ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ လာပို့တဲ့ စစ်သင်္ဘော ရောက်ရှိလာပြီးနောက် နေ့စဉ်လိုလို တိုက်ပွဲပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မန္တလေးမြို့ကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ လာပို့တဲ့ စစ်သင်္ဘော ၁၀ စင်းလောက် ဗန်းမော်မြို့ကို ဩဂုတ် ၁ ရက်မှာ ရောက်လာပြီးနောက် မြို့တွင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့တွေ ခြေကုပ်ယူထားတဲ့ နေရာတွေဘက်ကို စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တဝိုက် ဘေးပတ်ပတ်လည်ကို တန်ပြန်ပြီး ထိုးစစ်ဆင်လာတာလို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“သင်္ဘောရောက်ပြီး ၂ ရက်လောက်နေတော့ သူတို့ဘက်က ထိုးစစ်ဆင်လာတာ။ စကခ ၂၁ ကို KIA ပူးပေါင်းအဖွဲ့တွေ ဝိုင်းပတ်ထားတာ။ ဝိုင်းပတ်ခံထားရတာကို တန်ပြန်ဖို့အတွက် စကခ ၂၁ အပါအဝင် တခြား KIA ပူးပေါင်းအဖွဲ့တွေ ရှိနေတဲ့ဘက်ကို တဖြည်းဖြည်းချင်း ထိုးလာတာ။ အခုထိ တိုက်ပွဲက ဖြစ်နေတုန်းပဲ။”
ကုန်းကြောင်းကနေ ရိက္ခာပို့ဖို့ အခက်အခဲရှိတာကြောင့် မန္တလေးမြို့ကနေ ဗန်းမော်မြို့ကို စစ်သင်္ဘော ၁၇ စင်းလောက်နဲ့ ဆန်တက်လာပေမဲ့ လမ်းခုလပ်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် သင်္ဘောတချို့ ပျက်စီးနစ်မြုပ်သွားပြီး ၁၀ စင်းလောက်သာ ဗန်းမော်မြို့ကို ရှောက်ရှိလာတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ကို သိမ်းယူနိုင်ဖို့ KIA ပူးပေါင်းအဖွဲ့ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး မြို့နေရာအများစုနဲ့ စစ်တပ်ရဲ့ အမှတ် ၃၆၆ အမြောက်တပ်၊ အမှတ် ၂၃၆ ခြေလျင်တပ်ရင်း၊ တင့်ကားတပ်၊ သံချပ်ကာတပ်တွေကို KIA ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။


Leave a Reply