉ်ထားတယ်လို့ ကြားပါတယ်။ အခုတော့ ဟုမ္မလင်းဘက်ကနေ ပူးပေါင်းတပ်တွေ စေလွှတ်ထားပါတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

    စစ်ကော်မရှင်၏ တပ်မ ၃၃၊ ခမရ ၁၆ နှင့် ရှမ်းနီပြည်သူ့ SNA တပ်တို့ပူးပေါင်းပြီး ဗန်းမောက်မြို့ရှိ ခမိုးရွာနှင့် စက်တောရွာအနီးထိ ချဉ်းကပ်လာသည့်အတွက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့က ဗန်းမောက်မြို့ပေါ်ရှိ ရှမ်းနီပြည်သူ့စစ်နှင့် စစ်ကော်မရှင်တပ်တို့ကို မောင်းထုတ်ပြီး ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။

    မြို့ပေါ်မှ ကစဉ့်ကလျားထွက်ပြေးသည့် စစ်ကော် မရှင်တပ်သည် မြို့၏အနောက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတွင် အင်အားပြန်စုဖွဲ့ပြီး ဟုမ္မလင်းမှ စစ်ကြောင်းထိုးတက်လာသည့် ခမရ ၁၆ နှင့်ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်လာခြင်းဖြစ်သည်။

    တိုက်ပွဲများကြောင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မြို့အနီးရှိ ကျေးရွာအချို့မှ ခေတ္တဆုတ်ခွာပေးထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။