Category: News

  • ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို စစ်တပ်က ဖြိုချဖျက်ဆီးနေတာ ဘာကြောင့်လဲ

    ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို စစ်တပ်က ဖြိုချဖျက်ဆီးနေတာ ဘာကြောင့်လဲ

    အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထိမ်းအမှတ်တွေကို ထိန်းသိမ်းပြီး ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ လမ်းစဉ်အတိုင်း မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပေမဲ့ လက်တွေ့မှာတော့ ဗိုလ်ချုပ်ရုပ်တုတွေကို ဖယ်ရှား ဖျက်ဆီးနေပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထိမ်းအမှတ်တွေကို ထိန်းသိမ်းရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

    ဒါပေမဲ့ အာဇာနည်နေ့ ပြီးသွားတဲ့ နောက်ပိုင်းမှာ တကယ့်လက်တွေ့မှာတော့ မြန်မာ့လွတ်လပ်ရေးဗိသုကာ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူကြေးရုပ်တုတွေကို ဖြိုချဖယ်ရှားနေတယ်လို့ သိရပါတယ်။

    ဩဂုတ် ၇ ရက် ည ၁၁ နာရီ ဝန်းကျင်မှာ ပဲခူးမြို့ ရွှေမော်ဘုရားလမ်းနဲ့ တောင်ငူလမ်းဆုံ၊ ရန်ကုန်-မန္တလေး ကားလမ်းဘေး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို စစ်တပ်က ဖြိုချ ဖျက်ဆီးလိုက်ပါတယ်။

    ပဲခူးမြို့ခံတယောက်က “ညတုန်းက သူတို့ ဗိုလ်ချုပ်ကြေးရုပ်ကို ဖြိုလိုက်ကြတယ်။ ည ၁၁ နာရီလောက်ကျတော့ မီးတွေက အကုန်လုံးပျက်သွားတယ်။ မြင်းစီးရုပ်ကို ဖြိုလိုက်တာ၊ အောက်ကခုံကြီးကတော့ ကျန်နေသေးတယ်။ အပေါ်က မြင်းနဲ့ အရုပ်ကြီးကတော့ မရှိတော့ဘူး။ ဘာလို့ဖြိုလိုက်သလဲတော့ ညီမတို့လည်း မသိဘူး။ ဒါပေမဲ့ ဒီနေ့မနက်မှာတော့ လုံခြုံရေးတွေ နေရာအနှံ့မှာ နည်းနည်းစီတော့ ချထားတာတွေ့တယ်၊ ၈ ရက် ၈ လဆိုတော့ ၈ လေးလုံး သပိတ်နဲ့များ ဆိုင်နေလို့လား မသိဘူး၊ လမ်းမှာ လုံခြုံရေးတွေတော့ တော်တော်ချထားတယ်” လို့ ပြောပါတယ်။

    ပဲခူးမြို့က ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ဟာ ၈၈ လူထုအရေးတော်ပုံ အပြီးမှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး စစ်အစိုးရလက်ထက်မှာတော့ သံတိုင်တွေနဲ့ ကာထားခဲ့တာဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက်ရောက်မှ ခြံစည်းသံတိုင်တွေဖြုတ်ကာ Public Area အဖြစ် အများပြည်သူ လည်ပတ်သွားလာနိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    ပဲခူးမြို့က ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ဟာ အရင်က အာဇာနည်နေ့အခမ်းအနား၊ စာပေဟောပြောပွဲအပြင် ပွဲလမ်းသဘင်တွေ ကျင်းပတဲ့ နေရာဖြစ်တဲ့အတွက် အခုလို ဖျက်ဆီးခံလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ဗိုလ်ချုပ်ရုပ်တုကို စစ်တပ်က ဖျက်ဆီးလိုက်နိုင်ပေမဲ့ ပြည်သူတွေရဲ့ ရင်ထဲက ဗိုလ်ချုပ်အောင်ဆန်းကို မြတ်နိုးတဲ့စိတ်ကိုတော့ မဖျက်ဆီးနိုင်ဘူးလို့ ပဲခူးမြို့ခံတယောက်က ပြောပါတယ်။

    “ရုပ်တုက ဘာမှ မလုပ်နိုင်ဘူးလေ၊ ကျနော်တယောက်အနေနဲ့ ပြောရရင် ဒီကောင်တွေက ဗိုလ်ချုပ်ကြောက်ရောဂါ ဖြစ်နေကြတာ၊ မအလ အုပ်စုက ဗိုလ်ချုပ်အောင်ဆန်းကို ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့ဖြစ်နေတဲ့ ပုံစံပေါ့နော်။ ဗိုလ်ချုပ်ရုပ်တုတွေကို တမင်တကာ သမိုင်းဖျောက်ချင်လို့ကို လိုက်ဖျက်ဆီးနေတာ၊ ဗိုလ်ချုပ်နဲ့ပတ်သက်တာတို့ အမေစုနဲ့ ပတ်သက်တာတို့ အဲတာတွေအကုန်လုံးကို ရုပ်တုတွေသာ သူတို့ ဖျက်လို့ရမယ်၊ ပြည်သူ့နှလုံးသားထဲက အရာကို ဘယ်အရာကမှ ဆွဲထုတ်လို့မရဘူးဆိုတာ ဒီကောင်တွေကို အသိပေးချင်တယ်။”

    ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်ကလည်း နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိဈေးအနီး ပန်းခြံက ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်ကိုလည်း စစ်တပ်က ဖယ်ရှားခဲ့ပါတယ်။

    စစ်တပ်ဟာ NLD အစိုးရလက်ထက်မှာ ပြုလုပ်ခဲ့တဲ့ အထိမ်းအမှတ်တွေကို ဖျက်ဆီးဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။

    “NLD လက်ထက်မှာ ဗိုလ်ချုပ်ရုပ်တုတွေ ထုကြတယ်။ ဘာလို့လဲဆိုတော့ NLD ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်တာကြောင့် ပါတီဘက်ကနေ ပြီးတော့ရော ထောက်ခံသူတွေက‌ရော မိမိသဘောနဲ့မိမိ ထုကြတယ်၊ တင်ကြတာတွေလည်း ရှိတယ်ပေါ့နော်။ အဲဒီဟာကျတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာထက် NLD နဲ့ပဲဆိုင်တယ်လို့ ယူဆတယ်ပေါ့နော်။ ဆိုလိုတာက NLD နဲ့ ပတ်သက်တဲ့ အမှတ်တရ သင်္ကေတတွေကိုတော့ သူတို့က ဖျက်ဆီးလိုပြီး NLD မတက်ခင်က ထားခဲ့တဲ့ အထိမ်းအမှတ်တွေကိုတော့ ထိန်းသိမ်းလိုတဲ့သဘော ဖြစ်နေတာပေါ့။ ပြောရရင်တော့ NLD တခုတည်းကိုပဲ ရည်ရွယ်ပြီးတော့ တိုက်ခိုက်နေတယ်လို့ ပြောလို့ရတယ်။”

    စစ်တပ်ဟာ အာဏာသိမ်းခါစက ၂၀၂၁ ခုနှစ် တပ်မတော်နေ့ အခမ်းအနားမှာ လွတ်လပ်ရေးရပြီးကာလ ပါလီမန်ဒီမိုကရေစီခေတ်တုန်းက သံချပ်ကာကားတွေ စစ်ယူနီဖောင်းတွေကို ထုတ်ပြခဲ့တဲ့အတွက် NLD အစိုးရမတိုင်ခင်ကာလက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်တွေကိုတော့ ဖျက်ဆီးလိုပုံ မရှိဘူးလို့ နိုင်ငံရေးသုံးသပ်သူ တယောက်က ပြောပါတယ်။

    ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်ကလည်း မန္တလေးတိုင်း သာစည်မြို့ရှိ ဗိုလ်ချုပ်ရုပ်တုကို စစ်တပ်က ဖျက်ဆီးခဲ့ပါသေးတယ်။

    သီရိ

  • ဗန်းမော်တွင် နေ့စဉ် တိုက်ပွဲပြင်းထန်

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ လာပို့တဲ့ စစ်သင်္ဘော ရောက်ရှိလာပြီးနောက် နေ့စဉ်လိုလို တိုက်ပွဲပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

    မန္တလေးမြို့ကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ လာပို့တဲ့ စစ်သင်္ဘော ၁၀ စင်းလောက် ဗန်းမော်မြို့ကို ဩဂုတ် ၁ ရက်မှာ ရောက်လာပြီးနောက် မြို့တွင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့တွေ ခြေကုပ်ယူထားတဲ့ နေရာတွေဘက်ကို စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

    ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တဝိုက် ဘေးပတ်ပတ်လည်ကို တန်ပြန်ပြီး ထိုးစစ်ဆင်လာတာလို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “သင်္ဘောရောက်ပြီး ၂ ရက်လောက်နေတော့ သူတို့ဘက်က ထိုးစစ်ဆင်လာတာ။ စကခ ၂၁ ကို KIA ပူးပေါင်းအဖွဲ့တွေ ဝိုင်းပတ်ထားတာ။ ဝိုင်းပတ်ခံထားရတာကို တန်ပြန်ဖို့အတွက် စကခ ၂၁ အပါအဝင် တခြား KIA ပူးပေါင်းအဖွဲ့တွေ ရှိနေတဲ့ဘက်ကို တဖြည်းဖြည်းချင်း ထိုးလာတာ။ အခုထိ တိုက်ပွဲက ဖြစ်နေတုန်းပဲ။”

    ကုန်းကြောင်းကနေ ရိက္ခာပို့ဖို့ အခက်အခဲရှိတာကြောင့် မန္တလေးမြို့ကနေ ဗန်းမော်မြို့ကို စစ်သင်္ဘော ၁၇ စင်းလောက်နဲ့ ဆန်တက်လာပေမဲ့ လမ်းခုလပ်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် သင်္ဘောတချို့ ပျက်စီးနစ်မြုပ်သွားပြီး ၁၀ စင်းလောက်သာ ဗန်းမော်မြို့ကို ရှောက်ရှိလာတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

    ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ကို သိမ်းယူနိုင်ဖို့ KIA ပူးပေါင်းအဖွဲ့ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး မြို့နေရာအများစုနဲ့ စစ်တပ်ရဲ့ အမှတ် ၃၆၆ အမြောက်တပ်၊ အမှတ် ၂၃၆ ခြေလျင်တပ်ရင်း၊ တင့်ကားတပ်၊ သံချပ်ကာတပ်တွေကို KIA ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

  • စတော့ရှယ်ယာအရောင်းအဝယ်တွင် ရှယ်ယာထည့်ဝင်ခိုင်းငွေလိမ်လည်သော  မြန်မာ ၃ ဦးကို ဖမ်းမိ

    စတော့ရှယ်ယာအရောင်းအဝယ်တွင် ရှယ်ယာထည့်ဝင်ခိုင်းငွေလိမ်လည်သော မြန်မာ ၃ ဦးကို ဖမ်းမိ

    မဲဆောက်တွင် အမြတ် ၁၀ ရာခိုင်နှုန်းအကျိုးအမြတ်ပေးမည်ဟုဆိုကာ စတော့ရှယ်ယာအရောင်းအဝယ်တွင် ရှယ်ယာထည့်ဝင်ခိုင်းငွေလိမ်လည်သော မြန်မာ ၃ ဦးကို ဖမ်းမိ၊ ထိုင်းဘတ်ငွေ ၄၆ သန်းကိုပါ တစ်ပါတည်း သိမ်းဆည်းရရှိ

    (more…)

  • ရန်ကုန်မြို့နေရာများနှင့် YBS ကားများပေါ်တွင် ၈၈၈၈ အင်္ကျီ ကမ်ပိန်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုပြုလုပ်

    ရန်ကုန်မြို့နေရာများနှင့် YBS ကားများပေါ်တွင် ၈၈၈၈ အင်္ကျီ ကမ်ပိန်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုပြုလုပ်

    ရန်ကုန်မြို့နေရာများနှင့် YBS ကားများပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆေးမှုများတင်းကြပ်မှုများကြားမှ “၈၈၈၈”လုံးအရေးတော်ပုံ ၃၇ နှစ်မြောက်အထိမ်းအမှတ် အဖြစ် ရွှေပြည်သာသပိတ်ကော်မတီ(SPTSC)နှင့် ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ ပူးပေါင်းကာ ၈၈၈၈ အင်္ကျီ ကမ်ပိန်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

  • စစ်မှုထမ်းများကိုရှေ့တန်းမှ တိုက်ခိုက်ခိုင်းပြီး သေဆုံးသွားသောအခါ ခွေးသေဝက်သေကဲ့သို့ စစ်တပ်က  စွန့်ပစ်ထား

    စစ်မှုထမ်းများကိုရှေ့တန်းမှ တိုက်ခိုက်ခိုင်းပြီး သေဆုံးသွားသောအခါ ခွေးသေဝက်သေကဲ့သို့ စစ်တပ်က စွန့်ပစ်ထား

    ကျောက်ဖြူတိုက်ပွဲများတွင် စစ်မှုထမ်းများကိုရှေ့တန်းမှ တိုက်ခိုက်ခိုင်းပြီး သေဆုံးသွားသောအခါ ခွေးသေဝက်သေကဲ့သို့ စစ်တပ်က စွန့်ပစ်ထားဟု အလင်းဝင် စစ်မှုထမ်းတပ်သား မောင်မောင်ဝင်းက ပြောဆို

    (more…)